အရမ်းချစ်တဲ့ စုံတွဲလား?
Vol. 25 Ch. 369
ချူကျင်းဖုန်းက စူးချင်း၏ပခုံးပေါ်မှ သူ့လက်ကို စိုက်ကြည့်နေသည်အား မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်က သူ၏ပိုင်ဆိုင်မှုကို ပြသရန် သူ့လက်များကို ပိုတင်းကျပ်လိုက်ပြီး စူးချင်းကို တရင်းတနှီး ပြောလိုက်သည်။
"ချင်းအာ၊ မင်း ကိုယ်တို့ကို မိတ်ဆက်မပေးတော့ဘူးလား?"
ချူကျင်းဖုန်းက ကျိရွှေရှန့်ကို လူသတ်ချင်သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။ သူ စိတ်မထိန်းနိုင်တော့ဘဲ အပြေးအလွှား ပြေးသွားကာ စူးချင်း၏ပခုံးပေါ်မှ လက်ကို တွန်းဖယ်ချင်စိတ်များ တဖွာဖွား ဖြစ်နေခဲ့သည်။
ဒါက လွန်လွန်းတယ်။ ဒီကမ္ဘာပေါ်မှာ ဒီလောက်သိမ်ဖျင်းတဲ့သူ ရှိနေသေးတာလား?
စူးချင်းက ထိုလူဆိုးကောင်၏လက်ကို သူမ၏ ပခုံးပေါ်မှ ဖယ်ချပစ်မည်ဟု သူ ထင်ခဲ့သော်လည်း စူးချင်းက ထိုလူ၏ရင်ခွင်ထဲသို့ သဘာဝကျကျ မှီချလိုက်မည်ဟုတော့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူတို့ နှစ်ယောက်က အတူတူပဲ... အရမ်းချစ်ကြတဲ့ စုံတွဲလေးလိုလား?
“ဒါက သခင်လေးချူးပါ။ ကျွန်မ ကျင့်ရှီလျိုမြောင်ကို ပထမဆုံးရောက်တုန်းက သူ့ကျေးဇူးကြောင့် ဒီအိမ်ကို ဝယ်နိုင်ခဲ့တာလေ"
စူးချင်းက ကျိရွှေရှန့်အား ချူကျင်းဖုန်းအကြောင်း အရင်မိတ်ဆက်ပေးလိုက်သည်။ ချူကျင်းဖုန်းက စူးချင်းအတွက် ဤအိမ်ဝယ်ရန် ကူညီပေးခဲ့သည်ကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်က စိတ်ပျက်သွားခဲ့သည်။
သူနဲ့ ချင်းအာ ကြားမှာ နားလည်မှုလွဲမှားတာမျိုး မဖြစ်ခဲ့ရင် သူရဲ့ချင်းအာက ဘာလို့ ကျင့်ရှီလျိုမြောင်ကို လာရမှာလဲ? ဒီအကြံကြီးတဲ့ ချူကျင်းဖုန်းက ချင်းအာကို ကူညီဖို့ မပြောနဲ့ ချင်းအာကို တွေ့ဖို့တောင် မဖြစ်နိုင်ဘူး။
ချူကျင်းဖုန်းက ကျိရွှေရှန့်ကို မာန်ပါပါ မျက်ခုံးပင့်ပြလိုက်သည်။
အဲဒါကို ကြားလိုက်လား? ငါက ကျင့်ရှီလျိုမြောင်မှာ စူးချင်းကို ကူညီပေးခဲ့တာ...
ဤပြောင်ပြောင်တင်းတင်း ရန်စမှုကို ကျိရွှေရှန့်ကို ပို၍ ဒေါသထွက်စေခဲ့သည်။ ချူကျင်းဖုန်းကို အေးတိအေးစက် စိုက်ကြည့်နေသည့် သူ့မျက်လုံးများတွင် အနက်ရောင်အလွှာများ ဖုံးလွှမ်းလာတော့သည်။
"သခင်မလေးစူး၊ ဒီလူကြီးမင်းကို ငါနဲ့ မိတ်ဆက်မပေးတော့ဘူးလား?"
သို့သော်လည်း ချူကျင်းဖုန်းက ကျိရွှေရှန့်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ပြင်းထန်သည့် ဖိအားကို လုံးဝ ဂရုမစိုက်ပေ။ သူက စူးချင်းကို ပြုံးပြုံးလေး ကြည့်နေပြီး မိတ်ဆက်ပေးရန် ပြောလာခဲ့သည်။
"ဒါက ကျွန်မရဲ့ခင်ပွန်းလောင်း... ကျိရွှေရှန့်"
စူးချင်းက မည်သည့်ယောက်ျားနှင့်မျှ မပတ်သက်ချင်ပေ။ ချူကျင်းဖုန်း သူမကို ကြည့်လေ့ရှိသည့် မျက်လုံးများက စိတ်အားထက်သန်မှုများ ပြည့်နှက်နေတတ်သည်။ သူမက သူ့ကို ဘာမျှော်လင့်ချက်မှ မပေးချင်ပေ။ မည်သို့ပင်ဆိုစေ သူမက ဤဘဝတွင် ကျိရွှေရှန့်မှ လွဲ၍ အခြားမည်သူ့ကိုမျှ လက်ထပ်တော့မည် မဟုတ်ပေ။ သူမတို့နှစ်ယောက် မစေ့စပ်ရသေးသော်လည်း သူမတို့ စေ့စပ်ရန် အချိန်ကာလတစ်ခုသာ လိုနေခြင်း ဖြစ်သည်။ ထို့ကြောင့် စူးချင်းက ကျိရွှေရှန့်ကို သူမ၏ခင်ပွန်းလောင်းအဖြစ် တိုက်ရိုက် မိတ်ဆက်ပေးလိုက်သည်။
စူးချင်း၏မိတ်ဆက်ပေးသံကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်၏စိတ်ထဲမှ မကြည်လင်မှုများက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ချူကျင်းဖုန်းကို ရွှင်ရွှင်ပြပြ ပြုံးပြကာ လှမ်းပြောလိုက်သည်။
“ညီလေးချူး၊ ချင်းအာ အိမ်ဝယ်ဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ အချိန်ရရင် မင်းနဲ့အတူ အရက်လာ သောက်ပေးပါ့မယ်"
စူးချင်း၏မိတ်ဆက်ပေးမှုက ချူကျင်းဖုန်း၏နှလုံးသားကို ကြေကွဲသွားစေခဲ့သည်။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူ နောက်ဆုံးမှ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတာလေ၊ ဒါပေမယ့် သူများနောက်ကို ပါသွားပြီတဲ့လား?
"အစ်မဝမ်းကွဲ၊ အစ်မ သခင်လေးကျိနဲ့ ဘယ်တုန်းက စေ့စပ်လိုက်တာလဲ?"
ကျိရွှေရှန့်အတွက် စူးချင်း၏မိတ်ဆက်ပေးမှုကို ကြားလိုက်ရချိန်တွင် လွမ်ဟုန်က ဇဝေဇဝါဖြစ် သွားပြီး ပြန်မေးလိုက်သည်။
စေ့စပ်ထိန်းမြားဖို့နဲ့ လက်ထပ်ဖို့ လုပ်ငန်းစဉ်တွေက အောင်သွယ်နဲ့ မိဘတွေကနေတဆင့် ဖြတ်သန်းဖို့ လိုတာမဟုတ်ဘူးလား? အစ်မဝမ်းကွဲက သူမဘာသာ လက်ထပ်ဖို့ တိတ်တဆိတ် ဆုံးဖြတ်ခဲ့တာဖြစ်နိုင်လား?
လွမ်ဟုန်၏စကားကို ကြားလိုက်ရချိန်တွင် စိတ်ဓာတ်ကျနေပြီဖြစ်သော ချူကျင်းဖုန်းက စိတ်ဓာတ်ကို ပြန်လည်တက်ကြွလာခဲ့သည်။ သို့သော်လည်း စူးချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရေအေးတစ်ခွက် လောင်းချပေးလိုက်သည်။
“ငါတို့ဘာသာ ငါတို့ ငါတို့ရဲ့ထာဝရချစ်ခြင်းမေတ္တာကို ကတိသစ္စာပြုပြီးခဲ့ပြီ။ ငါ သူကလွဲပြီး အခြားဘယ်သူကိုမှ ထိမ်းမြားလက်ထပ်မှာ မဟုတ်သလို သူကလည်း ငါကလွဲပြီး အခြားသူကို ထိမ်းမြားလက်ထပ်မှာ မဟုတ်ဘူး”
စူးချင်းက ဤခေတ်မှ မဟုတ်သောကြောင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး မရှိဘဲ ထိုစကားကို အေးအေးဆေးဆေး ပြောနိုင်ခဲ့သည်။
ချူကျင်းဖုန်းနှင့် လွမ်ဟုန်တို့ကတော့ သူတို့၏နားများကို သူတို့ မယုံနိုင်သည်အထိ ထိတ်လန့်သွားကြသည်။
လက်ထပ်ဖို့ လျှို့ဝှက်သဘောတူထားတာကို ပြတ်ပြတ်သားသား ထုတ်ပြောရဲတယ်လား? အေးလေ... ဒါက စူးချင်းလေ။ တခြားမိန်းကလေးတွေဆိုရင် ယောက်ျားတစ်ယောက်နဲ့ ကိုယ်ဘာသာစေ့စပ်ထားတာလို့ ပြောရဲပါ့မလား?
စူးဟန်ရွှမ်တစ်ယောက် အိမ်ထဲမှ ထွက်လာလာချင်း သူ့သမီးလေး၏ ထိတ်လန့်တုန်လှုပ်စရာ စကားများကို ကြားလိုက်ရပြီး ရှေ့သို့ ဆက်မလျှောက်နိုင်တော့ဘဲ အိမ်ထဲသို့ ပြန်ဝင်လာခဲ့ရသည်။
စူးဟန်ရွှမ်က ကျိရွှေရှန့်ကို အမြဲတမ်း သဘောကျခဲ့သော်လည်း သူ့သမီးလေးတွင် စေ့စပ်ထားသူရှိနှင့် နေခဲ့သည်။ သူ သူ့သမီးလေး၏ စေ့စပ်ကြောင်းလမ်းမှုကို မဖျက်သိမ်းရသေးမီ သူ့သမီးက တခြားလူကို သုံးဘဝစာကတိ ပေးခဲ့ပြီးသား ဖြစ်နေခဲ့သည်။
ဒါ...ဒါက ကျင့်ဝတ်နဲ့မညီဘဲ လောကကြီးမှာ ရှိသမျှလူတွေဆီကနေ ကျိန်ဆဲခံရလိမ့်မယ်။ ဒါပေမယ့် သူ သူ့သမီးလေးကို ဘာမှ မပြောနိုင်ဘူး။ သူ့သမီးလေးက ဘာလို့ ဒီလိုစကားမျိုးကို လူတွေရှေ့မှာ ပြောနိုင်ရတာလဲ?
လွမ်ဟုန်က ဝမ်းကွဲအစ်မဖြစ်သူ၏ အချစ်နှင့် မုန်းတီးမှုအပေါ်ထားသည့်စိတ်ကို မနာလို ဖြစ်နေမိသည်။
သူမလည်း ဝမ်းကွဲအစ်မလို ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာကိုလည်း လိုချင်ပြီး သူမ တစ်ယောက်တည်းကိုပဲ တစ်သက်လုံး ကတိပေးနိုင်မယ့် ချစ်သူမျိုးကို ရှာတွေ့စေချင်တယ်။
ကံမကောင်းတာက သူမ ယောက်ျားလေးတစ်ယောက်အသွင်နဲ့ လျောက်သွားရင်း ဝမ်းကွဲအစ်မကို ချစ်မိသွားခဲ့တယ်။
"ဒီလူရဲ့ဆိုင်မှာ လုပ်စရာ ရှိသေးလို့ အရင်သွားနှင့်ပါတော့မယ်"
ချူကျင်းဖုန်း၏မျက်နှာတွင် ဝမ်းနည်းပူဆွေးရိပ်များ ပြည့်နှက်နေပြီး သူက စူးချင်းကို လက်ခုပ်အုပ်နှုတ်ဆက်လိုက်သည်။ သူက ယပ်တောင်ပင် မဝှေ့ယမ်းနိုင်တော့ဘဲ အထီးကျန်စွာ ထွက်သွားခဲ့သည်။
"သခင်လေးချူး၊ ခဏစောင့်ပါဦး"
လွမ်ဟုန်က ချူကျင်းဖုန်း ထွက်သွားသည်ကို ကြည့်နေပြီးမှ အလျင်အမြန် လှမ်းတားလိုက်သည်။ စူးချင်း ထွက်သွားခဲ့သည့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် စူးမိသားစုက သိသိသာသာပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
သူတို့က ဆိုင်တစ်ဆိုင်ကို ဝယ်ယူပြီး စားသောက်ဆိုင်တစ်ဆိုင်နှင့် အရက်ဆိုင်တစ်ဆိုင်တည်ဆောက်ရန် စီစဥ်ထားခဲ့ကြသည်။ ထို့ကြောင့် သူတို့က ဆိုင်တဆိုင်နှင့် ၎င်း၏အနောက်ဘက်ရှိ ဝင်းကျယ်ကြီးတစ်ခုကို ဝယ်ယူခဲ့ကြသည်။ မူလဆိုင်က သားရေပစ္စည်းများ ရောင်းသည့်ဆိုင် ဖြစ်ပြီး အလွန်ဟောင်းနွမ်းယိုယွင်းနေပြီ ဖြစ်သည်။ စားသောက်ဆိုင်ကတော့ ဂုဏ်သရေရှိ ဧည့်သည်များကို ဆွဲဆောင်ရန် ခမ်းနားနေရမည် ဖြစ်သည်။
ထို့ကြောင့် သူတို့က စီးပွားရေး စတင်ရန် အလျင်စလို မလုပ်ခဲ့ကြပေ။ သူတို့က ထိုနေရာကို ပြန်လည်ပြုပြင်ရန် တစ်စုံတစ်ဦးကို ပထမဆုံး ရှာဖွေခဲ့ကြသည်။ ထို့အပြင် အရက်ချက်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ရန်လည်း လိုအပ်နေသေးသည်။ အရက်များ သိုလှောင်ရန် မြေအောက်ခန်းတူးခြင်းနှင့် အရည်စည်များနှင့် အရက်အိုးများ ပြုလုပ်ခြင်းတို့အတွက်လည်း အလုပ်များနေရသေးသည်။
စူးဟန်ရွှမ်နှင့် သူ့၏မိသားစုဝင်များက ဤနေရာမှ လူများနှင့် မရင်းနှီးကြသေးသည့်အတွက် ချူကျင်းဖုန်းက နေ့တိုင်း စေတနာအလျောက် လာရောက်ကူညီပေးခဲ့သည်။ အမှန်တကယ်တွင် သူ့ထံ၌ တခြားရည်ရွယ်ချက်လည်း ရှိနေခဲ့ပြီး စူးချင်း ပြန်လာမည့်အချိန်ကို လာစောင့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ စောင့်မျှော်နေသည့်အရာက သူ့နှလုံးကို ထိုးဖောက်မည့်မြှားတစ်စင်းအဖြစ် ရောက်လာမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
လွမ်ဟုန်က စူးချင်းထံမှ အရက်ချက်နည်းကို သင်ယူခဲ့ပြီး အချက်ချက်ရုံတွင် နေ့တိုင်း အလုပ်လုပ်ခဲ့သောကြောင့် ယခုအလုပ်ရုံ တည်ဆောက်မှုကို ရင်းနှီးနေခဲ့သည်။ ထို့ကြောင့် အသစ်တည်ဆောက်နေသော အရက်ချက်ရုံအတွက် သူမ နေ့တိုင်း အလုပ်လာလုပ်ပေးခဲ့သည်။ အချိန်ခဏကြာပြီးနောက် သူမက ချူကျင်းဖုန်းနှင့် ရင်းနှီးလာခဲ့သည်။
လွမ်ဟုန်က အသေးအဖွဲကိစ္စများကို ဂရုစိုက်တတ်သော မိန်းခလေးမျိုး မဟုတ်ပေ။ သူမက ချူကျင်းဖုန်း၏နောက်သို့ ပွင့်ပွင့်လင်းလင်း လိုက်ပါသွားတတ်သည်။ ယန်ရုပင်းနှင့် လွမ်ချင်းရှန်တို့က သူမကို အကြိမ်ပေါင်းများစွာ သင်ကြားပြသခဲ့သော်လည်း အသုံးမဝင်ဘဲ သူမက သူမ နှစ်သက်သလို ပြုမူနေခဲ့သည်။
ယနေ့လည်း သူတို့ အရက်ချက်ရုံကို သွားမည်ဖြစ်ကာ ချူကျင်းဖုန်း ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် လွမ်ဟုန်က သူ့နောက်မှ အလျင်စလို လိုက်သွားခဲ့သည်။
သူက လက်သမားကို ရှာဖွေပေးတဲ့သူဖြစ်ပြီး ထိုလက်သမား၏ပြီးစီးမှုကို စစ်ဆေးကာ လက်ခံပြီးလျှင် သူနှင့်အတူ စာရင်းများ ရှင်းပေးရမည် ဖြစ်သည်။
စူးချင်းက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည့် လူနှစ်ယောက်ကို ကြည့်နေပြီးမှ ကျိရွှေရှန့်နှင့်အတူ စူးအိမ်တော်ထဲသို့ ဝင်လာခဲ့သည်။ သူတို့ အိမ်ထဲ ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် စူးဟန်ရွှမ်လည်း ဆက်ပုန်းမနေနိုင်တော့ဘဲ ကျိရွှေရှန့်ကို နှုတ်ဆက်ရန် ရောက်လာခဲ့သည်။ သို့သော် ယခင်ကကဲ့သို့ ကျိရွှေရှန့်အပေါ် လေးစားတန်ဖိုးထားခြင်းမျိုး မရှိတော့ပေ။ သူက သူ့သမီးကို လုယူသွားသည့် ဓားပြတစ်ဦးကို ကြည့်နေသလိုမျိုး ကျိရွှေရှန့်ကို ကြည့်နေခဲ့သည်။
ယန်ရူရွှယ်ကတော့ သူမ၏သမီးကို ပြန်တွေ့ရသောကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။ ရှောင်ချန်ကလည်း အစ်မဖြစ်သူကို လှည့်ပတ်ကာ ခုန်ပေါက်နေလေသည်။ သူက အမဲသားနှင့် သိုးသားကို နေ့တိုင်းစားနေရပြီး အရပ်ပိုရှည်ကာ ပိုသန်မာလာခဲ့သည်။ သူက နွားပေါက်ကလေးကဲ့သို့ သန်မာလာခဲ့သည်။
"အစ်မ၊ ရှောင်ချီရော ပြန်လာပြီလား?"
ရှောင်ချန်က ရှောင်ချီကို လွမ်းဆွတ်နေခဲ့သည်။ သူက သူ့၏အနက်ရောင် မျက်လုံးကြီးများဖြင့် သူ့အစ်မကို မျှော်လင့်တကြီး လှမ်းကြည့်နေခဲ့သည်။ သူက ကျင့်ရှီလျိုမြောင်ကို မကြိုက်ဘဲ သူ့သူငယ်ချင်းများနှင့် ကစားနိုင်သည့် မော့ချန်ကိုသာ သဘောကျသူ ဖြစ်သည်။ သူက မော့ချန်တွင် ရှောင်ချီကို ပွေ့ဖက်ကာ အိပ်နိုင်ခဲ့သည့် ညအချိန်များကို တမ်းတနေခဲ့သည်။
“ပြန်လာပြီ”
စူးချင်းက အောက်သို့ ငုံ့ကာ သူမ၏မောင်လေးကို ပွေ့ချီလိုက်သည်။ ကောင်လေးက အလွန်ထွားကြိုင်းလာသောကြောင့် သူမ၏လက်များဖြင့် သေသေချာချာ ဖတ်ထားလိုက်ရသည်။
ကျိရွှေရှန့်က စူးချင်းကို တအံ့တသြ လှမ်းကြည့်နေခဲ့သည်။
သူက ရထားလုံးကို မောင်းနှင်ခဲ့ပြီး ချင်းအာကလည်း သူ့ဘေးမှာပဲ ထိုင်နေခဲ့တာလေ။ သူတို့ တစ်ချိန်လုံး အတူရှိကြပြီး သူ ဘာလို့ ရှောင်ချီ့ကို မတွေ့ခဲ့ရတာလဲ?
ရှောင်ချန်ကလည်း သူ့လည်ပင်းလေးကို ဆန့်တန်းပြီး စူးချင်း၏အနောက်သို့ လှမ်းကြည့်လိုက်သည့်။ သူ့အကြည့်လေးများက ရယ်စရာကောင်းနေပြီး စူးချင်း၏နားထဲတွင် သူ့၏ချိုမြိန်သော အသံလေးများကို အတောမသတ်နိုင်အောင် ကြားနေရသည်။
"အစ်မ၊ ရှောင်ချီ ဘယ်မှာလဲ? ချန်ချန်က ရှောင်ချီကို လွမ်းနေပြီ။ ရှောင်ချီ... ရှောင်ချီ... မြန်မြန်ထွက်ခဲ့၊ ပုန်းမနေပါနဲ့တော့"
နှစ်လကြာပြီးနောက် ရှောင်ချန်က စကားလုံများကို ရှင်းရှင်းလင်းလင်းနှင့် လွယ်ကူစွာ ပြောနိုင်နေပြီ ဖြစ်သည်။
"ရှောင်ချန်၊ မင်း အစ်မကို မနှောင့်ယှက်နဲ့တော့"
ယန်ရူရွှယ်က သူ့သားကို စူးချင်းကိုယ်ပေါ်မှ ဆင်းခိုင်းလိုက်သည်။ သူမက စူးချင်းနှင့် ကျိရွှေရှန့်တို့ ဘေးချင်းကပ်ရပ်နေသည်ကို မြင်နေရပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်နေသည့် အကြည့်များတွင် ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေသည်ကိုလည်း သူမ မြင်နေရသည်။ သူမ၏သမီးလေးက ကျိရွှေရှန့်ကို ပြုံးပြနေချိန်တွင် သူမ သမီးလေး၏ထိုအပြုံးက သမီးလေး၏အပျော်ရွှင်ဆုံးအချိန်ဖြစ်ကြောင်း သူမကို ပြောပြနေခဲ့သည်။
“မနှောက်ယှက်ပါဘူး၊ အစ်မက အမြဲတမ်း ထွက်သွားနေတာ။ ရှောင်ချန်က အစ်မကို စောင့်ကြည့်နေမှ ဖြစ်မယ်"
ရှောင်ချန်က စူးချင်းကိုယ်ပေါ်မှ ဆင်းရန် ဆန္ဒမရှိပေ။ သူက အစ်မဖြစ်သူ၏လည်ပင်းကို ပွေ့ဖက်ပြီး သူမ၏ပါးပြင်ကို နမ်းလိုက်ရာ စူးချင်း၏ နှလုံးသားက အရည်ပျော်သွားရပြန်သည်။
ကောင်လေးက လူတွေကို ချော့တာ ပိုတော်လာတယ်။
"သခင်လေးကျိလည်း ရောက်နေတာပဲ"
"ဟုတ်ကဲ့၊ စိတ်အနှောင့်အယှက် ဖြစ်စေမိရင် တောင်းပန်ပါတယ်"
ယန်ရူရွှယ်က ကျိရွှေရှန့်ကို အရင်နှုတ်ဆက်လိုက်သည်။ ကျိရွှေရှန့်က လေးလေးနက်နက် ဦးညွှတ်ကာ သူမကို အဆောတလျင် ပြန်နှုတ်ဆက်လိုက်သည်။ သူက သူ၏အနာဂတ် ယောက္ခမကို အလွန်လေးလေးစားစား ဆက်ဆံနေပြီး ယန်ရူရွှယ်က သူ့ကို ယဥ်ယဉ်ကျေးကျေး ခေါင်းပြန် ညိတ်ပြကာ သူ့ကို ဘယ်လို ဧည့်ခံရမှန်းမသိ ဖြစ်နေခဲ့သည်။