အခန်း (၃၇၂)
Vol. 25 Ch. 372
ကျိရွှေရှန့်က ခြေလှမ်းကျယ်ကြီးများဖြင့် စစ်စခန်းထဲသို့ ဝင်လာခဲ့သည်။ ထိုနေရာတွင် ကောင်းစွာ လေ့ကျင့်ထားသော ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များကို သူ မြင်လိုက်ရပြီး စစ်သည်တစ်ယောက်ချင်းစီက ဝမ်မိသားစုစစ်တပ်မှ စစ်သည်များထက် ပို၍ ရက်စက်ကြမ်းကြုတ်ပြီး ပိုအစွမ်းထက်ဟန်ရှိကြသည်။ ထိုမြင်ကွင်းက သူ့၏စိတ်ခံစားချက်များကို ပိုကောင်းလာစေခဲ့သည်။
"ဦးလေးရန်"
ကျိရွှေရှန့်က ရန်ရှစ်ခွမ်းကို လက်သီးအုပ်နှုတ်ဆတ်လိုက်ပြီး ဦးလေးယန်ဟု တရင်းတနှီး ခေါ်လိုက်သည်။
"သခင်လေးကျိ၊ ဒီအတောအတွင်း မင်း အဆင်ပြေရဲ့လား?"
ရန်ရှစ်ခွမ်းက ကျိရွှေရှန့်ကို နှုတ်ဆက်ရင်း လက်ဟန်ဖြင့် ပြန်အရိုအသေပေးလိုက်သည်။ သူ့မျက်လုံးများက နွေးထွေးမှု မရှိ တင်းမာနေဆဲဖြစ်ပြီး စိတ်အားထက်သန်မှု အရိပ်အယောင် တစိုးတစိမျှ မရှိပေ။
"ဦးလေးရန်၊ ဦးလေးက ရှောင်းမိသားစုစစ်တပ်ကို ကောင်းကောင်း လေ့ကျင့်ပေးထားခဲ့တာပဲ"
ကျိရွှေရှန့်က ရန်ရှစ်ခွမ်းကို ချီးကျူးလိုက်ပြီး သူ့အသံထဲမှ သူ့၏စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"ဒါက ရှောင်းမိသားစုစစ်တပ် မဟုတ်ဘူး။ တော်ဝင်ရုံးတော်ရဲ့စစ်တပ်"
ရန်ရှစ်ခွမ်းက ယခင်အတိုင်း အေးခဲနေဆဲဖြစ်ပြီး ရေအေးတစ်ဇလုံလောင်းချကာ ကျိရွှေရှန့်၏စိတ်အားထက်သန်မှုကို လျော့ပါးသွားစေခဲ့သည်။
"ဦးလေးရန်၊ ခင်ဗျားက တော်ဝင်ရုံးတော်အပေါ် တကယ် သစ္စာစောင့်သိသွားပြီလား?"
ကျိရွှေရှန့်၏မျက်နှာပေါ်ရှိ အပြုံးများက ပျောက်ကွယ်သွားပြီး သူက ရန်ရှစ်ခွမ်းကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ရန်ရှစ်ခွမ်းက ရှောင်းမိသားစုစစ်တပ်၏အင်အားကို ထိန်းသိမ်းထားရန် တော်ဝင်ရုံးတော်သို့ ဟန်ဆောင်အညံ့ခံခဲ့ကြောင်း သူ့၏မွေးစားဖခင်က သူ့ကို ပြောပြခဲ့ပြီး ဤနေရာသို့ လာရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ ဤနေရာသို့ နှစ်ကြိမ်ရောက်ခဲ့ဖူးပြီး ရန်ရှစ်ခွမ်းက သူကို သူတို့၏သခင်လေးအဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။ သူက စစ်သူကြီး၏ ကျားတံဆိပ်တော်ကို ကြည့်ရန် တောင်းဆိုခဲ့ပြီး ယခုလည်း ရှောင်းမိသားစုစစ်တပ် မဟုတ်ကြောင်း ငြင်းဆိုနေခဲ့သည်။
သူ့ရဲ့မွေးစားအဖေ ရန်ရှစ်ခွမ်းအပေါ် အထင်လွဲခဲ့တာ ဖြစ်နိုင်လား?
“ငါက စစ်တပ်ရဲ့ အမှတ်သင်္ကေတကိုပဲ မှတ်ထားတယ်။ အဲဒါ မရှိရင် ဘာမှ ပြောစရာ မရှိတော့ဘူး”
ရန်ရှစ်ခွမ်းက ကျိရွှေရှန့်၏ ဒေါသထွက်နေသော အမူအရာကို မြင်သွားခဲ့ပြီး သူ့မျက်လုံးများထဲတွင် ဝမ်းနည်းနေသည့်အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သို့သော် သူက သူ့နှလုံးသားကို ချက်ချင်း ပြန်ခိုင်မာစေကာ သူ့စိတ်က ပြန်လည်မာကျောသွားခဲ့သည်။
"ဦးလေးရန်၊ စစ်တပ်တံဆိပ်ပြားက ကျွန်တော့်လက်ထဲမှာ ရှိတယ်၊ ဖွင့်ဖို့ သော့ မရှိသေးလို့ပါ"
ကျိရွှေရှန့်က ရန်ရှစ်ခွမ်းကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
ဒီလူ ဘာကြောင့် ဒီလောက် ခေါင်းမာရတာလဲ?
ကျိရွှေရှန့်က စစ်သူကြီး၏ ကျားတံဆိပ်ပါသော သေတ္တာလေးကို ထုတ်ယူလိုက်ပြီး ရန်ရှစ်ခွမ်းက ထိုအရာကို မှတ်မိနေမည်ဟု သူ ယုံကြည်နေခဲ့သည်။
ထိုသေတ္တာလေးကို မြင်လိုက်ချိန်တွင် ရန်ရှစ်ခွမ်းက သူ့လက်သီးများကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူ့အမူအရာက ခဏတာမျှ ယောက်ယက်ခတ်သွားခဲ့သည်။ သူက ကျိရွှေရှန့်၏လက်ထဲမှ သစ်သားသေတ္တာကို လှမ်းယူလိုက်ပြီး သေတ္တာပေါ်ရှိပန်းကနုတ်များကို သူ့၏လက်ကြမ်းကြီးဖြင့် လိုက်ထိကြည့်နေသည်။ သူ့မျက်လုံးများတွင် မြူခိုးများ ဖုံးလွှမ်းနေပြီး သူ့၏ဝမ်းနည်းမှုကို မျိုသိပ်ရန် အသက်ကို ပြင်းပြင်းရှူနေခဲ့သည်။ သို့သော်လည်း ခဏအကြာတွင် သူက မျက်နှာသေကြီး ပြန်ဖြစ်သွားပြီး ထိုသေတ္တာလေးကို ကျိရွှေရှန့်အား ပြန်ပေးလိုက်သည်။
"ငါက စစ်တပ်ရဲ့တံဆိပ်ပဲ မှတ်မိတယ်"
ကျိရွှေရှန့်က တကယ်ပင် ဒေါသထွက်နေခဲ့သည်။
ဘာလို့ ဒီလောက်တောင် ခေါင်းမာနိုင်ရတာလဲ?
“ကျွန်တော်အဖေက ဒီသေတ္တာရဲ့သော့ကို ကျွန်တော်ဇနီးလောင်းအတွက် စေ့စပ်လက်ဆောင်အဖြစ် ပေးထားခဲ့တယ်၊ ဒါပေမယ့် အခု သူ့(မ)ကို ဘယ်မှာ သွားရှာရမှာလဲ? ဦးလေးရန်၊ ခင်ဗျား ဒီသေတ္တာကို မှတ်မိနေတယ်မလား? ဘာလို့ ကျွန်တော့်ကို မယုံသေးတာလဲ?"
“စစ်သူကြီးရဲ့တံဆိပ်မပါဘဲ တပ်သုံးတပ်ကို လုံးဝ မလှုပ်ရှားစေဖို့ စစ်သူကြီးက အမိန့်ပေးသွားခဲ့တယ်။ သခင်လေးကျိ အဲ့လူကို မြန်မြန်သွားရှာပြီး သော့ကို ပြန်ယူသင့်တယ်!"
ကျိရွှေရှန့် မည်မျှပင် ဖျောင်းဖျနေစေကာမူ ရန်ရှစ်ခွမ်းက ရှောင်းမိသားစုစစ်တပ်၏အာဏာကို လွှဲပြောင်းပေးရန် ငြင်းဆန်နေဆဲဖြစ်သည်။
ကျိရွှေရှန့် နောက်ဆုံးအကြိမ် ရောက်လာခဲ့စဥ်က သူ့ထံတွင် ထိုသေတ္တာလေး ပါမလာခဲ့ပေ။ သူ ထိုသေတ္တာကို ယူဆောင်လာပါက ရန်ရှစ်ခွမ်းက စစ်တပ်အာဏာကို သူ့ထံသို့ အပ်နှံလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ ယခု သူ စိတ်အားထက်သန်စွာ ရောက်လာခဲ့သော်လည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့ရသည်။
ကျိရွှေရှန့် ထွက်သွားပြီးနောက် ရန်ရှစ်ခွမ်း၏ယုံကြည်ရသော လက်ထောက်ဖြစ်သည့် လီရှင်းက ရန်ရှစ်ခွမ်းဆီသို့ ရောက်လာခဲ့သည်။
"စစ်သူကြီး၊ သူက တကယ်ပဲ သခင်ငယ်လေးလား?"
ရန်ရှစ်ခွမ်းက စစ်စခန်း၏ဝင်ပေါက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ပြီးမှ "သူက စစ်သူကြီးနဲ့ ဆယ်ချက်မှာ ခုနှစ်ချက်လောက် ဆင်တူတယ်"
"ဒါဆို ခင်ဗျား ဘာလို့ သူ့ကို အသိအမှတ် မပြုတာလဲ?"
လီရှင်းက ရန်ရှစ်ခွမ်း ကျိရွှေရှန့်ကို အဘယ်ကြောင့် အခက်အခဲ ဖြစ်စေသည်ကို လုံးဝ နားမလည်နိုင်ပေ။
ရန်ရှစ်ခွမ်းက သက်ပြင်းချလိုက်ပြီး "ရှောင်းမိသားစုစစ်တပ်ရဲ့ အင်အားကို ထိန်းသိမ်းဖို့ ငါ အရှက်တရားတွေကို သည်းခံပြီး ရပ်တည်ခဲ့တယ်။ ငါ ဒီနှစ်တွေ တလျောက်လုံး ဒီလေးလံတဲ့ဝန်ထုတ်ဝန်ပိုးကို ထမ်းထားနိုင်ခဲ့တယ်။ အခုအချိန်ရောက်မှ ဘာအပျက်အစီး ဖြစ်ခွင့်မပြုနိုင်ဘူး။ အဲ့နေ့က စစ်သူကြီး မထွက်သွားခင် သေသေချာချာ အမိန့်ပေးထားခဲ့တယ်၊ ကျားတံဆိပ်ကို မြင်မှ စစ်တပ်အာဏာကို လွှဲပြောင်းပေးရမယ်၊ ကျားတံဆိပ်ကို မတွေ့ရသေးသရွေ့ ဘာမှ လုပ်ခွင့် မရှိဘူး။ မဟုတ်ရင် စစ်စည်းကမ်းကို ချိုးဖောက်တယ်လို့ သတ်မှတ်ခံရလိမ့်မယ်”
"ဒါပေမယ့် သခင်လေးက ချန်ယွိနဲ့အတူ ရောက်လာခဲ့ပြီး မော့ချန်ကိုလည်း သခင်လေးကပဲ ကာကွယ်ပေးထားခဲ့တယ်။ ခင်ဗျား ဘာလို့ သူကို မယုံသေးတာလဲ?"
လီရှင်းက ကျိရွှေရှန့်ကို သူတို့၏သခင်လေးအဖြစ် ယုံကြည်နေပြီ ဖြစ်ကာ ကျိရွှေရှန့်အတွက် ဆက်လက်ပြောဆိုပေးနေခဲ့သည်။
"ဒီလောက်နှစ်တွေ ကြာခဲ့ပေမယ့် နန်းတွင်းနဲ့ ဝမ်ရှန်းချန်က ငါတို့ကို အခုထိ စမ်းသပ်နေခဲ့တာ မဟုတ်ဘူးလား?"
ရန်ရှစ်ခွမ်းက လီရှင်းကို လေးလေးနက်နက် စိုက်ကြည့်ရင်း ပြန်မေးခွန်းထုတ်လိုက်သည်။ စစ်သူကြီးရှောင်း ကွပ်မျက်ခံရပြီးကတည်းက တော်ဝင်ရုံးတော်က နယ်စပ်ကို စောင့်ကြပ်နေသည့် ရှောင်းမိသားစုစစ်တပ်ကို ဖြုတ်ချရန် အကြိမ်ကြိမ် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ ရန်ရှစ်ခွမ်းက သူ့၏သစ္စာစောင့်သိမှုကို အမြဲဖော်ပြခဲ့ပြီး တာ့ထန်က သူတို့ကို တိုက်ခိုက်နေသည်ဟု အကြောင်းပြရန် သူ့လူများကို စေလွှတ်ပြီး ဟန်ဆောင်တိုက်ခိုက်စေခဲ့သည်။ ထို့ကြောင့်သာ သူတို့ ယခုအချိန်အထိ စစ်တပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်က သူတို့ကို စစ်တပ်ရိက္ခာ မပေးဘဲ လက်နက်များသာ ပေးခဲ့သည်။ ရန်ရှစ်ခွမ်းက ကုန်းမြေများကို ပြန်လည်သိမ်းယူရန် စစ်တပ်ကို ဦးဆောင်ခဲ့ပြီး နွေဦးရာသီတိုင်းတွင် သူတို့အတွက် စားစရာများ စိုက်ပျိုးစေခဲ့သည်။ သူက ရှောင်းမိသားစုစစ်တပ်ကို ဆယ်နှစ်ကျော် စောင့်ရှောက်ပေးခဲ့ပြီး ပိုမိုအားကောင်းအောင် ဆောင်ရွက်နေဆဲဖြစ်ကာ သူတို့၏သခင်လေး ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် မည်သည့်အမှားအယွင်းကိုမျှ အဖြစ်မခံနိုင်ပေ။
စူးချင်းက စစ်စခန်းအပြင်ဘက်တွင် ကျိရွှေရှန့်ကို စောင့်နေခဲ့သည်။ ကျိရွှေရှန့် စိတ်ပျက်လက်ပျက် ပြန်ထွက်လာသည်ကို သူမ မြင်လိုက်ရပြီး ဆွေးနွေးမှုက အဆင်မပြေခဲ့ကြောင်း နားလည်လိုက်သည်။
"သူက အခုထိ အသိအမှတ်မပြုသေးဘူးလား?"
“အင်း၊ သူက ကျားတံဆိပ်ကို မြင်ရမှ ဖြစ်မယ်တဲ့။ ရန်ရှစ်ခွမ်းက သူရဲ့လက်ရှိ ကြွယ်ဝမှုကို စွန့်လွှတ်ဖို့ တွန့်ဆုတ်နေတာလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် ကိုယ်တို့အတွက် ခက်ခဲအောင် တမင်တကာ လုပ်နေတာ”
ကျိရွှေရှန့်က ဒေါသတကြီး ပြန်ပြောပြနေခဲ့သည်။
သူမှာ ကျားတံဆိပ်ထည့်ထားတဲ့ သေတ္တာ ရှိနေတာကို ရန်ရှစ်ခွမ်းလည်း သေသချောချာ မြင်နေရတာပဲ၊ အဲ့တာတောင်မှ ရန်ရှစ်ခွမ်းက သူ့ကို အသိအမှတ်ပြုဖို့ ငြင်းဆိုနေသေးတယ်။
“ကျွန်မကတော့ အဲလို မထင်ဘူး”
စူးချင်းက ရန်ရှစ်ခွမ်းကဲ့သို့ စည်းမျဉ်းများကို အတိအကျ လိုက်နာတတ်သည့်သူများကို လေးစားသဘောကျသည်။ ရန်ရှစ်ခွမ်း၏အခြေခံမူများကြောင့်မဟုတ်ပါက ရှောင်းမိသားစုစစ်တပ်က ဤမျှကြာရှည်စွာ တည်ရှိနေတော့မည် မဟုတ်ပေ။
“ရပါတယ်၊ အခု အဆင်မပြေရင်လည်း ကျွမ်းကျင်တဲ့ လက်သမားဆရာကို ရှာပြီး သော့ပုံတူကူးနိုင်တဲ့သူ ရှိ မရှိ ကြည့်ရအောင်”
စူးချင်းက သေတ္တာကို ထပ်စစ်ဆေးလိုက်ပြီး နည်းလမ်းတစ်ခု စဉ်းစားလိုက်သည်။ ရှေးခေတ်က ပြုလုပ်ခဲ့သော ယန္တရားသတ္တာများက အလွန်အစွမ်းထက်လှသည်။ သေတ္တာကို ဖွင့်ရန် သော့မရှိလျှင် အဆင်မပြေပေ။ အားသုံး၍ အတင်းဖွင့်လိုက်ပါပ အထဲမှအရာများပါ အတူတူ ပျက်စီးသွားပေလိမ့်မည်။ အတွင်းထဲမှ ပစ္စည်းကို အခြားသူများ အလွယ်တကူ ရမသွားစေရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။
“အင်း၊ နောက်ဆုံးတော့ အဲ့ဒါကပဲ တစ်ခုတည်းသော နည်းလမ်း ဖြစ်လိမ့်မယ်”
ကျိရွှေရှန့်က မျက်မှောင်ကြုတ်နေရင်း စူးချင်း၏အကြံပြုချက်ကို ထောက်ခံလိုက်သည်။
ဒါပေမယ့် ဒီလို ကျွမ်းကျင်တဲ့ လက်သမားကို ဘယ်မှာ သွားရှာရမှာလဲ?
စူးချင်းက သေတ္တာပေါ်ရှိ သော့ကို လေ့လာနေခဲ့ပြီး အကယ်၍ သူမ နောက်တစ်ဆင့် အဆင့်တက်နိုင်လျှင် သော့တစ်ခု ပွားပေးရန် စနစ်နှင့် ညှိနှိုင်းနိုင်လိမ့်မည်ဟု တွေးနေခဲ့သည်။
ယခုအချိန်တွင် သူမ၏စွမ်းရည်များထဲမှ ပန်းပဲစွမ်းရည်နှင့် သတ္ထုတူးဖော်ခြင်းကသာလျှင် သူမ အဆင့် မြန်မြန် မြှင့်တင်ရန် ကူညီပေးနိုင်သည်။ စူးချင်းက သံရိုင်းတွင်းသို့ သွားကာ သူမ အသစ်တီထွင်ထားသော လက်နက်များ ထုလုပ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ၎င်းသည် သူမ အဆင့်တက်ပိုမြန်အောင် ကူညီပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် စူးချင်းက ကျိရွှေရှန့်ကို ချက်ချင်း ထပ်ပြောလိုက်သည်။
"ကျူးရှန်တောင်ကို သွားကြရအောင်"
"ကျူးရှန်တောင်ကို ဘာသွားလုပ်မှာလဲ?"
ကျိရွှေရှန့်က စူးချင်းကို ယောင်ဝါးဝါး ပြန်မေးလိုက်သည်။
သူတို့သေတ္တာအတွက် သော့လုပ်ဖို့ ဆွေးနွေးနေကြတာ မဟုတ်ဘူးလား။ လူသူကင်းမဲ့တဲ့ ကျူးရှန်တောင်ကို သွားရင် ကျွမ်းကျင်တဲ့ လက်မှုပညာရှင်ကို ဘယ်နေရာမှာ သွားရှာမှာလဲ?
"ကျွန်မတို့ဘာသာ သော့လုပ်ကြရအောင်"
စူးချင်း၏ မျက်လုံးများက စူးရှတောက်ပနေပြီး သူမက ယုံကြည်မှုအပြည့်ဖြင့် ထပ်ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆို ဒီနေ့ ထွက်သွားကြမယ်"
စူးချင်း၏မျက်လုံးများမှ ယုံကြည်မှုများကို မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်က ဘာကြောင့်မှန်းမသိ သူမကို ယုံကြည်လိုက်မိသည်။
စူးချင်း ပြန်ရောက်ပြီး ပြန်ထွက်ခွာတော့မည်ကို ကြားလိုက်ချိန်တွင် စူးဟန်ရွှမ်နှင့် ယန်ရူရွှယ်တို့က သဘောမတူကြပေ။
မိန်းမပျိုလေးက တစ်နေ့လုံး အပြင်ထွက်နေပြီး လမ်းပေါ်လျောက်သွားနေလို့ ဘယ်ဖြစ်ပါ့မလဲ?
သို့သော်လည်း သူတို့ စူးချင်းကိုလည်း မတားနိုင်ခဲ့ကြပေ။ သူမတွင် အကြံဥာဏ်များစွာ ရှိနေပြီး သူမ၏ ဆုံးဖြတ်ချက်ကို မည်သူမျှ လွှမ်းမိုးနိုင်စွမ်း မရှိကြပေ။
သို့သော် စူးချင်းက သူမ မထွက်ခင် ယန်ကျစ်ကို သွားရှာခဲ့သည်။
“ဦးလေးယန်၊ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါဦး…”
စူးချင်း၏ ညွှန်ကြားချက်များကို နားထောင်ပြီးနောက် ယန်ကျစ်က လေးနက်စွာ ခေါင်းညိတ်သဘောတူလိုက်သည်။
"စူးချင်း၊ စိတ်မပူပါနဲ့။ ဦးလေးယန် သူ့ကို စောင့်ကြည့်ထားပေးမယ်”
ရှောင်ချီက စူးချင်းနှင့် လိုက်ချင်နေသော်လည်း စူးချင်းက သူမ၏မိဘများနှင့် မောင်လေးကို ကာကွယ်ရန် သူမကို ချန်ထားခဲ့ချင်နေသည်။ သူမ၏မိသားစုအတွက် ရှောင်ချီ ရှိနေလျှင် သူမကို ပိုသက်တောင့်သက်သာ ဖြစ်စေလိမ့်မည်ဟု သူမ တွေးထားခဲ့သည်။
"ရှောင်ချီက သခင်နဲ့ မခွဲနိုင်ပါဘူး"
ရှောင်ချီက စူးချင်းကို ဝမ်းပမ်းတနည်း စိုက်ကြည့်နေခဲ့သည်။ သူမက သခင်ဖြစ်သူကို နှလုံးသားဖြင့် ဆက်သွယ်ပြောဆိုနိုင်သည်။
မနေ့ညက ရှောင်ချိန်က သူမကို အိမ်မွေးတိရစ္ဆာန်လေးလို ပွေ့ဖက်ကာ အတူတူ အိပ်ခဲ့ကြသည်။ ရှောင်ချီက ထိုသခင်သေးသေးလေးကို လွမ်းဆွတ်နေခဲ့သည်ေလည်း သူမသခင်၏အနားတွင်လည်း ရှိနေချင်သေးသည်။
"နင် ဒီမှာ ရှိနေမှ ငါ စိတ်အေးအေးထားပြီး ထွက်သွားနိုင်မှာလေ"
စူးချင်းက ရှောင်ချီ၏ခေါင်းလေးကို ပုတ်ကာ ချီးကျူးပေးလိုက်သည်။ သူမ မျှော်လင့်ထားသည့်အတိုင်း သူမ၏သခင်က သူမကို အလွန်ယုံကြည်နေကြောင်း ကြားလိုက်ချိန်တွင် ရှောင်ချီ၏မျက်လုံးလေးများက တောက်ပလာပြီး သူမ၏ရင်ဘတ်ကို ကော့ကာ ချက်ချင်း ကတိပေးလာတော့သည်။
"သခင် စိတ်ချပါ၊ ရှောင်ချီက သခင်စိတ်ပျက်အောင် မလုပ်ပါဘူး"
ဒီအကောင်ငယ်လေးက အရမ်းချစ်စရာကောင်းလွန်းတယ်။
ရှောင်ချီက သခင်ဖြစ်သူ၏စိတ်ထဲမှ အသံကို ကြားနိုင်ပြီး ပျော်ရွှင်စွာ လှည့်ပတ် ကခုန်နေပြန်သည်။
ဟား... ဟား... သခင်က ငါ့ကို ချစ်ဖို့ကောင်းတယ်လို့ ချီးမွမ်းနေပြန်ပြီ။
စူးချင်းက သူမတို့၏အိမ်အတွက် သေသချောချာ စီစဥ်ပေးခဲ့ပြီး ကျိရွှေရှန့်နှင့်အတူ ကျင့်ရှီလျိုမြောင်မှ ပြန်ထွက်သွားခဲ့သည်။ သူတို့ ထွက်သွားပြီးချိန်တွင် တစ်စုံတစ်ယောက်က ထိုသတင်းကို ရန်ရှစ်ခွမ်းထံသို့ လာရောက်ပေးပို့ခဲ့သည်။
"စစ်သူကြီး၊ သခင်လေးကျိနဲ့ စူးမိသားစုရဲ့သမီးက အတူတူ ပြန်ထွက်ခွာသွားကြပါပြီ"
"အင်း၊ စူးမိသားစုထဲက လူတွေအားလုံးကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားလိုက်"
ရန်ရှစ်ခွမ်းက အမိန့်ပြန်ပေးလိုက်သည်။
စူးချင်း ကျင့်ရှီလျိုမြောင်သို့ ပထမဆုံးအကြိမ် ရောက်လာပြီးကတည်းက ဤမိန်းကလေးတွင် ထူးခြားသော စိတ်နေသဘောထားရှိကြောင်း သူ ခံစားခဲ့ရသည်။ သို့သော် သူမက ကျိရွှေရှန့်နှင့် သိကျွမ်းနေမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။ ယခု ဤမိန်းကလေးက မော့ချန်ကို ကာကွယ်ပေးရန် ချန်ယွိကို ကူညီပေးခဲ့သူဖြစ်နိုင်ဖွယ်ရှိသည်ဟု သူ တွေးမိလာခဲ့သည်။
စူးချင်းက ပိုအားကောင်းလေလေ ရန်ရှစ်ခွမ်းက ပိုစိုးရိမ်လေလေ ဖြစ်လာခဲ့သည်။ စူးချင်း ကျင့်ရှီလျိုမြောင်သို့ ရောက်ရှိလာပြီးနောက် ကျန်းနန်မှ ချူကျင်းဖုန်းနှင့် ဆက်သွယ်ခဲ့သည်။ ဤချူကျင်းဖုန်း၏ ဝိသေသလက္ခဏာက သာမန် မဟုတ်နေခဲ့ပေ။