← Chapters

သန်မာတဲ့ယောက်ျားတွေကို ဆွဲခေါ်ခြင်း

Vol. 25 Ch. 375

သန်မာတဲ့ယောက်ျားတွေကို ဆွဲခေါ်ခြင်း

Vol. 25 Ch. 375

"ပြေးကြဟေ့! ဟူလူမျိုးတွေ ထပ်ပြီး ရောက်လာပြန်ပြီ”

သာမာန်ပြည်သူများက ကြောက်လန့်တကြား ပြေးထွက်ရင်း အော်ဟစ်နေကြသည်။ အမျိုးသမီးများက အော်ဟစ်ငိုယိုနေပြီး ကလေးများလည်း ကြောက်လန့်တကြား ငိုကြွေးနေကြသည်။ ဈေးဆိုင်ပိုင်ရှင်များက သူတို့၏ဆိုင်များကို ပိတ်ရန် အလုပ်များနေကြပြီး သူတို့ထံတွင် ထွက်ပြေးရန် ခြေထောက်အပိုတစ်ချောင်း ရှိချင်နေကြသည်။

ဟူလူမျိုးများက ကျင်းချန်ကို တစ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့ကြပြီး သူတို့ မြို့ထဲသို့ဝင်လာနိုင်သည်နှင့် လူတိုင်းကို ဒုက္ခပေးမည် ဖြစ်သောကြောင့် သာမန်လူများက ထိတ်လန့်ကြောက်ရွံ့နေကြသည်။

ထိုအခိုက်အတန့်တွင် စစ်သည်တစ်စုက ပြည်သူများကို လျစ်လျူရှုပြီး လမ်းပေါ်မှ ဖြတ်ကျော်သွားကြသည်။ သူတို့၏မြင်းခွာအောက်တွင် ကလေးတစ်ယောက် သေဆုံးရလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ကျိ‌ရွှေရှန့်က ပြေးသွားပြီး ကလေးကို လှမ်းဆွဲလိုက်သည်။ မြင်းစီးလာသည့် စစ်သည်ခေါင်းဆောင်က သူ့လမ်းကို ပိတ်ဆို့သည့်အတွက် မကျေမနပ်ဖြစ်ကာ ကျိရွှေရှန့်ကို ကြာပွတ်ဖြင့် လှမ်းရိုက်လိုက်သည်။

ကျိ‌ရွှေရှန့်က ကလေးကို ပွေ့ချီထားရင်း ကြာပွတ်ကို ရှောင်တိမ်းရန် အကြိမ်အနည်းငယ် ခုန်လိုက်သည်။ ထိုစစ်သည်ခေါင်းတောင်က သူ့ကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်နေခဲ့သော်လည်း နောက်ဆုံးတွင် စစ်ရေးအခြေအနေက အရေးတကြီးဖြစ်နေပြီး သူ ကျိ‌ရွှေရှန့်ကို ဂရုမစိုက်နိုင်သေးပေ။

“သစ်သားတွေနဲ့ ကျောက်တုံးတွေကို သယ်ရမယ်၊ သန်မာတဲ့ယောကျာ်းတွေကို စစ်မူထမ်းဖို့ ဆွဲခေါ်လာခဲ့”

သူတို့ထဲမှ ခေါင်းဆောင်တစ်ယောက်က မြင်းဖြင့် အဖွဲ့ရှိရာ အပြေးအလွှား ထွက်ခွာနေရင်း သန်မာသည့်ယောကျာ်းလေးများကို ဆွဲခေါ်လာရန် သူ့လူများကို အော်ဟစ်အမိန့်ပေးသွားခဲ့သည်။ ထိုစကားကြောင့် လမ်းပေါ်တွင် ပို၍ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ အမျိုးသားများက သူတို့ ဖမ်းခေါ်ခံရမည်ကို ကြောက်ရွံ့သောကြောင့် နံရံကို ကျော်တက်နိုင်သူများက နံရံများကို ကျော်တက်နေကြပြီး ခေါင်မိုးပေါ်သို့ တက်နိုင်သူများ ခေါင်မိုးပေါ်သို့တက်ကာ နှေးကွေးနေသူများကို စစ်သည်များက ဆွဲခေါ်သွားကြသည်။ သူတို့၏ဇနီးမယားနှင့် သားသမီးတို့သည် အော်ဟစ်ငိုကြွေးကြပြန်သည်။

ကျိ‌ရွှေရှန့်က ကလေးကို ပွေ့ချီထားရင်း နေရာတိုင်းတွင် သန်မာသော အမျိုးသားများကို လိုက်ဖမ်းရန် ကြိုးစားနေသည့် စစ်သည်များကို ရှောင်ရန် ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။

စစ်ပွဲတွေ ဖြစ်လာရင် ကံအဆိုးဆုံးလူတွေက သာမန်ပြည်သူတွေပဲ။ သူတို့ရဲ့ ဘဝတွေ ပို ဆင်းရဲတွင်းနက်လာပြီး မိသားစုတွေ ကွဲကွာကြရဦးမယ်။

ကျိ‌ရွှေရှန့်က ဝမ်မိသားစုစစ်တပ်မှ လူများ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည်သူများ၏ ဆင်းရဲဒုက္ခကို မြင်တွေ့နေရပြီး ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင်နိုင်စေရန် တော်ဝင်ရုံးတော်အသစ်ကို ထူထောင်ဖို့ ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်မိသည်။

စစ်သည်များ ထွက်သွားပြီးနောက် ကျိ‌ရွှေရှန့်က အိမ်ခေါင်မိုးပေါ်မှ ပြန်ခုန်ဆင်းလာခဲ့သည်။ စစ်သည်များက ထိုကလေး၏အဖေကို စစ်မှုထမ်းရန် ဖမ်းခေါ်သွားကြပြီး ကလေး၏အမေက မြေပြင်ပေါ်တွင် ထိုင်ငိုနေခဲ့သည်။

ကျိ‌ရွှေရှန့်က ကလေးကို ထိုသနားစဖွယ်အမျိုးသမီးထံသို့ ပြန်ပေးလိုက်သည်။ အမျိုးသမီးက ကလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသကဲ့သို့ ကျိ‌ရွှေရှန့်၏ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေခဲ့သည်။

“ကလေးရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်ကြီးကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ရဲ့လူကို ကယ်ပေးပါ”

“မရီး၊ စစ်သည်တွေက မြို့ရဲ့ခံစစ်ကို ခိုင်ခံ့အောင်လုပ်ဖို့ သူတို့ကို ခေါ်သွားတာပါ။ သူတို့မှာ ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး။ ခင်ဗျား ဒီကနေ မြန်မြန် ထပြီး ကလေးကို ဒီအန္တရာယ်ရှိတဲ့နေရာကနေ ခေါ်သွားတာက ပိုကောင်းလိမ့်မယ်"

ကျိ‌ရွှေရှန့်က ထိုအမျိုးသမီး၏တောင်းဆိုမှုကို လုံးဝ သဘောမတူနိုင်ပေ။

သူက ထောင်ဟွားဝူကနေ စတင်ထွက်ခွာလာတဲ့ လူမိုက်ကြီး မဟုတ်တော့ဘူး။ သူက ချက်ချင်း သွေးပူလာပြီး ဒီထောင်ပေါင်းများစွာသောစစ်သည်တွေကို သွားတိုက်ခိုက်ဖို့ တွေးမှာ မဟုတ်တော့ဘူး။

သူ တိုက်ခိုက်နိုင်ရင်တောင် ဒီအမျိုးသမီးရဲ့ခင်ပွန်းကို ဘေးကင်းစွာ ပြန်ခေါ်လာနိုင်မယ့်လို့ ဘယ်လို အာမခံနိုင်မှာလဲ?

ကလေးကို ပွေ့ဖက်ရင်း ငိုနေသည့် အမျိုးသမီး၏မျက်လုံးများတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့်အရိပ်များ ပေါ်လာပြီး ကျိ‌ရွှေရှန့်က သူမကို မကြည့်ရ်ကတော့ပေ။ သို့သော်လည်း သူက မြို့ပြင်တွင် ကျန်နေခဲ့သည့် စူးချင်းနှင့် ကျိရှောင်ယင်ကို ပို၍ စိတ်ပူနေပြီး စူးချင်းတို့နှင့် ပြန်လည်ပေါင်းစည်းရန် ကျင်းချန်မှ အမြန်ဆုံးထွက်ခွာချင်နေခဲ့သည်။

မြို့တံခါးကတော့ သေချာပေါက် မထွက်နိုင်လောက်တော့ဘူး။ မြို့ရိုးပေါ်မှာလည်း ကင်းလှည့်နေတဲ့ စစ်သားတွေနဲ့ ပြည့်နေတယ်။ အခုတော့ ထွက်လမ်းမရှိဘဲ ပိတ်မိနေပြီ။

စူးချင်းနှင့် ကျိရှောင်ယင်တို့က တောထဲတွင် ပုန်းနေရင်း ကျိ‌ရွှေရှန့်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုအချိန်တွင် ကျင်းချန်ကို တိုက်ခိုက်ရန် ကြွေးကြော်လာနေသည့် ဟူလူမျိုး ထောင်ပေါင်းများစွာကို သူမတို့၏မျက်လုံးများဖြင့် လှမ်းမြင်လိုက်ရသည်။ မြို့စောင့်တပ်သားများက မြို့တံခါးများကို ချက်ချင်း ပိတ်ဆို့လိုက်ပြီး ကြိုးတံတားကို ဆွဲတင်လိုက်ကြသည်။ ထိုအရာက စူးချင်းကို အလွန်စိုးရိမ်သွားစေခဲ့သည်။

အခုလို ဖြစ်သွားတော့ ရွှေရှန့်က မြို့ပြင်ကို ဘယ်လို ပြန်ထွက်နိုင်တော့မှာလဲ?

"အစ်မစူးချင်း၊ အစ်ကိုကြီးမှာ အန္တရာယ်ရှိမှာလား?"

ကျိရှောင်ယင်က ဟူလူမျိုးများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူမ အလွန်ကြောက်လန့်နေခဲ့သည်။ သူတို့ခေါင်းပေါ်မှာ အမွေးအတောင်များ ရှိနေပြီး သူတို့၏မျက်နှာများကို အနီရောင်နှင့် အစိမ်းရောင်ဆေးများ လိမ်းခြယ်ထားသည်။ သူတို့က တောရိုင်းတိရစ္ဆာန်များကဲ့သို့ အော်ဟစ်မာန်သွင်းနေကြပြီး သေဘေးကို မကြောက်သလို မြို့ရိုးများပေါ်သို့ ခုန်တက်နေကြသည်။

"မင်း အစ်ကိုကြီးက အဆင်ပြေမှာပါ"

စူးချင်းက တောအုပ်၏အပြင်ဘက်မှ တိုက်ပွဲကို လှမ်းကြည့်နေခဲ့သည်။ ဟူလူမျိုးများ မြို့ကို တိုက်ခိုက်နေသည်မှာ ပြင်းထန်သော်လည်း စူးချင်းက စိတ်မပူပေ။ မြို့ထဲရှိ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက ကျိရွှေရှန့်အား ရှာတွေ့သွားမည်ကိုသာ သူမ စိုးရိမ်နေခဲ့သည်။

ဝမ်မိသားစုစစ်တပ်က ကောင်းစွာလေ့ကျင့်ထားပြီး ရက်စက်ကြမ်းကြုတ်သော ဟူလူမျိုးတို့ကို ရင်ဆိုင်နေရသည့်တိုင် သူတို့၏မျက်နှာများက တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။ သူတို့က မြို့တံတိုင်းပေါ်တွင် စနစ်တကျ တန်းစီရပ်နေကြပြီး မြှားများကို မိုးရွာသလို ပစ်ချနေကြသည်။ ပစ်ခတ်ပြီးနောက် ရှေ့တန်းက ချက်ချင်း ဆုတ်ခွာသွားပြီး နောက်တန်းက ရှေ့သို့တက်လာကာ မြှားတံများကို ချက်ချင်း ထပ်ပစ်နေကြပြီး ဟူလူမျိုးများ ချဉ်းကပ်နိုင်မည့် အခွင့်အရေးကို လုံးဝ မပေးကြချေ။

ဝမ်မိသားစုစစ်တပ်၏ အင်အားကို မြင်လိုက်ရချိန်တွင် စူးချင်းပင် မျက်မှောင်ကြုတ်သွားရသည်။ သူတို့က သူမတို့အတွက် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်များ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ယခု ဝမ်မိသားစုစစ်တပ်၏ တိုက်ခိုက်ရေးနည်းလမ်းများကို လေ့လာမှတ်သားနိုင်ခြင်းက သူမအတွက် အခွင့်ကောင်းတစ်ခုသာ ဖြစ်သည်။ မိမိကိုယ်မိမိသိပြီး ရန်သူကို သိခြင်းကသာ အောင်ပွဲကို ရရှိစေနိုင်သည်။

စူးချင်းက ဝမ်မိသားစုစစ်တပ်၏ တိုက်ခိုက်ရေးနည်းလမ်းများကို မြို့ပြင်မှ စောင့်ကြည့်နေခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကျိ‌ရွှေရှန့်ထံတွင်လည်း အလားတူ အတွေးမျိုး ရှိနေခဲ့သည်။ ဝမ်မိသားစုစစ်တပ်၏ မြို့ကို ကာကွယ်သည့် နည်းဗျူဟာကို စောင့်ကြည့်ရန် ကျိ‌ရွှေရှန့်က တမင်တကာ အဖမ်းခံလိုက်ပြီး သစ်သားတုံးနှင့် ကျောက်တုံးများ သယ်ဆောင်ရန် သာမန်သူများနှင့်အတူ မြို့ရိုးဆီသို့ အပို့ခံလိုက်သည်။

တိုက်ပွဲက နေ့ခင်းမှ ညအထိ ကြာမြင့်လာခဲ့သည်။ ဟူလူမျိုးတို့ဘက်က အသေအပျောက် များပြားလာပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုက ထကြွလာခဲ့သည်။ သူတို့က မီးတောက်မြှားများကို အသုံးပြု၍ မြို့ရိုးများကို ပစ်ခတ်ကြသည်။ သစ်တုံးများကို သယ်ဆောင်လာသည့် ဟူလူမျိုးက မြို့တံခါးများကို ထိုသစ်တုံးရှည်ကြီးများဖြင့် တွန်းတိုက်နေကြသည်။

မြို့တွင်းရှိ ဝမ်မိသားစုစစ်တပ်ကလည်း တိုက်ပွဲကို အမြန်အဆုံးသတ်ချင်ပုံရသည်။ မြှားပစ်ရန် မြို့ရိုးပေါ်တွင် ရှိနေသည့် စစ်သည်အနည်းငယ်မှ လွဲ၍ ကျန်တပ်သားများအားလုံး မြင်းစီးပြီး မြို့တံခါးဝတွင် အဆင်သင့် စောင့်နေကြသည်။ မြို့တံခါးပွင့်သွားသည်နှင့် သူတို့က မြို့ပြင်သို့ ထွက်ခွာကာ ဟူးလူမျိုးများကို သတ်ပစ်ကြမည် ဖြစ်သည်။ တိုက်ပွဲကြီးတစ်ခု နီးလာပေပြီ။

ကျိ‌ရွှေရှန့်က သာမန်ပြည်သူများနှင့်အတူ မြို့ရိုးဆီသို့ သစ်လုံးများ သယ်ဆောင်ပေးနေရသည်။ မြို့တံခါး ပွင့်တော့မည်ကို မြင်လိုက်ရချိန်တွင် သူက မြို့ရိုးဆီသို့ တိတ်တဆိတ် ချဥ်းကပ်သွားလိုက်ပြီး အမှောင်ထဲတွင် ပုန်းအောင်းနေကာ အပြင်ထွက်နိုင်မည့်အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။

ထွက်ခွာရန် အလုံခြုံဆုံးနည်းလမ်းက ဝမ်မိသားစုစစ်တပ်မှ စစ်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီး မြင်းစီးတပ်ဖွဲ့သို့ ဝင်ကာ မြို့တံခါး ပွင့်သွားသည်နှင့် တပြိုင်နက် အများနောက်သို့ လိုက်သွားရန် ဖြစ်သည်။

ထိုဆုံးဖြတ်ချက်ကို ချပြီးနောက် ကျိ‌ရွှေရှန့်က ဝမ်မိသားစုစစ်တပ်မှ စစ်သည်တစ်ယောက်ကို သတ်ပြီး သူ့၏စစ်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ရန် အခွင့်အရေးတစ်ခု ရှာနေခဲ့သည်။

"မြန်မြန်၊ မြန်မြန်လုပ်ကြစမ်း"

ဝမ်မိသားစုတပ်မတော်မှ စစ်သည်တစ်ဦးက ဖမ်းမိထားသော ယောင်္ကျားတစ်ယောက်ကို ကြာပွတ်ဖြင့် ရိုက်နေကာ သစ်လုံးကြီးများကို အမြန်ရွှေ့ရန် ခိုင်းစေနေခဲ့သည်။

ကျိ‌ရွှေရှန့်က သူ့နားသို့ အမြန်တိုးသွားလိုက်သည်။ ထိုစစ်သည်က ကြာပွတ်ကို မြှောက်လိုက်ပြီး သူ့ကို နှင်ထုတ်တော့မည့်အချိန်တွင် ကျိရွှေရှန့်က ရှေ့သို့ အပြေးအလွှား သွားလိုက်ပြီး ထိုစစ်သည်၏လည်ပင်းကို ချိုးကာ တိတ်တိတ်လေး သတ်ပစ်လိုက်သည်။

ကြာပွတ်ဖြင့် အရိုက်ခံနေရသူက ကြောက်ရွံ့တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ဘာလို့ ထွက်မပြေးတာလဲ?"

ကျိ‌ရွှေရှန့်က ထိုလူ့ကို အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ ထိုလူက လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလို ချက်ချင်း ခုန်ထပြီး ထွက်ပြေးသွားတော့သည်။

ကျိ‌ရွှေရှန့်က ထိုစစ်သည်၏အလောင်းကို မြို့ရိုးဆီသို့ ပြန်ဆွဲသွားလိုက်သည်။ ထိုအချိန်တွင် မြို့တံခါးများက ကျိုးပျက်သွားပြီး ဝမ်စစ်တပ်က မြို့ပြင်သို့ ပြေးထွက်ကာ ဟူတို့နှင့် တိုက်ခိုက်နေပြီ ဖြစ်သောကြောင့် တိုက်ပွဲက အလွန်ပြင်းထန်နေခဲ့သည်။

ကျိ‌ရွှေရှန့်က စစ်ဝတ်စုံကို အလျင်အမြန် ပြောင်းလဲဝတ်ဆင်လိုက်ပြီး ထိုစစ်သည်၏လက်နက်ကိုပါ ယူလိုက်သည်။ သူသည် မြို့တံခါးတွင် ချည်ထားသော စစ်မြင်းတစ်ကောင်ကို ယူကာ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များနှင့်အတူ မြို့တံခါးအပြင်သို့ ထွက်လာခဲ့သည်။

ကျိ‌ရွှေရှန့်က သူရှေ့တွင် မြင်သမျှ ဟုလူမျိုးများကို ချက်ချင်း သတ်ပစ်နေခဲ့သည်။ ဤသားရဲကောင်များက သူတို့ မြို့ထဲသို့ ဝင်နိုင်လျှင် မီးရှို့သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် အမျိုးစုံသော မကောင်းမှုများကို ပြုလုပ်လေ့ရှိကြသည်။ သူ ထိုသားရဲများကို များများသတ်နိုင်လေလေ ဒုက္ခရောက်ရမည့်လူ နည်းသွားလေလေ ဖြစ်နိုင်မည်ဟု သူ တွေးထားခဲ့သည်။

သို့သော်လည်း သူက သူ့၏ထွက်လမ်းအတွက် တွေးထားပြီး အစီအစဉ်တကျ တိုက်ခိုက်နေခဲ့သည်။ သူက သတ်ဖြတ်နေရင်း တောစပ်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားနေခဲ့သည်။ ရက်စက်ကြမ်းတမ်းသော ဝမ်စစ်တပ်က ဟူလူမျိုးများ၏စစ်တပ်ကို အလျင်အမြန် ဖြိုခွင်းနိုင်ခဲ့သည်။ ထိုအချိန်တွင် ကျိ‌ရွှေရှန့်က တောထဲသို့ ဝင်သွားပြီဖြစ်ကာ မည်သူမျှ သတိမပြုမိဘဲ ကျင်းချန်အတွင်းမှ ပြန်ထွက်ခွာလာနိုင်ခဲ့သည်။

"ရှောင်ယင်၊ ရထားလုံး စီကိုသွား"

စူးချင်းက တောထဲသို့ ဝင်လာသည့် မြင်းခွာသံကို ကြားလိုက်ပြီး ကျိရှောင်ယင်ကို ရထားလုံးပေါ်သို့ သွားပုန်းခိုင်းလိုက်သည်။ သူမက ကျိရွှေရှန့်၏လွမ်တောင်ကို ဆွဲထုတ်ကာ မြင်းခွာသံ ထွက်ပေါ်‌နေသည့်နေရာဆီကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ အသံအရ မြင်းတစ်ကောင်မျှသာ ဖြစ်သောကြောင့် သူမ စိတ်မပူပေ။

"ချင်းအာ၊ ကိုယ်ပါ"

ကျိ‌ရွှေရှန့်က လူမရောက်မီ စူးချင်းကို တိုးညှင်းသော အသံဖြင့် လှမ်းပြောလိုက်သည်။ စူးချင်းက ကျိ‌ရွှေရှန့်၏အသံကို ကြားသွားပြီး လွမ်တောင်ကို အမြန် ပြန်သိမ်းလိုက်သည်။

ကျိ‌ရွှေရှန့်က သူ၏မြင်းကို ရထားလုံးရှေ့အထိ စီးသွားလိုက်သည်။ ထို့နောက် မြင်းပေါ်မှ ခုန်ဆင်းပြီး ဇက်ကြိုးကို ဘေးသို့ ပစ်ချလိုက်သည်။ သူက ရထားလုံးပေါ်သို့ အမြန် ခုန်တက်ရင်း စူးချင်းကိုပါ အမြန်တက်ခိုင်းလိုက်သည်။

"ကိုယ်တို့ ဒီပြသနာများတဲ့နေရာကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားရမယ်"

"ရှင်က ဘာလို့ ဝမ်မိသားစုစစ်တပ်ရဲ့ စစ်ဝတ်စုံကို ဝတ်ထားရတာလဲ?"

ကျိ‌ရွှေရှန့် ဝတ်ဆင်ထားသည့် ဝမ်မိသားစုစစ်တပ်ဝတ်စုံကို မြင်နေရသောကြောင့် စူးချင်းက မေးမြန်းလိုက်သည်။

"မြို့ပြင်ထွက်ရတာ အဆင်ပြေအောင်"

ကျိ‌ရွှေရှန့်က ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်ပြီး ရထားလုံးကို အမြန် မောင်းထွက်လိုက်သည်။ သူ၏စစ်ဝတ်စုံတွင် ဟူလူမျိုးများ၏သွေးများ ဖုံးလွှမ်းနေပြီး လေတိုက်သောအခါ သူ၏နှာခေါင်းထဲသို့ သွေးနံ့များ လျှံတက်လာတော့သည်။

စူးချင်းက ရထားလုံးထဲသို့ မ၀င်ဘဲ ရထားခုံတွင် ကျိ‌ရွှေရှန့်နှင့် ဘေးချင်းကပ် ထိုင်နေပြီး သူမလက်ထဲတွင် လွမ်တောင်ကို အဆင်သင့် ကိုင်ထားခဲ့သည်။ ဟူလူမျိုးများနှင့် ဝမ်မိသားစုစစ်တပ်မှ လူများအားလုံးက တောအုပ်၏အပြင်ဘက်တွင် ရှိနေကြပြီး မည်သည့်ဘက်မှ သူမတို့ကို တွေ့သွားပါစေ သူမတို့အတွက် အန္တရာယ်ဖြစ်လာနိုင်သည်။

စူးချင်း မျှော်မှန်းထားသည့်အတိုင်း သူတို့၏ရထားလုံး တောထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ဟူလူမျိုးများကို လိုက်လံဖမ်းဆီးနေသည့် ဝမ်မိသားစုစစ်တပ်နှင့် ဝင်တိုးမိကြသည်။ ကျိ‌ရွှေရှန့်ကို တွေ့သောအခါ သူတို့က ရထားလုံးကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။

All Chapters