← Chapters

ကျုံးယုံအတွက် အံ့အားသင့်စရာက ဘာလဲ?

Vol. 25 Ch. 363

ကျုံးယုံအတွက် အံ့အားသင့်စရာက ဘာလဲ?

Vol. 25 Ch. 363

“သူ(မ) ကလေးတွေဆီကို သွားဖို့ ကျောင်းဘက်ကို သွားရင်း အရက်ချက်ရုံနားက လမ်းမှာ တိုက်ခိုက် ခံလိုက်ရတာလား?”

သူ ထိုသို့ ပြောလိုက်သော်လည်း ကျိ‌ရွှေရှန့်ကိုယ်တိုင် မရေရာ မသေချာ ဖြစ်နေခဲ့သည်။

ကျောင်းကို သွားတဲ့လမ်းကလည်း အရက်ချက်စက်ရုံကို ဖြတ်မသွားရဘူး။ အဲဒီနှစ်နေရာက နည်းနည်း ဝေးတယ်။

စူးချင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေရင်းမှ သူမ၏ခေါင်းကို မော့လိုက်ကာ ကျိ‌ရွှေရှန့်ကို ပြန်မေးလိုက်သည်။

"သူ(မ)ကို သိတဲ့လူက ခေါ်သွားတာ ဖြစ်နိုင်လား?"

"ဒါလည်း ဖြစ်နိုင်တယ်"

ကျိ‌ရွှေရှန့်က ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် မွေးစားအမေက ဖော်ရွေပြီး အခြားသူတွေနဲ့ ရန်ငြိုး မရှိဘူး။ တစ်ယောက်ယောက်က သူ(မ)ကို သတ်ဖို့ အရက်ချက်ရုံဘက်ကို တမင်တကာ မျှားခေါ်တယ်ဆိုတာက နည်းနည်းတော့ ယုတ္တိမရှိဘူး”

စူးချင်းလည်း စိတ်ရှုပ်သွားပြန်သည်။

ရွှေရှန့် ပြောတာ မှန်တယ်။ မွေးစားအမေက အဲ့လို စရိုက်ကောင်းတွေ ရှိတယ်။ ဘယ်သူနဲ့ပဲ စကားပြောပြော သူမက အမြဲပြုံးနေတတ်တယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးဖို့ ကျောင်းကို သွားတာအပြင် သူမက အိမ်မှာပဲနေရင်း အိမ်အလုပ်တွေကိုပဲ လုပ်နေလေ့ရှိတယ်။ သူမက အခြားသူများတွေနဲ့ ပြောဆိုဆက်ဆံခဲတယ်။ သူမက ဘယ်သူကို ဘယ်လို စော်ကားမိနိုင်မှာလဲ? ဒါမှမဟုတ်ရင် သူမကို သတ်ပစ်ရလောက်တဲအထိ တခြားသူရဲ့အထိခိုက် မခံနိုင်တဲ့နေရာကို သွားထိမိလို့လား?

“မွေးစားအမေက သူလျှိုကို မတော်တဆ တွေ့သွားခဲ့ပြီး သူလျှိုက နှုတ်ပိတ်ခဲ့တာ ဖြစ်နိုင်မလား?”

ကျိ‌ရွှေရှန့်က ပိုဖြစ်နိုင်ချေရှိသည့် အကြောင်းပြချက်ကို တွေးမိသွားခဲ့သည်။

သူလျှိုက သူ ဖော်ထုတ်ခံရမှာစိုးရိမ်ပြီး မွေးစားအမေကို သတ်ခဲ့တာလည်း ဖြစ်နိုင်တယ်။

"ယုံခန်းက မြို့ထဲမှာ အလားတူ လူသတ်မှု သုံးခု ရှိခဲ့တယ်လို့ ပြောခဲ့တယ်၊ ဖြစ်နိုင်တာက လုယက်ဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာ ဖြစ်ဖို့ အများဆုံးပဲ"

စူးချင်း၏မျက်လုံးများက စူးရှလာခဲ့သည်။

အခြားမြို့တွေက ဒုက္ခသည်တွေကို မြို့ထဲ ဝင်ခွင့်မပြုခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ လူတွေ သူတို့ ရှင်သန်ဖို့ စွန့်စားနိုင်ကြပြီး သူတို့အတွက်ဆိုရင် ဘာမဆို လုပ်နိုင်တဲ့အထိ လူစိတ်ပျောက်သွားတတ်ကြတယ်။

“အရင်တုန်းက ကိုယ်တို့ ဒီအချက်ကို လစ်လျူရှုခဲ့မိကြတယ်။ ဒုက္ခသည်တွေကို စီမံခန့်ခွဲဖို့ အာရုံစိုက်ပြီး သူတို့ကို စောင့်ရှောက်ဖို့ လူတွေကို စေလွှတ်သင့်တယ်။ သူတို့ ငတ်မသေအောင်နဲ့ ရှင်သန်နိုင်ဖို့ အစားအစာတွေ ပေးဝေရမယ်။ ဒါက မော့ချန်ရဲ့ လုံခြုံရေးကို သေချာစေမယ့် တစ်ခုတည်းသော နည်းလမ်းပဲ”

ကျိ‌ရွှေရှန့်က သူ၏အမှားများမှ သင်ယူခဲ့ပြီး ယခင်က သူ အလွန်ပေါ့လျော့လွန်းသည်ဟု ခံစားနေရသည်။

သူက တင်းကျပ်တဲ့ ကြီးကြပ်မှုမရှိဘဲ ဒုက္ခသည်တွေကို ဝင်ခွင့်ပေးလိုက်တာကကြောင့် သူ့ရဲ့မွေးစားအမေကို သေစေခဲ့တယ်။

"ကျွန်မတို့ ထွက်သွားတုန်းက မွေးစားအမေက ကျုံးယုံအတွက် အံ့အားသင့်စရာ ရှိတယ်လို့တောင် ပြောခဲ့သေးတယ်။ အဲ့အချိန်က ထာဝရ နှုတ်ဆက်ခွဲခွာခြင်း ဖြစ်မယ်လို့ ကျွန်မ မမျှော်လင့်ခဲ့မိဘူး"

စူးချင်းက စိတ်မသက်မသာ ဖြစ်နေပြီး အလွန်ဆို့နင်နေခဲ့သည်။

အဲ့နေ့က မွေးစားအမေက သူမတို့အတွက် အရသာရှိတဲ့ အစားအသောက်တွေ ချက်ဖို့ စောစောထခဲ့ပြီး သူမတို့ ထွက်သွားတဲအချိန်မှာလည်း အိမ်ပေါက်ဝအထိ လိုက်ပို့ပေးခဲ့တယ်။ အဲ့နေ့က မွေးစားအမေရဲ့ မခွဲခွာချင်လို့ တွန့်ဆုတ်နေတဲ့ အကြည့်တွေက သူမ စိတ်ထဲမှ ဆွဲထင်နေပြီး ဘယ်တော့မှ ဖယ်ထုတ်လို့ရနိုင်တော့မှာ မဟူတ်ဘူး။

"အံ့အားသင့်စရာလား? ကျုံးယုံအတွက် အံ့အားသင့်စရာက ဘာလဲ?"

စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ကျိ‌ရွှေရှန့်က စိတ်ရှုပ်စွာ ပြန်မေးလိုက်သော်လည်း စူးချင်းက ခေါင်းပြန်ယမ်းပြ လိုက်သည်။

“ကျွန်မလည်း မသိဘူး။ အဲဒီအချိန်က မွေးစားအမေက ပြုံးနေပြီး သူ(မ) အရမ်းပျော်နေတာကိုပဲ ကျွန်မ ခံစားခဲ့ရတယ်”

"သူ(မ) ကျုံးယုံကို လက်ထပ်ပေးတော့မှာလား?"

ဤအရာက သူ့၏မွေးစားမိခင်ကို ပျော်ရွှင်စေမည့် တစ်ခုတည်းသောအရာဖြစ်သည်ဟု ကျိ‌ရွှေရှန့် ခံစားလိုက်မိသည်။

“မွေးစားအမေက ကျုံးယုံအတွက် လက်ထပ်ခွင့်တောင်းဖို့ ထိမ်းမြားလက်ဆောင်တစ်ခုခု သွားဝယ်ခဲ့တာ ဖြစ်နိုင်တယ်။ တစ်စုံတစ်ယောက်က သူ(မ)ကို သတိထားမိပြီး သူ(မ)ရဲ့ပိုက်ဆံကို လိုချင်လို့ မွေးစားအမေကို သတ်လိုက်တာ ဖြစ်နိုင်မလား?”

ကျိ‌ရွှေရှန့်၏စကားက စူးချင်းကို ဉာဏ်အလင်းရသွားစေခဲ့သည်။

“မွေးစားအမေက ပိုးထည်တွေ၊ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေကိုလည်း မ၀တ်ထားခဲ့ဘူး။ လုယက်ချင်တဲ့သူတွေက ချမ်းသာတဲ့သူတွေကိုပဲ ပစ်မှတ်ထားကြတယ်။ အခု သူ(မ)ဆီမှာ ပိုက်ဆံတွေ တွေ့သွားတာကြောင့် သူ(မ)ကို သတ်လိုက်တာ ဖြစ်နိုင်မလား?”

"အိမ်ပြန်ပြီး ရှောင်ယင်ကို ကြည့်ခိုင်းရအောင်"

စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ကျိ‌ရွှေရှန့်ကလည်း ဤအကြောင်းအရာက ဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည်ဟု ‌တွေးမိသွားခဲ့သည်။ နှစ်ယောက်သား အရှိန်မြှင့်ကာ သုသာန်ခန်းမဆီသို့ လျှောက်လာခဲ့ကြသည်။

ကျိရှောင်ယင်က သူတို့၏မွေးစားအမေနှင့် အတူနေခဲ့ပြီး သူတို့၏မွေးစားအမေက ပိုက်ဆံများအား မည်သည့်နေရာတွင် ထားသည်ကို သူမ သိနိုင်ပေးလိမ့်မည်။ သူတို့က ကျိရှောင်ယင်ကို အိမ်ပြန်ခိုင်းပြီး မွေးစားအမေ၏ပိုက်ဆံများ ရှိ မရှိ ကြည့်ခိုင်းချင်နေကြသည်။

ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့ နာရေးခန်းမသို့ ပြန်ရောက်လာချိန်တွင် သူ့အမေအတွက် ကြေကြေကွဲကွဲ ငိုကြွေးနေသည့် ကျုံးယုံ၏နှလုံးကွဲဖွယ်ငိုသံကို တံခါးအပြင်ဘက်မှ ကြားနေရသည်။ ထိုအသံက သူတို့၏နှလုံးသားများပေါ်သို့ ခဲဖြင့်အဖိခံလိုက်ရသလို လေးလံသွားစေခဲ့သည်။

"ကျုံးယုံ၊ အရမ်း ဝမ်းမနည်းပါနဲ့တော့"

ကျိ‌ရွှေရှန့်က သူ့ညီအစ်ကိုကောင်း၏ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

တကယ်တော့ သူ အခု ဒီလိုနှစ်သိမ့်ပေးနေတာက ဘာမှ အသုံးမဝင်တော့ဘူး။ ကျုံးယုံအတွက် သူ့အမေ့ကို ဘယ်သူပြန်ပေးနိုင်တော့လို့လဲ?

အရင်က အမြဲတမ်း ပေါချာချာ ရယ်မောနေခဲ့ဖူးတဲ့ သူရဲ့ညီလေးက အခုတော့ ကလေးတစ်ယောက်လို ကူကယ်ရာမဲ့ ငိုကြွေးနေရှာတယ်။

"အစ်ကိုကြီး၊ ယုံအာမှာ အမေ မရှိတော့ဘူး"

သာမန်လူများ၏နှစ်ကိုယ်စာလောက် ကြီးမားသည့် ကျုံးယုံက ကျိ‌ရွှေရှန့်၏ပခုံးပေါ်သို့ မှီချလိုက်ပြီး ကျယ်ကျယ်လောင်လောင် ငိုကြွေးနေပြန်သည်။

"ကျုံးယုံ၊ အခု ငိုနေတာက အသုံးမဝင်‌တော့ဘူး။ မွေးစားအမေကို ဘယ်သူသတ်ခဲ့လဲဆိုတာ စုံစမ်းရမယ်”

ကျိ‌ရွှေရှန့်က ကျုံးယုံ၏ ပုခုံးကို ဖွဖွလေး ပုတ်ပေးနေသော်လည်း သူ့မျက်လုံးများမှ ကြောက်မက်ဖွယ် သတ်ဖြတ်ရိပ်များ ထုတ်လွှတ်နေခဲ့သည်။

သူ့မွေးစားအမေကို သတ်တဲ့ လူယုတ်မာကို သူကိုယ်တိုင် ပြန်သတ်ပစ်မယ်။

“ဟုတ်တယ်၊ အမေ့ကို သတ်တဲ့သူကို ရှာတွေ့တာနဲ့ သူ့ကို ရှစ်ပိုင်းခွဲပစ်မယ်”

ကျုံးယုံက မုန်းတီးမှုအပြည့်ဖြင့် အံကြိတ်ထားပြီး သူ့မျက်လုံးများထဲတွင် သွေးရောင်များ လွှမ်းနေခဲ့သည်။

“ဒီကိစ္စကို ငါတို့နဲ့ လွှဲထားလိုက်ပါ။ ဘယ်သူက မွေးစားအမေကို သတ်ခဲ့တယ်ဆိုတာ ငါတို့ မကြာခင် သိရလိမ့်မယ်”

စူးချင်းက ကျုံးယုံကို အာမခံပေးလိုက်ပြီး သူမ၏စိတ်ထဲမှ ဆက်ကတိပေးလိုက်သည်။

မွေးစားအမေကို သတ်တဲ့လူကို ရှာတွေတာနဲ့ အဲ့လူကို သူမကိုယ်တိုင် သတ်ပစ်မယ်၊ သူ့ကို အရှင်လတ်လတ် အရေခွံခွာမယ်၊ သူ့အရွတ်တွေကို ဆွဲထုတ်ပြီး သူ့အရိုးတွေကို ပြာဖြစ်တဲ့အထိ ကြိတ်ချေမယ်။

"ရှောင်ယင်၊ ငါနဲ့ အိမ်ကို ပြန်လိုက်ခဲ့"

ကျိရှောင်ယင်က အမျိုးသမီးလီ၏ခေါင်းတလားရှေ့တွင် ဒူးထောက်လျက် ငိုကြွေးနေဆဲသည် ဖြစ်သည်။ စူးချင်းက သူမဆီသို့ လျှောက်သွားလိုက်ပြီး သူမကို ဆွဲထူလိုက်သည်။

“ကျွန်မ မပြန်ဘူး။ ကျွန်မ မွေးစားအမေနဲ့အတူ ဒီမှာ နေချင်တယ်"

ကျိရှောင်ယင်က ခေါင်းတလားဘေးတွင် ဒူးထောက်နေဆဲဖြစ်ကာ ထွက်ခွာရန် ငြင်းဆန်နေခဲ့သည်။

သူမ တာ့ထန်ကို အပျော်သဘောနဲ့ လိုက်သွားမိတာကို သူမ နောင်တရတယ်။ သူမသာ မွေးစားအမေနဲ့ အိမ်မှာ နေခဲ့ရင် မွေးစားအမေ သေမှာ မဟုတ်ဘူး။

“မင်း ငါနဲ့ လိုက်ခဲ့ပြီး မွေးစားအမေသိမ်းထားတဲ့‌ ငွေကို အကုန်လုံး ရှိ မရှိ သွားပြန်ကြည့်မှ ဖြစ်မယ်”

စူးချင်းက ကျိရှောင်ယင်၏လက်ကို ဆုပ်ကိုင်ထားရင်း သူမ၏မျက်ရည်စများပြည့်နေသော မျက်နှာကို တည့်တည့်ကြည့်ကာ ထပ်ပြောလိုက်သည်။ သို့သော်လည်း ကျိရှောင်ယင်၏လက်များ အေးစက်နေသည်ကို သူမ ခံစားနေရသည်။ ကျိရှောင်ယင်က ငယ်ငယ်ကတည်းက မိခင်မရှိသော ကလေးဖြစ်ပြီး မိခင်မေတ္တာကို ‌တောင်းတနေခဲ့သည့် ကျိရှောင်ယင်အတွက် အမျိုးသမီးလီက မိခင်မေတ္တာကို ဖြည့်ဆည်းပေးခဲ့သည်။ ထို့ကြောင့် ကျိရှောင်ယင်က အမျိုးသမီးလီကို သူမ၏မိခင်အရင်းသဖွယ် ဆက်ဆံခဲ့သည်။ အမျိုးသမီးလီကို ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်းက သူမကို နာကျင်စေသည်မှာ မေးနေရန် မလိုတော့ပေ။

"ပိုက်ဆံကို သွားကြည့်ရဦးမှာလား?"

ကျိရှောင်ယင် ငိုနေရင်း ခေါင်းယမ်းလိုက်သည်။

မွေးစားအမေက သေနေပြီလေ၊ ပိုက်ဆံကို ဘာလို သွားကြည့်နေဦးမှာလဲ?

“လူသတ်သမားကို ရှာဖို့ မွေးစားအမေကို ဘာလို့သတ်တယ်ဆိုတဲ့ အကြောင်းအရင်းကို အရင် အတည်ပြုရမယ်"

ကျိရှောင်ယင်က နားလည်မှုလွဲသွားသည်ကို သိလိုက်သောကြောင့် စူးချင်းက တိုးတိုးလေး ပြန်ရှင်းပြလိုက်သည်။

"ငွေအတွက်လား?"

ကျိရှောင်ယင်က နားလည်သွားပြီး မျက်ရည်များကို သုတ်နေရင်းဖြင့် စူးချင်းကို ပြန်မေးလိုက်သည်။

ဘေးနားတွင် ရှိနေသည့် ကျုံးယုံက သူမ၏စကားသံကို ကြားသွားပြီး ဝံပုလွေတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြန်သည်။

"ဘယ်ကောင်က ငါ့အမေကို ပိုက်ဆံအတွက်နဲ့ သတ်နိုင်ရတာလဲ? ငါ သူ့အရိုးတွေကို ချိုးပစ်တယ်"

“ငါတို့ သေချာ မသိရသေးဘူး။ စုံစမ်းဖို့ လိုသေးတယ်”

စူးချင်းက ကျုံးယုံ အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေသည်ဟု ခံစားမိသည်။ ထို့ကြောင့် သူမက ကျုံးယုံကို စုံစမ်းစစ်ဆေးမှုတွင် မပါဝင်ခိုင်းဘဲ သူ့အမေနှင့်အတူ နေပေးရန် နာရေးခန်းမတွင် ချန်ထားရစ်ခဲ့သည်။

“မင်းက မွေးစားအမေကို ဝတ်ပြုရဦးမယ်”

"ရွှေရှန့်၊ ကျုံးယုံ"

ချိုးယုံခန်းက အထုပ်တစ်ထုပ်နှင့် အိတ်တစ်လုံးကို ကိုင်ကာ နာရေးခန်းမဆီသို့ လျှောက်လာခဲ့သည်။

“ငါ့အမေနဲ့ အဒေါ်တချို့က နာရေးအဝတ်အစားတွေနဲ့ ဦးထုပ်တွေ လုပ်ပေးဖို့ ကူညီခဲ့ကြတယ်”

ချိုးယုံခန်းက အထုတ်ကို ကျိ‌ရွှေရှန့်ထံ လှမ်းပေးလိုက်ပြီး အိတ်ကိုလည်း ထပ်လွှဲပေးလိုက်ကာ “ဒါတွေအားလုံးက ရွှေစက္ကူ၊ ငွေစက္ကူတွေပါ၊ တာ့နျိုနဲ့ ငါ ဒီမှာ တစ်ညလုံး စောင့်ပေးခဲ့ပြီး ရွှေစက္ကူ၊ ငွေစက္ကူ တော်တော်များများကို မီးရှို့ပေးခဲ့ကြတယ်။ ဒါပေမယ့် မင်းရဲ့မွေးစားအမေက ငါတို့မီးရှို့ပေးတဲ့ ရွှေစက္ကူ၊ ငွေစက္ကူတွေကို လက်ခံနိုင်ပါ့မလားတော့ မသိဘူး”

ချိုးယုံခန်းက အလွန်စဉ်းစားပေးတတ်သည်ဟု ဆိုနိုင်ပေသည်။ ကျိ‌ရွှေရှန့်တို့ ကသီကလင် မဖြစ်စေရန် သူတို့ လိုအပ်နိုင်သမျှကို တွေးကာ ပြင်ဆင်ပေးထားခဲ့သည်။

"ကျေးဇူးတင်ပါတယ်၊ ယုံခန်း"

ကျိ‌ရွှေရှန့်က ချိုးယုံခန်း၏ပခုံးကို ပုတ်လိုက်ပြီး ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

"ကျုံးယုံ၊ မင်းရဲ့ဆုံးရှုံးမှုအတွက် ငါ တကယ်ကို စိတ်မကောင်းပါဘူး"

ချိုးယုံခန်းက ကျုံးယုံဆီသို့ လျှောက်လာပြီး ဝမ်းနည်းစွာ နှစ်သိမ့်ပေးလိုက်သည်။

“အမေ…”

ကျုံးယုံက သူ့ကို စကားပြန်ပြောရန် အာရုံမစိုက်နိုင်ဘဲ မိခင်ဖြစ်သူ၏ခေါင်းတလားပေါ်တွင် လဲလျောင်းကာ ငိုကြွေးနေပြန်သည်။ သူ၏ ငိုညည်းသံက ဝံပုလွေအူသံကဲ့သို့ အထီးကျန်ဆန်လွန်းလှသည်။

"ကျုံးယုံ မင်းအဝတ်တွေ လဲ၀တ်လိုက်ဦး"

ကျိ‌ရွှေရှန့်က ချိုးယုံခန်း ယူလာပေးသည့် အထုပ်ကို ဖွင့်လိုက်ပြီး ကျုံးယုံအတွက် နာရေးအဝတ်အစားများကို ထုတ်ပေးလိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း ဝတ်ဆင်လိုက်သည်။

သူလည်း မွေးစားအမေအတွက် ဝမ်းနည်းစရာခြင်းအထိမ်းအမှတ် အဝတ်အစားတွေ ဝတ်ဖို့ ဆန္ဒရှိပါတယ်။

ချိုးယုံခန်းက သူတိုအတွက် အလွန်ဂရုစိုက်ပေးခဲ့ပြီး သူတို့အတွက် နာရေးအဝတ်အစားနှစ်စုံကို ပြင်ဆင်လာခဲ့ရုံသာမက ကျိရှောင်ယင်နှင့် စူးချင်းတို့အတွက်လည်း ပြင်ဆင်ပေးခဲ့သည်။ လီတာနျိုနှင့် ကျန်းလောင်ချီတို့အတွက်လည်း အဝတ်အနည်းငယ် ရှိနေခဲ့သည်။ သူတို့က ကျုံးယုံ၏အစ်ကိုကောင်းများ ဖြစ်သောကြောင့် ကျုံးယုံအတွက် ဝမ်းနည်းစရာဝတ်စုံများ ဝတ်ပေးခြင်းဖြင့် သူတို့၏ခင်မင်ရင်းနှီးမှုကို ပြသကြသည်။

"ရှောင်ယင်၊ အရမ်း ဝမ်းမနည်းပါနဲ့တော့"

ကျိရှောင်ယင်က မျက်လုံးများ ရောင်ရမ်းသည်အထိ ငိုထားသည်ကို မြင်လိုက်ရသောကြောင့် ချိုးယုံခန်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။

"အစ်ကိုယုံခန်း၊ ဘယ်သူက မွေးစားအမေကို သတ်ခဲ့တာလဲ? သူက ဘယ်လိုများ အဲ့ဒီလောက် ဆိုးယုတ်နိုင်ရတာလဲ?"

ကျိရှောင်ယင်က ချိုးယုံခန်းကို မြင်သွားပြီး အငိုမျက်နှာဖြင့် ပြန်မေးလိုက်သည်။ ချိုးယုံခန်းက ဝမ်းနည်းစွာ ခေါင်းခါပြလိုက်သည်။

"ငါလည်း မသိဘူး"

"ရှောင်ယင် သွားရအောင်"

စူးချင်းက အမှန်တရားကို ရှာဖွေရန် စိတ်အားထက်သန်နေပြီး ကျိရှောင်ယင်ကို ဆွဲခေါ်လိုက်သည်။

"မင်းတို့ ဘယ်ကို သွားမလို့လဲ?"

သူမတို့ ထွက်သွားတော့မည်ကို မြင်လိုက်ချိန်တွင် ချိုးယုံခန်းက ကျိရှောင်ယင်ကို လှမ်းမေးလိုက်သည်။

လူတိုင်းက ခေါင်းတလား အနားမှာ ဆုတောင်းမေတ္တာပို့နေရမှာ မဟုတ်ဘူးလား? ဘာကြောင့် ထွက်သွားကြမှာလဲ?

All Chapters