← Chapters

အလောင်းအစား

Vol. 24 Ch. 355

အလောင်းအစား

Vol. 24 Ch. 355

ဧကရာဇ်အိုကြီးက အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်သည်။

သူမက တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီးတစ်ပါး ဖြစ်နေပေမယ့် သာမန်လူတစ်ဦးကို လက်ထပ်ရဖို့ သူမရဲ့ဖြူစင်မှုနဲ့ ဂုဏ်သိက္ခာကို လောင်းကြေးထပ်ဖို့ ဆန္ဒရှိခဲ့တယ်ပေါ့။ သူမက တော်ဝင်မိသားစုရဲ့မျက်နှာကို ဆုံးရှုံးစေခဲ့တဲ့အပြင် တစ်ချိန်တည်းတွင်မှာပဲ သူမ လိုချင်တဲ့ ချစ်ရသူကိုပါ လက်လွှတ်ဆုံးရှုံးသွားရပြီ။ ပြီးတော့ ကြင်ယာတော်လီရဲ့စကားတွေက စူးချင်းရဲ့စွမ်းရည် ဘယ်လောက် ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ကို ပြန်သတိရသွားစေခဲ့တယ်။ သူမ တစ်ယောက်တည်းနဲ့ စစ်တပ်တစ်တပ်ရဲ့အရှိန်အဝါကို ပိုင်ဆိုင်တယ်။ အဲဒီနေ့ တောင်တန်းပြာစုဝေးပွဲမှာ သူမသာ ရှိမနေခဲ့ရင် သူ ဒီနဂါးပလ္လင်ပေါ်မှာ ဆက်ထိုင်နေနိုင်ပါ့မလား? ဧကရီနဲ့ ဒုတိယမင်းသားက သူ့ကို အတင်းအကြပ် နန်းစွန့်ခိုင်းပြီးတာ ကြာနေလောက်ပြီပေါ့။

အဲ့ဒီအဖြစ်အပျက်မျိုး မရှိခဲ့ရင်တောင် စူးချင်းက သူ့ကို ဆေးကုပေးခဲ့ပြီး သူ၏အသက်သခင်ကျေးဇူးရှင် ဖြစ်နေဆဲပဲ။ ကျေးဇူးရှင်ရဲ့ ခင်ပွန်းလောင်းကို သတ်တာက ကျင့်ဝတ်အရတော့ မမှန်ကန်ဘူး။

ဒါပေမယ့် ဒီနေ့ကိစ္စက ကျားကို စီးနေရသလိုမျိုး ပြင်းထန်တဲ့ပြသနာ ဖြစ်နေပြီ။ ကျိ‌ရွှေရှန့်ကို လွှတ်ပေးလိုက်ရင် တော်ဝင်မိသားစုရဲ့မျက်နှာက ဘယ်သွားထားရမှာလဲ?

ဧကရာဇ်၏နှလုံးသားက ယိမ်းယိုင်သွားပြီဖြစ်သော်လည်း ဆုံးဖြတ်ချက် မချနိုင်သေးပေ။ သူက ကျိ‌ရွှေရှန့်ကို မသေချာ မရေရာသော အမူအရာဖြင့် ကြည့်နေပြီး စားပွဲခုံကို လက်ချောင်းဖြင့် တောက်နေခဲ့သည်။

ကျိ‌ရွှေရှန့်ကတော့ ဧကရာဇ်အိုကြီးအား တည်တည်ငြိမ်ငြိမ် ပြန်စိုက်ကြည့်နေခဲ့သည်။ သူ၏ မကြောက်မရွံ့ တုန်လှုပ်ခြင်းကင်းသည့် အသွင်အပြင်နှင့် သူ၏သံအရိုးများ ထောင်မတ်ထားသလို သန်မာသောစရိုက် လက္ခဏာများက ဧကရာဇ်အိုကြီးအား သူ့မှတစ်ဆင့် အခြားလူတစ်ဦးကို မြင်ယောင်လာစေခဲ့သည်။

သူက ကျိ‌ရွှေရှန့်၏မျက်လုံးများကို ဂရုတစိုက် ကြည့်လိုက်ပြီး ဤလူကို အဘယ်ကြောင့် ရင်းနှီးနေသလို ခံစားနေရသည်ကို သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဧကရာဇ်အိုကြီးက ကျိ‌ရွှေရှန့်ကို အသံနက်ကြီးဖြင့် လှမ်းမေးလိုက်သည်။

"မင်းက စစ်သူကြီးရှောင်းဟမ်နဲ့ ဘယ်လိုပတ်သတ်လဲ?"

ကျိ‌ရွှေရှန့်က ဧကရာဇ်အိုကြီး သူ့အဖေကို ယခုတိုင် အမှတ်ရနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက သူ့ကျောပြင်ကို သေသေချာချာ ထပ်တည့်မတ်လိုက်ပြီး လေးလေးစားစား ပြန်ပြောလိုက်သည်။

"သူက ကျုပ်အဖေပဲ"

ဧကရာဇ်အိုကြီးက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ရှောင်းဟမ်ရဲ့သားတဲ့လား?

ယခုအချိန်တွင် ယဲ့လွီဆိုင့်ယာက ကျိ‌ရွှေရှန့်ကို အလွန်မုန်းတီးနေပြီ ဖြစ်သည်။ သူမ၏ခမည်းတော်က ကျိ‌ရွှေရှန့်ကို သတ်တော့မည် မဟုတ်ကြောင်း နားလည်သွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"ခမည်းတော်၊ သူ့ကို သတ်လိုက်ပါ"

"ပါးစပ်ပိတ်ထား"

ဧကရာဇ်အိုကြီးက စားပွဲကို ထပ်ရိုက်လိုက်ပြန်ပြီး ယဲ့လွီဆိုင့်ယာ၏မျက်နှာကိုပါ ရိုက်ချလိုက်သည်။

“မင်းက မင်းသမီး ဖြစ်ပြီး ဂုဏ်သိက္ခာ အရှက်ကင်းမဲ့လွန်းတယ်။ အမျိုးသမီးကျင့်ဝတ်ဆောင်ပုဒ်တွေကို အကြိမ်တစ်ရာ ကူးဖို့ ပြန်သွားတော့”

"ခမည်းတော်ဧကရာဇ်"

ယဲ့လွီဆိုင့်ယာက သူမ၏နာကျင်သွားသော မျက်နှာကို သူမလက်ဖြင့် အုပ်ထားရင်း ဒေါသူပုန်ထကာ သူမ၏ခမည်းတော်ကိုပင် ပြန်အော်ဟစ်နေခဲ့သည်။

"ခမည်းတော်က သမီးတော်ကို မကူညီတဲ့အပြင် သမီးတော်ကို ဒီလိုဆက်ဆံတယ်လား? သမီးတော်က ခမည်းတော်ရဲ့သမီးတော် ဟုတ်သေးရဲ့လား?"

“ကျန်းက မင်းကို အလွန်အကျွံ အလိုလိုက်ခဲ့မိတယ်၊ အဲဒါကြောင့် မင်းက တရားလွန် မောက်မာရမ်းကား နေပြီ။ ကျန်းက မင်းကို အခွင့်အရေး မပေးခဲ့ဘူးလို့ မင်း မပြောနဲ့။ အခု မင်းမှာ ရွေးချယ်ခွင့် နှစ်ခုပဲ ရှိတယ်။ တစ်ခုက ဟာဆာ့ပြည်ထောင်ရဲ့မင်းသားကို နာခံမှုရှိရှိနဲ့ လက်ထပ်ဖို့ပဲ၊ အဲ့လို နာခံလိုက်ရင် မင်းက ကျန်းရဲ့သမီးကောင်း ဖြစ်နေဆဲဖြစ်ပြီး ကျန်းက မင်းရဲ့ဖခင်ကောင်းလည်း ဖြစ်နေလိမ့်မယ်။ နောက်တစ်ချက်က နောက်ပြန်မလှည့်နိုင်တဲ့ လမ်းပဲ၊ မင်း ဆက်ပြီး ခေါင်းမာနေရင် တော်ဝင်မိသားစုရဲ့မျက်နှာအတွက် ကျန်း... မင်းကို သတ်ပစ်နိုင်တယ်"

ဧကရာဇ်အိုကြီးက သူ့သမီးတော်ကို ယူကျုံးမရဖြစ်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေလေသည်။

နောက်ဆုံးတော့ သူက သူ့သမီးလေးကို ဆယ်နှစ်ကျော်ကြာအောင် အလိုလိုက် ယုယချစ်ခင်ပေးခဲ့တယ်။ အဖေနဲ့သမီးဆက်ဆံရေးက အရမ်းကို နက်ရှိုင်းလွန်းတယ်။

သူ့သမီးတော်လေးက စိတ်ဆန္ဒမရှိရင်တောင် ဟန်ဆောင်နာခံပြီး ဟာဆာမင်းသားကို လက်ထပ်ဖို့ပဲ သူ မျှော်လင့်နိုင်တော့တယ်။

“မဖြစ်နိုင်ဘူး၊ သိုးလို အနံ့နံပြီး မုတ်ဆိတ်မွှေးကောင်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး”

သူမ ခမည်းတော်၏စကားကို ကြားလိုက်ချိန်တွင် ယဲ့လွီဆိုင့်ယာက ရူးသွားသလို ဖြစ်သွားခဲ့ပြီး ဧကရာဇ်အိုကြီးကိုပင် ကျယ်လောင်စွာ ပြန်အော်ဟစ်နေခဲ့သည်။

ဧကရာဇ်အိုကြီးကလည်း သူ့သမီးတော်အား ဒေါသထွက်လွန်းသောကြောင့် သူ့ရင်ဘတ်ပင် အောင့်တက်လာပြီး သူ့တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ သူက လေကို ပြင်းပြင်းထန်ထန် ရှူရှိုက်နေရင်း သူ့ခေါင်းထဲသို့ သွေးများ တဟုန်ထိုး ထိုးတက်လာသလို ခံစားနေရသည်။ သူက တုန်ရီသောလက်ချောင်းများဖြင့် ယဲ့လွီဆိုင့်ယာကို လက်ညှိုးထိုးလိုက်ပြီး "ကောင်းပြီ၊ မင်း ဒီလောက်ခေါင်းမာနေမှတော့ ကျန်းက အကြင်နာကင်းမဲ့တယ်လို့ အပြစ်မတင်နဲ့တော့"

“မင်းချင်းတို့... လာကြစမ်း၊ မင်းသမီးကို ခေါ်သွားတော့ ကျင့်ဝတ်တွေကို ဆယ်ခေါက်ကူရေးလို့ မပြီးမချင်း ဘာမှ မစားရဘူး”

ထိုအရာက ယဲ့လွီဆိုင့်ယာ၏တစ်ဘဝလုံးတွင် ရင်ဆိုင်ခဲ့ဖူးသမျှ အကြီးမားဆုံးပြစ်ဒဏ်သာ ဖြစ်သည်။ သူမကက သူမ၏ခမည်းတော်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ခမည်းတော်က သူမအပေါ် ဘာ့လို ဒီလို လုပ်နိုင်ရတာလဲ?

“ခမည်းတော်၊ သမီးတော်က ခမည်းတော်ရဲ့အဖိုးတန်သမီးလေးလေ ဆိုင့်ယာလေ။ ခမည်းတော်က ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးအရာတွေအားလုံးကို သမီးတော်အတွက် ယူပေးမယ်လို့ ပြောခဲ့ဖူတာ မဟုတ်ဘူးလား? သမီးတော် တစ်ခုခု လိုချင်နေသရွေ့ ခမည်းတော်က သမီးတော်အတွက် ကူယူပေးမယ်လို့ မပြောခဲ့ဘူးလား?"

ယဲ့လွီဆိုင့်ယာက ပြိုလဲလုနီးနီး ဖြစ်နေပြီး သူမ၏ခမည်းတော်ကို မေးခွန်းထုတ်နေပြန်သည်။ သူမ၏ပါးပြင်ပေါ်မှ မျက်ရည်များ စီးကျနေပြီး သူမက ပိတ်မိနေသော သားရဲတစ်ကောင်နှင့် ဆင်တူနေခဲ့သည်။

ဧကရာဇ်အိုကြီးက သူ၏တည်ငြိမ်မှုကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။ သူ့မျက်လုံးများက အေးစက်ပြီး ခံစားချက်ကင်းမဲ့နေခဲ့ကာ ဖခင်တစ်ယောက်၏ နာကျင်နေသော အရိပ်အယောင်မျိုး မရှိတော့ပေ။

သူက သက်တော်စောင့်များကို လက်ပြလိုက်ပြီး "သူ(မ)ကို ဆွဲခေါ်သွားတော့"

ဧကရာဇ်မင်း၏အမိန့်ကြောင့် ယဲ့လွီဆိုင့်ယာက မင်းသမီး ဖြစ်နေလျှင်ပင် သက်တော်စောင့်များက သူမကို မငဲ့ညှာတောပဲ မညှာမတာ ဆွဲထုတ်ကြတော့သည်။ သူမ၏ကျိုးနေသည့်လက်မောင်းကို အထိခံလိုက်ရချိန်တွင် ယဲ့လွီဆိုင့်ယာက နာကျင်စွာ အော်ဟစ်လိုက်သော်လည်း ဧကရာဇ်ကတော့ မတုန်လှုပ်သာ ဖြစ်နေခဲ့သည်။

ကြင်ယာတော်လီက ယဲ့လွီဆိုင့်ယာအနေဖြင့် ဧကရာဇ်၏နှလုံးသားကို အပ်တစ်ချောင်းစာမျှ နားမလည်နိုင်ခဲ့ကြောင်း သဘောပေါက်သွားခဲ့ပြီး စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်ပြန်သည်။

ဧကရာဇ်က မင်းအပေါ် ဘယ်လောက်ပဲ ကောင်းနေပါစေ... အဲ့တာတာ မင်း သူ့အပေါ် မောက်မာနိုင်တယ်လို့ မဆိုလိုဘူးလေ။ မင်း ဘယ်သူ့ကိုမဆို မောက်မာနိုင်ခွင့်ရှိပေမယ့် ဧကရာဇ်ကိုတော့ မောက်မာနိုင်ခွင့် မရှိဘူး။

ယဲ့လွီဆိုင့်ယာက ဧကရာဇ်ရဲ့လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ပုလဲရတနာလေးနဲ့ တူခဲ့ဖူးတယ်။ ဧကရာဇ်က သူ့သမီးတော်ကို အမှန်တကယ် ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ခဲ့ပေမယ့် သူရဲ့စိတ်နှလုံး မာကြောလာတဲ့အခါ သူရဲ့မျက်နှာသာပေးမှုတွေကို သူကိုယ်တိုင် ချိုးဖျက်နိုင်တဲ့သူပဲ။

ကျိ‌ရွှေရှန့်က ဧကရာဇ်အိုကြီး မင်းသမီးအား အပြစ်ပေးနေသည်ကို ခပ်အေးအေး ကြည့်နေပြီး ဘာမှ မပြောဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်။

ဒီကြိုးတစ်မျှက သူ့ကို ချည်နှောင်နိုင်မယ်တဲ့လား? သူက ဘာမှတောင် အများကြီး တိုက်ခိုက်စရာ မလိုဘဲ ဒီဧကရာဇ်အိုကြီးကို သတ်နိုင်သေးတယ်။

ဒါပေမယ့် သူက နောက်ဆုံးအခိုက်အတန့်အထိ ဒီဧကရာဇ်အိုကြီးက မိုက်မဲတဲ့အုပ်စိုးရှင် ဟုတ် မဟုတ် လောင်းကြေးထပ်ကြည့်ချင်သေးတယ်။

တကယ်လို့ ဒီဧကရာဇ်အိုကြီးက မိုက်မဲတဲ့ အုပ်ချုပ်သူ မဟုတ်ခဲ့ရင် တိုင်းပြည်နှစ်ခုက အိမ်နီးချင်းကောင်းတွေ ဖြစ်လာနိုင်တယ်။ ဒီဧကရာဇ်အိုကြီးက ရက်စက်ကြမ်းတမ်းပြီး မိုက်မဲသလို ကတိလည်း မတည်ဘူးဆိုရင်တော့ ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ အဲ့လိုဆိုရင်တော့ သူ လက်ရှိမင်းဆက်ကို မပုန်ကန်ခင် တာ့ထန်ကို အရင် ဖျက်ဆီးပစ်ရလိမ့်မယ်။

ဧကရာဇ်အိုကြီးကလည်း ကျိ‌ရွှေရှန့်ကို စူးရှသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။ ဧကရာဇ်အိုကြီး၏အကြည့်က အလွန်ဂုဏ်သိက္ခာရှိပြီး လွှမ်းမိုးနိုင်ဆဲ ဖြစ်သည်။ သာမာန်လူများက သူ့ကို မကြည့်ဝံ့ကြသော်လည်း ဤလူငယ်ကတော့ သူ့အကြည့်များကို အေးအေးဆေးဆေး ရင်ဆိုင်နေပြီး နောက်မဆုတ်သလို ရှောင်တိမ်းခြင်းလည်း မရှိခဲ့ပေ။ သူ၏အသွင်အပြင်က ယခင်က ရှောင်းဟမ်၏ကျက်သရေမျိုးကို အပြည့်အဝ ဖော်ထုတ်ထားနိုင်ခဲ့သည်။

အကယ်၍ ထိုလူက သူ၏ရန်သူ ဖြစ်လာပါက သူတို့ တာ့ထန်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

သူ မကြီးထွားသေးခက်မှာ သူ့ကို ဖယ်ရှားပစ်သင့်လား?

ကျိ‌ရွှေရှန့်က ဧကရာဇ်အိုကြီး၏ မျက်လုံးများထဲမှ မှန်းဆရခက်ခဲသော အရိပ်အယောင်များကို မြင်လိုက်ရပြီး ဧကရာဇ်အိုကြီး ချီတုံချတုံဖြစ်နေပြီဟု ခန့်မှန်းလိုက်သည်။ ကျိ‌ရွှေရှန့်သည် သူ့၏အတွင်းအားကို တိတ်တဆိတ် စုဆောင်းထားပြီး သူ အားထည့်လိုက်သည်နှင့် ကြိုးကို ဖြတ်တောက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

သူ့နောက်က အစောင့်နှစ်ယောက်လောက်က‌တော့ သူ့အတွက် ဘာမှ ကြောက်စရာ မလိုဘူး။ သူက ဧကရာဇ်အိုကြီးကို ဖမ်းသွားနိုင်သေးတယ်။ တကယ်လို့ သူသာ ဧကရာဇ်အိုကြီးကို ဓားစာခံအဖြစ် ဖမ်းပြီး ချုပ်နှောင်သွားလိုက်ရင် သူ မော့ချန်ကို အေးအေးဆေး‌ဆေး ဘေးကင်းကင်းကင်းနဲ့ ပြန်သွားနိုင်လိမ့်မယ်။

ကျိ‌ရွှေရှန့်၏ မျက်လုံးများမှ ကွယ်ဝှက်ထားသော သတ်ဖြတ်ရိပ်ကို မြင်လိုက်ရချိန်တွင် ဧကရာဇ်အိုကြီး အလွန်ထိတ်လန့်သွားခဲ့သည်။

သူ့ရှေ့က နဂါးကြီးက သူ့နယ်မြေထဲ ခဏတာ ဆင်းသက်လာခဲ့ပေမဲ့ ကမ္ဘာကြီးကို ဇောက်ထိုးလှန်ပစ်နိုင်တဲ့ စွမ်းရည်ရှိနေတုန်းပါပဲ။

ထို့အပြင် စူးချင်း၏စွမ်းအားကိုလည်း တွေးလိုက်မိသောကြောင့် ဧကရာဇ်အိုကြီးက ကျိ‌ရွှေရှန့်ကို သတ်မည့်အတွေးအား စွန့်လွှတ်လိုက်တော့သည်။

ကိုယ် အနိုင်မယူနိုင်တဲ့ အင်အားကြီးရန်သူကို ရင်ဆိုင်ရတဲ့အခါ အရင်ဆုံးမိတ်ဖွဲ့နိုင်ဖို့ ကြိုးစားရမယ်။ တိုင်းပြည် အချင်းချင်း မတိုက်ခိုက်သရွေ့ အေးအေးဆေးဆေး ကူးသန်းရောင်းဝယ်နိုင်တယ်။ တိုင်းပြည်တွေ သာယာဝပြောလာနိုင်တဲ့အပြင် စည်းလုံးညီညွတ်တဲ့ ခွန်အားကိုလည်း ပိုင်ဆိုင်နိုင်လိမ့်မယ်။

ကျိရွှေရှန့်က ဧကရာဇ်အိုကြီးကို အဆက်မပြတ် အကဲခတ်နေခဲ့ပြီး ဧကရာဇ်အိုကြီး ဆုံးဖြတ်နိုင်သွားပြီကို မြင်လိုက်ရသည်။ သူက သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားများကို ဖြည်းညှင်းစွာ ဖြေလျော့လိုက်ပြီး သူ့၏လူသတ်ချင်နေသည့်ဆန္ဒကိုပါ ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော် သူက ဧကရာဇ်အိုကြီးကို ခပ်တည်တည် စိုက်ကြည့်နေဆဲ ဖြစ်သည်။

ကျိ‌ရွှေရှန့်က သူ့ကိုယ်ပေါ်မှ လူသတ်ရောင်ဝါကို ဖယ်ရှားလိုက်သည်အား မြင်လိုက်ရမှ ဧကရာဇ်အိုကြီးလည်း သက်ပြင်းချနိုင်ခဲ့သည်။

ထားလိုက်တော့.... ထားလိုက်ပါတော့။ ကျိရွှေရှန့်က သူ့သမီးကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ပဲ။ အဲ့တာအပြင် စူးချင်းက တာ့ထန်ပြည်ထောင်ကို ဘေးအန္တရာယ်ကနေ ကယ်တင်ပေးခဲ့တယ်။ ကျိရွှေရှန့်ကို သတ်လိုက်တာက ကျေးဇူးတရားကို ရန်ငြိုးနဲ့ တုံ့ပြန်သလို ဖြစ်သွားစေလိမ့်မယ်။ အဲ့တာဆို သူက လူဆိုးတစ်ယောက်နဲ့ ဘာကွာခြားတော့မှာလဲ?

ထိုကဲ့သို့ တွေးလိုက်မိချိန်တွင် ဧကရာဇ်အိုကြီး၏လေသံက ပြောင်းလံသွားခဲ့ပြီး သူက အလွန်ယဉ်ကျေးလာခဲ့သည်။

"ကျိ‌ရွှေရှန့်... မဟုတ်သေးဘူး... သခင်လေးရှောင်း၊ ကျေးဇူးပြုပြီး အနားယူဖို့ တဲနန်းကို ပြန်သွားလို့ ရပါပြီး၊ ကျေးဇူးပြုပြီး ဒီနေ့ အဖြစ်အပျက်ကို ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့”

“ဧကရာဇ်ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ ဒီလူရဲ့နာမည်ကို ရှင်းလင်းပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ကျိ‌ရွှေရှန့်က သူ့ရင်ဘတ်ကို တည့်တည့်မတ်မတ် ထားထားပြီး ဧကရာဇ်အိုကြီးကို ကျယ်လောင်စွာ ကျေးဇူးတင်စကားဆိုလိုက်သည်။

ဧကရာဇ်အိုကြီးက ကျိ‌ရွှေရှန့်ကို ကြည့်နေခဲ့သည်။ သက်တော်စောင့်များက သူ့ကို ဒူးထောက်ခိုင်းရန် ဓားကို အသုံးပြုခဲ့သော်လည်း သူက ဒူးထောက်ရန် ငြင်းဆန်ခဲ့သည်။ ယခု သူ့ကို လွှတ်ပေးလိုက်ချိန်တွင်လည်း သူက အမှန်တကယ် ဂုဏ်ယူနေသေသည်။ ဧကရာဇ်အိုကြီးက အလွန်ယဉ်ကျေးနေခဲ့သော်လည်း ကျိ‌ရွှေရှန့်ကို နန်းတော်မှ ချက်ခြင်း မလွှတ်‌ပေးဘဲ မူလတဲနန်း၌သာ ပြန်နေခိုင်းခဲ့သည်။

ကျိ‌ရွှေရှန့်ကတော့ စိုးရိမ်စိတ်ဖြင့် ပူလောင်နေခဲ့သည်။ သို့သော်လည်း သူက စူးချင်းကို အလွန်လွမ်းဆွတ်နေသည့်တိုင် သူမ တာ့ထန်သို့ ရောက်လာမည့်အချိန်ကို စောင့်ရမည် ဖြစ်သောကြောင့် တစ်ရက်နှင့်တစ်ညကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ ဧကရာဇ်က ကျိ‌ရွှေရှန့်ကို ဧည့်သည်တော်အဖြစ် ဧည့်ဝတ်ပြုရန် သူ့လူများကို အမိန့်ပေးထားခဲ့သော်လည်း သူ့ကို လွှတ်ပေးရန်တော့ ရည်ရွယ်ရှိပုံ မရပေ။

ကျိ‌ရွှေရှန့်က နောက်ထပ်မစောင့်ချင်တော့ဘဲ ခြံအပြင်သို့ လှမ်းထွက်လိုက်ပြီး အပြင်ဘက်တွင် ရပ်နေသော အစောင့်များကို ပြောလိုက်လေသည်။

"ငါ ဧကရာဇ်နဲ့ တွေ့ချင်တယ်"

“ဧကရာဇ်က တိုင်းပြည်ရဲ့အရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့ သခင်လေးကို တွေ့ဖို့ အချိန် မရှိသေးပါဘူး။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါဦး"

စစ်သည်များက အလွန်ယဉ်ကျေးနေခဲ့သည်။ ဧကရာဇ်အိုကြီးက အလွန် အမြှော်အမြင် ရှိပြီး ကျိ‌ရွှေရှန့်အား အမှုထမ်းရန် စေလွှတ်ထားသူများက တာ့ရှားပြည်ထောင်၏ဘာသာစကားကို ပြောဆိုနိုင်ကြသည်။

ကျိ‌ရွှေရှန့်က မျက်ခုံးပင့်လိုက်သည်။

သူ့ကို နေအိမ်အကျယ်ချုပ်ချဖို့ ကြိုးစားနေတာလား?

“ဒါဆို ဒီကျိမျိူးရိုးက အရေးကြီးကိစ္စရှိလို့ ထွက်သွားရမယ်လို့ ဧကရာဇ်ကို သတင်းပို့ပေးပါ”

All Chapters