← Chapters

သူငယ်ချင်းဟောင်းနှင့် ပြန်ဆုံစည်းခြင်း

Vol. 7 Ch. 631

သူငယ်ချင်းဟောင်းနှင့် ပြန်ဆုံစည်းခြင်း

Vol. 7 Ch. 631

ချန်းဖန်သည် ရဲ့ချင်စန်းကို တန်ခိုးရှင် ကျင့်ကြံခြင်း အခြေခံ ကျင့်စဉ်တချို့ သင်ကြားပေးပြီးနောက် ရန်တောင်တန်းမှ ပြန်လည် ထွက်ခွာ လာခဲ့သည်။

သူ၏ ရန်ကျင်းခရီးစဉ်ကား ထိုက်တန်မှု ရှိသည်ဟု ဆိုနိုင်သည်။ သူသည် ခွန်းလွန် နတ်ဘုရား သင်္ချိုင်း၏ လျှို့ဝှက်ချက်အား သိခဲ့ရသည့်အပြင် ကောင်းကင် တံခါး၏ လမ်းစကိုပါ ရရှိခဲ့သည်။

ထို့အပြင် သူသည် ရဲ့ချင်စန်းနှင့် မဟာမိတ် အဖြစ်ပါ ဖွဲ့နိုင်ခဲ့သည်။ ရဲ့ချင်စန်းသည် မြေကမ္ဘာ အဆင့် ဖြစ်သည့်အပြင် ခွန်းလွန်သည်လည်း ကမ္ဘာတွင်ပင် အထင်ကြီးလောက်သော အဖွဲ့အစည်းကြီး ဖြစ်သည်။

မြောက်ပိုင်းချုံးဂိုဏ်းသည် အနာဂတ်၌ သူ မရှိလျှင်ပင် ခွန်းလွန်နှင့် ရဲ့ချင်စန်းတို့၏ ကာကွယ်မှု အောက်၌ လုံခြုံမည်မှာ သေချာပေသည်။

"ကောင်းကင်တံခါး တစ်ကြိမ်ပွင့်ရင် ကမ္ဘာကြီး တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်တဲ့ ... ငါ့အထင် ကောင်းကင်တံခါး တစ်ဖက်က လူတွေမှာ အစွမ်းထက်တဲ့ တန်ခိုးရှင် ကျင့်စဉ်တွေ ရှိတာ ဖြစ်ရမယ် ..."

ချန်းဖန်က တွေးနေမိခဲ့သည်။

သူတွေ့ဖူးသလောက် ကမ္ဘာပေါ်၌ တန်ခိုးရှင် ကျင်စဉ် ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော လူမှာ ဓားလျှို့ဝှက်ချက် ဖြစ်သည်။ သူ၏ "အပယ်ခံ ကိုးယောက်၏ ဓားကျင့်စဉ်" သည် အဆင့်နိမ့် ကျင့်စဉ် ဆိုသော်လည်း တန်ခိုးရှင် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

ယခု ရဲ့ချင်စန်း ကျင့်ကြံနေသည့် ကျင့်စဉ်သည် ကမ္ဘာပေါ်၌ အစွမ်း အထက်ဆုံး ဂိုဏ်းကြီး ဖြစ်ခဲ့သည့် "အမတေ ပေါင်းစည်းခြင်း ဂိုဏ်း" ၏ မူလကျင့်စဉ် ဆိုသော်လည်း အစစ်အမှန် တန်ခိုးရှင် ကျင့်စဉ်များနှင့် ယှဉ်နိုင်ခြင်း မရှိချေ။

"သူတို့ ဘာကျင့်စဉ်ပဲ ကျင့်ကျင့် ... ငါ့ကို လာရှုပ်ရင်တော့ အကုန်လုံးကို သတ်ပစ်မယ်"

ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပနေ၏။

သူသည် ကောင်းကင်တံခါး၏ တည်နေရာကို သိရှိပြီး ဖြစ်သော်လည်း ချက်ချင်းသွားရန် အစီအစဉ် မရှိချေ။

သူ့အနေဖြင့် မိဘများနှင့် ဖန့်ချုံးတို့အား အချိန်ပေးရဦးမည့် အပြင် ကမ္ဘာကိုလည်း လှည့်ပတ်ကာ ကြည့်ချင်သေးသည်။ ထို့အပြင် အဆင့်တက်ရန် အတွက် အခွင့်အရေးများလည်း ရှာဖွေရပေဦးမည်။

"ဝူတန်ဂိုဏ်းက လီချန်းရှန့် ပြောခဲ့တဲ့ ပုံအရဆိုရင် သူ့ဘိုးဘေးက ကောင်းကင်တံခါး ရှိတဲ့ နေရာတွေကို လိုက်ရှာခဲ့သေးတယ်တဲ့ ... အဲဒီ နေရာတွေက ငါ့ကို အံ့ဩစရာတွေနဲ့ စောင့်မျှော်နေမှာ သေချာတယ်"

ချန်းဖန်က တွေးရင်း ရန်ကျင်း မြို့အတွင်း လမ်းလျှောက်လာရာ တက္ကသိုလ်တစ်ခု၏ အရှေ့သို့ ရောက်ရှိနေကြောင်း သတိထား လိုက်မိသည်။

ချန်းဖန်က မျက်လုံးကို ပင့်ရင်း ခမ်းနားသော ဆိုင်းဘုတ်ကြီးအား တစ်လုံးချင်း ဖတ်လိုက်သည်။

"ရန်ကျင်း ရုပ်ရှင် ကောလိပ်"

"အာ ဟုတ်သား ... မေ့နေတာ ... ရှု့ယုံဖေးက ဒီကျောင်းမှာ တက်နေတာ မလား ... အခုဆိုရင် သူက စတုတ္ထနှစ်ကို ရောက်နေလောက်ပြီ ... ရှု့အောင်း သေတည်းက ငါ သူ့ကို တွေ့ချင်နေတာ ... အခြား အလုပ်တွေ ရှုပ်နေတာနဲ့ တစ်ခါမှ သွားမတွေးခဲ့ရဘူး"

ချန်းဖန်က စိတ်မကောင်းစွာ တွေးလိုက်မိသည်။

နှစ်ဘဝစလုံး၌ အန်တီထန်နှင့် ရှု့ယုံဖေးတို့သည် သူ့အပေါ် အလွန် ကောင်းခဲ့သူများ ဖြစ်ကြသည်။

ထို့အပြင် ရှု့ယုံဖေး၏ ဖခင် ရှု့အောင်းသည် သူ့အပေါ် သေသည် အထိ သစ္စာရှိခဲ့သူ ဖြစ်သည်။ သူ့ကြောင့်သာ မဟုတ်လျှင် ရှု့အောင်းသည် သေဆုံးခဲ့လိမ့်မည် မဟုတ်ချေ။

"ဒီအထိ ရောက်လာပြီ ဆိုတော့လည်း ငါ သူ့ကို ဝင်တွေ့လိုက်ပါဦးမယ်လေ"

ထို့နောက် ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို မဖြန့်ကြက်ပဲ အိတ်ထဲကို လက်ထည့်၍ ကျောင်းအတွင်း ဝင်လာခဲ့လိုက်၏။

ရန်ကျင်း ရုပ်ရှင် ကောလိပ်သည် တရုတ် ဆယ်လီ အသိုင်းအဝိုင်း၏ ကျင်လည်ရာ နေရာ ဖြစ်ပြီး မရေမတွက်နိုင်သော ဒါရိုက်တာများ၊ သရုပ်ဆောင်များကို မွေးထုတ် ပေးနေသည့် ကောလိပ် တစ်ခု ဖြစ်သည်။

ထိုကောလိပ်ကို တက်ရောက်ရန်မှာ များစွာသော တရုတ် ဆယ်ကျော်သက် လူငယ်လေးများစွာ၏ အိပ်မက်လည်း ဖြစ်သည်။

ယခုအချိန်၌ ချန်းဖန်သည် သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ကွယ်ဝှက် မထားတော့ရာ သူ၏ ရုပ်ရည်သွင်ပြင်က လူအများကြား၌ ထင်ရှားစွာ ပေါ်လွင်နေ၏။ အနက်ရောင် ဆံပင်ရှည်များက သူ၏ပခုံးထက်၌ ဝဲ၍ ကျနေကာ သူဝတ်ဆင်ထားသော အဖြူရောင် ရှပ်အင်္ကျီက သူ့အား ပို၍ ခန့်ညားစေသည်။

ချန်းဖန်၏ အရပ်ရှည်ပြီး အလွန် ချောမောသော အသွင်အပြင်က မြင်မြင်ချင်းပင် များစွာသော မိန်းကလေးများ၏ နှလုံးသားကို အရည်ပျော် သွားစေ၏။

"အာ ... ဒီအဆင်လေးက ချောလိုက်တာ ကြည့်စမ်း ...  သူက ဝူလုဖန်ထက်တောင် အများကြီး ပိုချောတယ်"

"သူက ငါတို့ ကျောင်းကလား ... ဘာလို့ အရင်က တစ်ခါမှ မတွေ့ဖူးတာလဲ"

"ဟဲ့ နင်ဘယ်လိုထင်လဲ ... ငါ သူ့ကို ငါ့ရဲ့ ဖုန်းနံပါတ် သွားပေးလိုက်ရမလား"

မိန်းကလေးများစွာက ချန်းဖန်အား စကားပြောကြည့်ရန် ကြိုးစားကြသော်လည်း ချန်းဖန်၏ အေးစက်စက် အကြည့်များကို တွေ့သည်နှင့် လက်လျှော့သွားကြသည်။

နောက်ဆုံး ချဉ်းကပ်လာသော မိန်းကလေး တစ်အုပ် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ချန်းဖန်က သူမတို့အား နွေးထွေးစွာ ပြုံးပြရင်း လှမ်းမေးလိုက်သည်။

"ဟိတ် ... မင်းတို့ ရှု့ယုံဖေး ဘယ်နေရာမှာ ရှိလဲ သိလား"

မိန်းကလေးများသည် ပထမ၌ ချန်းဖန်၏ လှမ်းခေါ်မှုကြောင့် ရင်ခုန်သွားသော်လည်း ရှု့ယုံဖေး၏ နာမည်ကို ကြားချိန်တွင်မူ အနည်းငယ် စိတ်ပျက်မိ သွားကြသည်။

"သူက ရှု့ယုံဖေး အတွက်  ဒီကို လာတာလား"

"သူက အစ်မ ရှု့ယုံဖေးကို လိုက်နေတဲ့ လူတွေထဲက တစ်ယောက်ဖြစ်မယ် ထင်တယ် ... ဒါကြောင့် ငါတို့ သူ့ကို တစ်ခါမှ မတွေ့ဖူးတာ"

"ဒါဆို ဒီဘေဘီလေးနဲ့ ဒိတ်ဖို့ အခွင့်အရေး မရှိတော့ဘူးပဲ"

မိန်းကလေး အုပ်စုမှာ ဝမ်းနည်း စိတ်ပျက်မိ သွားကြသည်။

ထို့နောက် ထိုအုပ်စုထဲမှ ယုံကြည်ချက် ရှိဟန်ရသော မိန်းကလေး တစ်ယောက်က ချန်းဖန်ထံသို့ ပြန်လည် လျှောက်လာရင်း မေးလိုက်၏။

"အစ်ကိုက အစ်မရှု့ယုံဖေးကို ရှာနေတာလား ... သူက ဖျော်ဖြေရေးပွဲတွေ ပြီးလို့ သူ့အခန်းမှာ အနားယူနေတယ်လေ ... အစ်ကို သွားချင်ရင် ညီမ လိုက်ပို့မယ်"

"ကျေးဇူးပဲ ..."

ချန်းဖန်က သူမအား ပြုံးပြရင်း ကျေးဇူးတင် စကား ဆိုလိုက်၏။

ထို့နောက် မိန်းကလေးက ချန်းဖန်အား ရှု့ယုံဖေး၏ အခန်းသို့ လိုက်ပို့ရင်း သူမကိုယ်ကို မိတ်ဆက်စကား ဆိုသည်။

သူမ၏အမည်မှာ ကျန်းဟိုင်ယွင် ဖြစ်ပြီး ကျောင်းသား အနုပညာ ကောင်စီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်ဟု ဆိုသည်။ ထိုအရာက သူမ၏ အရည်အချင်း မည်မျှ မြင့်မားကြောင်း ဖော်ပြနေသည်။

ကျန်းဟိုင်ယွင်သည် ချန်းဖန်မှာ သူမ၏ ရာထူးနေရာကြောင့် အံအားသင့် သွားမည်ဟု ကျိန်းသေ တွေးထားခဲ့သည်။ သို့သော်လည်း သူမ အံ့အားသင့်စွာပင် ချန်းဖန်က ခေါင်းညိတ် အသိအမှတ်ပြုရုံသာ တုံ့ပြန်ခဲ့သည်။

"သူက သာမန် အဝတ်အစားတွေကို ဝတ်ထားပေမဲ့ သူ့ရဲ့ အမူအရာကတော့ အရမ်းကို တည်ငြိမ်နေတယ် ... ရန်ကျင်း ထိပ်တန်း လူငယ်မျိုးဆက်တွေတောင် သူ့ရဲ့ အထက်တန်းကျမှုကို ယှဉ်နိုင်မယ် မထင်ဘူး ... သူက တကယ့်ကို အရာရောက်တဲ့ လူတစ်ယောက် ဖြစ်ရမယ်"

ကျန်းဟိုင်ယွင်က စိတ်ထဲမှ တွေးရင်း ပြုံးလိုက်မိသည်။ ထို့နောက် သူမက ချန်းဖန်အား ကြည့်ကာ မေးလိုက်၏။

"အစ်ကိုက အမရှု့နဲ့ တွေ့ချင်တာ သေချာရဲ့လား ... သူက ဒီမှာ အရမ်း ကျော်ကြားတယ် ဆိုတာ အစ်ကိုလည်း သိမှာပါ ... သူ့ကို ထျန်းဟယ် ဖျော်ဖြေရေး ကုမ္ပဏီ ပိုင်ရှင်ရဲ့သား သခင်လေးဝူကတောင် စိတ်ဝင်စား နေတာတဲ့လေ"

ကျန်းဟိုင်ယွင်က ပြောရင်း ချန်းဖန်၏ မျက်နှာ အမူအရာကို သေချာ အကဲခတ်လိုက်၏။

"ဟုတ်လား ..."

ချန်းဖန်က တည်ငြိမ်စွာပင် တုံ့ပြန်သည်။ သူက ထိုအရာအတွက် စိတ်ရှိပုံ မရချေ။

"သူက အရမ်းကို ယုံကြည်မှု ရှိနေတာပါလား"

ကျန်းဟိုင်ယွင်မှာ အနည်းငယ် အံ့အားသင့်မိသွားသည်။

မကြာခင်မှာပင် သူတို့ နှစ်ယောက် ရှု့ယုံဖေး နေထိုင်ရာ အဆောင် နံပါတ်(၅)သို့  ရောက်ရှိ လာခဲ့သည်။

အဆောင် နံပါတ်(၅)၏ အရှေ့သို့ ရောက်သည်နှင့် ချန်းဖန်သည် ရပ်ထားသော ဇိမ်ခံကား များစွာကို တွေ့လိုက်ရသည်။ ထိုအထဲ၌ အလွန် ဈေးကြီးသော ငွေရောင် လန်ဘော်ဂီနီ ကားတစ်စီးကိုလည်း ပါဝင်နေ၏။

"လန်ဘော်ဂီနီကားက သခင်လေးဝူ ပိုင်တာ ... အဲဒါက သန်းနှစ်ဆယ်ကျော် တန်တယ်တဲ့"

ကျန်းဟိုင်ယွင်က ပြောလိုက်၏။ သို့သော်လည်း သူမ၏ စကားအား ချန်းဖန်က အရေးလုပ်ပုံ မရသဖြင့် အနည်းငယ် စိတ်ပျက်သွားသည်။

"ညီမ အထဲကို ဝင်ပြီး အစ်မရှု့ကို အရင်မေးလိုက်ဦးမယ် ... သူ့ကို တွေ့ဖို့က ညီမလည်း အာမ မခံနိုင်ဘူး ...  သခင်လေးဝူတောင် စောင့်နေတာ ကြာပြီ ... ဒါတောင် အစ်မရှု့က သူ့ကို အခုထိ ထွက် မတွေ့သေးဘူးလေ"

"အင်း ... သူ့ သူငယ်ချင်း ချန်းဖန် ရောက်နေတယ်လို့ ပြောပေးပါ"

ချန်းဖန်က ဆိုလိုက်၏။

သူသည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ထားခြင်း မရှိရာ ရှု့ယုံဖေးအား အာရုံခံနိုင်ခြင်း မရှိချေ။

ကျန်းဟိုင်ယွင် ထွက်ခွာသွားပြီးနောက် အဆောင်နေ မိန်းကလေးများမှာ အဆောင် အပြင်ဘက်၌ ရပ်နေသည့် ချန်းဖန်၏ ရုပ်ရည်သွင်ပြင်အား စတင်ကာ သတိထားမိ လာကြသည်။ သူမတို့က ချန်းဖန်ထံသို့ ချဉ်းကပ်ကာ ဖုန်းနံပါတ် တောင်းရန်ပင် ကြိုးစားလာကြသည်။

ထိုအချိန်၌ အဆောင်ရှေ့ ဇိမ်ခံကားများထက်၌ ရှိနေသော ယောက်ျားသားများမှာမူ ချန်းဖန်အား မနာလိုစွာ ကြည့်နေမိကြသည်။

"ငါ အကောင်းဆုံးကားကို စီးပြီး ဈေးအကြီးဆုံး နာရီကို ဝတ်လာတာတောင် အဲဒီ ခပ်ချောချော ကောင်လေးကို မယှဉ်နိုင်ပါလားကွာ"

အသက်လတ် အရွယ် ဖက်တီး တစ်ယောက်က စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။ အခြား ချောမောသည့် လူငယ်လေးများသည်လည်း ချန်းဖန်၏ ရုပ်ရည်သွင်ပြင်ကို ကြည့်ကာ သိမ်ငယ်သလို ခံစားလာရသည်။

ထိုအချိန်မှာပင် ဒုတိယ အထပ်မှ ပြတင်းပေါက် ပွင့်လာက ငယ်ရွယ်သော မိန်းကလေး တစ်ယောက်၏ ပုံရိပ် ပေါ်လာခဲ့သည်။ သူမက အောက်၌ ရပ်နေသော ချန်းဖန်အား သတိထားမိသည်နှင့် သူမ၏ အခန်းဖော်အား လှည့်ကာ ပြောလိုက်၏။

"ဖေးဖေး ... လာကြည့်စမ်း ... တကယ့် အဆင်လေး တစ်ယောက် အောက်မှာ ရောက်နေတယ် ... ရှောင်ရာနဲ့ အားမိုတို့ဆို သူ့ဖုန်းနံပါတ်ကို သွားတောင်းနေကြပြီ"

"နင်ရှင်း ... ပြတင်းပေါက်ကို ပိတ်ထားလိုက် ... အဲဒီမှာ နှာဘူးထ မနေနဲ့"

ရှု့ယုံဖေးက ကုလားထိုင်တွင် ခြေချိတ်ကာ ထိုင်ရင်း စာအုပ် တစ်အုပ်ကို ဖတ်နေခဲ့သည်။

"ဟမ့် ... ဘယ်သူ့ကို ဂရုစိုက် ရမှာလဲ"

နင်ရှင်းက ရှု့ယုံဖေးအား ရွဲ့ကာ ချန်းဖန်အား လက်လှမ်းပြရန်ပင် ကြိုးစား နေခဲ့သည်။

ရှု့ယုံဖေးမှာမူ သူမ၏ အခန်းဖော်ကို ကြည့်ကာ ပြုံးနေမိလိုက်သည်။ ထို့နောက် သူမက လက်ထဲမှ စာအုပ်ကိုသာ ပြန်လည် အာရုံစိုက်လိုက်သည်။

ထိုအချိန်မှာပင် ကျန်းဟိုက်ယွင်က သူမတို့၏ အခန်းသို့ အမောတကော ဝင်လာကာ ပြောလိုက်၏။

"အစ်မရှု့ ... အပြင်မှာ ချန်းဖန်လို့ ခေါ်တဲ့ ကောင်လေး တစ်ယောက် ရောက်နေတယ် ... သူက အစ်မကို တွေ့ချင်လို့တဲ့ ... သူ ပြောတာကတော့ သူက အစ်မရဲ့ သူငယ်ချင်းတဲ့"

"ဘုတ် ..."

ချန်းဖန် ဆိုသော အမည်ကို ကြားသည်နှင့် ရှု့ယုံဖေး၏ လက်ထဲမှ စာအုပ်မှာ အောက်သို့ လွတ်ကျ သွားတော့၏။

***

All Chapters