← Chapters

စစ်မြေပြင်မှာ ရန်သူတွေ အဖြစ် တွေ့ကြမယ်

Vol. 24 Ch. 358

စစ်မြေပြင်မှာ ရန်သူတွေ အဖြစ် တွေ့ကြမယ်

Vol. 24 Ch. 358

“အကြောင်းပြချက်က မင်းက တော်ဝင်မိသားစုကလူ ဖြစ်နေလို့ပဲ။ မင်းသားတစ်ယောက်အနေနဲ့ မင်းရဲ့အိမ်ထောင်ရေးက မင်း ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ဘူး။ မင်းက ရှောင်ယင်ကို တစ်ဦးတည်းသောဇနီးအနေနဲ့ လက်ထပ်နိုင်မှာ မဟုတ်ဘူး။ ငါက ငါ့ညီမလေး သူ့ခင်ပွန်းကို တခြားမိန်းမတွေနဲ့ မျှဝေနေရတာကို မမြင်ချင်ဘူး။ မင်း ငါ့ယောက်ဖဖြစ်ချင်ရင် ရှောင်ယင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ပေးနိုင်ရမယ်၊ မင်း တစ်သက်မှာ နောက်ထပ် ဘယ်မိန်းမမှ ထပ်မယူရဘူး"

ကျိ‌ရွှေရှန့်ကလည်း ယဲ့လွီချွမ်းကို အလွန်လေးစားသဘောကျခဲ့သည်။ သူက မျိုးဆက်တစ်ခု၏ နှလုံးရည် လက်ရုံးရည် ပြည့်ဝသော အုပ်စိုးရှင်တစ်ဦး ဖြစ်လာနိုင်သည်။ သို့သော် သူက ခင်ပွန်းကောင်းတော့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ရှေးပဝေသဏီကတည်းက ဧကရာဇ်မင်းများနှင့် ထိမ်းမြားလက်ထပ်ခဲ့သော အမျိုးသမီးများက သူမတို့၏နန်းဆောင်တွင် ဧကရာဇ် ရောက်လာမည့်အချိန်ကို စောင့်မျှော်ရင်း သူမတို့၏တစ်ဘဝလုံးကို ကုန်ဆုံးရလေ့ရှိသည်။

ကျိရှောင်ယင်က အလွန်အပြစ်ကင်းစင်သောကြောင့် သူမက တော်ဝင်မိသားစု၏ ရှုပ်ထွေးသောစည်းမျဉ်းများနှင့် လိုက်လျောညီထွေ ဖြစ်ရန် မလွယ်သလို မျက်နှာသာရရန် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်မည့် အမျိုးသမီးများကိုလည်း ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

“ဒါက... အဲ့တာကိုတော့ ဒီမင်းသား သဘောမတူပေးနိုင်မှာကို စိုးရိမ်မိတယ်။ တော်ဝင်မိသားစုဝင်တွေရဲ့ ထိမ်းမြားလက်ထပ်ပွဲတွေက ကိုယ့်ဆန္ဒအလျောက် လုပ်ခွင့် မရှိတာကို အစ်ကိုကျိလည်း သိပြီးသားပါ။ ဒါပေမယ့် ဒီမင်းသားက ရှောင်ယင်ကို တစ်သက်လုံး ချစ်နေမှာပါ၊ သူ(မ) နစ်နာမှုတွေ ဘယ်တော့မှ ခံစားရမှာ မဟုတ်ပါဘူး"

ကျိ‌ရွှေရှန့်၏စကားများက ယဲ့လွီချွမ်းကို အနည်းငယ် တွေဝေသွားစေခဲ့သည်။

သူ ဒီအချက်ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဘူး။ ယောက်ျားတစ်ယောက်မှာ ဇနီး၊ ကိုယ်လုပ်တော်၊ သုံးယောက်နဲ့ မောင်းမလေးယောက် ရှိတာက ပုံမှန်ပဲလေ။ အခု ကျိ‌ရွှေရှန့် ရုတ်တရက် ပြောလာမှ သူ ဒီပြဿနာကို အလေးအနက် စဉ်းစားခဲ့မိတယ်။ ဒါပေမယ့် သူ သူမကို တစ်သက်လုံး ချစ်ပေးမယ်လို့တော့ အာမခံနိုင်ပါတယ်။

"မင်း တခြားမိန်းမနဲ့ လက်ထပ်လိုက်တာနဲ့ ရှောင်ယင်ကို မနစ်နာစေရဘူးလို့ ပြောဖို့ အခွင့်အရေးမျိုး မင်းမှာ မရှိနိုင်တော့ဘူး။ မင်းရဲ့မယ်တော်ကိုပဲ ကြည့်လေ၊ လီဖေးက တစ်ချိန်က မင်းရဲ့ခမည်းတော်ဆီကနေ မျက်နှာသာရတဲ့ ကြင်ယာတော်တစ်ပါးပဲ မဟုတ်ဘူးလား? မင်းက ရှောင်ယင်ကို မျက်နှာသာပေးလေလေ အခြားအမျိုးသမီးများက သူ(မ)ကို အန္တရာယ်ပြုဖို့ နည်းလမ်းတွေ တွေးလေလေ ဖြစ်လာမှာလေ။ ငါက ဒီလို အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ ငါ့ညီမလေးကို လက်ထပ်ခိုင်းမှာ မဟုတ်ဘူး။ ရှောင်ယင်က သာမန်မိသားစုကလူနဲ့ပဲ လက်ထပ်ရလိမ့်မယ်"

ကျိ‌ရွှေရှန့်က သူ့ဘဘောထားကို ပြတ်ပြတ်သားသား ထုတ်ပြခဲ့ပြီး ယဲ့လွီချွမ်း၏မိခင်အကြောင်းကိုပင် ထုတ်ပြောခဲ့သည်။

ဧကရာဇ်က သူမကို မျက်နှာသာပေးခဲ့တာကြောင့် အဲ့အချိန်တုန်းက ကိုယ်လုပ်တော်ပဲ ဖြစ်နေသေးတဲ့ ဧကရီက သူမကို အဆိပ်ခတ်ခဲ့တယ်။ အဆိပ်ခတ်ခံရပြီးတဲ့နောက်မှာ သူမ အားကိုးနိုင်တဲ့ ဧကရာဇ်ရဲ့ချစ်ခြင်းမေတ္တာကို ဆုံးရှုံးခဲ့ရတယ်။

ယဲ့လွီချွမ်းကတော့ လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

ကျိ‌ရွှေရှန့်ရဲ့စကားတွေက သူ့ကို ခုခံနိုင်စွမ်းမဲ့စေခဲ့တယ်။ တကယ်လည်း တော်ဝင်မိသားစုဝင်တွေကြားထဲမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေအကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိနေပြီးသားပါ။ သူ့အမေက ဆယ်နှစ်ကျော်ကြာအောင် ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာကိုလည်း သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်။ စကားနည်းနည်းနဲ့ အတိုချုံးပြောရရင်တော့ ရင်ကွဲလုမတတ် သနားစရာကောင်းတယ်။

ကျိ‌ရွှေရှန့်က သူ့ညီမလေးကို အလွန်ချစ်ပြီး သူ့ညီမလေးအား ဒုက္ခရောက်စေမည့်အရာကို သည်းမခံနိုင်ပေ။ အလားတူပင် ယဲ့လွီချွမ်းကလည်း အပြစ်ကင်းစင်လွန်းသည့် ကျိရှောင်ယင်တစ်ယောက် သူ့မယ်တော်ကဲ့သို့ တဖန် ခံစားရမည်ကို ခွင့်မပြုနိုင်ပေ။

သို့သော် သူက ကျိရှောင်ယင်ကို အမှန်တကယ် ချစ်မြတ်နိုးနေခဲ့သည်။ သူက သူမကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး တောင်တန်းပြာတွေဆုံပွဲ၌ သူမ အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် သူ့ရင်ဘတ်တစ်ခုလုံး ပူလောင်လာသလို သူ ခံစားခဲ့ရသည်။

သူက ကျိရှောင်ယင်အတွက် ဘယ်အရာကို မဆိုလုပ်ပေးနိုင်သည်ဟု ယဲ့လွီချွမ်းက ခံစားနေခဲ့ရသည်။

ဓားတောင်တွေကျော်ပြီး မီးပင်လယ်ကို ဖြတ်ရရင်တောင် ရှောင်ယင်ရဲ့အပြုံးတွေကို မြင်နိုင်သရွေ့ အရာအားလုံးက ထိုက်တန်ပါတယ်။

"ယဲ့လွီချွမ်း၊ ငါတို့က ညီအစ်ကိုကောင်းတွေပဲ ဖြစ်နိုင်လိမ့်မယ်"

ကျိ‌ရွှေရှန့်က ယဲ့လွီချွမ်း၏မျက်လုံးများထဲမှ လွန်ဆွဲနေသည့် အရိပ်အယောင်များကို မြင်သွားခဲ့ပြီး အဓိပ္ပါယ်ရှိရှိ ထပ်ပြောလိုက်သည်။

သူ ပြောချင်တာက ငါ့ညီမကို လက်ထပ်ဖို့ နောက်တစ်ခါ မပြောနဲ့တော့....

ယဲ့လွီချွမ်းက ဤနေရာသို့ ရွှင်လန်းစွာဖြင့် ရောက်လာခဲ့သော်လည်း ရေအေးတစ်ပုံး လောင်းချခံလိုက်ရသည်။

နောက်ဆုံးတော့ ရှောင်ယင်ကို သူ့အချစ်တွေ အားလုံး မပေးနိုင်ခင် သူ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို သူ ထိန်းသိမ်းထားရုံပဲ တင်နိုင်တော့မယ်။

"ကောင်းပြီလေ၊ ဒါပေမယ့် အစ်ကိုကျိ၊ ခင်ဗျား မင်း ညီမလေးကို အိမ်ထောင်ရေးတစ်ခု မစီစဥ်ပေးဖူးလို့ ဒီမင်းသားကု ကတိပေးနိုင်မလား?"

ထိုသို့ပြောလိုက်သော်လည်း ယဲ့လွီချွမ်းက သူ့စိတ်ထဲတွင် မတင်မကျ ခံစားနေရသည်။

သူက သူချစ်ရတဲ့ မိန်းခလေးအတွက် သူ့အဆင့်အတန်းကို နှိမ့်ချပြီး ကျိ‌ရွှေရှန့်ကို ထပ်တောင်းဆိုနေသေးတယ်။

“အဲဒါကိုလည်း ငါ ကတိမပေးနိုင်ဘူး။ ရှောင်ယင်က အခု အသက်ဆယ့်ခြောက်နှစ်ရှိနေပြီဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်နေပြီ။ ရှောင်ယင်အတွက် ပျော်ရွှင်မှု ပေးနိုင်တဲ့ လူတစ်ယောက်ကို တွေ့လာရင် ငါက အဲ့တာကို လက်လွတ်ခံမှာ မဟုတ်ဘူး”

ကျိ‌ရွှေရှန့်က ယဲ့လွီချွမ်းအတွက် မျှော်လင့်ချက် မပေးချင်တော့ဘဲ ကျိရှောင်ယင်နှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးအားလုံးကို ဖြတ်တောက်ရန် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

ယဲ့လွီချွမ်းက ထူးချွန်လွန်းတာကြောင့် ရှောင်ယင်က သူ့ကို အလွယ်တကူ ချစ်မိသွားနိုင်တယ်။ အကိုကြီးတစ်ယောက်အနေနဲ့ သူ သတိထားရမယ်။

ယဲ့လွီချွမ်းက လရောင်အောက်တွင် ရပ်နေသည့် ကျိ‌ရွှေရှန့်ကို ကြည့်နေခဲ့ပြီး အကြာကြီး စကားမပြောနိုင်တော့ပေ။

ကျိ‌ရွှေရှန့်က ရှောင်ယင်ကို လက်ထပ်ပေးမယ်လို့ ပြောလိုက်တာကို ကြားရတြဲအချိန်မှာ သူ့နှလုံးသားကို ဓားနဲ့ ထိုးလိုက်သလို ခံစားရပြီး နာကျင်ရလွန်းလို့ သူ သေတောင်မှ သေချင်လာမိတယ်။

အနှစ်နှစ်ဆယ်ကျော်ကြာခဲ့ပြီ၊ ဒါပေမယ့် သူ ဒီလို ခံစားရတာ ပထမဆုံးအကြိမ်ပဲ။ သူလည်း သူ့ရဲ့ပျော်ရွှင်မှုအတွက် တိုက်ပွဲဝင်ချင်တယ်။

ယဲ့လွီချွမ်းက တခြားဘာမှ ထပ်မပြောတော့ပေ။

သူ ပြောနေလည်း ဘာမှ အသုံးမဝင်တော့ဘူးလေ။ ကျိ‌ရွှေရှန့်က သူနဲ့ ရှောင်ယင် လက်ထပ်ဖို့ ဘယ်သောအခါမှ သဘောတူမှာ မဟုတ်ဘူး။ သူ ရှောင်ယင်ကိုပဲ ချဥ်းကပ်ဖို့ ကြိုးစားရလိမ်မ့ယ်။ ကျိ‌ရွှေရှန့်က သူ့ညီမလေးကို အရမ်းချစ်တယ်လေ။ ရှောင်ယင်က သူ့နဲ့ လက်ထပ်ဖို့ အခိုင်အမာ ပြောနေသရွေ့ ကျိရွှေရှန့်က သဘောတူရမှာပဲ။

သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့သောကြောင့် ယဲ့လွီချွမ်း၏ မျက်လုံးများမှ စူးရဲသည့် အလင်းရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်း ရှောင်ယင်ကို လှည့်စားရဲရင်တော့ ငါတို့က ညီအစ်ကိုကောင်းတွေ မဟုတ်ဘဲ စစ်မြေပြင်မှာ ရန်သူတွေအဖြစ် ပြန်တွေ့ကြရလိမ့်မယ်"

ကျိ‌ရွှေရှန့်က ယဲ့လွီချွမ်း၏မျက်လုံးထဲမှ အရိပ်အယောင်များကိုပင် မြင်နိုင်ခဲ့ပြီး အကျည်းတန်သောစကားများကို ကြိုပြောလိုက်သည်။

ကျိ‌ရွှေရှန့်က ဤမျှကြမ်းတမ်းရက်စက်သူဖြစ်လိမ့်မည်ဟု ယဲ့လွီချွမ်း မထင်ထားခဲ့မိပေ။

"အစ်ကိုကျိ၊ အဲ့လောက် လေးနက်တာလား? ရှောင်ယင်က ဒီမင်းသားကို ချစ်သွားရင်တောင် ခင်ဗျား သူမကို တားဦးမှာလား?"

နောက်ဆုံးတွင် ယဲ့လွီချွမ်းက ဒေါသထွက်သွားပြီး သူက ကျိ‌ရွှေရှန့်ကို ဒေါသတကြီး ပြန်မေးလိုက်သည်။

"ကျိရှောင်ယင်က ရိုးရှင်းပြီး အပြစ်ကင်းစင်တယ်၊ ဒါပေမယ့် မင်းကတော့ အဲ့လို မဟုတ်ဘူး။ ရှောင်ယင် မင်းကို ချစ်မယ်ဆိုရတောင် အဲ့လို ဖြစ်လာစေဖို့ မင်း လှည့်ကွက်တချို့ သုံးခဲ့တာပဲ ဖြစ်နိုင်တယ်"

ကျိ‌ရွှေရှန့်က ယဲ့လွီချွမ်းကို ကောင်းစွာ နားလည်နေပြီး သူ့အတွေးများကို တိုက်ရိုက်ထုတ်ဖော်လိုက်သည်။ ယဲ့လွီချွမ်းက ကျိ‌ရွှေရှန့်ကို စိုက်ကြည့်နေပြီး ဒေါသကြောင့် သူ့မျက်လုံးများပင် ပြူးထွက်လာခဲ့သည်။

သူက ဂုဏ်သိက္ခာရှိတဲ့ မင်းသားတစ်ပါး ဖြစ်နေပေမယ့် ကျိ‌ရွှေရှန့်က သူကို လိမ်လည်လှည့်ဖျားတတ်တဲ့ လူယုတ်မာလို့ ပြောချင်နေတာလား?

ယဲ့လွီချွမ်းက အံကြိတ်လိုက်ပြီး “ဒါဆို ယောက်ျားတစ်ယောက်က ကိုယ်သဘောကျတဲ့ မိန်းခလေးအတွက် ကြိုးစားချင်စိတ် ရှိတာကို ခင်ဗျားက မရိုးမသားဘူးလို့ ယူဆနေတယ်ပေါ့။ ဒါဆို ခင်ဗျားကရော စူးချင်းကို လှည့်စားဖို့ ကြံစည်နေတာလား?”

"စူးချင်းနဲ့ ငါက တစ်ယောက်ကို တစ်ယောက် ခံစားချက်တွေ ရှိနေတာ ကြာနေပြီ။ ငါတို့က တစ်ယောက်နဲ့တစ်ယာက် လေးစားတန်ဖိုးထားတယ်။ ဘာအကြံအစည်မှ မရှိဘူး။ ငါက စူးချင်းတစ်ယောက်တည်းကိုပဲ တစ်သက်လုံး ချစ်မယ်လို့ ကတိပေးပြီးသွားပြီ၊ ငါ့ဘေးမှာ ဒုတိယမိန်းမ မရှိစေရဘူးလို့လည်း အာမခံနိုင်တယ်။ မင်းကရော အဲ့လို အာမခံနိုင်လား? ရှောင်ယင်အတွက်နဲ့ မင်းရဲ့ဘုန်းအသရေနဲ့ စည်းစိမ်တွေကို စွန့်လွှတ်နိုင်လို့လား?”

ကျိ‌ရွှေရှန့်က သူနှင့်စူးချင်းတို့အား ကျိရှောင်ယင်နှင့် နှိုင်းယှဉ်နေသည့် ယဲ့လွီချွမ်းကို စိုက်ကြည့်နေခဲ့သည်။

တကယ်ဆို နှိုင်းယှဉ်စရာတောင် လိုလို့လား?

ကျိရွှေရှန့်၏ဆက်တိုက်မေးခွန်းနှစ်ခုက ယဲ့လွီချွမ်းကို စကားမပြောနိုင် ဖြစ်သွားစေခဲ့ပြန်သည်။

အင်အားက လူတစ်ဦးအနေဖြင့် အမြင့်ဆုံးပိုင်ဆိုင်နိုင်မည့်နယ်ပယ် ဖြစ်သည်။ သူ့တစ်ဘဝလုံး အမျိုးသမီးများစွာ ရှိနိုင်သော်လည်း ဧကရာဇ်ဖြစ်ရန်ကတော့ အခွင့်အရေးတစ်ခုသာ ရှိသည်။ ယဲ့လွီချွမ်း၏နှလုံးသားက လွန်ဆွဲနေခဲ့သည်။

ယဲ့လွီချွမ်း၏ တုံ့ပြန်မှုကို မြင်လိုက်ရချိန်တွင် ကျိ‌ရွှေရှန့်၏အမူအရာက မှောင်သွားခဲ့သည်။ သူက စူးရှသောအကြည့်များဖြင့် ယဲ့လွီချွမ်း၏မျက်လုံးထဲသို့ တည့်တည့်စိုက်ကြည့်ကာ ခိုင်မာသောအသံဖြင့် အမိန့်ပေးလိုက်သည်။

"မင်း အဲ့လို မလုပ်နိုင်ရင် ရှောင်ယင်နဲ့ ဝေးဝေးနေပါ"

ယဲ့လွီချွမ်းကလည်း ကျိ‌ရွှေရှန့်ကို စိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ဦးက ဓားများကို ဆွဲထုတ်လုနီးပါး ဖြစ်နေပြီး သူ့ညီမလေးကို ကာကွယ်ပေးချင်သည့် ကျိ‌ရွှေရှန့်၏ နှလုံးသားကတော့ လုံးဝ မယိမ်းယိုင်သွားခဲ့ပေ။ နောက်ဆုံးတွင် ယဲ့လွီချွမ်း ရှုံးနိမ့်ခဲ့သည်။ သူက မချိပြုံး ပြုံးလိုက်ပြီး "ကောင်းပါပြီ အစ်ကိုကျိ၊ ဒီမင်းသားက ရှောင်ယင်တစ်ယောက်တည်းကို ချစ်ပါ့မယ်လို့ ကတိမပေးနိုင်ခင် ရှောင်ယင်ကို မနှောင့်ယှက်ဘူးလို့ ဒီမင်းသား ကတိပေးပါတယ်"

ကျိ‌ရွှေရှန့်က သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့ပြီး ယဲ့လွီချွမ်း လိမ်နေခြင်း မဟုတ်ကြောင်း အတည်ပြုပြီးနောက်မှ ခေါင်းပြန်ညိတ်ပြလိုက်သည်။

“ကောင်းပြီလေ”

"သွားကြစို့။ စူးချင်းနဲ့ တွေ့ဖို့ ခေါ်သွားပေမယ်"

ယဲ့လွီချွမ်းက စိတ်အခြေအနေမကောင်းတော့ဘဲ အင်အားမဲ့နေခဲ့သည်။

သူ အခြားသူတွေရဲ့အချစ်ကို ဖြည့်ဆည်းပေးနေရပေမယ့် ကျိရွှေရှန့်ကတော့ သူရဲ့ပျော်ရွှင်မှုကို ဖျက်ဆီးပစ်ခဲ့တယ်။ သူ့နှလုံးသားထဲမှာ ခံစားချက်တွေ ရောထွေးနေပြီ။

“ကောင်းပြီလေ”

စိတ်ပျက်အားလျော့နေသည် ယဲ့လွီချွမ်းနှင့်နှိုင်းယှဥ်လျှင် ကျိ‌ရွှေရှန့်က လုံးဝ ကွဲပြားနေခဲ့သည်။ စူးချင်း၏အမည်ကို ကြားလိုက်သည်နှင့် သူ့၏စွမ်းအင်များ တိုးပွားလာသလို ခံစားနေရပြီး သူ၏ အမြဲလေးနက်နေတတ်သည့် အေးစက်စက်မျက်နှာက အပြုံးရိပ်များ သန်းလာခဲ့သည်။

ကျိ‌ရွှေရှန့်၏စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရချိန်တွင် ယဲ့လွီချွမ်း၏ စိတ်အခြေအနေက ပိုဆိုးလာခဲ့သည်။ သူက ခေါင်းငုံ့ထားရင်း လမ်းကို ဦးဆောင်နေကာ ကျိ‌ရွှေရှန့်နှင့် ယဲ့လွီဆိုင့်ယာအကြောင်း မေးရန်ပင် စိတ်မ၀င်စားတော့ပေ။

ငါ... ယဲ့လွီချွမ်းက ဘာလို့ ဒီနေရာမှာ ရှိနေမိတာလဲ?

အမှန်တကယ်တွင် သူက စူးချင်းကို ကူညီကာ ကျိ‌ရွှေရှန့်ကို လမ်းများပေါ်တွင် လိုက်ရှာပေးနေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် လွန်ခဲ့သည့် နှစ်ရက်က ကျိ‌ရွှေရှန့်နှင့် ယဲ့လွီဆိုင့်ယာတို့ နန်းတော်ထဲသို့ ဝင်သွားခဲ့သည်ဟူသော သတင်းကို သူ့စစ်သည်များထံမှ သူ ကြားခဲ့ရပြီး ကျိ‌ရွှေရှန့်ကို ရှာရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

တစ်ဘက်တွင် ကြင်ယာတော်လီက သူမ၏သားတော်ကို စောင့်ရန် သူမ၏လူများကို နန်းတော်တံခါးဆီသို့ စေလွှတ်ထားခဲ့သည်။ ယဲ့လွီချွမ်း ရောက်လာသည်နှင့်တပြိုင်နက် သူမယ်တော်က သူ့ကို ခေါ်တွေ့ခဲ့သည်။ ကြင်ယာတော်လီက ဧကရာဇ်က ကျိ‌ရွှေရှန့်အား ယဲ့လွီဆိုင့်ယာနှင့် လက်ထပ်ပေးရန် အတင်းအကြပ် ဖိအားပေးခဲ့ကြောင့်နှင့် ကျိ‌ရွှေရှန့်အား အကျယ်ချုပ်ချထားကြောင်း သူမ၏သားတော်ကို ပြောပြခဲ့သည်။

ကြင်ယာတော်လီက ဧကရာဇ်အိုကြီး သူ့ဒေါသကို မထိန်းနိုင်ဘဲ ကျိ‌ရွှေရှန့်အား သတ်ပစ်မိမည်ကို ကြောက်ရွံ့နေသဖြင့် တာ့ထန်၏ ဘေးဥပဒ်အတွက် တွေးကာ သားဖြစ်သူကို ရှာဖွေကာ ဆွေးနွေးရန် အခေါ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယဲ့လွီချွမ်းက သူ့ခမည်းတော်ထံသို့ သွားပြီး စူးချင်း တာ့ချန်သို့ ရောက်နေကြောင်းနှင့် ကျိ‌ရွှေရှန့်ကို ရှာနေကြောင်း သူ့ခမည်းတော်ကို သတိပေးခဲ့သည်။

သူ့စကားကြောင့် ဧကရာဇ်အိုကြီး၏ဆုံးဖြတ်ချက် ပြောင်းလဲသွားခဲ့ပြီး ဧကရာဇ်အိုကြီးက ကျိ‌ရွှေရှန့်ကို ပြန်လွှတ်ပေးလိုက်သည်။

ကျိ‌ရွှေရှန့်ကတော့ ယဲ့လွီချွမ်း သူ့အတွက် ဘာလုပ်ပေးခဲ့သည်ကို လုံးဝ မသိပေ။ သူ့နှလုံးသားက စူးချင်းနှင့် တွေ့ရန်သာ စိတ်စောနေခဲ့ပြီး စူးချင်းက သူ ရှင်းပြမည့်စကားများကို နားထောင်ပေးရန် သူ မျှော်လင့်နေခဲ့သည်။

All Chapters