အခန်း (၃၇၁)
Vol. 25 Ch. 371
"သခင်လေးချူကို ပထမဆုံးမြင်ဖူးတုန်းက သူ့ရဲ့အငွေ့အသက်က ရင်းနှီးနေသလို ခံစားရတယ်"
လွမ်ဟုန်က သူမ၏ခန့်မှန်းချက်ကို စတင်ထုတ်ပြောလာခဲ့သည်။
“အစ်မဝမ်းကွဲ၊ တောင်တန်းပြာတွေ့ဆုံပွဲကို မှတ်မိသေးလား? အဲ့အချိန်တုန်းက ဧကရီက ဧကရာဇ်မင်းကို လုပ်ကြံဖို့ လူတွေ လွှတ်ခဲ့သေးတယ်လေ။ အဲ့တုန်းက တစ်စုံတစ်ယောက်က ကျွန်မကို ကယ်တင်ခဲ့တယ်။ အဲ့အချိန်မှာ အရာရာ ရှုပ်ထွေးနေတော့ သူ့မျက်နှာကို မမြင်ရပေမယ့် ကျွန်မ သူ့အနံ့ကို မှတ်မိနေတယ်။ သခင်လေးချူဆီက ရနံ့နဲ့ အတူတူပဲ”
ချူကျင်းဖုန်းက ဘာလို့ တာ့တန်တိုင်းပြည်ရဲ့ တောင်တန်းပြာတွေ့ဆုံပွဲမှာ ပေါ်လာရတာလဲ? အတိအကျ ပြောရရင် သူက ဘယ်သူလဲ?
"လွမ်ဟုန်၊ ဒီလူရဲ့အထောက်အထားကို အတည်မပြုနိုင်သေးခင်မှာ မင်း သူ့ကို ကြိုက်ခွင့် မရှိဘူး"
ချူကျင်းဖုန်း တောင်တန်းပြာတွေ့ဆုံပွဲတွင် ပေါ်လာခဲ့ခြင်းက သူမတို့ထံ ချဉ်းကပ်ချင်နေသည့် ရည်ရွယ်ချက်များ ရှိနိုင်မည်ကို တွေးမိချိန်တွင် စူးချင်း၏မျက်နှာက မည်းမှောင်သွားခဲ့သည်။
သူက သူမတို့၏ မိတ်ဆွေ သို့မဟုတ် ရန်သူ ဖြစ်သည်ကို သူမ မသိရသေးမီ လွမ်ဟုန်ကို ချူကျင်းဖုန်းအတွက် ခံစားခွင့်မပေးနိုင်တော့ပေ။ သို့မဟုတ်ပါက နောင်တွင် လွမ်ဟုန် ဒုက္ခ ရောက်သွားပေလိမ့်မည်။
"ဘာကြောင့်လဲ? သခင်လေးချူက လူကောင်းတစ်ယောက်ပါ။ သူက တကယ်ကို တော်တယ်”
လွမ်ဟုန်က စူးချင်းကို ဇဝေဇဝါ ပြန်ကြည့်နေပြီး ချူကျင်းဖုန်းကို စိတ်အားထက်သန်စွာ ကာကွယ်ပေးနေခဲ့သည်။
စူးချင်း၏မျက်လုံးများက အေးစက်သွားပြီး “မင်း အခု အချစ်ကြောင့် မျက်လုံးကန်းနေပြီး သူ မြင်စေချင်တဲ့ ကောင်းတဲ့ဘက်ကိုပဲ မြင်နေတာ။ မင်း သူရဲ့အစစ်အမှန်ဘက်ခြမ်းကို မမြင်နိုင်သေးဘူး”
“သခင်လေးချူက ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တယ်။ သူ့မှာ ကျွန်မတို့ကို ဒုက္ခပေးမယ့် အကြံအစည် ဘာမှ မရှိလောက်ဘူးလို့ ကျွန်မ ထင်တယ်”
လွမ်ဟုန်က သူမ၏အမြင်ကို အခိုင်အမာ ပြန်ပြောပြနေခဲ့သည်။
သူမက သခင်လေးချူကို သဘောကျတယ်။ အရင်က သူမရဲ့ဝမ်းကွဲအစ်မနဲ့ သခင်လေးချူက အတွဲညီတယ်လို့ သူမ တွေးမိတာကြောင့် သူမရဲ့ခံစားချက်တွေကို တမင်တကာ မျိုသိပ်ထားခဲ့တယ်။ အခု သူမရဲ့ဝမ်းကွဲက ချူကျင်းဖုန်းကို မကြိုက်တာ သေချာသွားတာကြောင့် သူမ သူမရဲ့ပျော်ရွှင်မှု နောက်ကို ရဲရဲဝံ့ဝံ့ လိုက်ဖို့ တွေးထားပြီးပြီ။
“သူက ငါတို့ရဲ့အရက်ချက်နည်းကို ခိုးယူဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူက မင်းကို သူ့လက်အောက်က သူလျှိုတစ်ယောက်ဖြစ်အောင် လုပ်ချင်နေတာလည်း ဖြစ်နိုင်တယ်။ တိုတိုပြောရရင် ဘာကိုမှ ရှင်းရှင်းလင်းလင်း မစုံစမ်းရသေးခင်မှာ ဒီလူက အန္တရာယ် ရှိတယ်လို့ သတ်မှတ်မယ်”
စူးချင်းက ချူကျင်းဖုန်း အဘယ်ကြောင့် သူမတို့ထံ ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နေသည်ကို မသိနိုင်သေးပေ။ ဖြစ်နိုင်ချေတစ်ခုမှာ သူက တာ့ရှားပြည်ထောင်နှင့် တာ့ထန်ပြည်ထောင်ကြားတွင် မကောင်းသော ရည်ရွယ်ချက်များဖြင့် ပုန်းအောင်းနေသည့် သူလျှိုတစ်ဦးလည်း ဖြစ်နိုင်သေးသည်။
သို့သော်လည်း တာ့ထန်မှ ဆူဖြိုးသောသိုးများ၏ ဂုဏ်သတင်းကလည်း ကျယ်ပြန့်လွန်းပြီး ချူကျင်းဖုန်းက သူ့၏စားသောက်ဆိုင်လုပ်ငန်းအတွက် သိုးများ ဝယ်ယူရန် တာ့ထန်သို့ ရောက်နေသည့် ဖြစ်နိုင်ချေလည်း ရှိနေသေးသည်။ သူက တာ့ထန်သို့ ရောက်နေသောကြောင့် ပွဲကြည့်ရန် လာခဲ့ရင်း လွမ်ဟုန်ကို တိုက်တိုက်ဆိုင်ဆိုင် ကယ်တင်ခဲ့ခြင်းလည်း ဖြစ်နိုင်သေးသည်။
လွမ်ဟုန်ကတော့ ထိုအကြောင်းကို အများကြီး မစဉ်းစားဘဲ သူမ၏အစ်မဝမ်းကွဲနှင့် မငြင်းခုံချင်သောကြောင့် အလွယ်တကူ သဘောတူလိုက်သည်။ သို့သော် သူမ၏ဝမ်းကွဲက သူမကို နောက်ဆုံးအကြိမ် သင်ကြားပေးပြီးကတည်းက ထိုအရက်ချက်နည်းကို လျှို့ဝှက်ထားရမည်ဟု သူမ သိထားခဲ့ပြီး ချူကျင်းဖုန်းကို ပြောပြမည် မဟုတ်ပေ။
ထိုညတွင် စူးဟန်ရွှမ်က ယန်ကျစ်နှင့် အခြားသူများကို ညစာစားရန် ဖိတ်ကြားခဲ့သည်။ စူးချင်းက ဟင်းပွဲပေါင်းများစွာ ချက်ပြုတ်ခဲ့ပြီး သူတို့မိသားစုက ထိုဟင်းပွဲများအားလုံးကို ကုန်အောင် စားနိုင်မည်မဟုတ်ပေ။ ထို့အပြင် နှင်းထူထူထဲတွင် သူ့သမီးကို သွားရှာပေးခဲ့သည့် ယန်ကျစ်ကိုလည်း ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်သည်။
ကျိရွှေရှန့်က သိုးသားကင်ကို တစ်ကိုက် ကိုက်လိုက်ပြီး စူးချင်းကင်ထားကြောင်း အတည်ပြုနိုင်ခဲ့သည်။ အပြင်က ကြွပ်ကြွပ်ရွရွ ဖြစ်နေသော်လည်း အတွင်းထဲက နူးညံ့နေပြီး အရသာကလည်း ထူးခြားလှသည်။ သူ စိတ်မထိန်းနိုင်တော့ဘဲ အတွင်းခန်းကို လှမ်းကြည့်လိုက်မိသည်။ စူးဟန်ရွှမ်က သူ့ကို စူးချင်းနှင့် တမင်ခွဲထားသလို သူ ခံစားနေရသည်။
စူးဟန်ရွှမ်က ကျိရွှေရှန့်၊ ယန်ကျစ်နှင့် အခြားလူများကို ဧည့်ခန်းမတွင် စားသောက်ရန် ခေါ်သွားခဲ့ပြီး စူးချင်း၊ ယန်ရူရွှယ်နှင့် လွမ်ဟုန်တို့က အတွင်းဘက်မှ ထမင်းစားခန်းတွင် စားသောက်နေခဲ့ကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် တွေ့ဆုံဖို့ နေနေသာသာ လှမ်းကြည့်၍ မြင်နိုင်ရန်ပင် ခက်ခဲလွန်းလှသည်။
"ရွှေရှန့်၊ သောက်လေ"
ယန်ကျစ်က သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ကျိရွှေရှန့်ကို သောက်ရန် ဖိတ်ခေါ်လိုက်သည်။ သူက စူးချင်း ချက်ထားသည့် ပါးဝမ်ဆွေ့ကို ကြိုက်နှစ်သက်ပြီး ထိုအရက်က သူ့ခန္ဓာကိုယ်ကို နွေးထွေးစေသည်ဟု သူ ခံစားရသည်။ စူးဟန်ရွှမ်ကတော့ သူ့သမီး ချက်ထားသည့် ကျန်းနမ်ချွန်၏ မပြင်းလွန်းသော အရသာကို ပိုနှစ်သက်သည်။
ယန်ကျစ်က ကျိရွှေရှန့်အတွက် ပါးဝမ်ဆွေ့ကို လောင်းထည့်ပေးနေခဲ့သည်။
ယောက်ျားကောင်းတွေက ဒီလိုမျိုး အရက်ပြင်းကိုပဲ သောက်သင့်တယ်။
ကျိရွှေရှန့်က သူ့ခွက်ကို မြှောက်လိုက်ပြီး ယန်ကျစ်နှင့်အတူ လိုက်သောက်ပေးနေခဲ့သည်။ ယန်ကျစ်၏အဖွဲ့မှ လူများကလည်း ကျိရွှေရှန့်နှင့် ခွက်တိုက်ရန် ရောက်လာခဲ့ကြသည်။ ကျိရွှေရှန့်ကလည်း သူ့စိတ်ထဲတွင် တစ်ခုခုရှိနေသောကြောင့် သူ အလွန်အကျွံ သောက်မိသွားပြီး စားပွဲပေါ်သို့ မှောက်ကျသွားတော့သည်။ သူ့ကို မည်သူက ဧည့်သည်ဆောင်၏အိပ်ခန်းထဲသို့ ပို့ပေးမှန်းပင် သူ မသိတော့ပေ။
ကျိရွှေရှန့် အရက်အလွန်အကျွံသောက်ခဲ့ကြောင်း စူးချင်း ကြားသွားချိန်တွင် သူမက ကျိရွှေရှန့်အတွက် အရက်နာကျသက်သာစေမည့်ဟင်းချို ပြုလုပ်ခဲ့သည်။ သူမ ကျိရွှေရှန့်အတွက် ထိုဟင်းရည် သွားပို့ရန် ထွက်လာခဲ့ပြီး လမ်းတဝက်တွင် စူးဟန်ရွှမ်က သူမကို တားဆီးထားခဲ့သည်။
“ညဉ့်နက်သန်းခေါင်မှာ ယောက်ျားနဲ့ မိန်းမ နှစ်ယောက်တည်း ရှိနေတာက ဝေဖန်မှုတွေကို ဆွဲဆောင်နိုင်လိမ့်မယ်”
"သမီး မကြောက်ဘူး"
စူးချင်းက ပြင်ပလူများ၏အမြင်ကို လုံးဝ ဂရုမစိုက်ပေ။
ရွှေရှန့် ဘာကြောင့် ဒီလောက် အလွန်အကျွံ သောက်ခဲ့လဲဆိုတာကို သူမ သိချင်နေပြီ။ သူက ခွက်တစ်ထောင် သောက်ရင်တောင် မူးတတ်တဲ့သူမျိုး မဟုတ်ဘူး။ မော့ချန်မှာလည်း သူ ဒီလောက် အရက်အလွန်အကျွံသောက်တာကို သူမ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။
"စူးချင်း.... မြန်မြန်ပြန်သွားတော့"
စူးဟန်ရွှမ်က အနည်းငယ် ဒေါသထွက်သွားပြီး သူ့လေသံက အနည်းငယ် ကြမ်းတမ်းလာသည်။
စူးချင်း သူ့ကို စိုက်ကြည့်ရင် ပြန်မေးလိုက်သည်။
"အဖေ၊ ဒီနေ့ ရွှေရှန့်ကို ဘာတွေပြောလိုက်တာလဲ?"
"မင်းမှာ ခင်ပွန်းလောင်း ရှိတယ်လို့ အဖေ သူ့ကို ပြောခဲ့တယ်။ ပြီးတော့ အဖေ သူ့ကို တစ်နှစ်စောင့်ခိုင်းခဲ့ပြီး သူလည်း သဘောတူခဲ့တယ်”
စူးဟန်ရွှမ်က သူ့သမီးကို ဘာမှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
“သမီးကိုလည်း အဖေပြောချင်သေးတယ်။ ရွှေရှန့်နဲ့ တစ်အိုးတစ်အိမ်ထူဖို့ အလျင်စလို မလုပ်ပါနဲ့။ သမီး သူနဲ့ နောက်တစ်ဆင့်ကို မသွားနိုင်ခင် သမီးရဲ့စေ့စပ်ကြောင်းလမ်းမှုကို အရင် ဖြတ်တောက်ရမယ်။ အဲ့လိုလုပ်မှပဲ လူကျင့်ဝတ်ကို လိုက်နာရာ ရောက်လိမ့်မယ်၊ အဖေ့အတွက် ခက်ခဲအောင် မလုပ်ပါနဲ့တော့"
“အဖေ၊ အဖေ စီစဥ်ထားတဲ့ အိမ်ထောင်ရေးကို သမီး လက်မခံဘူး။ အဲ့တော့ တစ်နှစ်စောင့်နေဖို့လည်း မလိုဘူး”
စူးချင်းက သူမ၏အဖေကို အေးအေးဆေးဆေး ကြည့်ကာ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ စူးဟန်ရွှမ်က သူ့ရင်ဘတ်ကို ပြန်ဆုပ်ကိုင်ထားလိုက်ပြီး သူ့သမီးအပေါ် မထိန်းချုပ်နိုင်ဘဲ စွမ်းအားမဲ့နေသော ခံစားချက်ကို ခံစားလိုက်ရသည်။
သူမမှာ စိတ်ကူးစိတ်သန်းတွေ များလွန်းပြီး ပင်ကိုယ်စရိုက်ကလည်း ပြတ်သားလွန်းတယ်။
စူးချင်းက စူးဟန်ရွှမ်၏စကားကို လုံးဝ နားမထောင်ပေ။ သူမက ကျိရွှေရှန့်ကို ပြုစုရန် အရက်နာကျသက်သာစေမည့်ဟင်းရည်ကို ဧည့်ခန်းထဲ ယူဆောင်သွားခဲ့သည်။
ရလဒ်အနေဖြင့် သူမ သူ့ကို ဟင်းရည်တိုက်လိုက်ပြီး ပန်ကန်လုံးကို ပြန်ချရန် နောက်သို့ ပြန်လှည့်လိုက်ချိန်တွင် ကျိရွှေရှန့်က သူမကို အနောက်မှ ပွေ့ဖက်လိုက်သည်။ သူက စူးချင်း၏ပုခုံးပေါ်သို့ သူ့မေးစေ့ကို တင်တာ တိုးတိုးလေး ပြောလိုက်သည်။
"မင်း ကိုယ့်ကို မေ့သွားပြီ ထင်နေတာ!"
ခွေးပေါက်ကလေး၏ ဝမ်းပန်းတနည်း ညည်းညူသံနှင့် ဆင်တူသော သူ့အသံက စူးချင်း၏ နှလုံးသားကို ပျော့ပျောင်းသွားစေခဲ့သည်။ သူမက သူမ ပုခုံးပေါ် မှီထားသော ကျိရွှေရှန့်ကို ကြည့်ရန် ခေါင်းပြန်လှည့်လိုက်သည်။ အရက်သောက်ထားသည့် သူ့မျက်နှာက နီရဲနေပြီး နက်မှောင်သော မျက်လုံးများကတော့ သူမကိုသာ စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများထဲတွင် မီးတောက်တစ်ခု ကခုန်နေပြီး သူ့တစ်ကိုယ်လုံး ပူလောင်နေကာ သူ့အသက်ရှုသံတွင်လည်း အရက်နံ့သင်းသင်းလေး ရနေပြီး ထိုအရာအားလုံးက စူးချင်း၏ခန္ဓာကိုယ်ကို ပူလောင်လာစေခဲ့သည်။
စူးချင်း သူမ၏ခေါင်းကို လှည့်လိုက်ချိန်တွင် ကျိရွှေရှန့်က အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူက သူ နမ်းမဝနိုင်ခဲ့သည့် သူမ၏ နီရဲနေသော နှုတ်ခမ်းလေးများကို စုပ်ယူနမ်းရှိုက်လိုက်သည်။ သူက ပျားရည်ကို စုပ်ယူနေသလို နမ်းရှိုက်နေခဲ့ပြီး ထိုအနမ်းက သူ့ကို ပို၍ မူးဝေလာစေခဲ့သည်။ စူးချင်းကို ကြည့်နေသည့် သူ့၏ကျားစဥ်းလဲနှင့်တူသော မျက်လုံးများတွင် တပ်မက်မှုများ ပြည့်လျှံလာခဲ့သည်။
သူ၏ စိတ်အားထက်သန်မှုက စူးချင်းဆီသို့ပင် ကူးစက်လာခဲ့ပြီး ကျိရွှေရှန့်၏နူးညံ့သိမ်မွေ့သော အထိအတွေ့အောက်တွင် သူမ ရီဝေ လာကာ သူမ၏ အမြဲတမ်းအေးစက်နေတတ်သည့် မျက်လုံးများကို မှိတ်ထားရင်း မထိန်းနိုင်ဘဲ ညည်းညူနေမိသည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ကျိရွှေရှန့်က သူမ၏နှုတ်ခမ်းလေးများကို ပြန်လွှတ်ပေးလိုက်ပြီး သူမ၏နားနားသို့ ကပ်ကာ တိုးတိုးလေး ထပ်ပြောလိုက်သည်။
“တစ်နှစ်က အရမ်းကြာလွန်းတယ်”
သူ့အသံတွင် ပြောမပြနိုင်သည့် မကျေနပ်ချက်များနှင့် တောင်းဆိုမှုများ ပါဝင်နေခဲ့သော်လည်း သူ့က ထိုအက်ရှရှအသံကပင် စူးချင်း၏နားထဲတွင် အသာယာဆုံး အသံ ဖြစ်နေပြန်သည်။
“ရှင် အလုပ်တွေ များနေရင် အချိန်က ခဏလေးနဲ့ ကုန်သွားမှာပါ။ အခု မွေးစားအမေရဲ့ရုပ်ကလပ်ကတောင် ပူနွေးနေတုန်းပဲ၊ ပြီးတော့ ရှင့်အဖေအတွက်လည်း လက်စားမချေ ရသေးဘူး”
စူးချင်းက သူ သူမ၏အဖေကို တစ်နှစ်စောင့်ပေးမည်ဟု ကတိပေးခဲ့ကြောင်း သိထားပြီး ဖြစ်ကာ သူမကတော့ ထိုလူကို ရှာတွေ့လျှင်ပင် သူမဘက်မှ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းမည် ဖြစ်သည်။
သူ့မွေးစားအမေနှင့် အဖေအရင်း၏အကြောင်းကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်၏တပ်မက်စိတ်က ပြန်အေးချမ်းသွားခဲ့သည်။
ဟုတ်တယ်၊ အခုက ချင်းအာ နဲ့ သူ လက်ထပ်ဖို့ ဆွေးနွေးရမယ့် အချိန်မဟုတ်သေးဘူး။
သူ့၏မွေးစားဖခင် မကွယ်လွန်မီက ဖခင်အတွက် လက်စားမချေရသေးမချင်း သူ အိမ်ထောင်မပြုရဟု ကျိန်ဆိုထားခဲ့သည်။
နောက်တစ်နေ့နံနက်တွင် ကျိရွှေရှန့်က စောစော နိုးလာပြီး စစ်စခန်းသို့ ထပ်သွားခဲ့သည်။ ရန်ရှစ်ခွမ်းက စစ်သူကြီးတံဆိပ်တော်အတွက် စိတ်ပူခြင်းကို ရပ်တန့်ပြီး ရှောင်းမိသားစုစစ်တပ်ကို သူ့ထံ အပ်နှံရန် သူ မျှော်လင့်နေမိသေးသည်။
ကျိရွှေရှန့် စစ်စခန်းသို့ ရောက်လာချိန်တွင် ရန်ရှစ်ခွမ်းက သူ့တပ်များကို လေ့ကျင့်ပေးနေခဲ့ပြီး သူက ရှောင်းမိသားစုစစ်တပ်၏လေ့ကျင့်မှုကို ငုံ့ကြည့်နေကာ သူ့လက်များကို နောက်ကျောပစ်ထားခဲ့သည်။
ဒါက သူ့အစ်ကိုကြီး သူ့ကို ချန်ထားပေးခဲ့တဲ့ အဖွဲ့ပဲ။ သူ သူတို့ကို ကာကွယ်ဖို့ နှစ်ပေါင်းများစွာ အရှက်ကွဲခံပြီး ရပ်တည်နေခဲ့ရတယ်။
"စစ်သူကြီးရန်၊ နောက်ဆုံးအကြိမ် ရောက်လာတဲ့ လူငယ်လေးက ဒီကို ထပ်ရောက်လာပြန်ပြီ"
စစ်သည်တစ်ဦးက ရန်ရှစ်ခွမ်းထံသို့ သတင်းပို့ရန် ပြေးလာခဲ့သည်။ ရန်ရှစ်ခွမ်းက သူ့၏မျက်ခုံးမွှေးထူထူကို ပင့်တင်လိုက်ပြီး ထိုစစ်သည်၏အသေးစိတ်အစီရင်ခံချက်ကို နားမထောင်ရသေးခင်မှာပင် ကျိရွှေရှန့်ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းထားပြီး ဖြစ်သည်။
“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ”
ရန်ရှစ်ခွမ်းက ထိုစစ်သည်ကို ကျိရွှေရှန့်အား သွားကြိုခိုင်းလိုက်သည်။
ရှောင်းမိသားစုစစ်တပ်၏စစ်တန်းလျားများကို လူတိုင်း မ၀င်နိုင်ပေ။ ယခုကဲ့သို့ ဝင်ရောက်ခွင့် ပြုလိုက်ခြင်းက ရန်ရှစ်ခွမ်းဘက်မှ ကျိရွှေရှန့်ကို မျက်နှာသာပေးလိုက်ခြင်း ဖြစ်သည်။
ရန်ရှစ်ခွမ်းကလည်း စစ်စခန်း၏ဝင်ပေါက်ဆီကို မျှော်တလင့်တကြီး ကြည့်နေခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ရှောင်းမိသားစုစစ်တပ်ရဲ့ ကျားတံဆိပ်တော်ကို သူ မြင်ရတော့မှာလား?