ပြန်အဆင်ပြေသွားပြီ
Vol. 24 Ch. 359
ယဲ့လွီချွမ်းက ကျိရွှေရှန့်နောက်မှ လိုက်ပါသွားခဲ့ပြီး ကျိရွှေရှန့်၏ စိတ်မရှည်သော အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် သူ ပို၍ပင် ခံရခက်လာမိသည်။
သြော်... မင်းမှာတော့ အချစ်ရှိတယ်ပေါ့လေ... အေးလေ... ဗိုက်ပြည့်နေတဲ့လူက ဆာလောင်နေတဲ့ လူရဲ့ ခံစားမှုကို ဘယ်လို နားလည်ပေးနိုင်မှာလဲ?
ကျိရွှေရှန့်က ယဲ့လွီချွမ်း၏တဲနန်းသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာနှင့် နီးကပ်လာသည်နှင့်အမျှ သူ ကြောက်ရွံ့လာခဲ့သည်။ ထို့ကြောင့် သူက ယဲ့လွီချွမ်း၏တဲနန်းအဝတွင် ရပ်နေပြီး စူးချင်းက သူ ရှင်းပြမည့်စကားများအား နားမထောင်မည်ကို သူ ကြောက်နေမိသည်။
“ဝင်သွားလေ!”
ကျိရွှေရှန့် ရပ်တန့်နေသည်ကို ယဲ့လွီချွမ်းက မြင်သွားပြီး သူ့ကို အနောက်မှ မကျေမနပ် တွန်းအားပေးနေခဲ့သည်။
ကျိရွှေရှန့်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့၏ကျားသဏ္ဍန်မျက်လုံးများတွင် အခိုင်အမာ ဆုံးဖြတ်လိုက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ချင်းအာက ဒေါသထွက်နေသေးရင်တောင် သူ့စိတ်ရင်းအမှန်နဲ့ သူမကို တောင်းပန်လိုက်မယ်။
"ချင်းအာ"
ကျိရွှေရှန့်က တဲနန်းထဲသို့ ၀င်သွားခဲ့ပြီး လွတ်နေသော အခန်းကို မြင်လိုက်ရချိန်တွင် သူ့၏ ကြိုတင်ပြင်ဆင်လာမှုများ သဲထဲရေသွန်ဖြစ်သွားရသည်။ သူက ယဲ့လွီချွမ်းကို လှည့်ကြည့်လိုက်ပြီး "သူ(မ) ဘယ်မှာလဲ?"
"သူ(မ)တို့က ဒီမင်းသားရဲ့ အိပ်ခန်းထဲမှာ ရှိနိုင်ပါ့မလား?"
ယဲ့လွီချွမ်းက ကျိရွှေရှန့်ကို ငတုံးဟု ခေါ်ချင်နေသည့် အကြည့်ဖြင့် ပြန်ကြည့်နေခဲ့သည်။
"ငါ့ကို ချင်းအာ ဆီ ခေါ်သွားပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
ကျိရွှေရှန့်က သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။
ယဲ့လွီချွမ်းက သူ့ကို ဆန့်ကျင်ချင်လို့ ဒီလိုတွေ ပြုမူနေမှန်း သူ သိတယ်။ ဒါက နည်းနည်း ကလေးဆန်တယ်ဆိုပေမယ့် အရင်က အေးတိအေးစက် ယဲ့လွီချွမ်းထက်တော့ ပိုအသက်ဝင်နေသေးတယ်။
“ကောင်းပြီလေ”
ကျိရွှေရှန့်က ယဉ်ကျေးစွာ ပြောနေသောကြောင့် ယဲ့လွီချွမ်းက သူ့၏ခံစားချက်များကို ဘေးဖယ်လိုက်ပြီး စူးချင်းတို့ ရှိနေသည့် တဲနန်းဆီသို့ သူ့ကို ခေါ်သွားပေးလိုက်သည်။
ကျိရွှေရှန့်က အဝေးမှ အလင်းရောင် ရှိနေသေးသည့်တဲနန်းကို လှမ်းကြည့်လိုက်သည်။ သူ၏ စိုးရိမ်သောကရောက်နေသည့် နှလုံးသားက ချက်ခြင်း ငြိမ်သက်သွားပြီး အေးစက်ကာ စူးရှနေသည့် မျက်လုံးများတွင် နူးညံ့မှုတစ်ခု အလိုအလျောက် ပေါ်လာခဲ့သည်။
ချင်းအာက အဲ့နေရာမှာ သူ့ကို စောင့်နေတာလား?
ယဲ့လွီချွမ်းက မီးရှူးတိုင်ကို ကိုင်ထားပြီး အရှေ့မှ လမ်းပြနေခြင်းဖြစ်ရာ သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် ကျိရွှေရှန့်၏ မျက်လုံးထဲမှ တောက်ပနေသည် အပြုံးရိပ်များကို မြင်လိုက်ရသည်။ ထိုသိမ်မွေ့သော အပြုံးရိပ်များက သူကို ပို၍ပင် စိတ်ညစ်လာစေခဲ့သည်။
ညီအစ်ကို... မင်းမှာ ချစ်ခြင်းမေတ္တာတွေ ပြည့်ဝနေပေမယ့် ဘာလို့ ငါနဲ့ ရှောင်ယင်ကြားက အချစ်ကိုတော့ ဖြတ်တောက်ချင်နေရတာလဲ?
စူးချင်ကလည်း စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် သူမက သူမ၏စိုးရိမ်ပူပန်မှုကို ဖြေလျှော့ရန် မီးရောင်အောက်တွင် ထိုင်ကာ ပန်ထိုးနေခဲ့သည်။ သူမက ရေထဲမှ ကြာရွက်နှစ်ရွက်နှင့် ရေကစားနေသည့် မန်ဒရင်းဘဲတစ်ကောင်ပုံကို ပန်းထိုးနေခဲ့ ဖြစ်သည်။
ပန်းထိုးရန်လိုအပ်သည့် ပစ္စည်းများအားလုံးက စနစ်ထဲတွင် ရှိနေပြီး အချိန်မရွေး ပြန်ထုတ်ယူနိုင်သည်။ ကျိရှောင်ယင်က အိပ်ပျော်နေသော်လည်း သူမ၏မူမမှန်မှုကို မည်သူမျှ သတိပြုမိမည် မဟုတ်ပေ။
“သခင်၊ ယောက်ျားလေးသခင် ရောက်လာပြီ”
ရှောင်ချီက ဖန်သားပြင်ပေါ်မှ ပန်းရောင်အရိပ်ကို တွေ့သွားပြီး စူးချင်းကို ချက်ချင်း သတင်းပို့လိုက်သည်။
သခင်က အရမ်းစိတ်ပူနေတယ်လေ.... ဒီယောကျာ်းလေးသခင်က ဘာလို့ အမြန်ဝင်မလာသေးတာလဲ?
ဟမ့်၊ ဒီယောကျာ်းလေးသခင်က အရမ်းဆိုးတယ်၊ ရှောင်ချီရဲ့သခင်က သူ့ကို လွမ်းနေရတယ်။
ကျိရွှေရှန့် ရောက်လာကြောင်း ကြားလိုက်ရချိန်တွင် စူးချင်း ပန်းထိုးအပ်နှင့် ချည်များကို စနစ်ထဲသို့ အလျင်အမြန် ပြန်ပစ်ထည့်လိုက်ပြီး သူမ၏ဆံပင်နှင့် အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်သည်။ သူမ၏ နှလုံးခုန်သံက ပြင်းထန်လွန်းပြီး ယခင်က သူမ ဤမျှထိတ်လန့်ခဲ့ဖူးခြင်း မရှိခဲ့ကြောင်း သူမဘာသာ ပြန်သိနေခဲ့သည်။ သို့သော်လည်း သူမ၏လှပသော မျက်လုံးများက ခြံတံခါးကို စိုက်ကြည့်နေသေးသည်။
"စူးချင်း၊ ဒီမင်းသားက ကျိရွှေရှန့်ကို ရှာတွေ့ပြီ"
ယဲ့လွီချွမ်း၏အသံက တဲဝန်း၏အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ သူ့အသံက အနည်းငယ် စိတ်ဆိုးနေပုံရသော်လည်း စူးချင်းက ကျိရွှေရှန့် ရောက်လာသည့် အကြောင်းကိုသာ ကြားလိုက်ပြီး ယဲ့လွီချွမ်း၏ စိတ်ခံစားချက်ကို အကဲဖြတ်ရန် စိတ်မ၀င်စားတော့ပေ။ သူမက သူမ၏နှုတ်ခမ်းများကို ဖိကပ်လိုက်ပြီးမှ အသက်ကို ပြင်းပြင်းရှူကာ တည်ငြိမ်သောအသံဖြင့် ပြန်ပြောလိုက်သည်။
"အထဲကို ဝင်လာခဲ့ပါ"
စူးချင်း၏အသံကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်က သူ၏စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ပေ။ သူက တဲဝိုင်းအတွင်းသို့ ခပ်သွက်သွက် လျှောက်ဝင်သွားတော့သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် စူးချင်းက သူ့အိမ်မက်ထဲတွင် ပေါ်လာသလိုမျိုး အရာရာက အနည်းငယ် မှုန်ဝါးပြီး ရီဝေနေသလို သူ ခံစားနေရသော်လည်း လေထဲတွင် သူမဆီမှ ရလေ့ရှိသည့် သစ်ခွပန်းကဲ့သို့ ထူးခြားသော ကြည်နူးဖွယ် မွှေးရနံ့တစ်ခု ရှိနေခဲ့သည်။
ကျိရွှေရှန့်က သူ့မျက်လုံးများထဲတွင် အခြားမည်သူ့ကိုမျှ မမြင်နိုင်တော့ဘဲ သူ နေ့ရောညပါ တွေးနေသည့် သူ့ရှေ့မှ ထိုအမျိုးသမီးလေးကိုသာ စိုက်ကြည့်နေခဲ့သည်။ သူက စူးချင်းရှေ့သို့ ပြေးသွားပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်ရန် မစောင့်နိုင်တော့သော်လည်း စူးချင်း သူ့ကို စိတ်ဆိုးသွားပြီး နောက်တစ်ကြိမ် ထားသွားမည်ကိုလည်း သူ စိုးရိမ်နေမိသည်။
ကျိရွှေရှန့်က သူ့လက်ကို ဆန့်တန်းပြီးမှ အနည်းငယ် နောက်ပြန်ဆုပ်လိုက်သည်။ သူမက စူးချင်း၏ တောက်ပပြီး အေးစက်သော မျက်လုံးများကို စိုက်ကြည့်နေခဲ့ပြီး သူ့၏စိတ်ထဲမှ တင်းမာမှုများ ပြေလျော့သွားစေရန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးမှ သူမကို လှမ်းပြောလိုက်သည်။
“ချင်းအာ၊ ကိုယ့်ကို ယုံပါ၊ ကိုယ် မင်းက လွဲရင် တခြားမိန်းမကို လုံးဝ လက်ထပ်မှာ မဟုတ်ပါဘူး။ အဲဒီ့ စေ့စပ်ထားတဲ့သူကလည်း ကိုယ့်အဖေ... သူ အသက်ရှင်နေသေးတဲ့အချိန်က စီစဉ်ပေးခဲ့တာပါ။ ကိုယ် သူ(မ)ကို ရှာမယ်ဆိုတာက စေ့စပ်ပွဲကို ဖြတ်တောက်ပစ်ပြီး စေ့စပ်ကြောင်းလမ်းလက်ဆောင်ကို ပြန်ယူချင်လို့ပါ"
ကျိရွှေရှန့်က စူးချင်းက သူ့ကို လွယ်လွယ်နှင့် မယုံလောက်ဘူးဟု တွေးကာ ပိုအားစိုက်ပြီး ရှင်းပြရန် တွေးတောနေခဲ့သည်။ သို့သော် မမျှော်လင့်ထာဘဲ စူးချင်းက သူ့ကို ယုံကြည့်မှုအပြည့်ဖြင့် မော့ကြည့်လာခဲ့ပြီး သူမ၏ခေါင်းကို ညင်သာစွာ ညိတ်ပြလာခဲ့သည်။
"အင်း... ကျွန်မ သိပါတယ်"
ဒါပဲလား? သူ လွယ်လွယ်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာလား?
ကျိရွှေရှန့်က သူ့နားကိုပင် သူ မယုံနိုင်ဖြစ်နေခဲ့သည်။ ချင်းအာက သူ့ကို မအော်ငေါက်ဘူးလား?
သူတို့ အထဲသို့ ဝင်လာပြီးကတည်းက ယဲ့လွီချွမ်း၏မျက်လုံးများကလည်း ကျိရှောင်ယင်ထံမှ လုံးဝ မဖယ်ခွာသွားခဲ့ပေ။ သူမက သိုးသားရေခင်းထားသည့် ညောင်စောင်းပေါ်တွင် လဲလျောင်းနေပြီး ကလေးတစ်ယောက်ကဲ့သို့ အေးချမ်းစွာ အိပ်စက်နေခဲ့သည်။ သူမ၏မျက်နှာလေးက နီရဲနေပြီး သူမ၏နှုတ်ခမ်းလေးများပေါ်တွင် ချိုမြိန်သော အပြုံးလေးများ ရှိနေသောကြောင့် သူမ အိပ်မက်ကောင်းကောင်းလေးများ မက်နေသလားဟု သူ တွေးနေမိသည်။
ယဲ့လွီချွမ်း၏နှလုံးက ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်နေပြီး သူ့မျက်လုံးများတွင် လေးနက်သော ချစ်ခြင်းမေတ္တာရိပ်များ ပြည့်နှက်နေလေသည်။
သူ တော်ဝင်မိသားစုမှာ မွေးဖွားလာခဲ့တာက သူ ရွေးချယ်နိုင်တဲ့အရာ မဟုတ်ခဲ့ပေမယ့် အခုတော့ သူရဲ့မြင့်မြတ်တဲ့အဆင့်အတန်းက သူနဲ့ကျိရှောင်ယင်ကြားမှာ မကျော်ဖြတ်နိုင်တဲ့ ကွာဟချက်တစ်ခု ဖြစ်လာခဲ့ပြီ။
ဤအခိုက်အတန့်တွင် ယဲ့လွီချွမ်းက ကျိရှောင်ယင်အတွက် သူ၏အဆင့်အတန်းနှင့် စည်းစိမ်ဥစ္စာများကို စွန့်လွှတ်ရန်ပင် စိတ်အားထက်သန်နေခဲ့သည်။ သို့သော် သူ စိတ်ပြန်ငြိမ်သက်သွားချိန်တွင် သူ ထိုသို့ မလုပ်နိုင်မှန်း သူ့ကိုယ်သူ သိနေပြန်သည်။
သူ့မှာ တိုင်းပြည်အတွက် တာဝန်တွေ ရှိနေသေးတယ်။ သူ သူမအတွက် သူပိုင်ဆိုင်သမျှကို စွန့်လွှတ်နိုင်ပေမယ့် တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ သူ့ရဲ့ချစ်မြတ်နိုးမှုနဲ့ တာဝန်သိစိတ်ကို သူ ဘယ်လိုစွန့်လွှတ်နိုင်မှာလဲ?
နောက်ဆုံးတွင် ယဲ့လွီချွမ်း၏ စူးရှသော အကြည့်များက တဖြည်းဖြည်း အေးစက်လာခဲ့သည်။ သူက လက်နောက်ပစ်ထားသည့် သူ့လက်များကို လက်သီးတင်းတင်း ဆုပ်ထားပြီး သူ ကျိရှောင်ယင်အပေါ်ထားသည့် ချစ်ခြင်းမေတ္တာကို ဖိနှိပ်ရန် ကြိုးစားနေခဲ့သည်။ သို့သော်လည်း ၎င်းက သူ၏အတွင်းအင်္ဂါများကို ဆုပ်ချေနေသလို ခံစားရစေပြီး ထိုဝေသနာက သူ့ကို အပြင်းအထန် နှိပ်စက်နေခဲ့သည်။
“တတိယမင်းသား၊ စူးချင်းနဲ့ ရှောင်ယင်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ညဉ့်နက်နေပြီမို့ မင်းရဲ့အနားယူချိန်ကို မနှောင့်ယှက်တော့ပါဘူး"
ကျိရွှေရှန့်က နောက်သို့ လှည့်ကြည့်လိုက်ပြီး ယဲ့လွီချွမ်း တောက်လောင်နေသော အကြည့်များကို မြင်လိုက်ရသည်။ သူက ယဲ့လွီချွမ်း၏ အမြင်အာရုံကို ပိတ်ဆို့ရန် ရှေ့သို့ တိုးလာခဲ့ပြီး သူ့ကို ယဥ်ယဉ်ကျေးကျေး ပြန်နှင်ထုတ်လိုက်သည်။
“ကောင်းပါပြီ”
ယဲ့လွီချွမ်းက သူ့မျက်လုံးများထဲမှ အထီးကျန်မှုကို ဖုံးကွယ်ရန် သူ့မျက်လုံးများကို အောက်စိုက်ထားခဲ့သည်။ သို့သော်လည်း ကျိရှောင်ယင်၏ချိုမြိန်သော အပြုံးလေးများက သူ့စိတ်ထဲတွင် စွဲထင်နေပုံရပြီး သူ မျက်လုံးပိတ်ထားလျှင်ပင် သူမ၏အပြုံးများကို မြင်ယောင်နေမိသည်။ သူ နောက်သို့ ပြန်လှည့်ထွက်လာခဲ့ပြီး တဲဝိုင်းအပြင်ဘက်သို့ ရောက်လာချိန်တွင် ကြယ်ရောင်အနည်းငယ်ဖြင့် ဝိုးတဝါး ဖြစ်နေသည့် ငွေမှင်ရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။
ချစ်ခြင်းမေတ္တာနဲ့ အင်အားက တပြိုင်တည်းမှာ နှစ်ခု မရနိုင်တဲ့ ငါးသည်းခြေနဲ့ ဝက်ဝံလက်လိုမျိုး ဖြစ်နေခဲ့တာလား? နှစ်ခုလုံးကို မရနိုင်ဘူးလား?
သူ မယုံချင်ဘူး.... သူ အဲ့ဒါကို လက်မခံချင်ဘူး၊ လက်ခံဖို့လည်း မလိုလားဘူး...
တဲနန်းထဲတွင် ကျိရွှေရှန့်က စူးချင်းရဲ့လက်ကို မဝံ့မရဲ လှမ်းကိုင်လိုက်ပြီး စူးချင်း ငြင်းလိုက်မည်ကိုလည်း သူ ကြောက်လန့်နေမိသည်။
စူးချင်းက သူ့ကို ကြည့်နေပြီး ရယ်ချင်နေမိသည်။
သူက ဘာတွေကို တွတ်ဆပြီး အဲ့လောက် စိတ်ပူနေရတာလဲ?
ဒါက သူမက သူ့အတွက် အရမ်းအရေးကြီးတယ်ဆို သက်သေပြနေတာလား?
လူ့သဘာဝကို ထိုကဲ့သို့ ဖြစ်ပြီး ခွဲခွာနေရမှာသာ အတူရှိနေခြင်း၏တန်ဖိုးကို သိနိုင်ပြီး အရာရာကို အေးအေးဆေးဆေး တွေးတောလာနိုင်ကြသည်။
ကျိရွှေရှန့်က သူ့၏ဇနီးလောင်းကို သွားရှာမည်ဟု ကြားလိုက်ရချိန်တွင် စူးချင်းက ဒေါသတကြီး လှည့်ထွက်လာခဲ့ပြီ သူမ ထွက်သွားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
သို့သော် အမှန်တကယ် ထွက်သွားပြီးနောက်တွင် သူမ၏ အတွေးများက ဒီရေကဲ့သို့ တိုးပွားလာခဲ့သည်။ သူမ ကျိရွှေရှန့်နှင့်အတူ ရှိနေခဲ့စဉ်က ချိုမြိန်ခဲ့ရသောအချိန်များကို သူမ ပြန်တွေးမိခဲ့သည်။ သူက သူမအတွက် လင်ဇီး ရှာပေးရန် သူ့ကိုယ်သူ စတေးပြီး စွန့်စားခဲ့သည့်အချိန်များကို သူမ ပြန်တွေးမိခဲ့သည်။ သူ့၏မျက်လုံးထဲမှာ ပင်လယ်ကဲ့နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများနှင့် ကြင်နာရိပ်များကို ပြန်တွေးမိချိန်တွင် သူ့ကို လွမ်းဆွတ်တမ်းတသည့်စိတ်က တဟုန်ထိုး မြှင့်တက်လာခဲ့သည်။
ယခု သူမတို့နှစ်ယောက် ဆုံတွေ့လိုက်သည်နှင့် သူမ၏ သံသယနှင့် ဒေါသများက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ပြီး စူးချင်းက သူမ၏ဘဝတစ်လျှောက်လုံး ကျိရွှေရှန့်နှင့်အတူတူ ကောင်းကောင်းမွန်မွန် ဖြတ်သန်းရန် ဆုံးဖြတ်လိုက်တော့သည်။
ရွှေရှန့်မှာ စေ့စပ်ထားတဲ့သူ ရှိတော့ရော ဘာဖြစ်လဲ? သူမ... စူးချင်းရဲ့လူကို ဘယ်သူက လာလုယူရဲမှာလဲ?
စူးချင်းက သူမ၏လက်ကို ပြန်မရုန်းသောကြောင့် ကျိရွှေရှန့်က သတ္တိရှိလာပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူက ဤနာခံမှုမရှိဘဲ ဆိုးသွမ်းလွန်းသော မိန်းမငယ်လေးကို သူ့ရင်ခွင်ထဲတွင် မြှုပ်နှံထားချင်ပုံဖြင့် သူတို့ ဘယ်သောအခါမှ မဝေးကွာသွားစေရန် သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့သည်။
ကျိရွှေရှန့်က စူးချင်း၏ သွယ်လျသော လည်ပင်းလေးတွင် သူ့မျက်နှာကို မြှုပ်နှံထားခဲပြီး သူ၏တိုးလျလျအသံတွင် ဖုံးကွယ်မရနိုင်သော နာကျင်မှုများ ပြည့်နှက်နေခဲ့သည်။
“မင်းက ကိုယ့်အပေါ် ရက်စက်လွန်းပြီး ညှဉ်းပန်းနှိပ်စက်နိုင်တယ်။ မထွက်သွားခင် ကိုယ့်ကို ရှင်းပြဖို့ အခွင့်အရေးလေးတစ်ခုလောက် ပေးလို့ မရဘူးလား?"
စူးချင်း၏နှလုံးခုန်သံက လုံးဝ စောင့်တက်သွားခဲ့သည်။
ယောကျာ်းတစ်ယောက်ရဲ့ ချွဲနွဲ့မှုက မိန်းခလေးတွေ ချွဲနွဲ့တာထက် ပိုကြောက်ဖို့ ကောင်းတယ်ဟ။ အထူးသဖြင့် ခက်ထန်ကြမ်းတမ်းက ရွှေရှန့်က မကျေမနပ် ချွဲနွဲ့ညူဆူပြနေတာကြောင့် သူမ လုံးဝ တောင့်မခံနိုင်တော့ဘူးလို့....
စူးချင်းက ကျိရွှေရှန့်၏ ကျယ်ပြန့်သော ရင်ခွင်ကြီးထဲတွင် သူမ၏ဦးခေါင်းလေးကို မြှုပ်နှံ့ထားခဲ့ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
"အခု ကျွန်မ ရှင့်ကို ရှာဖို့ ရောက်လာပြီ မဟုတ်ဘူးလား?"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိုယ် ဘယ်လိုဖြစ်နေခဲ့လဲ မင်း သိလား?"
ကျိရွှေရှန့်၏အသံတွင် နာကျင်ရိပ်များ ရှိနေဆဲဖြစ်သော်လည်း သူ့နှုတ်ခမ်းများမှ မရိုးသားသည့် အပူငွေ့များ ထွက်ပေါ်လာခဲ့ပြီး စူးချင်း၏နူးညံ့သောအရေပြားများကို လိုက်ပွတ်သပ်နေခဲ့သည်။
"ကျွန်မ သိတယ်"
စူးချင်းကလည်း သူမတစ်ကိုယ်လုံး ပူလောင်လာသလို ခံစားနေရသည်။ ကျိရွှေရှန့်၏ နွေးထွေးသော အသက်ရှုသံ နှင့် ပူလောင်သော နှုတ်ခမ်းများကြောင့် သူမ၏ လည်ပင်းက အတိုက်ခိုက်ခံနေရပြီး သူမ၏နှလုံးသား ယားယံလာတော့သည်။