ဆုကြေး
Vol. 25 Ch. 365
"ဟင့်အင်း၊ ငါ ဘာမှ မတွေ့ခဲ့ဘူး"
ချိုးယုံခန်းက ခေါင်းယမ်းပြလိုက်ပြီး စူးချင်းက ဘာမှ မပြောတော့ဘဲ သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မြို့၏အနောက်ဘက်သို့ လှမ်းကြည့်နေခဲ့သည်။
ရွှေရှန့်က သူမတို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပဲ။ သူလည်း ရှာမတွေ့ခဲ့ရင်တော့ ဒုတိယနည်းလမ်းကို သုံးရတော့မယ်။
ခဏအကြာတွင် ကျိရွှေရှန့်လည်း ခပ်သုတ်သုတ် ပြန်ရောက်လာခဲ့သည်။ စူးချင်းက သူ့ကို ဘာမှ မပြောဘဲ ကြည့်ရုံသာကြည့်နေခဲ့သော်လည်း သူတို့ကြားတွင် စိတ်ချင်းစိတ်သွယ်မှု ရှိနေပြီး ထိုအကြည့်သက်သက်ဆိုလျှင်ပင် ကျိရွှေရှန့်က စူးချင်း ပြောချင်သည့်အဓိပ္ပါယ်ကို နားလည်နိုင်သည်။ သူက သူမကို စိတ်ပျက်လက်ပျက် ခေါင်းယမ်းပြလိုက်သည်။
"မတွေ့ဘူး၊ ကိုယ် နေရာတစ်ခုလုံးကို ပိုက်စိတ်တိုက် လိုက်ရှာခဲ့ပေမယ့် သစ်တော်သီးပွင့်ပန်းထိုးထားတဲ့ ပိုက်ဆံအိတ်ကို လုံးဝ ရှာမတွေ့ခဲ့ဘူး"
“အင်း”
နောက်ဆုံးတွင် စူးချင်း၏မျက်လုံးများထဲမှ မျှော်လင့်ချက်အလင်းရောင်များ ပျောက်ကွယ်သွားခဲ့သည်။ သူမက အင်းဟုသာ ပြန်ပြောလိုက်သော်လည်း သူတို့အားလုံး သူမကို အံ့သြတကြီး လှမ်းကြည့်လိုက်ကြသည်။
သူမ ဘာကို ဆိုလိုချင်တာလဲ?
“တမြို့လုံးအနှံ့ သတိပေးချက် ထုတ်ပြန်ကြမယ်။ ဒီအမှုကို ဖြေရှင်းဖို့ သဲလွန်စပေးသူတိုင်းကို သိုးအမသုံးကောင် ဆုချီးမြှင့်မယ်”
စူးချင်းက ခေတ်မီဆုပေးသည့်စနစ်ကို အသုံးပြုခဲ့သည်။ ဤမျှကြီးမားသောဆုလာဘ်အောက်တွင် သတ္တိရှိသူများ ထွက်ပေါ်လာပေလိမ့်မည်။ သဲလွန်စ တစ်ခုခုကို သိထားသူတိုင်းက သတင်းရန် လာရဲကြပေလိမ့်မည်။
“ကောင်းပြီလေ”
ရှင်းရူဟိုင်က ခေါင်းညိတ်သဘောတူလိုက်သည်။ ယခု သူက မော့ချန်၏ စီရင်စုအမတ်အဖြစ် ဟန်ဆောင်နေသောကြောင့် ဤကိစ္စများကို သူ တာဝန်ယူရမည် ဖြစ်သည်။
“အခုပဲ သတိပေးချက် ရေးလိုက်ကြရအောင်”
ချိုးယုံခန်းက ထိုနည်းလမ်းလည်း အသုံးမဝင်နိုင်ကြောင်း တွေးနေခဲ့သည်။ သို့သော် သူက မကန့်ကွက်ဘဲ သတိပေးချက် ရေးရန် တက်တက်ကြွကြွ ကူညီပေးခဲ့သည်။
"ရွှေရှန့်၊ ကျွန်မတို့ ပြန်သွားပြီး မွေးစားအမေအတွက် ဆုတောင်းပေးကြမယ်"
တစ်ညလုံး စိတ်တင်းထားခဲ့သည့် စူးချင်း၏ မျက်လုံးများက နီရဲလာပြန်သည်။
“အင်း”
ကျိရွှေရှန့်ကလည်း ဝမ်းနည်းနေသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့မွေးစားအမေ သေရတဲ့ကိစ္စမှာ သူလည်း အပြစ်မကင်းဘူးလို့ သူ ခံစားနေရပြီး လူသတ်သမားကို မရှာနိုင်တဲ့အတွက်လည်း သူ့ကိုယ်သူ လေးလေးနက်နက် အပြစ်တင်နေမိတယ်။
စူးချင်းနှင့် ကျိရွှေရှန့်က နာရေးခန်းမသို့ ပြန်သွားခဲ့ကြပြီး ထိုနေရာသို့ အရောက်တွင် ကျိရှောင်ယင်၏မျက်နှာက အအေးဒဏ်ကြောင့် ပြာနှမ်းနေသည်ကို သူတို့ တွေ့လိုက်ရသည်။ သို့သော်လည်း သူမ ခေါင်းတလားရှေ့တွင် ဒူးထောက်လျက်ပင် ရှိနေသေးသည်။ ကျုံးယုံ၏နဖူးတွင်လည်း သွေးများဖုံးလွှမ်းနေပြီး သူက ခေါင်းတလားရှေ့တွင် ဒူးထောက်နေကာ ထိုခေါင်းတလားကိုသာ တည့်တည့်စိုက်ကြည့်နေသည်။ သူ့၏မျက်လုံးများမှ မျက်ရည်များက ရေကဲ့သို့ စီးကျနေဆဲဖြစ်ပြီး သူ့နှုတ်ခမ်းများက ခြောက်သွေ့အက်ကွဲနေကာ သွေးများထွက်နေပြီး ဖြစ်သည်။ သူ့၏ငိုရှိုက်သံကလည်း ပီပီသသ မရှိတော့ဘဲ အက်ကွဲနေကာ မကြားရသလောက် တိုးဝင်နေပြီ ဖြစ်သည်။ သူက ရွှေစက္ကူ၊ ငွေစက္ကူများကို သိစိတ်ကင်းမဲ့စွာဖြင့် မီးဖိုထဲသို့ အဆတ်မပြတ် ထည့်နေပြီး သူ့၏စိတ်ဝိညာဉ်ကို လုံးဝ ဆုံးရှုံးသွားပုံရသည်။ သူ့ကို မြင်နေရရုံဖြင့် ကြေကွဲစရာကောင်းလှသည်။
ကျိရွှေရှန့်ကလည်း ခေါင်းတလားရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ကျုံးယုံနှင့်အတူ သူ့၏မွေးစားအမေအတွက် ငွေစက္ကူများကို မီးရှို့ရင်း ဆုတောင်းပေးနေခဲ့သည်။
စူးချင်းကလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံကို လဲဝတ်လိုက်ပြီး သူမ၏မွေးစားအမေကို ကြည့်ရန် ခေါင်းတလားဆီသို့ ချဥ်းကပ်သွားလိုက်သည်။ နေ့ခင်းဘက်ဖြစ်နေသောကြောင့် မြင်ကွင်းက ပိုရှင်းနေပြီး အမျိုးသမီးလီက သူမ၏မျက်လုံးများကို မှိတ်ထားကာ သူမ၏လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ သူမ၏ အဝတ်များတွင်လည်း သွေးများ ဖုံးလွှမ်းနေသည်။
စူးချင်းက သူမ၏နှလုံးသားမှ နာကျင်မှု သက်သာစေရန် သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး ခဏငြိမ်နေလိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး အမျိုးသမီးလီ၏လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည့် တစ်စုံတစ်ရာ ရှိ မရှိ သိနိုင်ရန် အမျိုးသမီးလီ၏အေးစက်နေသည့် လက်သီးဆုပ်ကို ဖြန့်ကြည့်ဖို့ သူမလက်ကို ဆန့်တန်းလိုက်သည်။
အခုတော့ တစ်ခုတည်းသော သဲလွန်စက အစပျောက်သွားပြီ။ အဲ့တော့ သဲလွန်စ အသစ်တစ်ခုကို ထပ်ရှာရတော့မယ်။ ဝမ်းနည်းနေတာက အသုံးမဝင်ဘူး။ မွေးစားအမေကို ကူညီပြီး လက်စားချေဖို့က အရေးအကြီးဆုံးပဲ။
အမျိုးသမီးလီ၏ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူမ၏လက်သီးဆုပ်ကို အလွယ်တကူ မဖွင့်နိုင်ပေ။ စူးချင်းက အမျိုးသမီးလီ၏လက်သီးဆုပ်ကို သူမ၏လက်နှစ်ဘက်စလုံးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ်မှ အပူချိန်ဖြင့် ထိုတောင့်တင်းနေသော လက်သီးများ နွေးထွေးလာစေရန် ကြိုးစားနေခဲ့သည်။ နောက်ဆုံးတွင် သူမ အမျိုးသမီးလီ၏လက်ကို ကြိုးစားဖွင့်နိုင်ခဲ့သော်လည်း ဘာမှ မတွေ့ရပေ။
စူးချင်းက အလွန်စိတ်ပျက်သွားပြီး ပထမဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူမက ခေါင်းတလားထဲတွင် လဲလျောင်းနေသည့် အမျိုးသမီးလီကို ကြည့်နေရင်း မျက်ရည်များ ဝဲလာကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"မွေးစားအမေ၊ မွေးစားအမေ ကောင်းကင်ဘုံမှာ ရှိနေရင် မွေးစားအမေကို ဘယ်သူသတ်လိုက်လဲဆိုတာ ပြောပြပါ"
ကျိရွှေရှန့်က စူးချင်း၏စကားကို ကြားသွားပြီး ဝမ်းနည်းသွားပြန်သည်။
မွေးစားအမေက သေပြီလေ၊ ဘယ်လို ပြောနိုင်တော့မှာလဲ?
ကျိရွှေရှန့်နှင့် ကျုံးယုံ ပြန်ရောက်လာသည်ကို သိသွားသောကြောင့် ထောင်ဟွားဝူမှ ရွာသူရွာသားများလည်း တယောက်ပြီး တယောက် ရောက်လာကြသည်။ အားလုံးက အမျိုးသမီးလီကို ဂါရဝပြုကြပြီး ကျုံးယုံက အလွန်သနားစရာကောင်းနေသည်ကို မြင်လိုက်ရသောကြောင့် စာနာသနားနေကြသည်။
အမျိုးသမီးလီက လူတိုင်းနှင့် ဆက်ဆံရေးကောင်းသူ ဖြစ်သည်။ သူမတို့ သားအမိ အငတ်ဘေးမှ ထွက်ပြေးလာပြီး ထောင်ဟွားဝူအဖွဲ့သို့ ရောက်လာကတည်းက သူမက မည်သူနှင့်မျှ ငြင်းခုန်ခဲ့ခြင်း မရှိပေ။ သူမက မည်သူ့ကိုမဆို ကြင်နတတ်ပြီး တခြားသူ၏တောင်းဆိုသမျှကို သဘောတူပေးခဲ့သည်။
ထိုသို့သော လူကောင်းတစ်ယောက်က ဝမ်းနည်းဖွယ်ကောင်းသော သေခြင်းတရားဖြင့် သေးဆုံးသွားရသည်။ ချိုးယုံခန်း၏မိခင်နှင့် အဒေါ်လီတို့က ငိုနေကြပြီး မျက်လုံးမှား နီရဲနေကြသည်။ လူတိုင်းက အမျိုးသမီးလီအတွက် ငွေစက္ကူများ မီးရှို့ပေးနေကြပြီး သူမ ဘဝကူးကောင်းရန် ဆုတောင်းပေးခဲ့ကြသည်။
အဒေါ်ချိုးနှင့် အဒေါ်လီတို့က အမျိုးသမီးလီအတွက် သင်္ဂြိုဟ်အဝတ်အစားများ ပြုလုပ်ရန် အတူတကွ ချုပ်ပေးခဲ့ကြပြီး စူးချင်းက သူမ၏မွေးစားအမေအတွက် သင်္ဂြိုဟ်အဝတ်အစားများ ပြုလုပ်ရန် အကောင်းဆုံးပစ္စည်းများကို ဝယ်ယူဖို့ မြို့အနှံ့ သွားခဲ့သည်။ သူမက နေ့ခင်းဘက်တွင် အမှုကို စုံစမ်းရန် ကျိရွှေရှန့်နှင့်အတူ အလုပ်လုပ်ခဲ့ပြီး ညဘက်တွင် သူမ၏ မွေးစားအမေအတွက် သင်္ဂြိုဟ်အဝတ်အစားများ ပြုလုပ်ရန် အဒေါ်များနှင့်အတူ အဝတ်ချုပ်ပေးခဲ့သည်။ သူမ ပင်ပန်းလွန်းသဖြင့် သူမ၏မျက်လုံးအောက်ခြေများက မည်းမှောင်လာပြီး ကိုယ်အလေးချိန်ကျလာခဲ့သည်။
ကျိရှောင်ယင်က နာရေးခန်းမတွင်သာ တစ်ချိန်လုံး ရှိနေခဲ့ပြီး နေရော ညပါ ငိုနေခဲ့သည်။ အအေးမိခြင်းနှင့် ဝမ်းနည်းခြင်းတို့က သူမကို ဖျားနာစေခဲ့ပြီး သူမက ပြင်းထန်လွန်းသည့်အဖျားရှိကြောင့် ကယောင်ကတမ်း ဖြစ်နေပြန်သည်။ တစ်စုံတစ်ယောက်က သူမကို သတ်ပစ်ချင်သည်ဟု ပြောနေကာ သူမ၏မွေးစားအမေက သူမကို ထွက်ပြေးခိုင်းနေကြောင်း အော်ဟစ်နေခဲ့သည်။ ကျုံးယုံကလည်း နဖူးမှ ဒဏ်ရာကို ပိုးဝင်သွားပြီး ခေါင်းတလားရှေ့တွင် မေ့လဲသွားပြန်သည်။ ကျိရွှေရှန့်က သူ့ကို ပြန်သယ်သွားရပြီး သူလည်း တကယ်ပင် အလုပ်များကာ ပင်ပန်းနေခဲ့သည်။
စူးချင်းက ကျုံးယုံအတွက် ဆေးပြုလုပ်ပေးရန် ရှောင်ချီကို တောင်းဆိုခဲ့သည်။ အမျိုးသမီးလီ သေဆုံးသွားကြောင်း သိလိုက်ကတည်းက ထိုကောင်လေးက လုံးဝ စိတ်ဓာတ်ကျသွားပြီး သူ့အသံကပင် အားနည်းနေပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာ ရှောင်ချီက ဆေးကို အဆင်သင့်ပြင်ထားပြီး ဖြစ်ကာ ကျိရှောင်ယင်နှင့် ကျူံးယုံတို့က ဆေးနှစ်ကြိမ်ခန့်သောက်ပြီး ပြန်သက်သာလာကြသည်။ ကျုံးယုံက သူ ပြန်နိုးလာသည်နှင့် သူ့နဖူးကို အဖြူရောင်အ၀တ်စဖြင့် စည်းကာ သူ့အမေအတွက် ဆုတောင်းပေးရန် နာရေးခန်းမသို့ ထပ်ပြေးသွားပြန်သည်။
တစ်ရက် ကုန်သွားခဲ့သော်လည်း ဆုကြေးထုတ်ထားသည့် သတိပေးစာကို မည်သူမျှ လာမဖြုတ်ကြပေ။ ကျိရွှေ့ရှန့်က အသုံးဝင်သော သဲလွန်စကို ပေးနိုင်သူအတွက် ငွေလျန်တစ်ရာဆုကြေးငွေ ပေးမည်ဟု ထည့်ပေးပေးရန် ချိုးယုံခန်းကို တောင်းဆိုခဲ့သည်။
မူလ သိုးအမ သုံးကောင်းတွင် လျန်တစ်ရာ ထပ်ထည့်လိုက်သည့် ကြီးမားသော ဆုလာဘ်က တမြို့လုံးမှ လူများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ တချို့လူများက ရုံးတော်သို့ တယောက်ပြီး တယောက် ဝင်လာကြပြီး သဲလွန်စများ ပေးလာကြသည်။ စူးချင်းနှင့် ကျိရွှေရှန့်တို့က ထိုလူများကို သူတို့ကိုယ်တိုင် စစ်ဆေးခဲ့ကြပြီး သဲလွန်စအများစုမှာ ဒုက္ခသည်များ၏ လှည့်စားမှုများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူတို့က ဆုကြေးအတွက် လိမ်လည်နေခြင်းသာဖြစ်ပြီး သူတို့၏ထွက်ဆိုချက်များမှာ လုံးဝ ကွဲလွဲနေခဲ့သည်။
ထိုသို့ ပရမ်းပတာအခြေအနေက နှစ်ရက်ကြာသွားခဲ့ပြီး အဘိုးချိုးက အမျိုးသမီးလီကို သင်္ဂြိုဟ်ရန် ဖုန်းရွှေကောင်းသည့် ရတနာမြေကို ရှာဖွေရန် အကြံပြုလာခဲ့သည်။ လူသတ်မှုကျူးလွန်သူကို စုံစမ်းစစ်ဆေးရမည် ဖြစ်သော်လည်း ဈာပနကိုလည်း ကျင်းပရမည် ဖြစ်သည်။ အမျိုးသမီးလီ ငြိမ်ငြိမ်းချမ်းချမ်း အနားယူနိုင်ရန် သူမကို မဖြစ်မနေ သင်္ဂြိုဟ်ရန် လိုအပ်နေသေးသည်။
သို့သော်လည်း ကျူံးယုံက သူ့မိခင်ကို သင်္ဂြိုဟ်ရန် ငြင်းဆန်နေခဲ့ပြီး သူ့မိခင်ကို မမြှပ်နှံခင် လူသတ်သမားကို ဖမ်းမိသည်အထိ စောင့်ရန် ဆန္ဒရှိနေခဲ့သည်။
"လိမ္မာတဲ့ကောင်လေး၊ မင်းအမေ အေးအေးချမ်းချမ်း အနားယူပါစေ။ မင်းအမေကို နာရေးခန်းမထဲမှာ အမြဲတမ်းနေခိုင်းလို့ မရဘူးလေ”
ဤရက်အနည်းငယ်အတွင်း ချင်ဖုန်းလည်း အလွန်ဝမ်းနည်းနေခဲ့သည်။
အမျိုးသမီးလီရဲ့ခင်ပွန်းဖြစ်သူက သူမ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့တယ်။ သူမကိုယ်တိုင်လည်း သားဖြစ်သူကို ခေါ်ပြီး ထွက်ပြေးခဲ့ရတယ်။ သူမက နေရာအနှံ့ ထွက်ပြေးနေရင်း ပုန်းအောင်းနေခဲ့ရတာကြောင့် သနားစရာကောင်းတဲ့ ဘဝနဲ့ နေထိုင်ခဲ့ရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုံးယုံရဲ့ရောဂါ ပျောက်ကင်းသွားတာကြောင့် သူမက ကျုံးယုံ ဇနီးသည်တစ်ယောက်ယူပြီး မြေးတွေ ရလာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။ ဒါပေမယ့်လည်း သူမက မမျှော်လင့်ထားတဲ့ ဘေးဥပဒ်တစ်ခု ကြုံတွေ့ခဲ့ရပြီး သူမရဲ့သားလေးသည် မိသားစု စတင်မှာကိုတောင် မတွေ့မမြင်နိုင်တော့ဘူး။
"ကျုံးယုံ၊ မွေးစားအမေ ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါစေ!"
ကျိရွှေရှန့်ကလည်း ကျုံးယုံကို စည်းရုံးရန် ရောက်လာခဲ့သည်။ ကျုံးယုံမှလွဲလျှင် သူ့ထက် ဝမ်းနည်းနေသည့်သူ မည်သူမျှ မရှိနိုင်သော်လည်း ကျရွှေရှန့်က သူ့၏မွေးစားအမေကို နာရေးခန်းမတွင် တချိန်လုံး မထားရက်နိုင်ပေ။
နောက်ဆုံးတွင် ကျုံးယုံက ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချလိုက်ပြီး သူ့အမေကို မြေမြှပ်ရန် သဘောတူလိုက်သည်။ သို့သော်လည်း သူက မိခင်ဖြစ်သူ၏ခေါင်းတလားရှေ့တွင် ဒူးထောက်ကာ ကျယ်လောင်စွာ ငိုကြွေးနေရင်း သူ့လက်များက ခေါင်းတလားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။
သူ့အမေကို သင်္ဂြိုဟ်ပြီးတာနဲ့ သူ သူ့အမေကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်တော့ဘူး။
ဈာပနအခမ်းအနား ပြုလုပ်သည့်နေတွင် နှင်းများ ထူထပ်စွာ ကျလာပြီး မြောက်လေက အမျိုးသမီးလီကို လိုက်ပို့ပေးနေသကဲ့သို့ တဟူးဟူးတိုက်ခတ်နေခဲ့သည်။
ချိုးယုံခန်း၊ ကျိရွှေရှန့်၊ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က နာရေးဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့က ထောင်ဟွားဝူမှ သန်မာသော အမျိုးသားလေးဦးနှင့်အတူ အမျိုးသမီးလီ၏ ရုပ်အလောင်းထည့်ထားသည့် ခေါင်းတလားကို သယ်ဆောင်ရန် ပြင်ဆင်နေကြသည်။ ကျုံးယုံက ခေါင်းတလားရှေ့တွင် ဒူးထောက်နေခဲ့ပြီး ချင်ဖုန်းက ဘေးနားတွင် ဂုဏ်ပြုစာတမ်းများ ဖတ်နေကာ အဘိုးအိုချိုးက ဈာပနအတွက် လိုအပ်သည်များကို ညွှန်ကြားနေခဲ့သည်။
ထောင်ဟွားဝူမှ ရွာသားများအားလုံးက အမျိုးသမီးလီ၏ဈာပနကို တက်ရောက်ရန် ရောက်လာခဲ့ကြသည်။ အဒေါ်ချိုးနှင့် အဒေါ်လီတို့ မျက်ရည်များဝဲနေပြီး မျက်လုံးများ နီရဲနေကြသည်။ ကျိရှောင်ယင်ကတော့ လုံးဝ မထိန်းနိုင်ဘဲ ငိုကြွေးနေခဲ့သည်။ သူမက သူမ၏မွေးစားအမေကို ပြန်ခေါ်ပေးရန် တောင်းဆိုရင်း သည်းသည်းထန်ထန် ငိုယိုနေခဲ့သည်။
စူးချင်းက မွေးစားမိခင်ဖြစ်သူ၏ရုပ်ကြွင်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပေးနေပြီး သူမကိုယ်တိုင် ချုပ်ထားသည့် စျာပနအဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ပေးနေခဲ့သည်။ သူမ၏မျက်လုံးမျာထဲမှ ကြီးမားသောမျက်ရည်စက်များ ကျဆင်းလာပြီး သူမ မွေးစားမိခင်၏ ကြင်နာသော အပြုံးကို သူမ မမြင်နိုင်တော့သည့်တိုင် မွေးစားအမေ၏နူးညံ့သိမ်မွေ့သော အသံကို ကြားနေရသလို ခံစားနေရသည်။ စူးချင်းက အမျိုးသမီးလီ၏လက်ကို ဆုပ်ကိုင်ထားပြီး ကျိန်ဆိုလိုက်သည်။
“မွေးစားအမေ၊ ကျွန်မ မွေးစားအမေအတွက် သေချာပေါက် လက်စားချေပေးမယ်”
“ခေါင်းတလားကို မလိုက်ကြတော့…”
အဘိုးချိုးက ခေါင်းတလားကို မတင်ရန် အော်ပြောလိုက်သည်။ ခေါင်းတလားကို မတင်ကာ စထွက်ရန် ပြင်လိုက်ကြသော်လည်း ခေါင်းတလားကို သယ်ဆောင်နေသည့် လူရှစ်ယောက်က လမ်းလျှောက်ရန်ပင် ရုန်းကန်နေကြရသည်။
"အရမ်းလေးတယ်!"
လီတာ့နျို အော်လိုက်သည်နှင့် ခေါင်းတလားက ပိုလေးလာခဲ့သည်။ ခေါင်းတလားကို သယ်ဆောင်နေသည့် လူများပင် ထိုအခေါင်းကို မသယ်ထားနိုင်လုနီးပါး ဖြစ်သွားကြရသည်။ ကျိရွှေရှန့်က အလွန်ထူးဆန်းနေသည်ကို ချက်ချင်း ရိပ်မိသွားခဲ့သည်။
မွေးစားအမေက ဒီလောက်ပိန်လှီနေတာကို သူမက ဘယ်လိုများ ဒီလောက်လေးနေနိုင်မှာလဲ?
“လီရှီ၊ မင်းရဲ့လမ်းကို အေးအေးဆေးဆေး သွားပါ။ ငါတို့ မင်းအတွက် လက်စားချေပေးပါ့မယ်"
ချင်ဖုန်းက အမျိုးသမီးလီ၏ခေါင်းတလားကို ကြည့်ကာ လှမ်းအော်လိုက်သည်။ အများအားဖြင့် သေလွန်သောဝိညာဉ်များက သူတို့၏နာကြည်းမှုကြောင့် ထွက်သွားရန် ဆန္ဒမရှိလျှင် ခေါင်းတလားများ လေးလံနေတတ်သည်။
“အစ်မ၊ အစ်မရဲ့ဆန္ဒတွေ မပြည့်သေးဘူးဆိုတာကို ကျွန်မ သိပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း သွားပါ။ ကျုံးယုံရဲ့အိမ်ထောင်ရေးအတွက် ကျွန်မတို့ ကူညီပေးပါ့မယ်"
ချိုးယုံခန်း၏မိခင်က သူမ၏သား ဆက်မထိန်းနိုင်တော့သည်ကို မြင်လိုက်ရသောကြောင့် ခေါင်းတလားကို အမြန် အော်ပြောလိုက်သည်။
ထိုအချိန်တွင် ဈာပနကို လိုက်ပို့နေသည့် လူအုပ်ကြီးနောက်မှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါ သဲလွန်စတွေကို သိတယ်။ ငါ အဲ့ဒါကို ပြောပြချင်ပါတယ်..."