← Chapters

အခန်း (၃၆၈)

Vol. 25 Ch. 368

အခန်း (၃၆၈)

Vol. 25 Ch. 368

"ဝမ်ရှန်းချန်... ရှောင်းဟမ်ရဲ့သားက အသက်ရှင်နေတုန်းပဲ။ သူ မင်းကို ကလဲ့စားချေဖို့ ရောက်လာလိမ့်မယ်။ မင်းက ရှောင်းဟမ်ထက် ပိုဆိုးတဲ့ သေခြင်းတရားနဲ့ သေရတော့မှာ။ ကျန်း မင်းကို မြေအောက်ကနေ စောင့်နေမယ် ဟားဟား..."

ဧကရာဇ်ဟောင်းက ဝမ်ရှန်းချန်ကို မကျေမနပ် စိုက်ကြည့်ရင်း ‌ရွေရွတ်နေကာ တဟားဟား အော်ရယ်နေပြန်သည်။

သူက ဒီအဘိုးကြီးကို ဘုန်းကျက်အသရေ၊ စည်းစိမ်ဥစ္စာနဲ့ အမြင့်ဆုံးအာဏာတွေ ပေးထားခဲ့တယ်။ အခု ဒီခွေးအိုကြီးက ကြီးပြင်းလာပြီး သူ့ကို ပြန်ကိုက်သွားခဲ့ပြီ။ သူ သေသွားရင်တောင်မှ ဒီခွေးအိုကြီး ကောင်းကောင်းမွန်မွန် စားသောက်ပြီး အေးအေးချမ်းချမ်း အိပ်ပျော်ရဖို့ မမျှော်လင့်နဲ့တော့။

"သူ ဘယ်မှာလဲ? သူက အခု ဘယ်မှာလဲ?"

ဝမ်ရှန်းချန်က နဂါးပလ္လင်မှ အလျင်အမြန် ဆင်းလာပြီး ဧကရာဇ်‌ဟောင်းကို လှုပ်ခါမေးမြန်းရန် ပြေးလာခဲ့သည်။

သို့သော် ဧကရာဇ်ဟောင်းက အဆိပ်ကြောင့် ဒွါရခုနစ်ပေါက်စလုံးမှ သွေးများ ထွက်ကျကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက သူ မသေခင် ဝမ်ရှန်းချန်၏ ကြောက်ရွံ့တုန်လှုပ်မှုကို မြင်သွားပြီး ပျော်လျှက် အသက်ထွက်သွားခဲ့သည်။

“ခမည်းတော်”

ဝမ်ယွိလင်က ရွှေခမောက်နှင့် ငွေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်။ ဝမ်ရှန်းချန် နန်းတက်ပြီးနောက် ဝမ်ယွိလင်က အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ယခု သူက အိမ်ရှေ့စံမင်းသား ဖြစ်သလို မြင်းတပ်၏စစ်သေနာပတိချုပ်လည်း ဖြစ်သည်။ သူကတော့ သူ့အဖေ၏စိုးရိမ်ပူပန်မှုများကို လုံးဝ ဂရုမစိုက်ပေ။

"ရှောင်းဟမ်ကိုတောင် သားတော်တို့ အေးအေးဆေးဆေး ဖြေရှင်းနိုင်ခဲ့တာပဲ၊ ရှောင်းဟမ်ရဲ့သားက ဘာမှကို စိုးရိမ်စရာ မရှိဘူး"

“သားတော်၊ မင်း ရန်သူကို လျှော့မတွက်နဲ့။ ရှောင်ယုံချီက ယုံကြည်မှု ရှိရှိနဲ့ ပြောသွားခဲ့တာ။ ရှောင်းဟမ်ရဲ့သားက ကျန်းတို့နဲ့ ယှဥ်ပြိုင်နိုင်စွမ်း ရှိရမယ်။ ကျန်းတို့ သူ့ကို အရင် ရှာပြီး အနာဂတ်အတွက် ပြဿနာတွေကို ဖယ်ရှားပစ်ရမယ်”

ဝမ်ရှန်းချန်က သူ့မျက်လုံးများကို မှေးကျဥ်းထားပြီး သူ၏လုံးဝန်သောခန္ဓာကိုယ်ကြီးက ဘောလုံးကြီးနှင့် တူနေကာ သူ့၏နဂါးဝတ်ရုံက သူ့ကို ရယ်စရာဖြစ်နေစေခဲ့သည်။

“ခမည်းတော်၊ ရှောင်းမိသားစုရဲ့ သားက စိုးရိမ်ဖို့ မထိုက်တန်ဘူးလို့ သားတော် ထင်တယ်။ အခု အရေးကြီးဆုံးက ယုံချီရဲ့ အကြွင်းအကျန်တွေကို ရှင်းပစ်ဖို့ပဲ။ သားတော်တို့က မြို့တော်ကို သိမ်းပိုက်ဖို့ ရှုံးနူနဲ့ တခြားလူရိုင်းမျိုနွယ်တွေကို အသုံးချခဲ့တယ်။ အခု သူတို့က သားတော်တို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ၊ သူတို့ကို အမြန်ဆုံး မောင်းထုတ်ပစ်ရမယ်”

ဝမ်ယွိလင်ကတော့ ရှောင်းဟမ်၏သားအတွက် လုံးဝ မစိုးရိမ်သေးပေ။

အဲ့တုန်းက ရှောင်းမိသားစုရဲ့စစ်တပ်က အရမ်းကို အင်အားကြီးမားခဲ့ဖူးတယ်။ အဲ့အချိန်မျိုးမှတောင် ရှောင်းဟမ်က သူတို့သားအဖရဲ့လက်ထဲမှာ ကျဆုံးသွားခဲ့တယ်။ အခု ရှောင်းမိသားစုရဲ့ ကလေးသာသာ ကောင်လေးက စစ်သည်မရှိ၊ အာဏာမရှိဘဲ သူ့အဖေအတွက် ဘယ်လိုလက်စားချေနိုင်မှာတဲ့လဲ?

သူကတော့ တိုင်းပြည်ငယ်လေးတွေကိုပဲ စိတ်ပူနေမိတယ်။ အရင်က သူ ယုံချီကို ဖိအားပေးချင်တာကြောင့် အဲ့တိုင်းပြည်ငယ်လေးတွေကို အသုံးချဖို့ ကြံရွယ်ခဲ့တယ်။ အဲ့ဒါကြောင့် သူက အဲ့လူရိုင်းတွေကို လုံးဝ ဂရုမစိုက်ဘဲ မြို့တွေကို တိုက်ခိုက်သိမ်းယူခွင့် ပေးထားခဲ့တယ်။

ဒါပေမယ့် ယခု တိုင်းပြည်က သူတို့ မိသားစုရဲအပိုင် ဖြစ်လာပြီ၊ အဲ့တော့ ဒီလူရိုင်းတွေကို တတ်နိုင်သမျှ မြန်မြန် သုတ်သင်ရှင်းလင်းဖို့ လိုအပ်လာပြီ။ မဟုတ်ရင် သူတို့ရဲ့ပြည်ထောင်က မလုံခြုံပဲ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။

"ရှောင်းဟမ်ရဲ့သားကို မဖယ်ရှားနိုင်သရွေ့ ကျန်း စိတ်အေးနိုင်မှာ မဟုတ်ဘူး"

သို့သော် ဝမ်ရှန်းချန်ကတော့ သူ့၏သားနှင့် ကွဲပြားစွာ တွေးတောနေခဲ့သည်။ သူက အပြင်လူများ သို့မဟုတ် ယုံချီ၏အကြွင်းအကျန်များအတွက် စိတ်မပူပေ။ ရှောင်းဟမ်၏သားကသာလျှင် သူ့အတွက် တစ်ခုတည်းသော စိုးရိမ်စရာ ဖြစ်နေခဲ့သည်။

သို့သော်လည်း ဝမ်ယွိလင်က ဘာမှပြန်မပြောတော့ပေ။ သူထံတွင် သူ့၏ကိုယ်ပိုင်အကြံဥာဏ်များ ရှိနေပြီး ဝမ်ရှန်းချန်က ဧကရာဇ်နှင့် သူ၏ဖခင်ဖြစ်နေသည့်တိုင် သူ၏ဆုံးဖြတ်ချက်များကို မလွှမ်းမိုးနိုင်ပေ။

သူက အပြင်လူများကို အရင်ဖြေရှင်းရန် ဆုံးဖြတ်ထားခဲ့ပြီး ထိုကိစ္စပြီးမှသာ ယုံချီ၏ အကြွင်းအကျန်များကို ကိုင်တွယ်မည်ဖြစ်သည်။ ရှောင်းဟမ်၏သားကိုတော့ နောက်ဆုံးမှ လိုက်ရှာရန် တွေးထားခဲ့သည်။

“မင်း နောက်ဆုံးတစ်ခေါက်က မော့ချန်ကို လွှတ်လိုက်တဲ့အဖွဲ့က ပြန်မလာသေးဘူးလား? ဘာတွေဖြစ်နေလဲဆိုတာကိုရော သိရပြီလား?"

ဝမ်ရှန်းချန်က သူ့သားကို ကောင်းစွာ နားလည်နိုင်သူ ဖြစ်သည်။ သူ့သား၏မျက်လုံးများထဲမှ ငြိမ်သက်နေသည့် အကြည့်ကို မြင်လိုက်ရသောကြောင့် သားဖြစ်သူက သူ့စကားနားမထောင်ဘဲ သူ့အမိန့်ကို လိုက်နာရန် မရည်ရွယ်ထားကြောင်း သူ သိနိုင်ခဲ့သည်။ သူက သူ့သား အာရုံစိုက်စေမည့် မော့ချန်အကြောင်း စကားလွှဲလိုက်သည်။

“သူတို့ မော့ချန်ကို ထွက်သွားပြီး စားနပ်ရိက္ခာ ပြန်ဖြည့်ဖို့ ကျင်းချန်နဲ့ လျောင်ချန်ကိုတောင် ဝင်သွားကြသေးတယ်။ တောင်ဘက်ကနေ ကျော်သွားပြီးတဲ့နောက် သူတို့ ပျောက်ကွယ်သွားကြသည်။ လီကျန်းရဲ့အဖွဲ့ က သူတို့ကို ဝါးမျိုလိုက်ပြီလို့ သားတော် ထင်တယ်”

ဝမ်ယွိလင်က သူ လက်ခံရရှိထားခဲ့သည့် သတင်းအချက်အလက်များအား သူ့အဖေကို ပြန်ပြောပြလိုက်သည်။ တိုက်ဆိုင်စွာပင် လီကျန်းက သူ့တပ်များကို ဦးဆောင်ကာ ပုန်ကန်နေခဲ့ပြီး မြို့သုံးမြို့ကိုပင် သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။

မော့ချန်သို့ ဝမ်ယွိလင် စေလွှတ်လိုက်သည့် အဖွဲ့က ထိုနေရာတွင် ပျောက်ဆုံးသွားသောကြောင့် လီကျန့်က ရိက္ခာရရှိရန် သူ လွှတ်လိုက်သည့်အဖွဲအား ကြားမှ ဝင်ရောက် တိုက်ခိုက်လိုက်သည်ဟု ဝမ်ယွိလင် ထင်သွားခဲ့သည်။

"သူတို့ကို ရိက္ခာတွေ ပေးလိုက်ရတာလား?"

ဝမ်ရှန်းချန်ကတော့ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ စစ်တပ်ရဲ့ရိက္ခာကို လိုချင်လို့ ခြုံခိုတိုက်ခိုက်တာလား? ဒါပေမယ့် ဝမ်မိသားစုစစ်တပ်မှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ရှိနေတာ မဟုတ်ဘူးလား? မော့ချန်ကို လူသတ်လက်နက်ကြီးအကြောင်း စုံစမ်းဖို့ စေလွှတ်လိုက်တဲ့အဖွဲ့က ဘာကြောင့် တခြားမြို့တွေကို ဝင်ပြီး ရိက္ခာလိုက်စုဆောင်းနေရတာလဲ?

“ဟုတ်တယ်၊ နယ်စပ်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေလို့ သူတို့ ပြန်လာရင် ရိက္ခာတွေ စုဆောင်းခဲ့ဖို့ အမိန့်ပေးလိုက်တာ”

ဝမ်ယွိလင်၏အဖြေက ဝမ်ရှန်းချန်၏သံသယများကို ပြေပျောက်သွားစေခဲ့သည်။ သူက ခေါင်းညိတ်လိုက်ပြီး “ဒီလီကျန်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမယ်။ ငါတို့က သူ့ကို ဒီထက်ပိုပြီး အင်အားကြီးခွင့်ပေးလို့ မဖြစ်တော့ဘူး"

“ဟုတ်ကဲ့ပါ၊ ခမည်းတော်”

ဝမ်ယွိလင်က သူ့လက်သီးဆုပ်များကို အုပ်လိုက်ပြီး အမိန့်တော်ကို လက်ခံလိုက်သည်။ သူက ယခုအချိန်တွင် အလုပ်ရှုပ် လွန်းနေပြီး ပြည်ပရန်သူများကို နှင်ထုတ်ကာ ပြည်တွင်းရန်ပွဲများကို ဖြေရှင်းရင်း ယုံချီ၏အကြွင်းအကျန်များကိုလည်း အာရုံစိုက်နေသေးသည်။ ထို့ကြောင့် သူထံတွင် တခြားအရာများကို အာရုံစိုက်နိုင်ရန် အချိန်မရှိတော့ပေ။

ကျိ‌ရွှေရှန့်အတွက်တော့ သူ ကံအလွန်ကောင်းနေသည်ဟုသာ ယူဆရပေတော့မည်။ သူက ဝမ်မိသားစုစစ်တပ်၏တပ်ဖွဲ့မှ တပ်မှူးအဖြစ် ခေါင်းဆောင်ကာ မြို့တိုင်းရှိ ကောက်နှံများကို စုဆောင်းခဲ့သည်။ ထိုအရာက ဝမ်ယွိလင်၏အမိန့်နှင့် တိုက်ဆိုင်နေသည့်အပြင် ပို၍ ကံကောင်းလွန်းစွာ လီကျန်းက ပုန်ကန်နေပြီး သူ့အတွက် အကာအကွယ်တစ်ခု ဖြစ်ပေးခဲ့သည်။

ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့က နယ်စပ်တွင် ရှိနေပြီး နန်းတွင်းနှင့် မြို့တော်၏ သိသာထင်ရှားသောပြောင်းလဲမှုသတင်းကို မရကြသေးပေ။ ကျိ‌ရွှေရှန့်က စူးချင်းကို ကျင့်ရှီလျိုမြောင်သို့ လိုက်ပို့ပေးနေပြီး သူမ အသစ်ဝယ်ထားသော အိမ်သို့ လိုက်ပါသွားခဲ့သည်။

စူးချင်း၏ အသစ်ဝယ်ထားသောအိမ်က သန့်ရှင်းတောက်ပြောင်နေပြီး မြူတစ်မှုန်ပင် မရှိသလို ခံစားရစေခဲ့သည်။ တံခါးနှစ်ဘက်ရှိ ကျောက်ခြင်္သေ့များက ကြီးကျယ်ခမ်းနားလှပြီး အလွန်ခံ့ညားထည်ဝါသော တံခါးချပ်ကြီးပေါ်တွင် ကြေးနီလက်ကိုင်နှစ်ခု ချိတ်ဆွဲထားသည်။

ကျိ‌ရွှေရှန့်က မော့ချန်မှ ထွက်ခွာလာခဲ့သည့် စူးချင်း၏ရည်ရွယ်ချက်ကို နားလည်ပေးနိုင်ခဲ့သည်။

သူတို့ ကျင့်ရှီလျိုမြောင်မှာပဲ အမှန်တကယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင် စားသောက်နိုင်လိမ့်မယ်။ မော့ချန်က အန္တရာယ်တွေ အမြဲ ရှိနေလိမ့်မယ်။

သူတို့ နှစ်ယောက်က တံခါးနားသို့ ရောက်လာပြီး မြင်းပေါ်မှ ဆင်းလိုက်ချိန်တွင် တံခါးက အတွင်းဘက်မှ ပွင့်လာပြီး လွမ်ဟုန်က အထဲမှ ထွက်လာခဲ့သည်။ စူးချင်းကို တွေ့လိုက်သည်နှင့် လွမ်ဟုန်က စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။

"ဝမ်းကွဲ?"

လွမ်ဟုန်နောက်မှ လူငယ်တစ်ယောက် လိုက်ပါလာပြီးက သူ့အသွင်အပြင်က ပန်းချီကားထဲမှ လူတစ်ယောက်ကဲ့သို့ လှပနေလေသည်။ သူက မိန်းကလေးများထက်ပင် ပိုချောနေပြီး သူ၏ ခရမ်းနီရောင် ဘရိုကိတ်၀တ်စုံက သူ၏အသားအရေကို နှင်းများကဲ့သို့ ဖြူစင်နေစေသည်။ သူက ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသော လူချောတစ်ယောက်နှင့် ဆင်တူနေသည်။

ဒါက ချူကျင်းဖုန်း၊ သခင်လေးချူ မဟုတ်ဘူးလား?

စူးချင်းကို မြင်လိုက်ချိန်တွင် ချူကျင်းဖုန်း၏မျက်လုံးများလည်း တောက်ပလာခဲ့သညိ။ သို့သော်လည်း စူးချင်း၏အနားမှ ကျိ‌ရွှေရှန့်ကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများမှ သတိနှင့် နိုးကြားမှုတို့ လျှံတက်လာကာ သူ့အပြုံးများလည်း ပျောက်ကွယ်သွားခဲ့သည်။

ကျိ‌ရွှေရှန့်၏အကြည့်ကလည်း ချူကျင်းဖုန်းအပေါ်သို့ ကျရောက်သွားခဲ့သည်။

ဒီလူကို ကြည့်ရတာ ကောက်ကျစ်တဲ့ပုံပဲ။ စူးချင်းကို ကြည့်နေတဲ့ သူ့အကြည့်တွေက ရည်မှန်းချက်ကြီးပြီး ပိုင်ဆိုင်လိုမှုတွေ ပြည့်နှက်နေတယ်။

တစ်ခါတရံတွင် အမျိုးသားများကလည်း အကဲဆတ်သူများ ဖြစ်ကြပြီး ကျိရွှေရှန့်ကလည်း ခြွင်းချက် မဟုတ်ပေ။

သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်က သူ့မိန်းခလေးကို ကြံစည်ချင်နေတာလား?

ကျိ‌ရွှေရှန့်က ချူကျင်းဖုန်းကို သူ့၏သားကောင်ကို စိုက်ကြည့်နေသော ကျားတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ တိမ်မည်းများကဲ့သို့ ဖိအားများ ထွက်လာပြီး ခြင်္သေ့ဘုရင်ကြီးက မိမိပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အခြားခြင်္သေ့အပေါ် ရန်လိုနေသကဲ့သို့ ဖြစ်နေကာ အချိန်မရွေး ပေါက်ကွဲဟန်ဖြစ်နေခဲ့သည်။

"သခင်မလေးစူး၊ ငါ မင်းကို စောင့်နေတာ အရမ်းကြာနေပြီ!"

ချူကျင်းဖုန်းကလည်း ကျိ‌ရွှေရှန့်၏နယ်မြေစိုးမိုးချင်စိတ်နှင့် ပိုင်ဆိုင်လိုသောဆန္ဒကို ချက်ချင်း မြင်သွားခဲ့သည်။ သူက သူ့၏ယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး ပန်းပေါင်းတစ်ရာ ဖူးပွင့်နေသလို အပြုံးဖြင့် စူးချင်းကို ပြုံးပြလိုက်သည်။ သူက စူးချင်းကို ချစ်ခင်မှုအပြည့်ဖြင့် လှမ်းကြည့်နေပြီး ကျိ‌ရွှေရှန့်ကို မရှိသလို ပြုမူလိုက်သည်။

"ရှင်က ဘာအကြောင်းနဲ့ ကျွန်မကို စောင့်နေရတာလဲ?"

စူးချင်းက အခြေအနေကို နားမလည်သေးသည့်တိုင် ချူကျင်းဖုန်းက ကျိ‌ရွှေရှန့် နားလည်မှုလွဲသွားစေရန် ကြိုးစားနေကြောင်း သူမ သိနိုင်ပြီး ချက်ချင်း တင်းတင်းမာမာ တုံ့ပြန်လိုက်သည်။

ကျိ‌ရွှေရှန့်၏စိတ်ထဲတွင် နေရောင်များ ချက်ချင်းပင် ပြည့်နှက်လာခဲ့သည်။

ချင်းအာ ဒီချောမောလှပတဲ့ ကောင်လေးကို ဆက်ဆံနေပုံက အရမ်းကို အပေါ်စီးဆန်နေပြီး ဒီကောင်လေးက သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်တာကို သူ သိလိုက်ပြီ။

ချူကျင်းဖုန်းက စူးချင်းက ဤမျှ ရိုင်းစိုင်းမည်ဟု မမျှော်လင့်ထားပေ။ သူက သူမကို မကျေမနပ် ကြည့်လိုက်ပြီး "မင်း ငါ့ကို ဆိုင်တစ်ဆိုင် ရှာဖို့ အကူအညီတောင်းခဲ့တာ မဟုတ်ဘူးလား? ခရီးဆုံးသွားတော့ မြည်းကို ဘယ်လိုသတ်နိုင်ရတာလဲ?”

ချူကျင်းဖုန်း၏စကားကို ကြားလိုက်ရချိန်တွင် ကျိ‌ရွှေရှန့်၏မျက်ခုံးထူထူများက မြင့်တက်သွားခဲ့သည်။

ဒီကလေးက ဟန်ရေးပြဖို့ ကြိုးစားနေတာလား? သူ ချင်းအား အနားမှာ မရှိတဲ့အချိန် ချင်းအာက သူကို့ အမြဲအကူအညီတောင်းနေတာလို့ အရိပ်အမြွက် ပြောချင်နေတာလား?

ဒါကို ဗြောင်ကျကျ တိုက်ခိုက်မှုလို့ ယူဆနိုင်လား?

ကျိ‌ရွှေရှန့်ကလည်း ယဥ်ကျေးမနေတော့ပေ။ သူက စူးချင်း၏ပုခုံးကို ခပ်ဖွဖွ ဖက်လိုက်ပြီး “ငါ့ရဲ့ချင်းအာကို ကူညီပေးတဲအတွက် ကျေးဇူးတင်ပါတယ်၊ နောက်ရက်မှ မင်းနဲ့ အတူ သောက်ပေးပါ့မယ်”

‘မင်းကို ကြည့်ရတာ မိန်းမနဲ့ တူလိုက်တာကွာ.... ငါ့ရဲ့ချင်းအာ မင်းကို သဘောကျရင် ထူးဆန်းနေတော့မှာပဲ’

စူးချင်းက ကျိ‌ရွှေရှန့်ထံမှ ထွက်လာသည့် ပြင်းထန်သော မနာလိုမှုကို ခံစားလိုက်ရပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို မော့ကြည့်လိုက်သည်။

ဒီရှာလကာရည်အိုးက သက်တမ်းတော်တော်ရင့်နေတာပဲ....

ချူကျင်းဖုန်းက ကျိရွှေရှန့် ချစ်ခင်စွာ ခေါ်လိုက်သည့် “ငါ့ရဲ့ချင်းအာ” ဟူသော စကားကြောင့် ဒေါသတကြီး စိုက်ကြည့်လိုက်ရာ စူးချင်း၏ပုခုံးကို ပွေ့ဖက်ထားသည့် ကျိရွှေရှန့်၏လက်ကို မြင်သွားပြီး သူ့မျက်နှာကြီးတစ်ခုလုံး မည်းမှောင်သွားတော့သည်။

All Chapters