စုံစမ်းစစ်ဆေးမှု
Vol. 25 Ch. 362
စူးချင်းက သုသာန်ခန်းမထဲသို့ ၀င်သွားလိုက်သည်။ အဖြူရောင် ဝိညာဉ်အလံများက လေထဲတွင် တဖျပ်ဖျပ် လွင့်ခါနေပြီး မြေပြင်ပေါ်ရှိ ငွေစက္ကူများက ခန်းမတစ်ခုလုံး ပြန့်ကျဲနေလေသည်။ ထိုနေရာသို့ ဝင်သွားရသည်က မရဏကမ္ဘာသို့ ဝင်ရောက်သွားသလိုမျိုး အထူးမှောင်မိုက်နေခဲ့သည်။
ထိုခန်းမထဲတွင် သစ်သားပြားများဖြင့် ပြုလုပ်ထားသော ခေါင်းတလား အများအပြား ရှိနေပြီး အခြားအခေါင်းများကို နံဘေးတွင် ကပ်ထားသည်။ အထိမ်းအမှတ်ခန်းမ၏အလယ်တွင် အနက်ရောင်သစ်သားခေါင်းတလားတစ်ခုသာ ရှိနေပြီး ထိုခေါင်းတလားရှေ့တွင် မီးဖိုတစ်လုံး ရှိနေသည်။ တစ်ခါတရံတွင် ထိုမီးဖိုအတွင်းမှ စက္ကူပြာများက လေနှင့်အတူ လွင့်ပျံလာတတ်သည်။ ကျုံးယုံက ခေါင်းတလားရှေ့တွင် ဒူးထောက်နေပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်ငိုကြွေးနေသည်။ ကျိရှောင်ယင်ကလည်း ခေါင်းတလား ဘေးတွင် လဲကျနေပြီး မျက်ရည်များဖြင့် ဖွဲ့စည်းထားသည့်လူကဲ့သို့ ငိုနေခဲ့သည်။
စူးချင်းကလည်း သူမကိုယ်သူမ အားတင်းထားရင်း ခေါင်းတလားဆီသို့ ကြိုးစား လျှောက်လှမ်းနေရသည်။ သူမက သူမ၏လက်သီးများကို တင်းနေအောင် ဆုပ်ထားပြီး သူမ၏နှလုံးသားတစ်ခုလုံးကို လွှမ်းခြုံနေသည့် ဝမ်းနည်းမှုကို ကြိတ်မှိတ် မျိုသိပ်နေခဲ့သည်။
ကျိရွှေရှန့်ကတော့ ခြေလှမ်းကျယ်ကြီးများဖြင့် ခေါင်းတလားဆီသို့ အလောတကြီး ချဥ်းကပ်သွားခဲ့သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် သူ့မွေးစားအမေ၏ဖြူဖျော့ဖျော့မျက်နှာပေါ်မှ သွေးစွန်းရာများကို သူ မြင်နေရပြီး ထိတ်လန့်ဖွယ် ကောင်းလှသည်။ သို့သော်လည်း ကျိရွှေရှန့်အတွက်တော့ သူ့နှလုံးသားကို ကြီးမားသောလက်တစ်စုံဖြင့် အညှစ်ခံထားသလို ခံစားနေရသည်။ သူက ခေါင်းတလားရှေ့တွင် ဒူးထောက်ပြီး အမျိုးသမီးလီကို ဦးတိုက်အရိုအသေ ပေးလိုက်သည်။
"မွေးစားအမေ၊ ကျွန်တော် အရမ်းနောက်ကျပြီးမှ ပြန်လာခဲ့မိတယ်"
စူးချင်းက သူတို့ အားလုံးထက် ပိုတည်ငြိမ်သောကြောင့် ဆင်ခြင်တုံတရားပိုရှိနေသေးသည်။
အခုက ငိုရမယ့်အချိန် မဟုတ်သေးဘူး။
စူးချင်းက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး မွေးစားမိခင်ဖြစ်သူ၏အလောင်းကို အသေအချာ စစ်ဆေးရန် ခေါင်းတလားဆီသို့ ထပ်တိုးသွားလိုက်သည်။
သူမ အချိန်ကုန်သက်သာစေရန် စူးချင်းက ရှောင်ချီကိုပါ အကူအညီတောင်းလိုက်သည်။ "ရှောင်ချီ၊ မွေးစားအမေ သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းပေးပါ”
“လေးလံတဲ့အရာနဲ့ ဦးခေါင်း အနောက်ဘက်ကို အရိုက်ခံခဲ့ရပြီး ဦးခေါင်းခွံ ကွဲအက်သွားတဲ့အပြင် ဦးနှောက်အတွင်းပိုင်းမှာ သွေးယိုစီးမှု ဖြစ်ခဲ့ပါတယ်”
အမှန်တကယ်တွင် ရှောင်ချီလည်း အလွန်ဝမ်းနည်းနေခဲ့သည်။ အမျိုးသမီးလီနှင့် ရက်အနည်းငယ်သာ အတူနေခဲ့ရသော်လည်း သူမက အမျိုးသမီးလီ၏ ကိုယ်ရည်ကိုယ်သွေးကို အလွန်နှစ်သက်သဘောကျခဲ့သည်။ အမျိုးသမီးလီက နွေဦးလေညင်းကဲ့သို့ အမြဲတမ်း နူးညံ့သိမ်မွေ့စွာ ပြုမူတက်ပြီး သူမ အချစ်ရဆုံး အဘွားလည်း ဖြစ်သည်။
ရှောင်ချီက အဖွားကို ပြန်ပြုစုခွင့်တောင် မရသေးဘူးလေ... အဲ့တာကို အဖွားက သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့တာလား?
ဝူး…ဝူး...ဝူးးးး
ရှောင်ချီက စနစ်၏ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏မျက်လုံးလေးများကို သူမ၏လက်ဖောင်းဖောင်းလေးများဖြင့် အုပ်ကာ အော်ငိုနေတော့သည်။
ခေါင်းအနောက်ဘက်မှာ ဒဏ်ရာရသွားတာလား? သူမ အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရတာလား?
အမျိုးသမီးလီ သေဆုံးသွားရသည့် အကြောင်းရင်းကို သိရပြီးနောက် စူးချင်းက သူမ၏လက်ကို ဆန့်တန်းကာ အမျိုးသမီးးလီ၏ခေါင်းကို မော့ယူလိုက်သည်။ ထို့နောက် သူမက အမျိုးသမီးလီ၏ခေါင်းအနောက်သို့ စမ်းကြည့်လိုက်ရာ သွေးခဲများ ဖုံးလွှမ်းနေသည့် ကြီးမားသော အဖုကြီးတစ်ခုကို တွေ့လိုက်ရသည်။
“တစ်ယောက်ယောက်က မွေးစားအမေရဲ့ခေါင်းကို အနောက်ကနေ ရိုက်ပြီး မွေးစားအမေကို သတ်လိုက်တာ”
စူးချင်းက ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။ ကျိရွှေရှန့်၏မျက်လုံးများက ဒေါသကြောင့် ဝင်းဝင်းတောက်လာပြီး မြေပြင်ပေါ်မှ ထရပ်လိုက်သည်။ သူက ရှင်းရူဟိုင်နှင့် ချိုးယုံခန်းကို သွားရှာပြီး သူ့၏မွေးစားအမေကို သတ်ခဲ့သူအား မေးမြန်ရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်"
စူးချင်းကလည်း သူမ၏မွေးစားအမေကို သတ်ခဲ့သည်သူအား သိချင်နေပြီး ကျိရွှေရှန့်နှင့် လိုက်သွားရန် အကြံပြုလိုက်သည်။
ကျိရွှေရှန့်က မြေပြင်ပေါ်တွင် အရုပ်ကျိုးပြတ် ငိုယိုနေရင်း သူ့ခေါင်းကို မြေပြင်နှင့် ဆောင့်နေသည့် ကျုံးယုံကို ကြည့်ကာ စူးချင်းကို ပြန်ပြောလိုက်သည်။
"မင်း ဒီမှာ နေပြီး ကျုံးယုံကို အဖော်ပြုပေးလိုက်ပါ"
စူးချင်းလည်း ကျုံးယုံကို လှမ်းကြည့်လိုက်သည်။ ကောင်လေးက အလွန် ဝမ်းနည်းနေပုံရပြီး သူ့နဖူးမှ သွေးများ ထွက်နေသည့်တိုင် သူက ဦးတိုက်အရိုအသေ ပြုနေဆဲဖြစ်သည်။
သူက သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတာလား?
"ကျုံးယုံ စိတ်ကို လျော့ပါဦး"
စူးချင်းက ကျုံးယုံကို ပြန်ထိန်းရန် လျှောက်သွားလိုက်သည်။ ကျုံးယုံက စူးချင်းကို ပြန်ကြည့်လာခဲ့ပြီး ကလေးတစ်ယောက်ကဲ့သို့ သနားစဖွယ် ငိုကြွေးနေပြန်သည်။
“ဆရာ၊ ကျွန်တော့်မှာ အမေ မရှိတော့ဘူး။ အမေ သေပြီ၊ အင့်... ဒါတွေအားလုံးက ကျွန်တော် အပြစ်ပဲ။ ကျွန်တော်သာ အမေ့ကို အိမ်မှာ တစ်ယောက်တည်းမထားခဲ့ရင် အမေ သေမှာ မဟုတ်ဘူး။ ကျွန်တော့် အပြစ်ပါ။ ကျွန်တော်က တာဝန်မကျေတဲ့ သားမိုက်ပါ"
ကျုံးယုံက သူ့လက်ကို မြှောက်လိုက်ပြီး သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ရိုက်နှက်နေပြန်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများ ထွက်ကြလာသော်လည်း သူက ရပ်တန့်ရန် ငြင်းဆန်နေသေးသည်။
စူးချင်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။
“ငိုနေရုံနဲ့ မွေးစားအမေက အသက်ပြန်ရှင်လာနိုင်မှာလား? ငါတို့ အခု သူ(မ)အတွက် လက်စားပြန်ချေရမယ်၊ မွေးစားအမေကို နာကြည်းမူတွေနဲ့ မထွက်ခွာသွားစေရဘူး”
“လက်စားချေ.... လက်စားချေ ရမယ်... ငါ့အမေကို ဘယ်သူသတ်တာလဲ? ဘယ်ကောင်က ငါ့အမေကို သတ်လိုက်တာလဲ?"
သူ့ဆရာ၏ စကားကို ကြားလိုက်ပြီးနောက် ကျုံးယုံက သူ့ကိုယ်သူ နာကျင်အောင် မလုပ်တော့ပေ။ သူက မြေပြင်မှ ခုန်ထလိုက်ပြီး တံခါးပေါက်ဆီသို့ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သူ၏ မိုးခြိမ်းသံလို အသံကြီးက မော့ချန်တစ်ခွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
သူ့ညီအစ်ကိုကောင်း၏ အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မျက်ရည်များစီးကျလာပြန်သည်။ ခဏအကြာတွင် သူက သူ့မျက်ရည်များကို ခပ်ကြမ်းကြမ်း ပြန်သုတ်လိုက်ပြီး ချိုးယုံခန်း၏အိမ်ဆီသို့ ဦးတည်လိုက်သည်။
သူ ထွက်သွားချိန်မှာ သူက မော့ချန်ကို ချိုးယုံခန်းနဲ့ ချန်ယွိဆီကို လွှဲပြောင်းပေးခဲ့တယ်။ အခုတော့ သူတို့က မြို့ကို ဘယ်လို စီမံခန့်ခွဲနေကြတာလဲ?
ကျိရွှေရှန့်က ချိုးယုံခန်း၏ အိမ်တံခါးဆီသို့ လျှောက်လာခဲ့ပြီး မီးများ ငြိမ်းထားပြီးသည်ကို တွေ့လိုက်ရသည်။ အဘိုးကြီးချိုးက အသက်ကြီးလွန်းနေပြီ ဖြစ်ကာ ထိတ်လန့်သွားမည်ကို စိုးရိမ်သောကြောင့် တံခါးခေါက်တော့မည့် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ချန်ယွိကို သွားမေးရန် ဆုံးဖြတ်လိုက်သည်။
သူ နောက်သို့ပြန်လှည့်လိုက်ချိန်တွင် ပင်ပန်းနေသည့် ခြေလှမ်းများဖြင့် ပြန်လာနေသည့် ချိုးယုံခန်းကို တွေ့လိုက်ရသည်။ ကျိရွှေရှန့်က သူ့ကို ဆီးကြိုရန် ကြီးမားသည့် ခြေလှမ်းနှစ်လှမ်းဖြင့် သူ့ဆီသို့ အရောက်လှမ်းသွားလိုက်သည်။
"ယုံခန်း၊ မွေးစားအမေက ဘယ်လိုသေသွားရတာလဲ?"
ချိုးယုံခန်း ဘာတွေ တွေးလာမှန်း မသိနိုင်သော်လည်း ကျိရွှေရှန့်က ရုတ်တရက် ရောက်လာသောကြောင့် သူ ထိတ်လန့်သွားပုံရပြီး ကျိရွှေရှန့်ကို တွေ့လိုက်ရမှ သူ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ရွှေရှန့်၊ နောက်ဆုံးတော့ မင်း ပြန်လာပြီ"
ချိုးယုံခန်းက သူ့၏ကယ်တင်ရှင်ကို တွေ့သွားသလိုမျိုး စိတ်လှုပ်ရှားနေပြီး သူ့၏လက်နှစ်ဖက်ဖြင့် ကျိရွှေရှန့်ကို လှမ်းဖက်လိုက်သည်။
"မွေးစားအမေ ဘယ်လိုသေသွားရတာလဲ?"
ကျိရွှေရှန့်ကတော့ နှုတ်ဆက်စကားပင် မပြောနိုင်ဘဲ အလောတကြီး မေးမြန်းနေခဲ့သည်။
“ငါ မသိဘူး။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း မနေ့ကနဲ့ ဒီနေ့ မြို့ထဲမှာ လူသတ်မှု ၃ မှု ဖြစ်ပွားခဲ့တယ်။ တစ်ယောက်က အပေါင်ဆိုင်ပိုင်ရှင်၊ နောက်တစ်ယောက်က မော့ချန်ကို ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်၊ နောက်ဆုံးတစ်ယောက်ကတော့ မင်းရဲ့မွေးစားအမေပဲ။ ချွန်ထက်တဲ့ လက်နက်တစ်ခုခုနဲ့ သူတို့ရဲ့ဦးခေါင်းအနောက်ဘက်ကိ အရိုက်ခံကြရတယ်။ စစ်သူကြီးချန်ကတော့ မကြာသေးခင်က မြို့ထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတယ်။ သူတို့က လုယက်ဖို့ ရည်ရွယ်ချက်နဲ့ မြို့ထဲကို ဝင်လာတာ ဖြစ်နိုင်တယ်။ ကံမကောင်းစွာတဲ့ပဲ မင်းရဲ့မွေးစားအမေက သူတို့ရဲ့ပစ်မှတ် ဖြစ်သွားခဲ့တယ်"
ချိုးယုံခန်း၏အသံက အလွန်လေးလံနေလည်း သူလည်း အလွန်စိတ်မကောင်း ဖြစ်နေကြောင်း ထင်ရှားနေခဲ့တယ်။ စစ်သူကြီးချန်၊ ရှင်းရူဟိုင်တို့နှင့် ထိုကိစ္စများ ဆွေးနွေးနေခဲ့သောကြောင့် သူ နောက်ကျမှ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ချိုးယုံခန်းက သူ့ကိုယ်သူ အပြစ်တင်နေဟန်ဖြင့် ခေါင်းငုံလိုက်ရင်း "ရွှေရှန့်၊ ငါ တောင်းပန်ပါတယ်။ မင်းက မော့ချန်ကို စီမံခန့်ခွဲဖို့ ငါ့ဆီမှာ အပ်ထားခဲ့ပေမယ့် ငါ ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူး”
“ဒီကိစ္စကို အရင်မပြောနဲ့။ မွေးစားအမေ ဘယ်မှာ အသတ်ခံခဲ့ရတာလဲဆိုတာကို အရင် ပြောပြ။ မွေးစားအမေက ဘယ်တုန်းကမှ အပြင်ကိုထွက်တဲ့သူ မဟုတ်ဘူး၊ ဒီ မမျှော်လင့်ထားတဲ့ ဘေးဆိုးကြီးကို သူ(မ) ဘယ်လို ကြုံတွေ့ခဲ့ရတာလဲ?”
ကျိရွှေရှန့်က ချိုးယုံခန်း၏တောင်းပန်မှုကို ချက်ချင်းတားဆီးလိုက်သည်။
အခု တောင်းပန်တာက အသုံးမဝင်တော့ဘူး။ အမှန်တရားကို အရင် ရှာရမယ်။
“အရက်ချက်ရုံနားက လမ်းကြားမှာ”
ချိုးယုံခန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး အမျိုးသမီးလီအား ရှာဖွေတွေ့ရှိခဲ့သည့်အချိန်နှင့် အခြေအနေကို ထပ်ရှင်းပြလိုက်သည်။
“မနေ့မနက်က လူတစ်ယောက်က အဲ့လမ်းကြားကနေ ဖြတ်သွားပြီး မင်းတို့ မွေးစားအမေ သွေးအိုင်ထဲမှာ လဲကျနေတာကို တွေ့ခဲ့တယ်။ ငါတို့ အပြေးအလွှား သွားကြည့်တော့ သူ(မ)ရဲ့ခန္ဓာကိုယ်က တောင့်တင်းနေပြီ။ သူ(မ) သေဆုံးပြီးတာ တော်တော်ကြာနေပုံပဲ။ အဲ့နေရာမှာ လာစူးစမ်းတဲ့လူ တော်တော်များများ ရောက်နေပြီး အခင်းဖြစ်ပွားတဲ့နေရာက သဲလွန်စတွေကို ဖျက်စီးမိသလို ဖြစ်သွားခဲ့တယ်၊ အသုံးဝင်တဲ့ သဲလွန်စကို မရှာနိုင်တော့ဘူး”
"အရက်ချက်ရုံ? မွေးစားအမေက ဘာလို့ အရက်ချက်ရုံကို သွားခဲ့တာလဲ”
ကျိရွှေရှန့်က နားမလည်နိုင်ဖြစ်နေခဲ့သည်။
စူးချင်းက သူမရဲ့အရက်ချက်ရုံကို ရွှေ့သွားပြီးပြီ။ အခု အိမ်အလွတ်ပဲ ကျန်တော့တယ်။ မွေးစားအမေက ဘာလို့ အဲ့နေရာကို သွားနေသေးတာလဲ?
ချိုးယုံခန်းက ခေါင်းခါလိုက်ပြီး “ငါလည်း မသိဘူး။ အဲ့ဒါကို မင်းတို့ရဲ့မွေးစားအမေကပဲ သိမှာကိုတော့ ငါ ကြောက်တယ်။ သူ(မ) စူးချင်းအတွက် သွားကြည့်ချင်နေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် စူးချင်းက အရက်ချက်စက်ရုံ ပြန်လာဖွင့်မှာကို သူ(မ) မျှော်လင့်နေတာ ဖြစ်နိုင်မလား?”
"ကျန်တဲ့ အလောင်းနှစ်လောင်းကရော ဘယ်မှာလဲ? သုသာန်ခန်းမမှာပဲလား?"
စူးချင်း၏ အသံက ချိုးယုံခန်းအနောက်မှ ထွက်ပေါ်လာသည်။
ချိုးယုံခန်းက စူးချင်းကို ပြန်လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ သူတို့အားလုံး သုသာန်ခန်းမမှာ ရှိတယ်။ ကျုံးယုံရဲ့အမေအတွက် ခေါင်းတလားကို သီးခြားဝယ်ပေးခဲ့တာ။ တခြားအခေါင်းတွေနဲ့ မတူဘူး။ ဒါပေမယ့် မော့ချန်ရဲ့အခြေအနေတွေက အကန့်အသတ်ရှိတယ်၊ အဲ့ဒါကြောင့် အနက်ရောင် သစ်သားခေါင်းတလားကိုပဲ ဝယ်နိုင်ခဲ့တယ်”
စူးချင်းက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ရာ ချိုးယုံခန်းက သူ့ကိုယ်သူ အပြစ်တင်နေပုံရပြီး သူလည်း စိတ်ပင်ပန်းနေပုံရသည်ကို သူမ တွေ့လိုက်ရသည်။
သူလည်း ကိုယ်အလေးချိန် အများကြီး ကျသွားတော့ ဒီကိစ္စက သူ့ကို စိတ်ထိခိုက်စေခဲ့တာ ထင်ရှားနေတယ်လေ။
"ကျေးဇူးတင်ပါတယ် ယုံခန်း"
ကျိရွှေရှန့်က ယုံခန်း၏ ပခုံးကို ပုတ်လိုက်သည်။
ယုံခန်းက တွေးတောဆင်ခြင်နိုင်ပြီး သူ့ရဲ့ မွေးစားအမေအတွက် ခေါင်းတလားကို ဝယ်ပေးခဲ့သေးတယ်။ အနည်းဆုံးတော့ သူ့ရဲ့မွေးစားအမေက ဆင်းဆင်းရဲရဲနဲ့ မသေဆုံးရတော့ဘူး။
"တကယ်တော့ ဒီနေရာကို ကောင်းကောင်း မစောင့်ရှောက်နိုင်တဲ့ ငါ့အပြစ်တွေပါ"
ယုံခန်းက အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံနေလေသည်။ သူလည်း အလွန်ဝမ်းနည်းနေပုံရပြီး သူ့အသံကပင် ဆို့နင့်နေဟန်ရှိသည်။
"ငါ ဒါကို ကျုံးယုံကို ဘယ်လိုရှင်းပြရမလဲ?"
“ဘယ်သူမှလည်း ဒီလို မဖြစ်ချင်ဘူးလေ။ မင်း အရင်ပြန်သွား အနားယူလိုက်ပါ"
ကျိရွှေရှန့်က ချိုးယုံခန်းကို နှစ်သိမ့်ပေးလိုက်သည်။
ဒါမျိုးကို ဘယ်သူကမှ ကြိုတင်ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ သူ့ရဲ့မွေးစားအမေကရော အန္တရာယ်ရှိမှန်းသိနေရင် အဲ့နေရာကို သွားပါ့မလား?
"ကောင်းပြီ၊ မင်းတို့လည်း စောစော အနားယူသင့်တယ်"
ချိုးယုံခန်းက ကျိရွှေရှန့်၏အကြံပေးချက်ကို လက်ခံလိုက်ပြီး သူတို့ကို ပြန်နှုတ်ဆက်လိုက်သည်။
သူ တကယ် တောင့်မခံနိုင်တော့ဘူး။
သုသာန်ခန်းမသို့ ပြန်လာရာလမ်းတွင် စူးချင်းနှင့် ကျိရွှေရှန့်တို့က စကားမပြောခဲ့ကြပေ။ စူးချင်းက သူမကိုယ်မသူ အပြစ်တင်နေခဲ့ပြီး ကျုံးယုံကို ခေါ်သွားမိသည့်အတွက် နောင်တရနေခဲ့သည်။
သူမသာ ကျုံးယုံကို တာ့ချန်လိုက်ခဲ့ဖို့ မပြောခဲ့ရင် မွေးစားအမေ သေရမှာ မဟုတ်ဘူး။
"ရွှေရှန့်၊ မွေးစားအမေက ဘာလို့ အရက်ချက်ရုံကို သွားရတာလဲ?"
စူးချင်းက နားမလည်နိုင်ဖြစ်နေခဲ့သည်။
သူမ ပြန်လာပြီး မွေးစားအမေရဲ့အိမ်မှာ တစ်ညနေခဲ့ပြီးပြီလေ။ မွေးစားအမေက သူမကြောင့် အရက်ချက်ရုံကို သွားကြည့်ခဲ့တယ်တဲ့လား? ဘယ်လို စဉ်းစား စဥ်းစား အဲ့တာက လုံးဝ မဖြစ်နိုင်ဘူး...