မိန်းခလေးတစ်ယောက်က အမျိုးသားနှစ်ယောက်ကို ကတိပေးထားလို့ မရဘူး
Vol. 25 Ch. 370
"ရွှေရှန့်၊ မင်းလည်း ခရီးရှည်ထွက်လာရတော့ ဗိုက်ဆာနေလောက်ပြီ။ ငါ ညစာပြင်ဆင်ဖို့ မီးဖိုချောင်ကို သွားပြောလိုက်မယ်။ မင်း တစ်ခုခု စားချင်းတာ ရှိ မရှိ သိရအောင် ငါနဲ့ လိုက်မကြည့်ချင်ဘူးလား?"
စူးဟန်ရွှမ်က ကျိရွှေရှန့်ကို ပြုံးပြရင်း ပြောလိုက်သည်။ သူအနေဖြင့် ကျိရွှေရှန့်ကို သခင်လေးကျိဟု ခေါ်ရန် အဆင်မပြေတော့ဘဲ ရွှေရှန့်ဟုလည်း မခေါ်ချင်ပေ။ သို့သော်လည်း သူက ကျိရွှေရှန့်နှင့် နှစ်ယောက်တည်း စကားပြောနိုင်ရန် သူ့ကို့ ခေါ်ထုတ်သွားချင်နေခဲ့သည်။
“ကောင်းပါပြီ!”
ကျိရွှေရှန့်က ထက်မြက်သူဖြစ်ပြီး စူးဟန်ရွှမ်ထံတွင် သူ့ကို ပြောစရာရှိနေကြောင်း ချက်ခြင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူက အလွယ်တကူ ခေါင်းညိတ်သဘောတူလိုက်သည်။
လမ်းတွင် စူးဟန်ရွှမ်က ခဏတုံ့ဆိုင်းနေပြီး စကားပြောရန် ချင့်ချိန်နေပုံရသည်။ နောက်ဆုံးတွင် သူက "ရွှေရှန့်၊ ချင်းအာ မင်းကို မပြောရသေးတဲ့တစ်ခုတော့ ရှိနေသေးတယ်"
ကျိရွှေရှန့်ကလည်း စူးဟန်ရွှမ် စကားပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ဘာကြောင့်မှန်းမသိ သူ တုန်လှုပ်သွားမိသည်။
“ဦးလေး ဘာပြောချင်လို့လဲ?”
“ဒီလိုပါ။ ချင်းအာ ငယ်ငယ်တုန်းက ငါ သူမအတွက် အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးခဲ့တယ်။ အဲ့အိမ်ထောင်ရေး သဘောတူညီချက်က အခုအချိန်အထိ ရှိနေတုန်းပဲ။ ဒါကြောင့် မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ကတိပေးထားပြီးပြီ ဆိုရင်တောင် မင်းတို့ ဆုံးဖြတ်ချက်မချခင် ချင်းအာရဲ့ခင်ပွန်းလောင်းကို အရင် ရှာဖို့ စောင့်ပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်”
စူးဟန်ရွှမ်၏စကားကို ကြားပြီးနောက် ကျိရွှေရှန့်က မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ချင်းအာမှာလည်း စေ့စပ်ထိမ်းမြားထားတဲ့သူ ရှိနေတာလား?
ကျိရွှေရှန့်က စူးချင်းကို တပ်မက်နေသည့် ချူကျင်းဖုန်းအတွက်ပင် အလွန်စိုးရိမ်နေပြီ ဖြစ်သည်။ ယခု စူးချင်း၏စေ့စပ်ထားသူ ပေါ်ပေါက်လာခဲ့ပြီး ထိုလူက သူ၏မိဘများ စီစဉ်ပေးထားသည့် အင်အားကြီးတဲ့ ပြိုင်ဘက် ဖြစ်နေခဲ့သည်။ ထိုအရာက ကျိရွှေရှန့်ကို ပို၍ပင် စိတ်ပူလာစေသည်။
"ချင်းအာနဲ့ ကျွန်တော်က တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်း ကတိကဝတ် ပြုထားပြီးသားပါ။ ဒီဘဝမှာ ကျွန်တော် ချင်းအာတစ်ယောက်တည်းကိုပဲ လက်ထပ်မှာပါ။ ဦးလေးစူးက ကျွန်တော်တို့ရဲ့ဆန္ဒကို သဘောတူပေးဖို့ မျှော်လင့်ပါတယ်”
ကျိရွှေရှန့်က စူးဟန်ရွှမ်ကို မျက်နှာမူကာ လက်သီးအုပ် အရိုအသေ ပေးလိုက်ပြီး သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးရန် ရိုးရိုးသားသား တောင်းဆိုလိုက်သည်။
“ငါ့ကို တစ်နှစ် အချိန်ပေးပါ။ ဒီတစ်နှစ်အတွင်း ချင်းအာရဲ့ ခင်ပွန်းလောင်းကို ရှာမတွေ့ခဲ့ရင် သူတို့မှာ ကံကြမ္မာ မရှိဘူးလို့ ငါ့ရဲ့ကျေးဇူးရှင်ကို ငါ ပြန်ပြောလို့ ရနိုင်သေးတယ်"
ကျိရွှေရှန့်၏ရိုးသားမှုက စူးဟန်ရွှမ်ကို ကျေနပ်စေခဲ့သည်။ ထို့ကြောင့် သူက ကျိရွှေရှန့်ထံမှ တစ်နှစ်လောက် အချိန်တောင်းလိုက်သည်။ သို့သော်လည်း တစ်ခြားသူ၏သတင်းကို မကြားရသည်မှာ နှစ်အတော်ကြာနေခဲ့ပြီ ဖြစ်သောကြောင့် တစ်နှစ်အတွင်း သူတို့ကို ရှာတွေ့မည်ဟုတော့ သူ မထင်ထားတော့ပေ။
တစ်နှစ်လား?
ကျိရွှေရှန့်က သဘောမတူချင်ပေ။
တစ်နှစ်ဆိုတာက အပြောင်းအလဲတွေ အများကြီး ဖြစ်နိုင်တယ်။ သူ့မွေးစားအမေသာ အသတ်မခံခဲ့ရရင် သူ ချင်းအာကို ချင်းအာရဲ့မိဘတွေဆီမှာ တရားဝင် လက်ထပ်ခွင့် တောင်းနေလောက်ပြီ။
အခုတော့ ဘယ်နေရာက ပေါ်လာမှန်းမသိတဲ့ ခင်ပွန်းလောင်းက သူ့ရဲ့အကြံအစည်တွေကို ပျက်ပြားသွားစေခဲ့တယ်။ ဒါပေမယ့်လည်း ဦးလေးစူးရဲ့စကားတွေက ကျိုးကြောင်းဆီလျော်နေတုန်းပဲ။ မိန်းခလေးတစ်ယောက်က ဘယ်လို လုပ်ပြီး အမျိုးသားနှစ်ယောက်အတွက် ကတိပေးနိုင်မှာလဲ? တစ်နှစ်လောက် စောင့်ပြီး သဘောတူညီချက်ကို ဖျက်သိမ်းလိုက်တာက အကောင်းဆုံးပဲ။
နောက်ဆုံးတွင် ကျိရွှေရှန့်လည်း မကန့်ကွက်နိုင်တော့ဘဲ ခေါင်းညိတ်ပြီး သဘောတူလိုက်ရုံသာတတ်နိုင်တော့သည်။
ကျိရွှေရှန့် ထွက်သွားပြီးနောက် ယန်ရူရွှယ်ကလည်း သူမ၏ခင်ပွန်းကဲ့သို့ပင် သမီးဖြစ်သူကို စကားပြောနေခဲ့သည်။ သူမက သူမ၏သမီးကို ကျိရွှေရှန့်နှင့် လက်မထပ်မီ အချိန်တစ်နှစ်စောင့်ပေးရန် တောင်းဆိုခဲ့သည်။
"အဲ့ဒါက လိုအပ်လို့လား? တွေ့တွေ့ မတွေ့တွေ့ သမီး သူ့ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး”
စူးချင်းကတော့ လုံးဝ အာရုံမစိုက်ဘဲ တိုက်ရိုက်သာ ငြင်းပယ်လိုက်သည်။
"ဒီကလေးကတော့..."
ယန်ရူရွှယ်က သူမ၏သမီးလေးကို ကူကယ်ရာမဲ့ ကြည့်နေခဲ့သည်။
ဒီနှစ်တွေ အတွင်းမှာ သူမရဲ့သမီးလေးက အိမ်နဲ့ဝေးကွာနေပြီး ကောင်းကောင်းမွန်မွန် နေထိုင်ခွင့်မရခဲ့တော့ ရိုကျိုးမှုသုံးပါးနဲ့ ကိုယ်ကျင့်တရားလေးမျိုးကို သင်ကြားခွင့်မရခဲ့ဘူး။ အဲ့တာကြောင့် သူမရဲ့သမီးလေးက အခုလိုမျိုး ဆိုဆုံးမရခက်နေတာပါ။
"သမီး ရွှေရှန့်အတွက် ဟင်းသွားချက်ပေးလိုက်ဦးမယ်"
စူးချင်းက သူမ၏အမေနှင့် စကား ဆက်မပြောချင်တော့ဘဲ ထိုင်နေရာမှ ထရပ်ကာ ထွက်ခွာသွားခဲ့သည်။ ယန်ရူရွှယ်က သူမ၏အစ်မကို ကြည့်ကာ သက်ပြင်းချရင်း ညည်းညူလိုက်သည်။
"ဒီကလေးက ဘယ်သူနဲ့တူလို့ ဒီလောက် ခေါင်းမာနေတာလဲ?"
“ငါသာ မင်းတို့ နေရာမှာဆိုရင် ဒီအိမ်ထောင်ရေး သဘောတူညီချက်ကို မေ့ပစ်လိုက်ပြီ။ နှစ်တွေ ဒီလောက်ကြာနေတာတောင် သူတို့ဘက်ကနေ ဘာသတင်းမှ မပေးခဲ့ကြဘူးလေ”
ယန်ရုပင်းက ညီမဖြစ်သူကို ဆွဲဆောင်ရန် ကြိုးစားနေခဲ့သည်။ ဘေးလူအမြင်ဖြင့် ကြည့်လျှင် စူးချင်းနှင့်စေ့စပ်ထားသူ၏ မိသားစုက စိတ်မချရဘူးဟု သူမ ခံစားနေမိသည်။
အရင်တုန်းက သူမရဲ့မတ်က အဲ့လူကို လမ်းမှာတွေ့ပြီး ကယ်တင်ခံခဲ့ရပေမယ့် သမီးနဲ့ လက်ထပ်ပေးဖို့တော့ မလိုဘူး မဟုတ်လား?
ဘာပဲဖြစ်ဖြစ် သူမရဲ့မိသားစုဆိုရင်တော့ အဲ့လိုအဖြစ်အပျက်မျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ လွမ်ဟုန်ကို လက်ထပ်ချင်တဲ့လူက လွမ်ဟုန် ကြိုက်တဲ့သူပဲ ဖြစ်ရမယ်။ မိဘတွေ အနေနဲ့ ပေါ့ပေါ့ပါးပါး ဝင်မစွတ်ဖက်သင့်ဘူး။ သူတို့ရဲ့ဘဝတစ်လျောက်လုံး အတူတူ နေထိုင်ပြီး ဒုက္ခသုက္ခတွေကို အတူတူ ရင်ဆိုင်ရမှာက လူကြီးတွေမဟုတ်ဘဲ ကလေးတွေလေ။
ကိုယ်ရဲ့ကလေး ဖြစ်နေရင်တောင်မှ တခြားသူရဲ့အိမ်ထောင်ရေးကို ဘယ်သူကမှ ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။
ထို့အကြာင်းများကြောင့်ပင် သူတို့ မိသားစုက လွမ်ဟုန်၏ပင်ကိုယ်စရိုက်အပေါ်မူတည်ပြီး လွန်ဟုန်အတွက် ခင်ပွန်းလောင်းကို သူမဘာသာ ရွေးချယ်နိုင်ရန် ခွင့်ပြုပေးထားခဲ့သည်။ ယန်ရုပင်း၏အတွေးများက အလွန်ပွင့်လင်းသည်ဟု ဆိုရပေမည်။
အစ်မဖြစ်သူ၏စကားများကို ကြားလိုက်ရချိန်တွင် ယန်ရူရွှယ်လည်း စိတ်ဓာတ်ကျသွားခဲ့သည်။
တကယ်တော့ သူမရဲ့ခင်ပွန်းက သူမ သမီးလေးရဲ့ အိမ်ထောင်ရေးကို ပေါ့ပေါ့တန်တန် စီစဉ်ပြီး သူမ သမီးလေးရဲ့အိမ်ထောင်ရေးကို နှောင့်နှေးစေတဲ့အတွက် သူမလည်း ခင်ပွန်းဖြစ်သူကို စိတ်ဆိုးမိတယ်။
တစ်ဖက်လူကို တစ်သက်လုံး ရှာမတွေ့ရင် သူမတို့ရဲ့သမီးလေးက တစ်သက်လုံး အိမ်ထောင်မပြုရတော့ဘူးလား?
စူးချင်းကတော့ မီးဖိုချောင်သို့ ပြေးသွားကာ ကျိရွှေရှန့်၏ အကြိုက်ဆုံးဟင်းလျာများကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်နေခဲ့သည်။ သူမ၏ဟင်းချက်ကျွမ်းကျင်မှုက အဆင့်ကိုးကို ကျော်သွားပြီဖြစ်ကာ နောက်တစ်ဆင့်၏တစ်ဝက်သို့ ရောက်ရှိနေပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့သည်။ သို့သော် သူမ ဤကာလအတွင်း ပြေးလွှားသွားလာနေသောကြောင့် အဆင့်တက်ရန် နှောင့်နှေးနေခဲ့ရသည်။ ယခု အားလပ်ချိန်ရလာသောကြောင့် သူမ အရှိန်မြှင့်ပြီး အမြင့်ဆုံးအဆင့်သို့ တက်နိုင်သမျှ အမြန်ဆုံးရောက်အောင် လုပ်ဆောင်ရတော့မည်ပင်။
စူးချင်းက ကျိရွှေရှန့်ကို ဧည့်ခံရန် ယခုနှစ်မှ မွေးဖွားထားခဲ့သည့် နူးညံ့သော အရွယ်ရောက်စသိုးလေးကို သတ်ခဲ့သည်။ ထိုသိုးက အသားက နူးညံ့ပြီး ဝဖြိုးသော အရွယ်ဖြစ်သောကြောင့် တစ်ဝက်ကို သိုးသားကင် အဖြစ်ပြုလုပ်ရန် ပြင်ဆင်ထားပြီး ကျန်တစ်ဝက်ကို သိုးသားဟော့ပေါ့ပြုလုပ်ရန် လှီးဖြတ်ထားလိုက်သည်။ သူမတို့အိမ်တွင် ငါးကြင်းအကြီးကြီး တစ်ကောင်ရှိနေသောကြောင့် စူးချင်းက ငါးကို စိတ်ရှည်လက်ရှည် အကြေးခွံ ခြစ်ထုတ်ပြီး ငါးအသားလုံး ပြုလုပ်ရန် သေသေချာချာ စဥ်းကောလိုက်သည်။ ဆောင်းရာသီဖြစ်နေသည့်တိုင် ကျင့်ရှီလျိုမြောင်ရှိ ဟင်းသီးဟင်းရွက်များက ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ အာလူးနှင့် အခြားဟင်းသီးဟင်းရွက်များသာဖြစ်သောကြောင့် အချိန်အကြာကြီး သိမ်းဆည်းထားနိုင်ခဲ့သည်။ သူမက တစ်မျိုးစီကို အနည်းငယ် လှီးဖြတ်ပြီး မိသားစုအားလုံး စားနိုင်လောက်သည့် အိုးကြီးနှစ်လုံးစာ ပြင်ဆင်ထားခဲ့သည်။
သိုး၏အတွင်းအင်္ဂါများကို ငရုတ်သီးဖြင့် မွှေကြော်ပြီး သိုးခွါမှ အရွတ်များကို ဖြတ်တောက်ကာ ပြုတ်ထားခဲ့သည်။ သူ့အမေက ကျမ်းဂန်များ ရွတ်ဆိုနေပြီး ၄၉ ရက် သက်သတ်လွတ်စားမည် ဖြစ်သောကြောင့် မိခင်ဖြစ်သူအတွက် သက်သတ်လွတ်ဟင်းနှစ်မျိုးလည်း ထပ်ချက်လိုက်သည်။
တစ်မျိုးက မုန်လာဥမျှင်အချိုသုတ်နှင့် နောက်တစ်မျိုးက အားလူးချောင်းကြော်ဖြစ်ပြီး ရိုးရှင်းသော ဟင်းပွဲနှစ်ခုမျိုးသာ ဖြစ်သည်။ သူမ အချိန်ရလျှင် ဦးလေးယန်နှင့် အခြားသူများကို တို့ဟူးနှင့် ပဲပင်ပေါက်ဖောက်နည်းကို သင်ကြားပေးရန် တွေးထားလိုက်သည်။ ထို့သို့မဟုတ်လျှင် ဆောင်းရာသီတစ်လျှောက်လုံး ဂေါ်ဖီထုပ်နှင့် အခြားဟင်းသီးဟင်းရွက်များကိုသာ ထပ်တလဲလဲ စားရပြီး ငြီးငွေ့လာပေလိမ့်မည်။
သူမ ချက်ပြုတ်ပြီးသည့်အချိန်မှ စူးချင်းက သူမ၏အဖေက ကျိရွှေရှန့်ကို မီးဖိုချောင်ထဲသို့ ခေါ်သွားခဲ့ကြောင်း အမှတ်ရသွားခဲ့သည်။
သူမ ဘာလို့ ဘယ်သူ့ကိုမှ မတွေ့ရတာလဲ?
သူမရဲ့အဖေက ရွှေရှန့်ကို ဘာတွေပြောနေတာ ဖြစ်နိုင်မလဲ?
စူးချင်း ချက်ပြုတ်ပြီးချိန်တွင် လွမ်ဟုန်က အပြင်မှ ပြန်လာခဲ့သည်။ သူမက ခြံဝင်းထဲတွင် သူမ၏ဝမ်းကွဲကို ရှာနေခဲ့သည်။ နောက်ဆုံး စူးချင်း ချက်ပြုတ်နေကြောင်း သူမ သိသွားခဲ့ပြီး မီးဖိုချောင်ထဲသို့ ရောက်လာခဲ့သည်။
"မင်းတို့ ထွက်သွားကြတော့"
လွမ်ဟုန်က အခန်းထဲသို့ ဝင်လာပြီးပြီးချင်း မီးဖိုချောင်ရှိ အစေခံများအားလုံးကို နှင်ထုတ်လိုက်သောကြောင့် သူမနှင့် စူးချင်းသာ ကျန်နေခဲ့တော့သည်။
"ဘာဖြစ်လို့လဲ?"
"အစ်မဝမ်းကွဲ၊ အစ်မ ချူကျင်းဖုန်းကို မကြိုက်ဘူးလား?"
လွမ်ဟုန်က စူးချင်းကို မေးရန် သူမ၏သတ္တိကို စုစည်းထားခဲ့ပြီး အများအားဖြင့် ဘာကိုမှ ဂရုမစိုက်တတ်သော လွမ်ဟုန်က ရှက်ရွံ့နေပုံရသည်။
သူမ၏ ဝမ်းကွဲညီမလေးက လှပသော မျက်လုံးလေးများဖြင့် သူမကို အထိတ်တလန့် ကြည့်နေသည်ကို စူးချင်း မြင်လိုက်ရပြီး လွမ်ဟုန်က သူမ၏လက်ချောင်းလေးများကို လေတိုးမဝင်လောက်အောင် လိမ်ယှက်ထားခဲ့သည်။ သူမက အချစ်တွင် နစ်ဝင်နေသည့် သာမာန်မိန်းမပျိုလေးကဲ့သို့ စိုးရိမ်ပူပင်နေပုံရသည်။
စူးချင်းက လွမ်ဟုန်ကို ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"ငါ သူ့ကို မကြိုက်ဘူး"
လွမ်ဟုန်၏မျက်လုံးများက ချက်ချင်းတောက်ပလာပြီး သူမ၏အပြုံးက မက်မွန်ပွင့်လေးများ ထောင်ပေါင်းများစွာ ပွင့်နေသည့် နွေဦးလေပြေကဲ့သို့ ကြည်နူးဖွယ် ဖြစ်နေခဲ့သည်။ သူမက သူမ၏ ကြည်လင်နေသော မျက်လုံးလေးများဖြင့် စူးချင်းကို စိုက်ကြည့်နေကာ သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထားပြီး ရှက်ရွံ့ဟန်ဖြင့် ထပ်မေးလိုက်သည်။
"ဒါဆို ကျွန်မ သူ့ကို ကြိုက်လို့ရမလား?"
“အင်း”
စူးချင်းက လွမ်ဟုန်၏ ချစ်ခြင်းမေတ္တာ နောက်သို့ လိုက်ရဲ့သည့်သတ္တိကို သဘောကျနေခဲ့သည်။
ချောမောလှပတဲ့ သခင်ငယ်လေးတွေကို နှစ်သက်လေ့ရှိတဲ့ ဒီမိန်းကလေးရဲ့ အကျင့်ဆိုးကတော့ ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူး။ သူမက ရုပ်ရည်အပေါ်ကိုပဲ လုံးလုံးလျားလျား စွဲလမ်းသွားတတ်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိတော့ဘူး။
“ဒါပေမယ့် မင်း ဆုံးဖြတ်ချက်မချခင် ရှင်းရှင်းလင်းလင်း နားလည်ထားရမှာတွေ ရှိတယ်။ ဒီချူကျင်းဖုန်းက သာမန်လူမဟုတ်ဘူးလို့ ငါ ခံစားနေရတယ်။ သူ့မှာ ထူးခြားတဲ့ စိတ်ထားရှိပြီး သူက အပေါ်ယံမြင်သလောက် မရိုးရှင်းနိုင်ဘူး”
စူးချင်းက သူမ၏ဝမ်းကွဲညီမလေး နှလုံးသားတစ်ခုလုံး အမြန် မနစ်ဝင်သွားစေရန် သတိပေးလိုက်သည်။ သူမအနေဖြင့် ချူကျင်းဖုန်း၏နောက်ခံကို အရင် နားလည်ရမည် ဖြစ်သည်။
ချူကျင်းဖုန်းက သူမတို့ကို ကူညီပေးခဲ့ပြီး ကျင့်ရှီလျိုမြောင်တွင် အလွန်နက်နဲသော အခြေခံအုတ်မြစ်ရှိပုံရသော်လည်း သူက ဤဒေသခံမဟုတ်ပေ။
အများအားဖြင့် ဤကဲ့သို့သော နယ်စပ်မြို့များတွင် အခြားတိုင်းပြည်မှ သူလျှိုအများအပြားက ရှိနေတတ်သည်။ ထိုသူလျှိုများက စားသောက်ဆိုင်ဖွင့်ရခြင်းကို နှစ်သက်ကြပြီး နေ့စဉ်လာရောက်စားသောက်သော ဖောက်သည်များ၏ အတင်းအဖျင်းစကားများက သူတို့၏ သတင်းရင်းမြစ်သာ ဖြစ်သည်။
အစ်မဝမ်းကွဲဖြစ်သူ၏စကားကို ကြားလိုက်ရချိန်တွင် လွမ်ဟုန်၏မျက်လုံးများက ပြူးကျယ်သွားပြီး တုန်လှုပ်ချောက်ချားစွာ ပြန်မေးလာခဲ့သည်။
"အစ်မ... အစ်မက အကုန်သိနေတာလား?"
စူးချင်းက သူမ၏စကားလုံးများတွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်ရှိကြောင်း ခံစားမိလိုက်ပြီး သူမ မျက်ခုံးပင့်ကာ လွမ်ဟုန်ကို ပြန်မေးလိုက်သည်။
"ငါက ဘာသိတာလဲ?"