အခန်း (၃၆၆)
Vol. 25 Ch. 366
"လူကြီးမင်းရှင်း၊ သူ့ကို သွားစစ်ဆေးကြည့်ပေးပါဦး"
အချိန်က ဘယ်သူ့ကိုမှ မစောင့်ပေ။ တစ်စုံတစ်ယောက်က သဲလွန်စပေးနိုင်သည်ဟု အော်ဟစ်သံကို ကြားလိုက်ရသောကြောင့် ကျိရွှေရှန့်က သွားစစ်ဆေးပေးရန် ရှင်းရူဟိုင်ကိုသာ တောင်းဆိုလိုက်ရတော့သည်။ သူတို့က မွေးစားအမေကို အရင်သင်္ဂြိုဟ်ရမည်ဖြစ်ပြီး ထို့နောက်မှသာ သူနှင့် စူးချင်းတို့ သွားရောက်စစ်ဆေးနိုင်မည် ဖြစ်သည်။
“ကောင်းပါပြီ”
ရှင်းရူဟိုင်က ချက်ချင်း သဘောတူလိုက်ပြီး သဲလွန်စပေးမည့်သူအား ရုံးတော်ဆီသို့ ခေါ်ဆောင်လာရန် တစ်စုံတစ်ဦးကို ချက်ချင်း အမိန့်ပေးလိုက်သည်။
ထူးဆန်းသည်မှာ ခေါင်းတလားက ချက်ချင်း ပေါ့ပါးသွားပြီး သူတို့ ရှစ်ယောက်၏ပခုံးပေါ်တွင် ဖိထားသည့် ကြီးမားတဲ့ တောင်တန်းကြီးတစ်ခုလို အလေးချိန်ကို လုံးဝ မခံစားရတော့ပေ။ အမျိုးသမီးလီက ကျုံးယုံ၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ စိတ်ပူနေပုံရပြီး အဒေါ်ချိုး၏စကားများက သူမကို သက်တောင့်သက်သာဖြစ်စေသည်ဟု အားလုံးက တွေးလိုက်ကြသည်။
အမျိုးသမီးလီကို မြှပ်နှံမည့်နေရာက မြို့၏အပြင်ဘက် အနောက်ဘက်ရှိ တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ ဤသည်မှာ ဖုန်းရွှေဆရာသခင်တစ်ယောက် ရှာဖွေပေးခဲ့သော သင်္ချိုင်းမြေ ဖြစ်သည်။ ၎င်းက အနာဂတ်မျိုးဆက်များအတွက် ကြီးပွားချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်သော်လည်း မျိုးဆက်များအတွက် ရာထူးနေရာများ ပေးဆောင်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း လက်ရှိအခြေအနေအရ အမျိုးသမီးလီကို ဤနေရာတွင်သာ ခေတ္တသင်္ဂြိုဟ်ရတော့မည် ဖြစ်သည်။ နောင်တွင် သူ လက်ရှိမင်းဆက်ကို သိမ်းပိုက်ပြီးမှ အမျိုးသမီးလီနှင့် ကျုံးယုံ၏ဖခင်တို့ကို အတူတကွ ပြန်သင်္ဂြိုဟ်ပေးရန် ကျိရွှေရှန့်က ဆုံးဖြတ်ထားခဲ့သည်။
အမျိုးသမီးလီကို မြှုပ်နှံနေစဉ်အတွင်း ကျိရွှေရှန့်နှင့် ကျုံးယုံတို့က သူမ၏သားများအဖြစ် အရှေ့တွင် ဒူးထောက်ထိုင်နေခဲ့ကြသည်။ စူးချင်းနှင့် ကျိရှောင်ယင်တို့က သူတို့နောက်တွင် ဒူးထောက်ထိုင်နေကြပြီး လီတာနျို၊ ချိုးယုံခန်းနှင့် ကျန်သူများက စူးချင်းနှင့် ကျိရှောင်ယင်တို့၏နောက်တွင် ဒူးထောက်ထိုင်နေကြသည်။
အမျိုးသမီးလီက သားတစ်ယောက်သာ ဖွားမြင်ခဲ့သော်လည်း လူတိုင်းက သူမအတွက် ကျုံးယုံနှင့်အတူ ဒူးထောက်ထိုင်နေကြသည်။ ထို့ကြောင့် ကြီးကျယ်ခမ်းနားသော ဈာပနတစ်ခုဟု ယူဆနိုင်သည်။
ခေါင်းတလားပေါ်သို့ ပထမဆုံး မြေတစ်ဂေါ်တင်လိုက်ချိန်တွင် ကျုံးယုံက ရင်ကွဲမတက် နာကျင်စွာ အော်ဟစ်လိုက်ပြီး နှင်းပွင့်များ ကြွေကျလာကာ ခေါင်းတလား၏ပတ်ဝန်းကျင်တစ်ခုလုံး အထီးကျန်နေသလို ခံစားရစေခဲ့သည်။
သူတို့၏မွေးစားအမေကို သင်္ဂြိုဟ်ပြီးနောက် စူးချင်းနှင့် ကျိရွှေရှန့်တို့က သတင်းပေးသူကို သွားတွေ့ရန် ရုံးတော်သို့ အပြေးအလွှား သွားခဲ့ကြသည်။ သူတို့၏မွေးစားအမေက လူသတ်သမား ရှိရာအရပ်ကို ညွှန်ပြပေးနိုင်ရန် သူတို့ မျှော်လင့်နေမိသေးသည်။
ကျိရွှေရှန့်နှင့် စူးချင်းက ရုံးတော်သို့ ရောက်ရှိလာချိန်တွင် ရှင်းရူဟိုင်က အသေးစိတ် မေးမြန်းထားပြီး ဖြစ်သည်။ သတင်းလာပေးခဲ့သူ၏အမည်ကို လီတာ့ကျွမ်းဟု ခေါ်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တစ်စုံတစ်ယောက်က သစ်တော်ပွင့်ပုံပန်းထိုးထားသည့် ပိုက်ဆံအိတ်ကို ယူဆောင်သွားသည်အား သူ မြင်ခဲ့ရကြောင်း လီတာ့ကျွမ်းက ပြောပြခဲ့သည်။ ထိုလူက မကြာသေးခင် ငွေအမြောက်အမြား သုံးစွဲပြီး သူဌေးတစ်ဦးကဲ့သို့ သုံးဖြုန်းနေကြောင်းလည်း ပြောပြခဲ့သည်။
လီတာ့ကျွမ်းကိုယ်တိုင်လည်း လောင်းကစားသမားတစ်ဦး ဖြစ်သည်။ မော့ချန်က ယိုယွင်းပျက်စီးနေသော်လည်း လောင်းကစားသမားများက သူတို့ လောင်းကစားရန်နေရာကို အမြဲရှာဖွေနိုင်ကြသည်။ သူတို့က ငွေမှစ၍ အစားအစာနှင့် သောက်စရာများအားလုံးကို လောင်းကစားအရင်းအနှီးအဖြစ် သုံးစွဲနိုင်ကြသည်။ ဤလူက ဒုက္ခသည် မဟုတ်ဘဲ မော့ချန်တွင် မူလကတည်းက နေထိုင်သူ ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် အစပိုင်းတွင် စူးချင်းနှင့် ကျိရွှေရှန့်တို့ မှားယွင်းသော ဆုံးဖြတ်ချက်ကို ချခဲ့မိခြင်းပင်။ ဒုက္ခသည်များက အသက်ရှင်သန်ရန် တခြားသူကို လုယက်သတ်ဖြတ်သည်ဟု သူတို့ အမြဲတွေးနေခဲ့ကြသည်။
ယခုရရှိသော သဲလွန်စက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရခဲ့သမျှ သဲလွန်စများထဲမှ အထင်ရှားဆုံးသဲလွန်စ ဖြစ်သည်။ ကျိရွှေရှန့်နှင့် စူးချင်းတို့က ထိုလူကို ဖမ်းဆီးရန် ချက်ချင်း ခေါ်သွားခိုင်းခဲ့သည်။
လီတာ့ကျွမ်းကလည်း ငွေလျန်တစ်ရာနှင့် သိုးအမသုံးကောင်အတွက် အလုပ်ကြိုးစားရန် စိတ်အားထက်သန်နေခဲ့သည်။ သူက ကျိရွှေရှန့်နှင့်စူးချင်းတို့ကို မြို့အနောက်ဘက်ရှိ မြေအောက်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆီးနှင်းများက တံခါးကို အလုံပိတ်ထားသလို ဖြစ်နေစေခဲ့သည်။ နှင်းပေါ်တွင် ခြေရာများ မရှိသောကြောင့် ထိုလူက အိမ်ထဲတွင်သာ ရှိနေမည်ဟု မှန်းဆရသည်။
“လူကြီးမင်း၊ ဝူလောင်အာ့က အထဲမှာ ရှိလိမ့်မယ်။ ကျွန်တော် မဝင်ရဲဘူး၊ သူ ကျွန်တော့်ကို အငြိုးထားပြီး လက်စားချေမှာကို ကြောက်တယ်”
လီတာ့ကျွမ်းက ကျိရွှေရှန့်ကို တိုးတိုးလေးပြောလိုက်ပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။ သူက ဝူလောင်အာ့ဟု ခေါ်သော ထိုလူကို ကြောက်ရွံ့နေပုံရသည်။
လီတာ့ကျွမ်းက ထွက်သွားချင်နေသော်လည်း ကျိရွှေရှန့်က ထိုလူ၏လည်ဂုတ်ကို ဖမ်းဆွဲထားပြီး ခြံဝင်းထဲကို ဆွဲခေါ်သွားခဲ့သည်။ သူက လီတာ့ကျွမ်းကို တံခါးခေါက်ခိုင်းသည်။
"တံခါးကို ခေါက်ပြီး အထဲက လူက ဝူလောင်အာ့ ဟုတ် မဟုတ် အတည်ပြုပေး"
"ဒီတံခါးကို ဖွင့်လို့ မရဘူး"
လီတာ့ကျွမ်းက နှင်းထူထူအောက်မှ တံခါးကို ညွှန်ပြရင်း ပြန်ဖြေလိုက်သည်။ အရှေ့မြောက်ဘက်ရှိ မြေအောက်အိမ်များက မြေအောက်တွင်တစ်ဝက် မြေပေါ်တွင်တစ်ဝက် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဆောင်းရာသီတွင် နွေးပြီး နွေရာသီတွင် အေးသောကြောင့် သက်တောင့်သက်သာ နေနိုင်သည်။ သို့သော် နှင်းများ ထူထပ်စွာ ကျရောက်ချိန်တွင် တံခါးက အလွယ်တကူ အပိတ်ခံရနိုင်သည်။
"နှင်းတွေကို ရှင်းလိုက်"
ကျိရွှေရှန့်က လီတာ့ကျွမ်းကို အမိန့်ပေးလိုက်သည်။
ဒီလူမှာလည်း ကောက်ကျစ်တဲ့ မျက်နှာရှိပြီး လူကောင်းဟုတ်ပုံ မရဘူး။
လီတာ့ကျွမ်းက သစ်သားဂေါ်ပြားကို ကိုင်ထားပြီး ဝမ်းနည်းနေသောမျက်နှာဖြင့် နှင်းများကို ရှင်းပစ်နေခဲ့သည်။
သူ ဘာကြောင့် သဲလွန်စ သွားပေးမိရတာလဲ?
နောက်ဆုံးတွင် တံခါးနားမှ နှင်းများ ရှင်းလင်းသွားခဲ့ပြီး လီတာ့ကျွမ်းက ကျိရွှေရှန့်ကို လှည့်ကြည့်လိုက်သည်။ သူ၏ရှက်ရွံ့နေသော အကြည့်က တစ်စုံတစ်ခုကြောင့် စိတ်အနှောက်အယှက် ဖြစ်နေပုံရသည်။ ကျိရွှေရှန့်ကလည်း စိတ်တိုနေသောကြောင့် သူ့၏အမူအရာကို မြင်လိုက်သည်နှင့် စိတ်မရှည်စွာ အမိန့်ပေးလိုက်သည်။
“တံခါးကို မြန်မြန်ခေါက်လိုက်”
"ဒုတိယအစ်ကို၊ မင်း အိမ်မှာလား?"
လီတာ့ကျွမ်းက အိမ်ထဲသို့ လှမ်းအော်လိုက်သည်။ သူ့က ဒုတိယအစ်ကိုဟု ခေါ်နေသောကြောင့် သူတို့၏ဆက်ဆံရေးကောင်းကြောင်း သက်သေပြနေခဲ့သည်။ သူတို့က အချင်းချင်း ညီအကိုသဖွယ် ပြောဆိုဆက်ဆံနေခဲ့သော်လည်း နောက်ဆုံးတွင် ငွေအတွက် အချင်းချင်း သစ္စာဖောက်လိုက်ခြင်းသာ ဖြစ်သည်။
ကျိရွှေရှန့်နှင့်စူးချင်းက တံခါးကို အမူအရာမဲ့ စိုက်ကြည့်နေကြပြီး နှစ်ယောက်စလုံး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကြသည်။ ကျိရွှေရှန့်က သူ့သွားများ ကျိုးလုနီးပါး အံကြိတ်ထားခဲ့သည်။
ဒီနေ့ မွေးစားအမေကို မြေချတဲ့နေ့ပဲ။ တကယ်လို့ ဒီဝူလောင်အာ့က မွေးစားအမေကို သတ်တဲ့ လူသတ်သမားဖြစ်နေတာကို သက်သေ ရှာနိုင်ရင် သူ ဒီလူရဲ့သွေးနဲ့ မွေးစားအမေကို ပူဇော်ရမယ်”
"တောက်.... မနက်စောစော ဝိညာဉ်လွင့်အောင် လာအော်နေတာလားကွ၊ ထွက်သွားစမ်း"
ဝူလောင်အာ့၏ မောက်မောက်မာမာ ကြိမ်းမောင်းသံက အခန်းတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“ဒုတိယအစ်ကို၊ ငွေတွေ အများကြီး ရနိုင်မယ့် ချမ်းသာဖို့ အခွင့်အရေးတစ်ခု ရှိတယ်”
လီတာ့ကျွမ်းက ကျိရွှေရှန့် ပြောခိုင်းသည့်အတိုင်း ကြောက်လန့်တကြား ထပ်အော်ပြောလိုက်သည်။
"ချမ်းသာဖို့လား? မင်းလိုကောင်က ချမ်းသာဖို့ ဘာအခွင့်အရေးရှိမှာလဲ?"
အခန်းထဲမှ ဝူလောင်အာ့က လီတာ့ကျွမ်း၏စကားကို နားမခံသာ ဖြစ်နေပုံရပြီး ပြန်အော်လိုက်ပြန်သည်။ ကျိရွှေရှန့်က သူတို့၏မိုက်မဲသော စကားကို နားမထောင်ချင်တော့ပေ။ အခန်းထဲတွင် လူ ရှိကြောင်း အတည်ပြုပြီးနောက် သူက တံခါးကို ဆောင့်ကန်လိုက်သည်။ မူလကတည်းက ခိုင်ခံ့မှုမရှိသော တံခါးက ကျိရွှေရှန့်၏ ပြင်းထန်သော ကန်ချက်ကို မည်သို့မျှ မခံနိုင်ဘဲ ချက်ချင်း ကျိုးပဲ့သွားသည်။ လေက ဆီးနှင်းများကို အခန်းထဲကို မှုတ်ထုတ်လိုက်သောကြောင့် ခန်ပေါ်တွင် အိပ်နေသော ဝူလောင်အာ့က ခုန်ထလာပြီး ကြိမ်းမောင်းလိုက်ပြန်သည်။
"လီတာ့ကျွမ်း၊ မင်းက ငါ့တံခါးကို ဘယ်လိုတောင် ချိုးပစ်ရဲတာလဲ?"
သူ၏ဟန်ရေးပြမှု မပြီးမြောက်ခင်မှာပင် သူ့ခြေကျင်းဝတ်ကို အဆွဲခံလိုက်ရပြီး ကျိရွှေရှန့်က သူ့ကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကိုင်ပေါက်ချလိုက်သည်။
ဝူလောင်အာ့က လဲကျသွားပြီး သူ့ခေါင်းကြီးတစ်ခုလုံး မူးဝေသွားခဲ့သည်။
"လီတာကျွမ်း၊ မင်းက ငါ့ကို ရိုက်ရဲတယ်လား?"
အခန်းထဲမှ မီးရောင်က မှိန်လွန်းနေသောကြောင့် ဘယ်သူက သူ့ကို ရိုက်မှန်းပင် သူ မသိနိုင်ခဲ့ပေ။ သူက သူ့ကို လီတာ့ကျွမ်း ရိုက်သည်ဟု ထင်နေပြီး စူးချင်းနှင့် ကျိရွှေရှန့်၏ လူသတ်မျက်လုံးများကို မတွေ့မချင်း သူ လုံးဝ မကြောက်သေးပေ။
"ပိုက်ဆံအိတ်က ဒီမှာ ရှိတယ်"
လီတာ့ကျွမ်းက အမှန်တကယ် လူ့အမှိုက်ဖြစ်သည်။ ကျိရွှေရှန့်က သူ ကြောက်နေသည့် ဝူလောင်အာ့ကို အနိုင်ယူခဲ့သည်အား မြင်လိုက်ရချိန်တွင် သူ ဝူလောင်အာ့ကို မကြောက်တော့ပေ။ သူက ကျိရွှေရှန့်ပင် ညွှန်ကြားစရာ မလိုဘဲ ခန်ပေါ်သို့ တက်သွားကာ လှည့်ပတ်ရှာဖွေနေခဲ့သည်။ သူနေရာအနှံ့လိုက်ရှာခဲ့ပြီး ဝူလောင်အာ့၏အဝတ်အစားများအတွင်းမှ ငွေအပြည့်ထည့်ထားသော ပိုက်ဆံအိတ်ကို သူ တွေ့သွားခဲ့ပြီး လေထဲသို့ မြှောက်ပြကာ ကျိရွှေရှန့်ကို အော်ပြောလိုက်သည်။
“လူကြီးမင်း၊ ဒီမှာ!”
"လီတာ့ကျွမ်း၊ မင်းက ငါ့ကို သစ္စာဖောက်လိုက်တာပဲ..."
လီတာ့ကျွမ်းက ပိုက်ဆံအိတ်အား ထုတ်ယူလိုက်သည်ကို မြင်လိုက်ချိန်တွင် ဝူလောင်အာ့က ဒေါသထွက်သွားပြီး လီတာ့ကျွမ်းကို ရိုက်ချင်လာသည်။ သို့သော် ကျိရွှေရှန့်က သူ၏အောက်ပိုင်းကို နင်းထားသောကြောင့် သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ မလှုပ်ရှားနိုင်ပေ။ သူက ဒေါသဖြင့် ကျိန်ဆဲရုံသာ တက်နိုင်တော့သည်။
စူးချင်းက ပိုက်ဆံအိတ်ကို လှမ်းယူလိုက်ပြီး ၎င်းပေါ်မှ ပန်းထိုးထားသည့် သစ်တော်ပွင့်ပုံစံကို ကြည့်လိုက်သည်။ စူးချင်းက မွေးစားအမေ၏ပန်းထိုးလက်ရာကို မှတ်မိနေပြီး ထိုပိုက်ဆံအိတ်ပေါ်မှ သစ်တော်ပွင့်များက လေထဲတွင် ပွင့်နေသကဲ့သို့ ပန်းထိုးထားသည်ကို သူမ တွေ့လိုက်ရသည်။ ပိုက်ဆံအိတ်ထဲတွင် ငွေသိပ် မကျန်တော့ဘဲ ဝူလောင်အာ့ ဖြုန်းတီးပစ်လိုက်ပုံရသည်။
"ဒီပိုက်ဆံအိတ်ကို ဘယ်ကရလာတာလဲ?"
ကျိရွှေရှန့်က ဝူလောင်အာ့၏အောက်ပိုင်းကို ထပ်နင်းချလိုက်ရင်း မေးလိုက်သည်။ ဝူလောင်အာ့က နာကျင်စွာ အော်ဟစ်လိုက်သော်လည်း နားမလည်သလို ပြုမူနေသေးသည်။
“ကျွန်တော် ကောက်ရတာပါ။ တစ်ခုခုကို တွေ့ရင် ကောက်လို့ မရဘူးလား? အဲ့တာက ဥပဒေကို မချိုးဖောက်ဘူး"
"ကောက်လာခဲ့တာလား? ဘယ်ကနေ ကောက်လာတာလဲ?"
ကျိရွှေရှန့်က ဝူလောင်အာ့၏ဆံပင်ကို ဖမ်းကိုင်လိုက်ပြီး သူ့မျက်နှာကို မော့စေကာ မျက်လုံးချင်း ဆုံအောင်ကြည့်ခိုင်းလိုက်သည်။
“ဟုတ်တယ်… လမ်းပေါ်က ကောက်လာတာပါ”
ဝူလောင်အာ့က အကြည့်လွှဲသွားပြီး ပြန်မဖြေမီ ခေတ္တ တုံ့ဆိုင်းနေသေးသည်။ သူက လိမ်လည်နေခြင်း ဖြစ်ပြီး ကျိရွှေရှန့်က သူ့ကို ရိုက်နှက်နေသည့်တိုင် သူက အမှန်တရားကို လုံးဝ မပြောခဲ့ပေ။ သူက ပိုက်ဆံအိတ်ကို ကောက်ယူခဲ့ပြီး မည်သည့်နေရာမှ ကောက်ခဲ့သည်ကို မေ့သွားကြောင်း အခိုင်အမာ ပြောဆိုနေခဲ့သည်။
စူးချင်းက အချိန်မဖြုန်းချင်တော့ဘဲ ရိုးတွင်းခြင်ဆီအထိ နာကျင်စေနိုင်သည့် ဆေးပြားကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ကောင်းစွာလေ့ကျင့်ထားသော ဝမ်မိသားစုစစ်တပ်မှ စစ်သည်များပင် သည်းမခံနိုင်သော ဤဆေးက ဝူလောင်အာ့ တွန်းလှန်နိုင်သည့်အရာ မဟုတ်ပေ။
ဝူလောင်အာ့က နာကျင်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေခဲ့သည်။ သူက နာကျင်စွာ အော်ညည်းနေပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ "ကျွန်တော် လောင်းကစားရုံ အဝင်ဝကနေ ကောက်လာခဲ့တာပါ"
လောင်းကစားရုံ အဝင်ပေါက်ကလား? ဒါက လုံးဝ အဓိပ္ပာယ် မရှိဘူး။ မွေးစားအမေက အရက်ချက်ရုံဘေးက လမ်းကြားလေးမှာ အသတ်ခံခဲ့ရပြီး ပိုက်ဆံအိတ်က လောင်းကစားရုံ ဝင်ပေါက်မှာ ဘယ်လိုပေါ်လာရတာလဲ?
"မင်း လိမ်နေပြန်ပြီလား?"
ကျိရွှေရှန့်က သူ့ကို ထပ်ကန်လိုက်သည်။ ဝူလောင်အာ့က အလွန်နာကျင်နေပြီး သူ့မျက်လုံးများပင် ပေါက်ထွက်တော့မလို ခံစားနေရသည်။ သူက ကျိရွှေရှန့်နှင့် စူးချင်းတို့ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
သူတို့က ဘယ်သူတွေလဲ? သူ လိမ်နေတာကို ဘယ်လိုသိတာလဲ?