← Chapters

မင်းရဲ့ခင်ပွန်းကို အခြားမိန်းမတွေနဲ့ မျှဝေနိုင်လား?

Vol. 25 Ch. 361

မင်းရဲ့ခင်ပွန်းကို အခြားမိန်းမတွေနဲ့ မျှဝေနိုင်လား?

Vol. 25 Ch. 361

သို့သော်လည်း ကျိ‌ရွှေရှန့်က ကျိရှောင်ယင်ကို တင်းတင်းကျပ်ကျပ် ကာကွယ်ထားပြီး ယဲ့လွီချွမ်းအတွက် အခွင့်အရေးကို မပေးခဲ့ပေ။ သူက စူးချင်းကို ကျိရှောင်ယင်နှင့်အတူ ရထားလုံးပေါ်မှာ ထိုင်ခိုင်းထားပြီး သူမတို့ လုံးဝ အပြင်မထွက်မိစေရန် စူးချင်းကို တောင်းဆိုထားခဲ့သည်။

နောက်ဆုံးတွင် ယဲ့လွီချွမ်းက ကျိရှောင်ယင်နှင့် နှစ်ယောက်တည်းတွေ့နိုင်ရန် အခွင့်အရေး မရခဲ့ပေ။ သူမတို့ ရထားလုံး အဝေးသို့ ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် ယဲ့လွီချွမ်းက မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူ့မြင်းကို ပြန်လှည့်လာခဲ့သည်။

"အစ်ကိုယဲ့လွီ နှုတ်ဆက်ပါတယ်"

ယဲ့လွီချွမ်း သူ့မြင်းကို ပြန်လှည့်နေစဉ်တွင် ကျိရှောင်ယင်က ရထားလုံးပေါ်မှ ရုတ်တရက် ခေါင်းထွက်လာပြီး သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။

ယဲ့လွီချွမ်း၏ အထီးကျန်သလို ခံစားနေရသည့် မျက်နှာတွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာပြီး သူ့မျက်လုံးများက ဖယောင်းတိုင်မီးများကဲ့သို့ လင်းလက်လာသည်။ သူကလည်း ကျိရှောင်ယင်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး "ရှောင်ယင်၊ နောက်တစ်ခေါက်လာမယ့်အချိန်ကို မျှော်နေမယ်နော်"

ကျိ‌ရွှေရှန့်၏မျက်နှာက မည်းမှောင်သွားတော့သည်။

လမ်းတစ်လျှောက်လုံး စောင့်ကြပ်လာတာတောင် မကာကွယ်နိုင်သေးဘူးလားကွာ....

“အထဲပြန်ဝင်”

ကျိ‌ရွှေရှန့်က ကျိရှောင်ယင်ကို မှုန်ကုပ်ကုပ်ဖြင့် အမိန့်ပေးလိုက်သည်။ ကျိရှောင်ယင်က သူမ၏အစ်ကို့ကို တစ်ချက်ကြည့်လိုက်ပြီး ရထားလုံးထဲသို့ ပြန်မဝင်မီ ယဲ့လွီချွမ်းကို မခွဲနိုင်မခွာရက် ကြည့်နေ‌သေးသည်။

ရထားလုံးပေါ် ပြန်ထိုင်ပြီးနောက်တွင် ကျိရှောင်ယင်က ထူထပ်သော နှင်းထုထဲမှ သူမကို လက်ဝှေ့ယမ်းပြနေသည့် ချောမောသော အမျိုးသားအကြောင်း ဆက်တွေးနေခဲ့ပြီး သူမဘာသာ ရှက်ပြုံးလေး ပြုံးနေပြန်သည်။

စူးချင်းက သူမ၏အမူအရာကို ကြည့်နေခဲ့ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အတွေ့အကြုံမရှိသည့် ကျိရှောင်ယင်ကို သတိပေးသင့်သည်ဟု သူမ ခံစားလိုက်ရသည်။

"ရှောင်ယင်၊ မင်း မင်းရဲ့ခင်ပွန်းကို တခြားမိန်းမတွေနဲ့ မျှဝေ‌ပေးနိုင်လား?"

စူးချင်းက ကျိရှောင်ယင်၏မျက်လုံးများကို စိုက်ကြည့်နေရင်း ရုတ်တရက် မေးလိုက်သည်။ ယဲ့လွီချွမ်းအကြောင်း တွေးနေသည့် ကျိရှောင်ယင်က ခဏတာမျှ မှင်သက်သွားခဲ့သည်။

အစ်မစူးချင်းက ဘာကြောင့် သူမကို ဒီလိုမေးခွန်းမျိုး မေးရတာလဲ? သူမ တကယ်ကို နားမလည်နိုင်ဘူး။

သူမက ထိုအကြောင်းကို အလေးအနက် တွေးနေခဲ့ပြီး သူမ ချစ်သူနှင့် အခြားမိန်းမများ အတူရှိနေမည့်အကြောင်းကို တွေးလိုက်မိသည်။ သူမ စိတ်မသက်မသာ ခံစားလိုက်ရသောကြောင့် ကျိရှောင်ယင်က ခေါင်းယမ်းလိုက်ပြီး ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

"ဟင့်အင်း၊ ကျွန်မ လက်မခံနိုင်ဘူး"

စူးချင်းက မျက်နှာတည်တည်ဖြင့် ကျိရှောင်ယင်ကို ထပ်မေးလိုက်သည်။

"ဧကရာဇ်တစ်ပါးမှာ မိန်းမဘယ်နှစ်ယောက်ရှိလဲ မင်း သိလား? ယဲ့လွီချွမ်းရဲ့မယ်တော်က နန်းတော်မှာရှိတဲ့ ဧကရာဇ်ရဲ့တခြားမိန်းမတစ်ယောက်ကြောင့် သူ(မ)ရဲ့ဘဝတစ်ဝက်စာနီးပါး လူသေလို နေခဲ့ရတာကို မင်း သိလား? အဲ့လိုပတ်ဝန်းကျင်မှာ မင်း ဘယ်နှစ်ရက်လောက် ရှင်သန်နိုင်မယ်လို့ မင်း ထင်လဲ?”

ကျိရှောင်ယင်၏မျက်နှာပေါ်မှ သွေး‌ရောင်လေးများက တဖြည်းဖြည်း အရောင်ပျက်သွားပြီး သူမမျက်နှာက ဖြူဖျော့လာကာ သူမ၏ အတွေးများနေသော မျက်လုံးများမှ နာကျင်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

အစ်မစူးချင်း ပြောချင်တဲ့ အဓိပ္ပါယ်ကို သူမ နားလည်ပေမယ့် အစ်ကိုယဲ့လွီကို သူမ သဘောကျတယ်။ သူသာ တော်ဝင်မိသားစုကလူ မဟုတ်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ?

"မင်း အဲ့လို မလုပ်နိုင်ဘူး ဆိုတာ မင်း သိနေရင် မင်းစိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဖျောက်ပစ်လိုက်တော့"

သို့သော်လည်း ကျိရှောင်ယင် ဝမ်းနည်းနေသည်ကို မြင်လိုက်ရချိန်တွင် စူးချင်းလည်း စိတ်မကောင်းဖြစ်ရပြန်သည်။ သူမက ကျိရှောင်ယင်၏ပခုံးကို ဖွဖွလေးပုတ်ကာ နူးညံ့သော အသံဖြင့် သူမကို ဖျောင်းဖျလိုက်သည်။

"အစ်မစူးချင်း၊ လူတွေက ဘာလို့ ကြီးပြင်းလာရတာလဲ? ကျွန်မ မကြီးပြင်းချင်ဘူး”

ကျိရှောင်ယင်က ဝမ်းနည်းစွာဖြင့် စူးချင်း၏ ပုခုံးပေါ်သို့ မှီချလိုက်ပြီး သူမ၏လှပသော မျက်လုံးလေးများက မှိုင်းဝေနေလေသည်။

ယဲ့လွီချွမ်းက သူမကို ပထမအကြိမ် ကယ်တင်ခဲ့ချိန်မှစ၍ ဒုတိယအကြိမ်မြောက် တောင်တန်းပြာတွေ့ဆုံပွဲတွင် ကယ်တင်ခဲ့ရာမှ ကျိရှောင်ယင်၏နှလုံးက သူ့ထံသို့ နစ်ဝင်သွားခဲ့သည်။ စိုးရိမ်ပူပန်မှုများကို ဘယ်တုန်းကမှ မသိခဲ့ရသည့် မိန်းကလေးက သူမ၏ရင်တွင်းခံစားချက်များကြောင့် နာကျင်နေရပြီ ဖြစ်သည်။

ယခု သူမကို နှစ်သိမ့်ပေးခြင်းက အသုံးမဝင်ကြောင်း စူးချင်း သိနေခဲ့ပြီး ကျိရှောင်ယင် သူမဘာသာ အဖြေရှာတွေ့သည့်အထိ လွှတ်ပေးထားရန် ဆုံးဖြတ်လိုက်သည်။

ကျိရှောင်ယင်က ငိုနေရင်း ပင်ပန်းလာကာ စူးချင်း၏ပခုံးပေါ်၌ အိပ်ပျော်သွားခဲ့သည်။ စူးချင်းက သူမကို မနှိုးရက်ဘဲ ကောင်းကောင်း အိပ်ခိုင်းလိုက်သည်။

မင်း နိုးလာတဲ့အခါ အရင်လို ဘာကိုမှ အလေးအနက် မထားတတ်တဲ့ ကောင်မလေး ပြန်ဖြစ်လာရင် အကောင်းဆုံးပဲ။

လမ်းက နှင်းများကြောင့် သွားလာရခက်ခဲပြီး ညလယ်မှာသာ မော့ချန်သို့ ပြန်ရောက်လာခဲ့သည်။ ကျိ‌ရွှေရှန့်က မြို့ရိုးအောက်မှ လှမ်း‌‌အော်လိုက်ပြီး မြို့စောင့်တပ်သားများက သူ့အသံကို ကြားသွားသောကြောင့် တံခါးကို အမြန် ဖွင့်ပေးလာကြသည်။

“သခင်လေး ပြန်လာပြီ”

မြို့စောင့်တပ်သားခေါင်းဆောင် ရုံရှန်းက ချန်ယွိ၏ လူယုံဖြစ်ပြီး သူက ကျိ‌ရွှေရှန့်၏ နောက်ခံကို သိနေသောကြောင့် တရိုတသေ လက်သီးအုပ် နှုတ်ဆက်လိုက်သည်။

"အင်း၊ ခင်​ဗျားတို့ အားလုံး အလုပ်​ကြိုးစားခဲ့ကြတယ်​"

ကျိ‌ရွှေရှန့်က သူတို့၏ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြု‌ပေးပြီး အလေးအနက် ကျေးဇူးတင်လိုက်သည်။ ရုံရှန်းက လက်သီးထပ်အုပ်လိုက်ပြီး “ဒီလက်အောက်ငယ်သားအတွက် အများကြီး မခက်ခဲပါဘူး။ သခင်လေးသာ ပင်ပန်းရတာပါ”

ထိုစကားက ကျိ‌ရွှေရှန့်က ပြုံးသွားစေခဲ့သည်။

သူတို့တွေအတွက် ကြိုးစားပေးရတာက သူ့အတွက် ထိုက်တန်ပါတယ်။

"သခင်လေး၊ တစ်ခုခု ဖြစ်သွားခဲ့တယ်"

ကျိ‌ရွှေရှန့် မြို့ထဲသို့ ဝင်တော့မည်ကို မြင်လိုက်ရချိန်တွင် ရုံရှန်းက သူ့ကို လှမ်းတားလိုက်သည်။

"ဘာဖြစ်တာလဲ?"

ရုံရှန်းက ကျုံးယုံကို ကြည့်နေပြီး ချီတုံချတုံ ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် ကျိ‌ရွှေရှန့်က ထိုကိစ္စ ပြင်းထန်သည်ဟု ခံစားမိသွားကာ အလောတကြီး ပြန်မေးလိုက်သည်။

"ကျုံးယုံရဲ့အမေက တစ်ခုခု ဖြစ်သွားခဲ့တယ်၊ သူ(မ)က အခုလောလောဆယ်တော့ အများပိုင် သုသာန်ခန်းမမှာ ရှိနေတယ်"

ရုံရှန်းက ကျိ‌ရွှေရှန့်နှင့် အမျိုးသမီးလီတို့ကြားမှ ဆက်ဆံရေးအကြောင်း သိနေသောကြောင့် ဂရုတစိုက် ထပ်ပြောပြလာခဲ့သည်။

"ဘာလဲ? ဘာကို သုသာန်ခန်းမလဲ?"

ကျိ‌ရွှေရှန့်က သူ့ခေါင်းကြီးတစ်ခုလုံး ပေါက်ထွက်တော့မည်ဟု ခံစားလိုက်ရသည်အထိ တုန်လှုပ်သွားခဲ့သည်။

သူတို့ ထွက်သွားတုန်းကတော့ မွေးစားအမေက နေကောင်းနေတုန်းပဲလေ။ ဒီနှစ်ရက်အတွင်းမှာ ဘာကြောင့် အခုလို ဖြစ်သွားရတာလဲ? ဘယ်လို တစ်ခုခုက အဲ့လို ဖြစ်သွားစေရတာလဲ?

ကျိ‌ရွှေရှန့်က မြင်းပေါ်က ခုန်ဆင်းကာ ရုံရှန်းကို ဆွဲထားရင်း စိုးရိမ်တကြီး ထပ်မေးလိုက်သည်။

"ငါ့ကို အသေးစိတ်ပြောပြပါ"

“ကျွန်တော်လည်း အခြေအနေကို အတိအကျ မသိရပါဘူး။ လူကြီးမင်းရှင်းနဲ့ စစ်သူကြီးချန်ကို မေးမှ ရမှာပါ”

ကျိ‌ရွှေရှန့်၏ပြင်းထန်သော တုံ့ပြန်မှုကို မြင်လိုက်ရသောကြောင့် ရုံရှန်းကလည်း အလျင်အမြန် ပြန်ရှင်းပြလိုက်သည်။

အသေးစိတ်အချက်အလက်တွေအကြောင်းကတော့ လူကြီးတွေကနေ သခင်လေးကို ပြောတာက ပိုကောင်းပါလိမ့်မယ်။ သူ မှားပြောမိမှာကို သူ ကြောက်တယ်။

စူးချင်းနှင့် ကျိရှောင်ယင်တို့က ရထားလုံးပေါ်တွင် ထိုင်နေကြပြီး အပြင်ဘက်တွင် လေနှင့် နှင်းများ ပြင်းထန်စွာ ကျရောက်နေသောကြောင့် ကျိ‌ရွှေရှန့်နှင့် ရုံရှန်းတို့၏ စကားပြောသံကို သူမတို့ မကြားနိုင်သေးပေ။ သူမတို့က ကျိ‌ရွှေရှန့် ရထားလုံး ပြန်မောင်းထွက်မည့်အချိန်ကို စောင့်နေကြပြီး အချိန်ကြာလာသောကြောင့် စူးချင်းက ရထားလုံး၏ကန့်လန့်ကာကို မတင်ကာ ရထားလုံးထဲမှ ခေါင်းထုတ်ပြီး လှမ်းမေးလိုက်သည်။

"ရွှေရှန့် ဘာဖြစ်လို့လဲ?"

"တစ်ခုခု ဖြစ်သွားခဲ့တယ်"

ကျိ‌ရွှေရှန့်က ထိုကြီးမားသော ထိုးနှက်ချက်မှ မရုန်းထွက်နိုင်သေးဘဲ လေးလေးပင်ပင် ပြန်ဖြေလိုက်သည်။

စူးချင်းက သူ့အသံတွင် တစ်ခုခု မှားနေသည်ကို ချက်ချင်း သိသွားခဲပြီး ရထားလုံးပေါ်မှ ခုန်ဆင်းကာ သူ့ဆီသို့ လှမ်းသွားလိုက်သည်။ စူးချင်း ကျိ‌ရွှေရှန့်ထံသို့ မရောက်မီ ကျုံးယုံက အနောက်မှ ပြေးလာပြီး အလောတကြီး တိုက်တွန်းလိုက်သည်။

"မြန်မြန် သွားကြရအောင်! အမေက အိမ်မှာ စောင့်နေလိမ့်မယ်”

ကျိ‌ရွှေရှန့်က သူ့၏ဒုတိယညီကို စိတ်ခံစားချက်များ ရောထွေးနေသည့် အကြည့်ဖြင့် ငေးကြည့်နေခဲ့သည်။

သူ့အမေ သေသွားပြီလို့ ကျုံးယုံကို သူ ဘယ်လို ပြောရမှာလဲ? သူ ပြောရင်ရော ကျုံးယုံက လက်ခံနိုင်ပါ့မလား?

မွေးစားအမေနဲ့ ကျုံးယုံတို့က ဆယ်နှစ်ကျော်ကြာအောင် တစ်ယောက်ကို တစ်ယောက် မှီခိုအားထားပြီး နေလာခဲ့ကြတာလေ။ သူ့အမေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတာကို ကျူံးယုံက ဘယ်လို ခံနိုင်ရည်ရှိမှာလဲ?

ကျိ‌ရွှေရှန့်၏နှလုံးသားက သူ့၏ညီအစ်ကိုကောင်းအတွက် နာကျင်နေခဲ့ပြီး သူ့နှလုံးသားကို ဓားတစ်ချောင်းဖြင့် ထိုးမွေနေသလို ခံစားလိုက်ရသည်။ မွေးစားအမေ၏ ကြင်နာသော အပြုံးများက သူ့မျက်လုံးများရှေ့တွင် တဖြည်းဖြည်း ပုံရိပ်ထင်လာပြီး သူမျက်လုံးများက မျက်ရည်များကြောင့် ဝေဝါးလာခဲ့သည်။

မွေးစားအမေက ဘာလို့ ဒီလိုအဆုံးသတ်သွားရတာလဲ? မွေးစားအမေလို လူကောင်းတစ်ယောက်က သူတို့ကို ဒီလို ထားသွားလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

သူတို့ ခွဲခွာခဲ့တာ တိုတောင်းတဲ့ နှစ်ရက်ပဲ ရှိသေးတယ်လေ၊ အခု မွေးစားအမေက သူတို့ကို ထာဝရခွဲခွာသွားခဲ့ပြီတဲ့လား? သေခြင်းတရားကြောင့် ခွဲခွာရတဲ့ ဝေဒနာကလည်း သည်းမခံနိုင်လောက်အောင် နာကျင်ရတယ်။

ကျိ‌ရွှေရှန့်က စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေပြီး သူ့ကိုသာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ကျုံးယုံလည်း စိုးရိမ်ထိတ်လန့်လာခဲ့သည်။

"အစ်ကိုကြီး ဘာတွေဖြစ်နေတာလဲ။ မင်းက ဘာလို့ ငါ့ကို အဲ့လိုစိုက်ကြည့်နေရတာလဲ?"

“ကျေးဇူးပြုပြီး ရထားလုံးတွေကို ရုံးတော်ရောက်အောင် မောင်းသွားပေးကြပါဦး။ ငါတို့ညီအစ်ကိုတွေ သုသာန်ခန်းမကို တိုက်ရိုက် သွားလိုက်မယ်”

ကျိ‌ရွှေရှန့်က သူ့စိတ်ထဲမှ ဝမ်းနည်းမှုကို ကျိတ်မှိတ်သည်းခံရင်း ရုံရှန်းကို ညွှန်ကြားလိုက်သည်။

ကျိ‌ရွှေရှန့်က သုသာန်ခန်းမကို သွားမည်ဟု ပြောလိုက်သောကြောင့် စူးချင်း၏နှလုံးခုန်သံလည်း မြန်ဆန်လာခဲ့သည်။

ညသန်းခေါင်ကြီး သုသာန်ခန်းမ သွားမှာလား? ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားခဲ့ပြီးလား?

“ကောင်းပါပြီ”

ရုံရှန်းက ညွှန်ကြားချက်ကို လက်ခံလိုက်ပြီး ကျုံးယုံကို စာနာစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ ကျုံးယုံက ဘာကြောင့်မှန်းမသိ ရင်ထိတ်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ? အစ်ကိုကြီးက ဘာလို့ ငါတို့ သုဿာန်ကို သွားမယ်လို့ ပြောနေရတာလဲ? ဘယ်သူသေလို့လဲ?"

ကျုံးယုံက ရုံရှန်းကို အော်မေးလိုက်သည်။ သူပင် သတိမထားမိသော်လည်း သူ့အသံက ထိတ်လန့်တကြား ဖြစ်နေမှန်း သိသာနေခဲ့သည်။

"ကျုံးယုံ စိတ်အေးအေးထားပါ"

ကျိ‌ရွှေရှန့်က ကျုံးယုံ အလွန်စိတ်ထိခိုက်သွားပြီး တစ်ခုခု ဖြစ်သွားမည်ကို စိုးရွံ့သောကြောင့် သူ့ကို လှမ်းဆွဲကာ အရင် နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။

"မဟုတ်ဘူး၊ ဘာကို စိတ်လျှော့ရမှာလဲ?"

ကျုံးယုံက ကျိ‌ရွှေရှန့်၏လက်ကို ခါချလိုက်သည်။

သူက ဘယ်လို စိတ်လျော့နိုင်မှာလဲ?

သူက ရုံရှန်း၏ဂုတ်ပိုးကို လှမ်းဆွဲကာ အော်မေးလိုက်သည်။

"ဘယ်သူလဲ? ဘယ်သူ သေတာလဲ? ငါ့ကို ပြောစမ်းပါ၊ ဘယ်သူ သေတာလဲလို့?"

ရုံရှန်းက ကျိ‌ရွှေရှန့်ကို ခါးသီးသော မျက်နှာဖြင့် အကူအညီ လှမ်းတောင်းနေခဲ့ပြီး ကျုံးယုံက သူ့ကို သတ်လိုက်မိမည်အား သူ စိုးရွံ့နေခဲ့သည်။

"အဲဒါက မွေးစားအမေပဲ!"

ကျိ‌ရွှေရှန့်က ကျုံးယုံကို ပြန်ဆွဲထားရင်း ဝမ်းပန်းတနည်း ပြောပြလိုက်ရင်း သူကိုယ်တိုင်လည်း မျက်ရည်များ စီးကျလာခဲ့သည်။

မွေးစားအမေက တစ်သက်လုံး ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်။ သူမ အခု ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပြီဆိုပေမယ့် ဘယ်လောက်မှတောင် ကြာကြာ ခံစားခွင့် မရသေးဘဲ ဆုံးပါးသွားရပြီ။

ကျိ‌ရွှေရှန့်က သူ့နှလုံးသားကို ဓားဖြင့် အထိုးခံရသလို ခံစားနေရပြီး သူ့အဖေ ဆုံးပါးသွားစဥ်ကကဲ့သို့ ရင်နာနေပြီး သူ့မျက်ရည်များကို မတားနိုင်တော့ပေ။

"အမေ၊ အမေလား?”

ကျုံးယုံက ကျိ‌ရွှေရှန့်ကို တုန်လှုပ်သောအသံဖြင့် ပြန်မေးလိုက်သည်။ ကျိ‌ရွှေရှန့်က ခေါင်းညိတ်ပြလိုက်ရာ ကျုံးယုံက သုသာန်ခန်းမဆီသို့ တဟုတ်ထိုး ပြေးထွက်သွားပြီး လမ်းတလျှောက်လုံး အဆုတ်ထိပ်မှ ထွက်လာသည့်အသံဖြင့် အော်ဟစ်ငိုကြွေးသွားတော့သည်။ ညအမှောင်အောက်မှ သူ့အသံက အထီးကျန်ဆန်လွန်းသဖြင့် လူအများ၏နှလုံးသားကို နာကျင်စေသည်။

စူးချင်းကလည်း သူမ၏ရင်ဘတ်ကို သူမဘာသာ ပြန်ဖိထားခဲ့သည်။

အရမ်း နာတယ်၊ သူမ တခါမှ ဒီလိုနာကျင်မှုမျိုးကို မခံစားဖူးဘူး။

စူးချင်းက သူမ၏မျက်လုံးများ ဖောင်းလာသည်ကို ခံစားလိုက်ရပြီး သူမ၏မျက်ရည်များက အထိန်းအကွပ်မရှိ စီးကျလာခဲ့သည်။

မွေးစားအမေရဲ့နူးညံ့သိမ်မွေ့တဲ့ အပြုံးကတောင် သူမရှေ့မှာ ရှိနေသေးတယ်လေ။ ဒီလိုလူကောင်းတစ်ယောက်က ချက်ချင်း သေရလိမ့်မယ်လို့ သူမ မယုံကြည်နိုင်သေးဘူး။

"မွေးစားအမေ၊ မွေးစားအမေ"

ကျိရှောင်ယင်က ကျုံးယုံ၏အော်ဟစ်သံကို ကြားသွားပြီး ရထားလုံးပေါ်မှ ခုန်ဆင်းကာ ငိုနေရင်းဖြင့် သုသာန်ခန်းမဆီသို့ တန်းပြေးသွားတော့သည်။ စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့ သုဿာန်သို့ ရောက်ရှိလာချိန်တွင် ဝံပုလွေအူသံကဲ့သို့ အော်ဟစ်နေသည့် ကျုံးယုံ၏ အသံကို ကြားလိုက်ရသည်။

(T/N : အားးး ကျုံးယုံကို သူ့အမေပေးတဲ့ Surprise ကြီးက ကြီးလွန်းတယ်.... မူရင်းသာသာက တို့တွေကို ပေးတဲ့ လူသတ်သမား plot ကြီးကလည်း ကြီးလွန်းတယ်.....)

All Chapters