ကလဲ့စား
Vol. 24 Ch. 356
သူ ပြောပြီးသည်နှင့်တပြိုင်နက် ကျိရွှေရှန့်က ထွက်ခွာရန် ပြင်လိုက်သော်လည်း စစ်သည်များက သူ့ကို ချက်ခြင်း တားဆီးလိုက်သည်။
"လူကြီးမင်းကျိ၊ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်ဆီကို အစီရင်ခံပေးပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့အတွက် ခက်ခဲအောင် မလုပ်ပါနဲ့"
"ကောင်းပြီလေ၊ မြန်မြန်သွား သတင်းပို့လိုက်ပါ"
ကျိရွှေရှန့်၏မျက်နှာက အုံ့မှိုင်းနေသော်လည်း သူက ထိုစစ်သည်များအတွက် ခက်ခဲအောင် မလုပ်ချင်သောကြောင့် ခတ္တခဏ စောင့်ဆိုင်းပေးရန် တဲနန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
ဒီနေ့ည ဧကရာဇ်အိုကြီး သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဘာပဲဖြစ်နေ ဖြစ်နေ သူ ဒီနေရာကနေ ရအောင်ထွက်သွားမယ်။
ကျိရွှေရှန့်က သူ့အိပ်ရာအောက်တွင် ဝှက်ထားသည့် လွမ်တောင်ကို သွားယူလိုက်သည်။ နန်းတော်ထဲသို့ ဝင်သောအချိန်တွင် စစ်သည်များက လူတိုင်း၏ခန္ဓာကိုယ်ကို ရှာဖွေလေ့ရှိပြီး နန်းတော်အတွင်းသို့ လက်နက်များ ယူဆောင်ခွင့် မပြုပေ။
ကျိရွှေရှန့်က နန်းတော်၏စည်းကမ်းများကို ကြိုသိထားပြီး ဖြစ်သောကြောင့် နန်းတော်ထဲသို့မ၀င်ခင် သူက လွမ်တောင်ကို မြင်း၏ဝမ်းဗိုက်အောက်၌ ဝှက်ထားခဲ့သည်။
လူများကို ရှာဖွေသော်လည်း မြင်းများကိုသာ မရှာဖွေခြင်းက တာ့ထန်စစ်သည်များ၏ ပေါ့လျော့မှု ဖြစ်ပြီး ကျိရွှေရှန့်က ထိုအချက်အပေါ် အခွင့်အရေးယူကာ သူတို့ကို အမြတ်ထုတ်နိုင်ခဲ့သည်။
ကျိရွှေရှန့်က ဧကရာဇ်အိုကြီးကို လုပ်ကြံရန် စိတ်ကူးရှိနေသောကြောင့် ဤနေရာအထိ ဓားကို ယူလာခြင်းမဟုတ်ပဲ တာ့ထန်စစ်သားများက သူ့ဓားအား သိမ်းဆည်းသွားမည်ကို စိုးရိမ်သောကြောင့် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။
မနေ့က စစ်သည်များက သူ့ကို ကြိုးဖြင့် ချည်ခဲ့သည့်တိုင် သူက ဓားကိုဆွဲမထုတ်ခဲ့ပေ။ မလိုအပ်လျှင် သူက တာ့ထန်ပြည်ထောင်နှင့် လုံးဝ မတိုက်ခိုက်ချင်ပေ။ နောက်ဆုံးတွင် အနာဂတ်၌ သူက တာ့ထန်ပြည်ထောင်နှင့် စီးပွားရေးလုပ်ရဦးမည် ဖြစ်သည်။ တာ့ထန်နှင့် ပြသနာဖြစ်ခြင်းက သူ့၏၀င်ငွေရင်းမြစ်ကို ဖြတ်တောက်လိုက်ခြင်နှင့် ညီမျှသွားနိုင်သည်။
ကျိရွှေရှန့်က သူ့၏လွမ်တောင် ဆွဲထုတ်လိုက်ပြီး ဝင်းလက်နေသည့် ဓားသွားကို ကြည့်နေသည့် သူ့၏မျက်လုံးများကလည်း စူးစူးရှရှ တောက်ပလာခဲ့သည်။
ဧကရာဇ်အိုကြီးက သူ့ကို အကျဥ်းချထောင်နေရင်တော့ သူသေကိုယ်သေ တိုက်ပွဲဝင်ကြတာပေါ့။ သူ ချင်းအာကို သွားရှာမဲ့လမ်းကို ဘယ်သူမှ ပိတ်ထားခွင့် မရှိဘူး။ သူ့ကို ဘယ်သူကမှ တားနိုင်မှာ မဟုတ်ဘူး!
အချိန်အတော်ကြာပြီးနောက် စစ်သည်တစ်ယောက်က ခြံအပြင်ဘက်တွင် ရပ်နေရင်း ကျိရွှေရှန့်အား လေးလေးစားစား သတင်းပို့လာခဲ့သည်။
"လူကြီးမင်းကျိ၊ ဧကရာဇ်မင်းမြတ်က လူကြီးမင်းကို ဆင့်ခေါ်လိုက်ပါတယ်"
ကျိရွှေရှန့်က လွမ်တောင်ကို သူ့ဖိနပ်ရှည်ထဲတွင် ဝှက်လိုက်ပြီး ခြံဝင်းထဲမှ အေးအေးဆေးဆေး ထွက်ခွာလာကြပြီး စစ်သည်များအား ကြည့်ကာ အမိန့်ပေးလိုက်သည်။
“သွားကြမယ်”
စစ်သည်များက ကျိရွှေရှန့်ကို ကြည့်လိုက်ကြပြီး သူ့ထံတွင် သတ်ဖြတ်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေသလို သူတို့ ခံစားနေရသည်။ သူတို့က ကျိရွှေရှန့်၏ ခန္ဓာကိုယ်ကို ရှာဖွေရန် တွေးမိကြသော်လည်း ကျိရွှေရှန့် နန်းတော်ထဲသို့ ဝင်လာချိန်က သူတို့ သူ့ကို ရှာဖွေခဲ့ပြီးဖြစ်ကြောင်း ပြန်သတိရသွားကြသည်။ ယမန်နေ့က ဧကရာဇ်မင်း၏ အတွင်းခန်းသို့ ခေါ်ဆောင်သွားစဥ်ကလည်း သူတို့ ထပ်မံရှာဖွေခဲ့သေးသည်။ ယခုတကြိမ်တွင် ဧကရာဇ်က ကျိရွှေရှန့်ကို ဆွဲခေါ်ခိုင်ခြင်း မဟုတ်ပဲ ဖိတ်ခေါ်ခိုင်းခဲ့ခြင်း ဖြစ်သောကြောင့် သူတို့ ထပ်မရှာရဲတော့ပေ။ သူတို့ ကျိရွှေရှန့်ကို ထပ်မံရှာဖွေပြီး ကျိရွှေရှန့် စိတ်အနှောက်အယှက် ဖြစ်ကာ ဒေါသထွက်သွားမည်ကို သူတို့ စိုးရိမ်နေခဲ့သည်။
စစ်သည်များ တုံ့ဆိုင်းနေချိန်တွင် ကျိရွှေရှန့်က အကွာအဝေးအနည်းငယ်အထိ လမ်းလျှောက်နေပြီ ဖြစ်သည်။ စစ်သည်များလည်း တွန့်ဆုတ်မနေရဲတော့ဘဲ သူ့နောက်မှ ကမန်းကတန်း ပြေးလိုက်သွားကြရတော့သည်။ သူ့လက်ထဲတွင် လက်နက်ရှိနိုင်ရန် မဖြစ်နိုင်ကြောင်းသာ တွေးလိုက်ကြပြီး ထိုကိစ္စကို မျက်နှာလွှဲလိုက်ကြတော့သည်။
ကျိရွှေရှန့်က စစ်သည်များနှင့်အတူ ဧကရာဇ်မင်းမြတ်၏ တဲနန်းကြီးသို့ ရောက်လာခဲ့ပြီး တောက်ပနေသော နန်းတော်ကို လှမ်းကြည့်လိုက်သည်။
ဒီညလည်း ဧည့်ခံပွဲရှိတာလား? ဒါမှမဟုတ် ထောင်ချောက် ဖြစ်နေမလား?
"လူကြီးမင်းကျိ၊ ခဏလောက် စောင့်ပေးပါဦး"
စစ်သည်များက ကျိရွှေရှန့်ကို တားလိုက်ပြီး အစောင့်များကို သတင်းပို့ခိုင်းလိုက်သည်။
ကျိရွှေရှန့်က လက်ကို နောက်ကျောပစ်ထားပြီး တည့်မတ်စွာ ရပ်နေခဲ့သည်။ သူ၏ စူးရှသော မျက်လုံးများက နန်းတော်စောင့်တပ်ဖွဲဆီသို့ ဖြတ်ကျော်ရောက်ရှိသွားခဲ့သည်။ မနေ့ညကလောက် အစောင့်အကြပ်မများတော့သည်ကို သူ တွေ့လိုက်ရပြီး အစောင့်များကလည်း စိတ်အေးလက်အေး ဖြစ်နေကာ သူတို့ဘာသာ သာမန်ကင်းလှည့်နေကြသည်။
သူ အတွေးလွန်နေတာလား?
မည်သို့ပင် ဖြစ်စေ ကျိရွှေရှန့်က မျက်မှောင်ကြုတ်ကာ စဥ်းစားနေခဲ့သေးသည်။
ဧကရာဇ်အိုကြီးက တော်ဝင်မိသားစုရဲ့အရှုပ်တော်ပုံ ပေါက်ကြားမှာကို တကယ် ကြောက်ရွံ့နေရင် မနေ့ညကတည်းက သူ့ကို သတ်ပစ်မှာ သေချာတယ်။ သူ့ကို သတ်မပစ်ဘူး ဆိုပေမယ့်လည်း ပြန်မလွှတ်ပေးဘဲ နေအိမ်အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားသေးဘူး။ ဧကရာဇ်အိုကြီး ဘာလုပ်ချင်နေတယ်ဆိုတာကို သူ မခန့်မှန်းနိုင်တော့ဘူး။
"လူကြီးမင်းရှောင်း၊ ကျေးဇူးပြုပြီး ဝင်ပါ"
ကျိရွှေရှန့်ကို ကြိုဆိုရန် ထွက်လာသူက ဧကရာဇ်အိုကြီး၏ အနားတွင် အမြဲရှိနေတက်သည့် မိန်းမစိုးကြီး ဖြစ်သည်။ သူက ကျိရွှေရှန့်အား ယဉ်ကျေးစွာ ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်ပြီး လေးလေးစားစား ဖိတ်ခေါ်ခဲ့သည်။ သူက ကျိရွှေရှန့်အား သခင်လေးကျိဟု မခေါ်ဘဲ လူကြီးမင်းရှောင်းဟု ပြောင်းလဲခေါ်ဆိုနေခဲ့သည်။ ဆိုလိုသည်မှာ ဧကရာဇ်အိုကြီးက သူ့ကို ရှောင်းဟမ်၏သားအဖြစ် အသိအမှတ်ပြုလိုက်ခြင်းပင်။
မိန်းမစိုးကြီးထံမှ လူကြီးမင်းရှောင်းဟူသော ခေါ်သံကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်က သူ့သွေးများ ချက်ချင်း ဆူပွတ်လာသလို ခံစားလိုက်ရသည်။
တစ်နေ့ကျရင် သူက ရှောင်းကျဲယွိလို့ သိက္ခာရှိရှိ ပြန်အခေါ်ခံပြီး ရှောင်းမိသားစုစစ်တပ်ရဲ့ စစ်အလံကို တာ့ရှားပြည်ထောင်တလွှား လွှင့်ထူမယ်။ ပြီးရင် အရင်က တာရှားပြည်ထောင်ရဲ့ ဂုဏ်ကျက်သရေကို ပြန်ယူဆောင်ပေးမယ်။
ဧကရာဇ်အိုကြီးက နဂါးကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ကျိရွှေရှန့်ကို လှမ်းကြည့်နေခဲ့သည်။ လူငယ်က ကျက်သရေရှိသော ရုပ်ရည်ရှိပြီး လေနှင့်အတူ လျှောက်လှမ်းနေခဲ့သည်။ သူ၏ ကြီးကျယ်ခမ်းနားသော စိတ်နေသဘောထားက ရှောင်းဟမ်နှင့် အတူတူပင် ဖြစ်နေခဲ့သည်။
သားက အဖေနဲ့ တူတယ်၊ ကျားအဖေမှာ ခွေးလိုသားလေး ရှိပါ့မလား?
ဧကရာဇ်အိုကြီးက ရှောင်းဟမ်ကို အထင်ကြီး လေးစားခဲ့ပြီး သူ့သားကိုပင် သဘောကျနေခဲ့သည်။
အရင်တုန်းကတော့ ကျိရွှေရှန့်က သာမန်လူတစ်ယောက်လို့ သူ ထင်ခဲ့ပြီး ဆိုင့်ယာနဲ့ မထိုက်တန်ဘူးလို့ သူ သတ်မှတ်ခဲ့တယ်။ အခု ကျိရွှေရှန့်က ရှောင်းဟမ်ရဲ့သားဆိုတာကို သိပြီးတဲ့နောက်မှာ ဆိုင့်ယာက လူမှန်ကို ရှာနိုင်ခဲ့တယ်လို့ သူ ခံစားလာခဲ့ရတယ်။
"ဒီ သာမန်အရပ်သား ရှောင်းကျဲယွိက ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်"
ကျိရွှေရှန့်က သူ၏ လက်သီးဆုပ်ပေါ်သို့ လက်ဖဝါးအုပ်လိုက်ပြီး ဧကရာဇ်အိုကြီးကို ပြတ်သားသော အသံဖြင့် နှုတ်ဆက်လိုက်သည်။ သို့သော် သူက လုံးဝ ဒူးမထောက်ပေ။ သူက တာရှားပြည်ထောင်၏ တိုင်းသူပြည်သားတစ်ဦးဖြစ်ပြီး တိုင်းတပါးမှ ဧကရာဇ်မင်းထံ ဒူးထောက်မည် မဟုတ်ပေ။
သူ့၏အမည်ကို ပွင့်ပွင့်လင်းလင်း အော်ပြောလိုက်ရသောကြောင့် ကျိရွှေရှန့်၏စိတ်ခံစားချက်များက တဟုန်ထိုး ထိုးတက်လာပြီး သူ့ကျားမျက်လုံးများက ပို၍ပင် တက်ကြွပုံပေါ်လာပြီး စူးရှလာခဲ့သည်။
ဧကရာဇ်အိုကြီးက အားမာန်အပြည့် ဖြစ်နေသည့် ကျိရွှေရှန့်ကို လှမ်းကြည့်နေရင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လက်ကို ဆန့်တန်းလိုက်ပြီး ဖိတ်ခေါ်သည့် အမူအရာ လုပ်ပြလာခဲ့သည်။
“အဲ့လောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ထိုင်ပါ သခင်လေးရှောင်း"
"ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီး"
ကျိရွှေရှန့်က ဧကရာဇ်အိုကြီးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ဘေးနားမှ စားပွဲ၏နောက်တွင် ဝင်ထိုင်လိုက်သည်။ ထိုင်ဖုံပေါ်တွင် ဒူးထောက်ထိုင်ရခြင်းက တာ့ထန်ပြည်ထောင်၏ ထုံးစံဖြစ်သည်။
"သခင်လေးရှောင်း၊ မနေ့က အဖြစ်အပျက်အတွက် ခွင့်လွှတ်ပေးပါ"
ဧကရာဇ်အိုကြီးက ကျိရွှေရှန့်ကို ဦးစွာတောင်းပန်ခဲ့သည်။ ကျိရွှေရှန့်က အလျင်အမြန် လက်သီးအုပ်လိုက်ပြီး “အရှင်မင်းကြီးက လေးနက်လွန်းနေပါပြီ။ အဲ့ဒါတွေ အားလုံးက နားလည်မှုလွဲခဲ့ကြရုံလေးပါ”
"အားလုံး ထွက်သွားနိုင်ပြီ!"
ဧကရာဇ်အိုကြီးက ကျိရွှေရှန့်ကို လေးလေးနက်နက် ကြည့်နေရင်း အခန်းအတွင်းရှိ အစေခံများနှင့် မိန်းမစိုးများအားလုံးကို နှင်ထုတ်လိုက်ပြီး သူနှင့် ကျိရွှေရှန့်တို့သာ ကျန်နေစေခဲ့သည်။
ကျိရွှေရှန့်က မျက်ခုံးပင့်တင်လိုက်သည်။ ဧကရာဇ်အိုကြီးမှာ ပြောစရာ ရှိနေတာလား? အဲ့တာကလည်း သူများတွေ မသိသင့်တဲ့အရာ ဖြစ်နေခဲ့တာလား?
"သခင်လေးရှောင်း၊ မင်းက ဆိုင့်ယာကို နှစ်ခါတောင် ကယ်တင်ပေးခဲ့တဲ့အတွက် ကျန်း မင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူ(မ)က တုံးအပြီး မသိတတ်တာကြောင့် မင်းကို ဒုက္ခပေးခဲ့မိတယ်"
ဧကရာဇ်အိုကြီးက ဂရုတစိုက် ပြောနေခဲ့ပြီး ကျိရွှေရှန့်က ဘာအမူအရာမှ မရှိဘဲ သူ့ကို ပြန်ကြည့်နေကာ သူ့ဆက်ပြောလာမည့်စကားကို စောင့်ဆိုင်းနေခဲ့သည်။
ဧကရာဇ်က သူ့ကို ကျေးဇူးတင်ဖို့ ဖိတ်ခေါ်တာတော့ မဟုတ်နိုင်ဘူးလေ။ သူ့ကို တကယ် ကျေးဇူးတင်ချင်ရင် ဘာလို့ သူ့ကို အကျယ်ချုပ်ချထားမှာလဲ?
ကျိရွှေရှန့်က မတုံ့ပြန်သည်ကို မြင်လိုက်ရသောကြောင့် ဧကရာဇ်အိုကြီးက သူ့ကို စိုက်ကြည့်လာပြန်သည်။
ဒီလူငယ်က တကယ်ကို သည်းခံနိုင်စိတ် မြင့်မားလွန်းတယ်။
"သခင်လေးရှောင်း၊ မင်းအဖေရဲ့ ကြေကွဲဖွယ် သေဆုံးမှုကို ကျန်းလည်း ပြန်သိထားပြီးပါပြီ။ မင်းမှာ လက်စားချေဖို့ စိတ်ကူးတွေ ရှိနေနိုင်တယ်။ ကျန်းက မင်း မင်းအဖေအတွက် လက်စားချေဖို့ ကူညီပေးနိုင်ပါတယ်"
နောက်ဆုံးတွင် ဧကရာဇ်အိုကြီးက ကူကယ်ရာမဲ့ ဖြစ်သွားပြီး သူ့ဘသာသူ ဆက်ပြောရတော့သည်။ သူ၏ချိုမြိန်သောဆုလာဒ်ကို ဦးစွာ ထုတ်ပြလိုက်သည်။ ကျိရွှေရှန့်၏မျက်လုံးများထဲမှ ရည်မှန်းချက်ကို သူလည်း မြင်နိုင်ခဲ့သည်။ ဖခင်က ဝမ်းနည်းဖွယ်ရာ မတရား သေဆုံးခဲ့ရပြီးနောက် သားက ကလဲ့စားချေလိုခြင်း မရှိသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ သို့ရာတွင် စစ်သည်နှင့် ငွေအင်အားမရှိဘဲ မည်သို့မျှ လက်စားချေနိုင်မည် မဟုတ်ပေ။
သူ ဒီလူငယ်လေးကို ပေးနေတဲ့ အရာက ကြီးမားတဲ့ သွေးဆောင်ပဲ။ ဒီလူငယ်လေး သွေးဆောင်မခံရဘူးလို့ သူ မယုံဘူး။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီးမှာ ဘယ်လိုအခြေအနေရှိလဲလို့ သိချင်မိပါတယ်”
ကျိရွှေရှန့်က ဧကရာဇ်အိုကြီး မျှော်လင့်ထားသည့် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို မပြခဲ့ပေ။ သူက တည်ငြိမ်လွန်းနေပြီး ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း သူ့၏စကားလုံး အသုံးအနှုန်းတွင် မေးခွန်းက ကပ်ပါနေသေးသည်။ ဆိုလိုသည်မှာ ‘မင်းရဲ့အခြေအနေတွေကို အရင်ပြောပြလေ။ အဲ့ဒါကို ကြည့်ပြီးမှ မင်းရဲ့အကူအညီကို ယူသင့် မယူသင့် ငါ စဥ်းစားကြည့်မယ်” ဟု ဖြစ်ပြီး သူ့ပါးစပ်မှ မပြောရုံတစ်မယ်သာ ကျန်တော့သည်။
ဧကရာဇ်အိုကြီးက အနည်းငယ် ဒေါသထွက်သွားပြီး ကျိရွှေရှန့်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
ဒီလူငယ်က သူ့အတွက် ဘာကကောင်းလဲဆိုတာ နားမလည်ဘူးလား?
သို့သော် သူ့သမီးတော်ကို ပြန်သတိရသွားချိန်တွင် ဧကရာဇ်အိုကြီးက သူ့ဒေါသကို ပြန်ထိန်းကာ ကျိရွှေရှန့်ကို ခေါင်းညိတ်ပြလိုက်ရင်း “အင်း။ ဒါက အခြေအနေရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မင်းကို ကူညီဖို့ ကျန်းရဲ့တပ်တွေကို စေလွှတ်ချင်ရင် အကြောင်းပြချက် ကောင်းကောင်းတော့ လိုလာလိမ့်မယ်။ ကျန်းတို့က ဘာမှ မပတ်သက်ရင် မင်းအတွက် တပ်တွေ စေလွှတ်ပေးတာက ယုတ္တိမတန်ဘူး။ ဒါပေမယ့် မင်းက ကျန်းရဲ့သားမက်တော် ဖြစ်နေရင်တော့ ကျန်းမှာ မင်းကို ကူညီဖို့ တရားဝင် အကြောင်းပြချက် ရှိလာလိမ့်မယ်"
ဧကရာဇ်၏စကားများထဲမှ အဓိပ္ပါယ်က ထင်ရှားလွန်းလှသည်။
မင်း ငါ့သမီးကို လက်ထပ်ရင် ငါက မင်း လက်စားချေဖို့ ကူညီပေးမယ်။
ထိုစကားကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က ပြုံးရုံသာ ပြုံးလိုက်ပြီး “အရှင်မင်းကြီးရဲ့ကြင်နာမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ မနေ့က၊ ဒီသာမန်အရပ်သားက ချင်းအာကိုပဲ ဇနီးအဖြစ် ယူမယ်လို့ ပြောခဲ့ပြီးပါပြီ။ ဒီသာမန်အရပ်သားက အရှင်မင်းကြီးရဲ့ ကရုဏာနဲ့ မထိုက်တန်ဘူး။ အဲ့ဒါကြောင့် အဖေ့အတွက် လက်စားဖို့ကိစ္စနဲ့ အရှင်မင်းကြီးကို မနှောင့်ယှက်ချင်ပါဘူး၊ ကျွန်တော်မျိုးကိုယ်တိုင် ဖြည်းဖြည်းချင်း စီမံသွားပါ့မယ်”
ကျိရွှေရှန့်က ဤမျှကောင်းသောကမ်းလှမ်းမှုကို ငြင်းပယ်လိမ့်မည်ဟု ဧကရာဇ်အိုကြီးက လုံးဝမမျှော်လင့်ထားခဲ့ပေ။
သူ့မှာ စစ်သည်မရှိဘူး၊ စစ်သာမရှိရင် အင်အားမရှိဘူး၊ အင်အားမရှိရင် အာဏာမရှိဘူး အဲ့တာတွေ သူ မသိဘူးလား? ဘာမှ မရှိဘဲ ကလဲ့စားချေချင်နေရင် ကောင်းကင်ဘုံကို တက်ရတာထက် ခက်ခဲနေမှာ မဟုတ်ဘူးလား?
“ယောက်ျားတစ်ယောက်မှာ ဇနီး၊ ကိုယ်လုပ်တော် သုံးယောက်နဲ့ မောင်းမလေးယောက်ရှိတာက ပုံမှန်ပါပဲ။ မင်းကို စူးချင်းနဲ့ ပြတ်ဆဲဖို့ မတောင်းဆိုပါဘူး။ ဆိုင့်ယာနဲ့ စူးချင်း တို့က အသက်အရွယ်တူတော့ ညီအစ်မတွေအဖြစ် တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ပေးနိုင်တယ်လေ၊ သူ(မ)တို့ကို တန်းတူဇနီးအဖြစ် ကျန်း သတ်မှတ်ပေးမယ်၊ အဆင်ပြေမယ်လို့ မင်းထင်လား?”
သူ ထိုသို့ပြောနေခဲ့သော်လည်း ဧကရာဇ်အိုကြီးက သူ့စိတ်ထဲတွင် ဝမ်းနည်းကြေကွဲနေခဲ့သည်။
မင်းသမီးလေးတစ်ပါးဖြစ်တဲ့ ဆိုင့်ယာက သာမန်လူတွေနဲ့ တန်းတူအဖြစ်ခဲ့ထားတဲ့အထိ သူမကိုယ်သူမ နှိမ့်ချပေးခဲ့တာတောင် ကျိရွှေရှန့်နဲ့ ဆွေးနွေးဖို့ လိုအပ်နေသေးတာလား?
“ယောက်ျားတစ်ယောက်ရဲ့စကားက ရွှေတစ်ထောင်တန်ပါတယ်။ ကျွန်တော်မျိုးက သူမနဲ့ပဲ တစ်သက်လုံး အတူနေမယ်လို့ ချင်းအာကို ကတိပေးခဲ့ပြီးပါပြီ၊ ကျွန်တော်မျိုးက ပြောပြီးသားစကားကို ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ပါဘူး။ အရှင်မင်းမြတ်အနေနဲ့ မင်းသမီးလေးအတွက် နောက်ထပ်လက်တွဲဖော် ရှာတွေ့နိုင်မယ်လို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်”
ကျိရွှေရှန့်၏အဖြေတွင် နှိမ့်ချမှုများ မရှိသလို မောက်မာခြင်းများလည်း မရှိခဲ့ပေ။ သို့သော် ချင်းအာဟူသော စကားလုံးကို ပြောနေချိန်တွင် သူ့မျက်လုံးများက နူးညံ့နေပြီး ချစ်မြတ်နိုးရိပ်များ ထွက်ပေါ်လာခဲ့သည်။
ဧကရာဇ်အိုကြီးက ဒေါသတကြီးဖြင့် စားပွဲကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ရင်း "ကျန်းက မင်းကို မသတ်ဘူးလို့ မင်း တကယ်ထင်နေတာလား?"