အခန်း (၃၆၇)
Vol. 25 Ch. 367
"ကြည့်ရတာ အရေပြားယားနေတယ် ထင်တယ်၊ ငါ မင်းရဲ့အရေပြား အယားသက်သာအောင် အရေခွံချွတ်ပြီး အရွတ်တွေ ဆွဲထုတ်ပေးမယ်၊ အဲ့အရသာကို မြည်းစမ်းကြည့်ချင်လား?"
ကျိရွှေရှန့်က သူ့၏ လွမ်တောင်ကို ဆွဲထုတ်လိုက်သည်။ ဓားသွားကပင် ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်သောအလင်းရောင်တစ်ခု ရှိနေပြီး ဝူလောင်အာ့၏မျက်လုံးများကို ဓားဦးထိပ်ဖြင့် ချိန်ရွယ်လိုက်သည်။ ဝူလောင်တာ့က ထွက်ပြေးရန် ကြိုးစားချင်နေသော်လည်း နာကျင်မှုကြောင့် သူတစ်ကိုယ်လုံး တုန်ယင်နေဆဲ ဖြစ်သည်။
အခုတောင် သူ သေလောက်အောင် နာနေပြီ၊ အသက်ရှင်ရက်နဲ့ အရေခွံအခွာခံရတာက ဘယ်လောက်တောင် နာကျင်လိမ့်မလဲ? မြန်မြန်သေတာကတောင် ပိုကောင်းသေးတယ်။ သူ၏စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှု ပြိုလဲသွားချိန်တွင် ဝူလောင်အာ့အနေဖြင့် မျက်တောင်တစ်ခတ်စာပင် တောင့်မခံနိုင်တော့ပေ။
“ပြောမယ်၊ ငါ ပြောပြပါ့မယ်... အဲ့ပိုက်ဆံအိတ်က မိန်းမတစ်ယောက်ပိုင်တာ။ အဲဒီနေ့က ငါ လောင်းကစားရုံမှာ ရှုံးခဲ့ပြီး ပိုက်ဆံပြန်ရှာဖို့ တွေးခဲ့တယ်။ အဲ့အကြံအစည်ကြောင့် ငါ ပုဆိန်တစ်ချောင်းကိုင်ပြီး မြို့အနှံ့ကို လျှောက်သွားရင်း ပစ်မှတ်ကို ရှာဖွေခဲ့တယ်။ နောက်တော့ ရွှေဆိုင်အကြောင်းမေးတဲ့ မိန်းမကြီးတစ်ယောက်ကို တွေ့လိုက်ရတော့ ငါ သူ့(မ)နောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့မိတယ်။ ထူးဆန်းတာက သူ(မ)က ရွှေဆိုင်ကို မသွားဘဲ အရက်ချက်ရုံကို သွားခဲ့တာပဲ။ အဲဒီလမ်းကြားမှာ ဘယ်သူမှ မရှိတာနဲ့ ငါ သူ(မ)ကို ပုဆိန်နဲ့ ရိုက်ပြီး ပိုက်ဆံအိတ်ကို လုယူဖို့ လမ်းကြားထဲကို ဆွဲခေါ်သွားခဲ့မိတယ်”
ဝူလောင်အာ့က မြန်မြန်သေချင်စိတ်သာရှိတော့ပြီး ဘာမှ မဖုံးကွယ်ထားတော့ပေ။ ထိုသို့ပြောပြီးနောက် ကုန်းပေါ်သို့ ပစ်တင်ခံလိုက်ရသော ငါးကဲ့သို့ မြေပြင်ပေါ်လဲကျသွားခဲ့သည်။
အခုတော့ အရာအားလုံး ကိုက်ညီသွားပြီ။ ဝူလောင်အာ့ ပြောနေတဲ့ မိန်းမကြီးက မွေးစားအမေ ဖြစ်နိုင်တယ်။ မွေးစားအမေက အရက်ချက်ရုံနားမှာ အသတ်ခံခဲ့ရတယ်။
ကျိရွှေရှန့်က ဝူလောင်အာ့ကို ဒေါသထွက်နေတာ မုန်းတီးအပြည့်ဖြင့် ထိုလူ အသက်မရှူနိုင်တော့သည်အထိ ရိုက်နှက်နေခဲ့သည်။ ထိုနောက်မှသာ သူက ထိုလူအား ခွေးသေတစ်ကောင်ကဲ့သို့ မွေးစားအမေ၏သင်္ချိုင်းဆီသို့ ဆွဲခေါ်သွားခဲ့သည်။
စူးချင်းက သူ့တို့နောက်မှ လိုက်သွားခဲ့ပြီး သူမက ဘာစကားမပြောသလို ဘာမှလည်း မလုပ်ခဲ့ပေ။ သူမ၏လက်ထဲတွင် မွေးစားမိခင်ဖြစ်သူ၏ ပိုက်ဆံအိတ်ကို ကိုင်ထားရင်း အတွေးများနေခဲ့သည်။
ဝူလောင်အာ့ရဲ့ဝန်ခံမှုတွေက အားလုံး လိုက်လျောညီထွေ ရှိတယ်။ ညှဉ်းပန်းနှိပ်စက်မှု လုပ်လိုက်တာကြောင့်သာ သူက အမှန်အတိုင်း ဖွင့်ပြောဖို့ ဆန္ဒရှိလာခဲ့တာလေ။ ဘာကြောင့်မှန်း မသိပေမယ့် တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ သူမ ခံစားနေရတယ်။ ဒါပေမယ့် ဘာက မှားနေတာလဲဆိုတာကိုတော့ သူမ မပြောနိုင်ဘူး။
ကျိရွှေရှန့်က ဝူလောင်အာ့ကို အမျိုးသမီးလီအား မြှပ်နှံထားသည့်နေရာသို့ ဆွဲခေါ်သွားခဲ့သည်။ ကျုံးယုံက မသွားသေးဘဲ သူ့အမေ၏အုတ်ဂူရှေ့တွင် ဒူးထောက်နေကာ ငွေစက္ကူများကို မီးရှို့ရင်း ငိုနေခဲ့သည်။ ကျုံးယုံက သူ့မိခင်နှင့် အချိန်ပို ရှိနေချင်ပြီး သူ့အမေကို နောက်တစ်ကြိမ်ထပ်မတွေ့နိုင်တော့ဘူးဟု တွေးမိသောအခါ ကလေးတစ်ယောက်ကဲ့သို့ ငိုကြွေးလိုက်ပြန်သည်။ ချိုးယုံခန်းက သူ့ဘေးတွင် နှစ်သိမ့်ပေးနေပြီး သူက ကျုံးယုံကို စိတ်ပူနေသောကြောင့် ထိုနေရာမှ ထွက်မသွားခဲ့ပေ။
"ကျုံးယုံ၊ မွေးစားအမေကို သတ်တဲ့ လူသတ်သမားကို ငါ ရှာတွေ့ခဲ့ပြီ"
ကျိရွှေရှန့်က ဝူလောင်အာ့ကို သူ့မွေးစားအမေ၏အုတ်ဂူရှေ့သို့ ပစ်ချသည်။ သူက သူ့မွေးစားအမေ၏ရန်သူကို သူ့ညီအစ်ကိုကောင်း၏လက်ဖြင့် သတ်စေချင်သောကြောင့် ကျုံးယုံကို ထိုသို့ လှမ်းပြောလိုက်သည်။
သူ့အမေကို သတ်လိုက်သည့်သူက ဝူလောင်အာ့ ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ကျူံးယုံက မြေပြင်ပေါ်မှ ချက်ချင်း ထရပ်လိုက်သည်။ သူက ရက်စက်သည့်အသွင်အပြင် ပေါ်နေပြီဖြစ်ကာ သူ့၏မျက်လုံးများက သေမင်း၏မျက်လုံးများနှင့် ဆင်တူနေသည်။ ဝူလောင်အာ့က အလွန်ကြောက်လန့်နေပြီး သူ့တစ်ကိုယ်လုံး ဆန့်ငင်ဆန့်ငင် ဖြစ်နေကာ အုတ်ဂူရှေ့မှာ ဝပ်တွားကာ တွားသွားနေခဲ့။ သူ သေရတော့မည်မှာ သေချာသွားပြီဖြစ်ကြောင်း သူ သိနေသောကြောင့် သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာပြီး တောင်းပန်စကားကို ထပ်ခါတလဲလဲ ပြောနေခဲ့သည်။
“ငါ့ကို ခွင့်လွှတ်ပေးပါ၊ ငါ့အသက်ကို ချမ်းသာပေးပါ”
သို့သော်လည်း ကျုံးယုံ၏ လက်သီးများက မိုးရေစက်များကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာခဲ့သည်။ ကျုံးယုံက မူလကတည်းက နတ်ဘုရားကဲ့သို့ သန်မာသူ ဖြစ်ပြီး ယခု သူ ဒေါသထွက်နေသောကြောင့် သူ၏လက်သီးတစ်ချက်တွင် ကျင်းတစ်ထောင်ခန့် ခွန်အားများ ပါဝင်နေတော့သည်။ လက်သီးတစ်ချက်တိုင်းက ဝူလောင်အာ့ကို သွေးတစ်လုတ်ကို အန်ထုတ်စေပြီး အုတ်ဂူ၏ကျောက်တိုင်ရှေ့မှ နှင်းများကို သွေးနီရောင် လွှမ်းသွားစေခဲ့သည်။
ကျုံးယုံက ဒေါသထွက်နေသော ကျားတစ်ကောင်နှင့်တူနေပြီး သူက ဝူလောင်အာ့ကို ဖမ်းဆွဲကာ ကြိမ်ဖန်များစွာ ကိုင်ပေါက်နေပြန်သည်။ အဆုံးတွင် ဝူလောင်အာ့က အသားပုံဖြစ်သွားသည်အထိ ရိုက်နှက်ခံလိုက်ရပြီး သွေးသံတရဲရဲဖြင့် သေဆုံးသွားကာ သူ့မျက်လုံးများက အပြင်သို့ ပြူးထွက်နေခဲ့သည်။
စူးချင်းက ဘေးမှ စောင့်ကြည့်နေပြီး ကျုံးယုံ မောပန်းလာမှ သူ့ကို အချိန်မီ တားဆီးလိုက်သည်။
"တော်ပြီ၊ ကျန်တာကို ငါ့အတွက် ထားခဲ့တော့။ သူ့အရိုးတွေကို ကျိတ်ချေပြီးမှ မီးရှို့မယ်။ သူ့ပြာတွေကိုတောင် တစ်နေရာစီ ကျဲပစ်မယ်”
"အမေ၊ ယုံအာ အမေ့အတွက် လက်စားချေလိုက်ပြီ"
ကျုံးယုံက သူ့မိခင်၏အုတ်ဂူရှေ့တွင် ဒူးထောက်ကာ အရာအားလုံး ဆုံးရှုံးသွားဟန်ဖြင့် ရှိုက်ကြီးတငင် ငိုနေပြန်သည်။
စူးချင်းက ဆိုးဆိုးရွားရွား ပျက်စီးနေသော ဝူလောင်အာ့ကို ဆွဲမကာ မြေကြီးပေါ်သို့ ချထားလိုက်သည်။ သူမသည် သူ၏အရိုးများကို ကြိတ်ချေပြီး သူ၏ပြာများကို နေရာအနှံသို့ ကျဲပက်လိုက်သည်။
သူမ ဒီလူရဲ့အလောင်းကိုတောင် နဂိုအတိုင်း မချန်ထားပေးနိုင်ဘူး။ ရှေးခတ်ကလူတွေက အယူသီးကြတယ်။ သူတို့ သေဆုံးသွားရင်တောင် အလောင်းအပြည့်အစုံရှိရမယ်။ မဟုတ်ရင် သူတို့ နောက်ဘဝတွေမှာ လူပြန်မဝင်နိုင်တော့ဘူး။ မိန်းမစိုးတွေ သူတို့ရဲ့ညီငယ်လေးကို သိမ်းထားချင်ရတဲ့ အကြောင်းရင်းကလည်း ဒီအယူသီးမှုကြောင့်ပဲ။
ချိုးယုံခန်းက ဤမျှ ကြောက်စရာကောင်းသော မြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူ ကြောက်လွန်းသောကြောင့် သူ့မျက်နှာပင် ဖြူဖျော့နေပြီး ဘေးသို့ ပြေးသွားကာ နေရာအနှံ့ ထိုးအန်မိတော့သည်။ သို့သော် စူးချင်းက အမူအရာ လုံးဝ မပြောင်းလဲဘဲ ထိုကြောက်စရာကောင်းသော လုပ်ရပ်ကို ဆက်လက်လုပ်ဆောင်နေသေးသည်ကို သူ တွေ့ခဲ့ရသည်။ သူက စူးချင်းကို ကြောက်ရွံ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
မွေးစားအမေအတွက် လက်စားချေပြီးနောက် ကျိရွှေရှန့်က ကျုံးယုံကိုပါ ပြန်ခေါ်လာခဲ့သည်။ ကျုံးယုံက ရက်အနည်းငယ်ကြာအောင် မစားမသောက်ဘဲ ပိန်လိန်နေကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့သည်။
သူ့မိခင်အတွက် ဝမ်းနည်းပူဆွေးခြင်းကာလ ပထမခုနစ်ရက်အပြီးတွင် ကျုံးယုံက သူ့၏ဝမ်းနည်းပူဆွေးမှုများကို တဖြည်းဖြည်း ပြန်ထိန်းသိမ်းနိုင်လာပြီး ကျောက်မီးသွေးတွင်းသို့ သွားကာ ကျောက်မီးသွေး ဆက်တူးနေပြီ ဖြစ်သည်။ အလုပ်လုပ်နေခြင်းကသာ သူ့၏ဝမ်းနည်းမှုကို ခတ္တခဏ မေ့လျော့စေနိုင်သည်။ သို့သော်လည်း သူ အိမ်မှ ထွက်ချိန်တွင် သူ့အမေ ပြင်ဆင်ပေးသည့် မနက်စာကို မစားနိုင်တော့သလို သူ အိမ်ပြန်ရောက်ချိန်တွင်လည်း သူ့အမေ ထွန်းပေးထားသည့် မီးခွက်ကို မမြင်နိုင်တော့ပေ။
ကျုံးယုံက နေ့ချင်းညချင်း ကြီးပြင်းလာပုံရပြီး လေးနက်ပုံပေါက်လာခဲ့သည်။ သူက ကျိရှောင်ယင်နှင့် သူ၏ အိမ်ထောင်ရေးကိစ္စကိုလည်း ဘယ်သူကိုမှ မပြောတော့ပေ။ သူ့အမေက သူ့အိမ်ထောင်ရေးကြောင့် သေဆုံးသွားခဲ့သည်ဟူသော အတွေးကြောင့် အိမ်ထောင်ရေးက ကျုံးယုံ မကျော်ဖြတ်နိုင်သည့်အရာတစ်ခု ဖြစ်သွားခဲ့သည်။
သူမ၏ မွေးစားမိခင် သေဆုံးသွားသဖြင့် ကျိရှောင်ယင်တွင် နေစရာနေရာ မရှိတော့ပေ။ စူးချင်းက သူမကို ကျင့်ရှီလျိုမြောင်သို့ ခေါ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ကျိရှောင်ယင်ကို သူမ၏မိဘများနှင့်အတူ စောင့်ရှောက်ပေးနိုင်ပြီး လွမ်ဟုန်လည်းရှိနေသောကြောင့် မိန်းခလေးဖော်လည်းရကာ သူမကို နှစ်သိမ့်ပေးနိုင်လိမ့်မည်ဟု စူးချင်း တွေးထားခဲ့သည်။
သို့သော် ချိုးယုံခန်း၏မိခင်က ကျိရွှေရှန့်ကို လာရှာခဲ့ပြီး ကျိရှောင်ယင်ကို သူမတို့၏အိမ်တွင် ထားရန် တောင်းဆိုခဲ့သည်။ သူမက ကျိရှောင်ယင်ကို ဂရုစိုက်ပေးရန် ဆန္ဒရှိနေခဲ့သည်။
ကျိရွှေရှန့်က ချက်ချင်း သဘောမတူဘဲ ကျိရှောင်ယင်၏အတွေးကို အရင် မေးမြန်းခဲ့သည်။ ကျိရှောင်ယင်က လက်ရှိအချိန်တွင် မော့ချန်မှ မထွက်သွားချင်သေးပေ။ သူမက ကျင့်ရှီလျိုမြောင်သို့ မသွားမီ မွေးစားအမေ၏ ဝမ်းနည်းပူဆွေးခြင်းကာလ သတ္တမမြောက်အပတ်အထိ စောင့်နေချင်သေးသည်။
ကျိရွှေရှန့်က သူ့ညီမလေး၏ဆုံးဖြတ်ချက်ကို လေးစားပေးခဲ့ပြီး သူ့ညီမလေးကို ချိုးယုံခန်း၏အိမ်တွင် အရင် နေစေခဲ့သည်။
ရှောင်ယင်နဲ့ ယုံခန်းရဲ့အမေက အရင်ထဲက အရမ်းရင်းနှီးကြတယ်။ အခု ချိုးယွဲ့လည်း အနားမှာ မရှိတော့ အဒေါ်ချိုးက သူမရဲ့သမီးကို အမြဲလွမ်းဆွတ်နေခဲ့တယ်။ ရှောင်ယင် သူမတို့ အိမ်ကို သွားနေလိုက်တာက သူမ သမီးကို တောင့်တနေတဲ့ အဒေါ်ချိုးရဲ့စိတ်ကို သက်သာရာရစေနိုင်လိမ့်မယ်။
အရေးအကြီးဆုံးက သူ ယုံခန်းရဲ့စရိုက်ကို ယုံကြည်တယ်။ ယုံခန်း ရှောင်ယင့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက သူ့ထက်မလျော့ဘူး။
စူးချင်းနှင့် ကျိရွှေရှန့်တို့ မထွက်ခွာသေးခင် ယန်ကျစ်က သူ့လူများနှင့်အတူ ရောက်လာခဲ့သည်။ စူးဟန်ရွှမ်က စူးချင်းကို စိတ်ပူသောကြောင့် လာရှာရန် သူ့ကို တောင်းဆိုခဲ့ခြင်းပင်။
စူးချင်း ထွက်လာသည်မှာ ဆယ်ရက်ကျော်နေပြီ ဖြစ်ပြီး သူမ ထွက်လာစဥ်က သူမ ဘယ်တော့ပြန်လာမည်ကို မပြောလာခဲ့ပေ။
စူးဟန်ရွှမ်နှင့်ယန်ရူရွှယ်တို့က သူတို့၏သမီးအတွက် စိတ်ပူသောကြောင့် သူမကို မော့ချန်တွင် သွားရှာပေးရန် ယန်ကျစ်ကို တောင်းဆိုခဲ့ကြသည်။
စူးချင်းကလည်း မကြာမီ ပြန်တော့မည် ဖြစ်သည်။ သို့သော် သူမက သူမ မထွက်ခွာမီ ကျိရွှေရှန့်အတွက် လက်နက်အသစ်အချို့ တီထွင်ပေးနေခြင်း ဖြစ်သည်။ မော့ချန်သို့ ချွီတာ့ ပေးပို့ခဲ့သော လက်နက်များမှာ ဓားနှင့်လှံများကဲ့သို့ သမားရိုးကျလက်နက်များသာ ဖြစ်သည်။ စူးချင်း၏လက်နက်များက ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းရှိပြီး သာမာန် လှံနှင့်ဓားများထက် ပိုမိုအားကောင်းသည်။ ထို့အပြင် သူမသည် မြှားထောင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း ပစ်နိုင်မည့် နှစ်ဘီးတပ် စစ်ရထားကိုလည်း ဒီဇိုင်းထုတ်ခဲ့သည်။
သူတို့က မြို့တော်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီး ထူးဆန်းသည်မှာ ဧကရာဇ်နှင့် ဝမ်ယွိလင်တို့က မော့ချန်သို့ မည်သူ့ကိုမျှ မစေလွှတ်တော့ခြင်း ဖြစ်သည်။ ထိုအရာက နှင်းမုန်တိုင်းကြောင့် ကြန့်ကြာနေခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ၎င်းက ကျိရွှေရှန့် ဖွံ့ဖြိုးတိုးတက်လာစေရန် အခွင့်အရေး ဖြစ်နေခဲ့သည်။ ဆောင်းရာသီတွင် အနက်ရောင်ယမ်းမှုန့်ပြုလုပ်ရန် ခက်ခဲပြီး အေးခဲသောရာသီဥတုတွင် လက်ပစ်ဗုံး ပြုလုပ်ရန် ဆားမြေကို တူးဖော်ဖို့ မဖြစ်နိုင်ပေ။ ထိုကာလတွင် မော့ချန်၏ စစ်တပ်က တော်ဝင်တရားရုံး၏စစ်တပ်ကို ခုခံရန် ခက်ခဲလှသည်။
အခြားတစ်ဖက်တွင် တော်ဝင်ရုံးတော်က မော့ချန်သို့ တပ်များ မလွှတ်နိုင်ရသည့်အကြောင်းအရင်းမှာ လက်ရှိတွင် ဧကရာဇ်က ဝမ်မိသားစုစစ်တပ်၏ ဝိုင်းရံမှုကို ခုခံနေရပြီး ဆိုးရွားသောအခြေအနေတွင် ရှိနေသောကြောင့်ဖြစ်သည်။
အစပိုင်းတွင် ဧကရာဇ်က ဝန်ကြီးချုပ်ဝမ်ကို နေအိမ်အကျယ်ချုပ်ချထားပြီး ဝန်ကြီးချုပ်ဝမ် အယောင်ဆောင်ကာ ဝမ်ယွိလင်ထံသို့ လျှို့ဝှက်စာများ ဖလှယ်နေခြင်းဖြင့် သူ စိတ်အေးသက်သာ နေနိုင်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း ဝမ်ယွိလင်နှင့် ၀န်ကြီးချုပ်ဝမ်တို့၏ကြားတွင် လျှို့ဝှက်သင်္ကေတတစ်ခု ရှိသည်ကို သူ မသိခဲ့ပေ။ လျှို့ဝှက်သင်္ကေတ မပါသော စာများကို လက်ခံရရှိလိုက်သည်နှင့် ဝမ်ယွိလင်က သူ့အဖေ တစ်ခုခုဖြစ်နေသည်ကို သိသွားတော့သည်။
သူက မြို့တော်ရှိ သူလျှိုများနှင့် ဆက်သွယ်ရန် သူ့လူများကို စေလွှတ်ခဲ့ပြီး ဧကရာဇ်မင်းမြတ်က သူ့ဖခင်အား နေအိမ်အကျယ်ချုပ်ချထားကြောင်း သူ သိသွားခဲ့သည်။ သူက တဖက်တွင် သူ့အဖေကို ကယ်တင်ရန် လူများ စေလွှတ်ခဲ့ပြီး နောက်တစ်ဖက်တွင် တော်ဝင်မြို့တော်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။
အခြေအနေ တစ်ခုခု မှားယွင်းနေသည်ကို ဧကရာဇ် ရိပ်မိသွားချိန်တွင် ဝမ်ယွိလင်၏စစ်တပ်က မြို့တော်နှင့် နီးကပ်လာပြီ ဖြစ်သည်။ သူက ခုခံရန် တပ်များကို အလျင်အမြန် စေလွှတ်ခဲ့သော်လည်း တာ့ရှားပြည်ထောင်တွင် ဝမ်မိသားစုစစ်တပ်၏ သြဇာလွှမ်းမိုးမှုက သိသာလွန်းလှသည်။ စစ်တပ်နှစ်တပ် ရင်ဆိုင်တွေ့ပြီးနောက် ဧကရာဇ်၏စစ်တပ်က ကြောက်လန့်တကြားပြီး လက်နက်ချလိုက်သည်။
ဝမ်မိသားစုစစ်တပ် တော်ဝင်မြို့တော်၏ မြို့တံခါးများသို့ ရောက်ရှိလာချိန်တွင် ဧကရာဇ်က ဝမ်ရှန်းချန်၏မိသားစုကို မြို့ရိုးများပေါ်သို့ ဆွဲခေါ်စေပြီး ဝမ်ယွိလင်ကို ပြန်ဆုတ်ခွာခိုင်းခဲ့သည်။
မမျှော်လင့်ဘဲ ဝမ်ယွိလင်၏ထိပ်တန်းစစ်သည်များက မြို့တော်ထဲသို့ စိမ့်ဝင်နေပြီးဖြစ်ကာ ဝန်ကြီးချုပ်ဝမ်ကို ကယ်တင်နိုင်ခဲ့ပြီး ဧကရာဇ်ကို အရှင်လတ်လတ်ဖမ်းဆီးနိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် ဝမ်မိသားစုစစ်တပ်က မြို့တော်ကို ပြိုကျသွားစေခဲ့သည်။
တစ်ချိန်က တန်ခိုးသြဇာကြီးမားခဲ့သော ဧကရာဇ်က ချုပ်နှောင်ခံထားရပြီး နှိပ်စက်ခံနေရသည်။ ဤအချိန်တွင်မှ ဧကရာဇ်က ရှောင်းဟမ်၏ကြင်နာမှုကို ပြန်အမှတ်ရလာခဲ့သည်။ ကံမကောင်းစွာဖြင့် သူက သူ့အပေါ် သစ္စာစောင့်သိသော မင်းမှူထမ်းများအားလုံးကို သတ်ခဲ့ပြီး သူ့ကို ကယ်တင်ရန် မည်သူမျှ မလာနိုင်ကြတော့ပေ။
ဧကရာဇ်အသစ် နန်းတက်လာပြီးနောက် ယခင်အိမ်ရှေ့စံမင်းသား မင်ဟန် အပါအဝင် ဧကရာဇ်၏မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့သည်။ ဝမ်ရှန်းချန်၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်လိုက်ရသော အခြားမှူးမတ်များအနေဖြင့် အညံ့ခံရုံမှတပါး ရွေးချယ်ခွင့် မရှိတော့ပေ။
တာ့ရှားပြည်ထောင်၏မင်းဆက်က ပြောင်းလဲသွားခဲ့ပြီး ဝမ်ရှန်းချန် နန်းတက်ခဲ့သည်။ သို့သော် ယခင်ဧကရာဇ် မသေဆုံးမီတွင် သူက ဝမ်ချင်းရှန် ငြိမ်သက်စွာ အိပ်မပျော်နိုင် မစားနိုင် မသောက်နိုင် ဖြစ်စေသည့် သတင်းတစ်ပုဒ်ကို ပြောခဲ့သွားသည်။ ထိုအရာက လက်ရှိဧကရာဇ်ဖြစ်သော ဝမ်ရှန်းချန်ကို မလုံခြုံသလို ခံစားရစေသည်။