နတ်ဘုရားမလေး၏ ချစ်သူ
Vol. 7 Ch. 632
"သူငယ်ချင်းဟောင်း ..."
"ချန်းဖန် ..."
ထိုနာမည်က ရှု့ယုံဖေးအား အတန်ကြာသည် အထိ အေးခဲသွားစေ၏။
ရှု့ယုံဖေး၏ အမူအရာကို သတိမထားမိသော နင်ရှင်းက လက်ကို ခါယမ်းရင်း ဆိုလိုက်သည်။
"ငါတို့ရဲ့ စူပါစတားလေးကို တွေ့ချင်တိုင်း တွေ့နိုင်တဲ့လူများ ထင်နေသလား ... အဲဒီကောင်ကို ပြောလိုက် ... အောက်မှာ ခြောက်လတိတိ စောင့်နေရင်တောင် ဖေးဖေးလေးက ထွက်တွေ့မှာ မဟုတ်ဘူးလို့ ... နောက်ပြီး ..."
နင်ရှင်း၏ စကားမဆုံးခင်မှာပင် ရှု့ယုံဖေးက ထိုင်ရာမှ ထကာ တံခါးဝဆီသို့ ပြေးထွက်သွားတော့၏။ သူမကား နင်ရှင်းနှင့် ကျန်းဟိုင်ယွင်တို့ကိုပင် အကျိုးအပြောင်း ပြောပြ မသွားခဲ့ချေ။
"ဟဲ့ ... ဘယ်ကိုလဲ"
နင်ရှင်းမှာ ရှုံယုံဖေးကို ကြည့်ပြီး ဆွံ့အ သွားမိတော့၏။
သူမသည် ရှု့ယုံဖေးနှင့် လေးနှစ်လုံးလုံး အတူနေခဲ့ရာ သူမ၏ အခန်းဖော် မည်မျှ အေးစက်ကြောင်း သိရှိထားသည်။ ယခု အကြိမ်က သူမ စိတ်လှုပ်ရှားသည်ကို တွေ့ရသည့် ပထမဆုံး အကြိမ် ဖြစ်သည်။
"သူ့ရည်းစားက အောက်မှာ ရောက်နေတဲ့ အတိုင်းပဲ"
နင်ရှင်းက မကျေမနပ် ရေရွတ်ရင်း သူမပါ အောက်ထပ်သို့ ဦးတည်လိုက်သည်။
ရှု့ယုံဖေးသည် အဆောင်မှ ထွက်သည်နှင့် ချန်းဖန်အား တွေ့လိုက်ရသည်။ ချန်းဖန်၏ ပုံစံသည် အနည်းငယ် ပြောင်းလဲ နေသည့်တိုင် သူမ မှတ်မိနေဆဲ ဖြစ်သည်။
"ဖေးဖေး ... မတွေ့ရတာ ကြာပြီနော်"
ချန်းဖန်က သူမအား နူးညံ့စွာ ပြုံးပြလိုက်၏။
"အစ်ကိုချန်းဖန် ..."
ရှု့ယုံဖေးက ချန်းဖန် ရှိရာသို့ အပြေးကလေး လာ၍ တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူမသည် သူမ၏ရှေ့မှ ချန်းဖန် နောက်တစ်ကြိမ် ပျောက်ကွယ်သွားမည်ကို စိုးရွံ့နေပုံပင်။
ထိုအချိန်၌ ပတ်ဝန်းကျင်ရှိ လူများစွာမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေကြပြီ ဖြစ်လေ၏။
ရှု့ယုံဖေးသည် ရုပ်ရှင် လောကသို့ ဝင်ရောက်သည်မှာ မကြာသေးသော်လည်း "နတ်ဘုရားမလေး" ဟု လူအများက ခေါ်ဝေါ်ကြသည် အထိ နာမည် ကျော်ကြားသူကလေး ဖြစ်သည်။ ထို့အပြင် သူမသည် နာမည်ပျက် မရှိသည့် တစ်ဦးတည်းသော ကြယ်ပွင့်လည်း ဖြစ်သည်။
သို့သော်လည်း အံ့အားသင့်စွာပင် ရှု့ယုံဖေးသည် ထို ထူးဆန်းသော လူငယ်နှင့် သိနေပုံ ရသည်။ သူတို့ နှစ်ယောက်၏ ပုံစံက နှစ်များစွာ ခွဲခွာ နေရသည့် ရည်းစားများ အလားပင်။
"အစ်ကိုချန်းဖန် ..."
ရှု့ယုံဖေးက သူမ၏ ခေါင်းလေးကို မော့ကာ ချန်းဖန်အား ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက ကြည်လင်တောက်ပ၍ သိမ်မွေ့ကာ ကလေးငယ် တစ်ဦးအလား အပြစ် ကင်းစင်နေ၏။
အခြားလူများက ထိုမြင်ကွင်းအား တိတ်ဆိတ်စွာဖြင့် မျက်လုံး ပေါက်ထွက်မတတ် ကြည့်နေမိကြသည်။
"ဒီနှစ်တွေမှာ လာမတွေ့မိတဲ့ အတွက် တောင်းပန်ပါတယ် ... စိတ်မပူပါနဲ့ ... အစ်ကို မင်းကို အထီးမကျန် စေခိုင်းတော့ပါဘူး"
ချန်းဖန်က မိန်းကလေး၏ ခေါင်းလေးအား ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"အင်း ..."
ရှု့ယုံဖေးက သူမ၏ ခေါင်းလေးအား ပြန်ငုံ့လိုက်သည်။
သူမ၏နှာသီးဖျားက ရဲရဲနီနေကာ သူမ၏ မျက်ဝန်းတွင်လည်း မျက်ရည်များ စို့တက် လာသည်။ သို့သော်လည်း သူမ၏ နှလုံးသားကမူ သက်သောင့်သက်သာ ရှိစွာ နွေးထွေးနေခဲ့၏။
နင်ရှင်းမှာ အဆောင်အောက်သို့ ရောက်သည်နှင့် ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေမိသည်။
ရှု့ယုံဖေးသည် အမြဲတမ်း ယောက်ျားများကို အရောမဝင်တတ်သူ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူမ၏ပုံစံက ထိုကောင်လေးအား နှလုံးသား တစ်ခုလုံး ပေးအပ်ထားပုံ ရသည်။
"အစ်ကိုက ခုမှ ဒီကို ရောက်ဖူးတာ ... ကျောင်းထဲကို လိုက်ပြပါလား"
ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။
"အင်း ..."
ရှု့ယုံဖေးက သူမ၏ မျက်ရည်များကို သုတ်ရင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်နှင့် ရှု့ယုံဖေးတို့မှာ ထိုနေရာမှ ထွက်ခွာ သွားကြတော့သည်။ သူတို့ကား ပတ်ဝန်းကျင်ကို သတိပြုမိပုံပင် မပေါ်ချေ။
"အဲဒီကောင်က ဘယ်က လာတာလဲ ... သူက ငါ့အိပ်မက် နတ်သမီးလေးကို ခိုးသွားတာပဲ"
"နတ်ဘုရားမလေးရှု့ လေးနှစ်လုံးလုံး တည်တည်ငြိမ်ငြိမ် နေခဲ့တဲ့ အကြောင်းရင်းက သူ့မှာ ရည်းစားရှိနေတာ မလို့ကိုး"
"ဒါက သတင်းထူးပဲ ... ဒီသတင်းက အနုပညာ အသိုင်းအဝိုင်း တစ်ခုလုံးကို တုန်လှုပ်သွားစေမှာ သေချာတယ်"
ရှု့ယုံဖေးအား ခြေရာခံကာ လိုက်နေသည့် ပါပါရာဇီများက အရူးများအလား ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်ကြသည်။ ထိုသတင်းက သူတို့အတွက် တော်တော်လေး အရေးကြီးပုံပင်။
ချန်းဖန်နှင့် ရှု့ယုံဖေးတို့သည် ဘေးချင်းယှဉ်ကာ တဖြည်းဖြည်း လျှောက်နေခဲ့၏။ ရှု့ယုံဖေးက ချန်းဖန်၏ လက်ကို ချိတ်၍ ပခုံးအား အသာအယာ မှီထားခဲ့သည်။
ရန်ကျင်း ရုပ်ရှင် အကယ်ဒမီသည် အတော်လေး ကြီးမားပြီး စာပေ အနုပညာ၊ သရုပ်ဆောင် အနုပညာ၊ ဒါရိုက်နာ ပညာ၊ အန်နီမေးရှင်း စသည်ဖြင့် ကဏ္ဍ စုံလင်သော ကျောင်းများ ပါရှိသည်။ ထိုကျောင်း တစ်ခုချင်းစီကလည်း အလွန် ကျော်ကြားကာ များစွာသော ဆယ်လီများကို မွေးထုတ်ပေးသည်။
"အစ်ကိုချန်းဖန် ... ဒါကို စာပေဌာနလို့ ခေါ်တယ် ... ဒီနေရာကနေ ထွက်သွားတဲ့ နာမည်ကျော် ဇာတ်ညွှန်းရေးစရာတွေ အများကြီးပဲ ရှိတယ် ... ဥပမာ ကျန်းဝေတို့ တင်းရှောင်ယွင်တို့က ဒီကျောင်းထွက်တွေပဲလေ"
ရှု့ယုံဖေးက ချန်းဖန်အား လှည့်ပတ်ပြရင်း ကျောင်း တစ်ခုချင်းစီတိုင်းကို မိတ်ဆက်ပေးသည်။ ချန်းဖန်က စိတ်မဝင်စားသော်လည်း ငြိမ်သက်စွာပင် ရှု့ယုံဖေး ပြောသမျှကို နားထောင်ပေးသည်။
"နောက်ပြီး အစ်ကိုချန်းဖန် ... ငါ "ဒဏ္ဍာရီထဲက ချန်းပေ့ရွှမ်း" ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ကို တရုတ်ရဲ့ အကျော်ကြားဆုံး ဒါရိုက်တာနဲ့ ရိုက်ဖို့ စီစဉ်နေတယ် ... ဇာတ်ညွှန်းတောင် ရေးပြီးသွားပြီ ... ငါ အခု အဲဒီအတွက် ပိုက်ဆံ စုနေတာ ... နောက် သုံးလေးနှစ်အတွင်း လုပ်ဖြစ်လိမ့်မယ် ထင်တယ်"
ရှု့ယုံဖေးက ချန်းဖန်အား ကြည့်ရင်း ပြောလိုက်သည်။
"ကောင်းတာပေါ့ ... ဖေးဖေးက မင်းသမီးဆို အစ်ကိုက မင်းသားလုပ်ပေးမယ်လေ ... ဘယ်လို ထင်လဲ"
ချန်းဖန်က ပြုံးရင်း ပြန်ပြောလိုက်သည်။
"တကယ်လား ..."
ရှု့ယုံဖေး၏ မျက်လုံးလေးများက တောက်ပသွား၏။
"ဒါပေါ့ ..."
ချန်းဖန်က ရှု့ယုံဖေး၏ ခေါင်းလေးကို ပွတ်ပေးရင်း ခေါင်းညိတ်ပြလိုက်၏။
သူသည် ရှု့အောင်း၏ သေဆုံးမှုအပေါ် အမြဲတမ်းလိုလို အကြွေးတင်နေသလို ခံစားခဲ့ရသည်။ ထို့ကြောင့် ရှု့ယုံဖေး တောင်းဆိုသမျှကို သူ ကျေကျေနပ်နပ် လိုက်လျောပေးမည် ဖြစ်သည်။
ရှု့ယုံဖေးသည် ကျောင်းတွင် အလွန် နာမည် ကျော်ကြားသူ ဖြစ်ရာ ယောက်ျား တစ်ယောက်နှင့် အတူ သူမအား တွဲ၍ တွေ့ရခြင်းက လူတိုင်းအား ထူးဆန်းစေသည်။ ကျောင်းဝန်း အတွင်း၌ ရှိနေသော ကျောင်းသားများက သူမတို့၏ ပုံများကို ရိုက်ယူကာ အင်တာနက် ပေါ်သို့ တင်ကြသည်။
"နတ်ဘုရားမလေးမှာ ရည်းစား ရှိတယ်တဲ့"
"ရှု့ယုံဖေးက ဘယ်ကလာမှန်း မသိရတဲ့ ကောင်လေး တစ်ယောက်နဲ့ ဒိတ်နေတယ်တဲ့"
"အထူးသတင်း ... ရှု့ယုံဖေးရဲ့ ကောင်လေးက သူရဲ့ အထက်တန်းက အတန်းဖော်တဲ့"
ခေါင်စဉ် အမျိုးမျိုးနှင့် ပို့စ်များက အင်တာနက် ပေါ်တွင် ပျံ့နှံ့၍ လာသည်။
"တကယ်လား ... ရှု့ယုံဖေးက သရုပ်ဆောင် စဖြစ်လာတဲ့ အချိန်က စလို့ တစ်ခါမှ နာမည်ပျက် ကောလာဟလတောင် မထွက်ဖူးဘူးလေ"
"ရှု့ယုံဖေး ဆိုတာ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ဇာတ်လမ်းထဲက လုယန်ချီနေရာမှာ သရုပ်ဆောင်တဲ့ တစ်ယောက်မလား ... မဖြစ်နိုင်ဘူး ... ငါ့ရဲ့ နတ်ဘုရားမလေးက အမြဲတမ်း သန့်ရှင်းပြီး ဖြူစင်တဲ့ ကောင်မလေးပါ ... သူက ယောက်ျားတစ်ယောက်ကို ကြိုက်မှာ မဟုတ်ဘူး"
"မင်းမယုံရင် အင်တာနက် ပေါ်မှာ ကိုယ်တိုင် ကြည့်ကြည့်လိုက် ..."
လူများစွာမှာ အင်တာနက်ပေါ်မှ ပုံများကို ကြည့်ရင်း ဆွံ့အကုန်ကြသည်။ ပုံများ အတွင်း၌ ရှု့ယုံဖေးသည် ကောင်လေး တစ်ယောက်၏ လက်မောင်းကို အားကိုးတကြီး ချိတ်ကာ ပခုံးကိုပင် မှီနေလိုက်သေးသည်။ သို့သော်လည်း ပုံများမှာ အဝေးမှ ရိုက်ထားသော ပုံများ ဖြစ်ရာ မျက်နှာကို ရှင်းလင်းစွာ မတွေ့မြင်ရချေ။
"ငါတော့ ဒါက ရှု့ယုံဖေး ဖြစ်လိမ့်မယ်လို့ မထင်ဘူး"
တစ်ယောက်က သံသယ ရှိစွာဖြင့် ဆိုလိုက်သည်။
"ရန်ကျင်း ရုပ်ရှင် ကောလိပ်ထဲက လူတွေ ကိုယ်ပိုင် မျက်လုံးနဲ့ မြင်ခဲ့တာလို့ ပြောတယ် ... ဒါက ရှု့ယုံဖေး ဆိုတာ သေချာတယ်"
အခြား တစ်ယောက်က ပြန်လည် ပြောဆိုသည်။
များစွာသော ယောက်ျားလေးများမှာမူ အင်တာနက် ပေါ်မှ ပုံများအား ကြည့်ရင်း ချန်းဖန်အား မနာလို မုန်းတီး နေမိကြသည်။ ထိုအကောင်က သူတို့၏ နတ်ဘုရားမလေးကို ခိုးယူရဲသည်။
"ငါသာ ဒီကောင်ကို အပြင်မှာ ရှာတွေ့ရင် ရိုက်ပြီး ခြေတွေ လက်တွေ ချိုးပစ်လိုက်မယ်ကွာ"
ထိုအရာက မရေမတွက်နိုင်သော ယောက်ျားလေးတိုင်း၏ မတိုင်ပင်ရပဲ တူညီနေသော အတွေးဖြစ်သည်။
တစ်နာရီမျှ ကြာပြီးနောက် ပို့စ်တစ်ခုက အင်တာနက် ပေါ်တွင် ပျံ့နှံ့လာသည်။ ထိုပို့စ်၏ ခေါင်းစဉ်က "အထူးသတင်း နတ်ဘုရားမလေးနဲ့ သူ့ရည်းစား (ပုံအကြည်)" ဟူ၍ ဖြစ်သည်။
ထိုပုံထဲတွင် ချန်းဖန်နှင့် ရှု့ယုံဖေးတို့၏ မျက်နှာများက ရှင်းလင်းစွာ ပေါ်လွင် နေသည်။
ထို့အပြင် ထွက်ပေါ်လာသော အတွင်းစ ကားများ အရ ထိုကောင်လေးနှင့် ရှု့ယုံဖေးတို့မှာ ငယ်ရွယ်စဉ် ကတည်းက သူငယ်ချင်းများ ဖြစ်ပြီး အထက်တန်း ကျောင်းသား ဘဝကပင် ချစ်ကြိုက်ခဲ့သည်ဟု ဆိုသည်။
များစွာသော လူများက ချန်းဖန်နှင့် ရှု့ယုံဖေးတို့အား မလိုက်ဖက်ဟု ဆိုကြသည်။ ထိုကောင်လေးသည် ရှု့ယုံဖေး၏ ငယ်သူငယ်ချင်း ဖြစ်ရုံမျှဖြင့် သူမ၏ အချစ်ကို ရရှိခြင်းက အမှန်ပင် မထိုက်တန်ချေ။
အင်တာနက် အပေါ်၌ လူအများ ငြင်းခုံ ဆွေးနွေးနေကြချိန်တွင် ...
ရန်ကျင်းမြို့ပြင် ဇိမ်ခံ ခြံဝင်း တစ်ခု၌ ...
မောက်မာဟန်ရသော လူကြီးတစ်ဦးသည် လှပသော မောဒယ်လေး တစ်ယောက်ကို ဖက်ရင်း ခုတင်ပေါ်၌ ဆေးလိပ် သောက်နေခဲ့၏။
သူကား ချန်းဖန်နှင့် ရဲ့ချင်စန်းတို့အား အလိမ်အညာဟု ရန်တောင်၌ တိုက်ပွဲ မစခင် ပြောဆိုခဲ့သည် ဝူကျိချန်းပင် ဖြစ်သည်။ ရန်ကျင်း၏ ဝူမိသားစုသည် အလယ်အလတ် မိသားစု တစ်ခု ဖြစ်ကာ ဘီလျံဆယ်ချီသော ပိုင်ဆိုင်မှုများ ရှိသည်။
သို့သော်လည်း သူတို့၏ "ထျန်းဟယ် ဖျော်ဖြေရေး ကုမ္ပဏီ" မှာ ရုပ်ရှင် လောက၌ ကျော်ကြားသော ကုမ္ပဏီကြီး တစ်ခု ဖြစ်ကာ များစွာသော ရုပ်ရှင် စတားများကို မွေးထုတ် ပေးသည်။ ထို့ကြောင့်ပင် ဝူကျိချန်းမှာ ရန်ကျင်းမြို့၏ ထင်ရှားသော ပုံရိပ် တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
"ဝေါင်း ... မစ္စတာချန်း ဒီကို ကြည့်စမ်း ... ရှင်တို့ ကုမ္ပဏီရဲ့ စူပါစတား ရှု့ယုံဖေးက ကောင်လေး တစ်ယောက်နဲ့ တွဲနေတယ်တဲ့"
ဝူကျိချန်း ဖက်ထားသော မော်ဒယ်မလေးက ဖုန်းကို ကြည့်ရင်း အံ့ဩတကြီး ဆိုလိုက်သည်။
"ရှု့ယုံဖေးလား ..."
ဝူကျိချန်းက မျက်မှောင်ကြုတ် လိုက်သည်။
"ညီလေးက အဲဒီ ကောင်မလေးကို လိုက်နေတာ မလား ... ဘာလို့ ရုတ်တရက်ကြီး သူ့ရည်းစားက ပေါ်လာတာလဲ"
သူ၏ ညီဖြစ်သူ ဝူကျိဖန် အသည်းအသန် ကြိုက်နေသည့် ကောင်မလေးသာ မဟုတ်လျှင် ဝူကျိချန်းသည် ရှု့ယုံဖေးကို သူနှင့်အတူ အိပ်ရန် ကြံစည် ပြီးလောက်ပြီ ဖြစ်သည်။
"မှန်းစမ်း ... ကြည့်ရအောင်"
ဝူကျိချန်းက မော်ဒယ်မလေး၏ ဖုန်းအား ဆွဲယူ၍ ကြည့်လိုက်သည်။
"သောက်ချီးပဲ ... သူက တကယ့်ကို ရည်းစား ရှိနေတာပဲ"
ဝူကျိချန်းမှာ အကြီးအကျယ် ဒေါသ ထွက်မိသွားသည်။ သို့သော်လည်း ပုံထဲမှ ရှု့ယုံဖေးနှင့် တွဲနေသော လူငယ်အား တွေ့သည်နှင့် သူ၏ အမူအရာက ရုပ်တု တစ်ခုအလား တောင့်တင်း သွားတော့၏။
"ဒါ ... ဒါက ချန်းပေ့ရွှမ်း မလား"
***