← Chapters

ကောင်းကင်ဘုံပေးတဲ့ အခွင့်အလမ်း

Vol. 25 Ch. 374

ကောင်းကင်ဘုံပေးတဲ့ အခွင့်အလမ်း

Vol. 25 Ch. 374

"ခဏစောင့်ပေးပါဦး၊ ညီအစ်ကို"

ချိုးယုံခန်း၏မျက်လုံးများထဲမှ ထိတ်လန့်မှုများက ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သူက သူ့ကို စောင့်ဆိုင်းပေးရန် ထိုလူအား အေးအေးဆေးဆေး လှမ်းပြောလိုက်သည်။

"ကျုပ် ဝတ်ရုံကို ပြန်သွားထားလိုက်ဦးမယ်"

“ငါ့မှာ ဝတ်စရာထူထူ မရှိတာနဲ့ အတော်ပဲ၊ ငါ့ကိုပေး!"

ထိုလူက ယဥ်ကျေးမနေဘဲ ချိုးယုံခန်း၏အင်္ကျီအသစ်ကို ဆွဲယူကာ အရှက်မရှိ ဝတ်ဆင်လိုက်သည်။

ချိုးယုံခန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးများတွင် စူးရှသော အလင်းရိပ်များ တောက်ပလာခဲ့သည်။

"သွားကြရအောင်၊ မင်းက ဘာကြည့်နေတာလဲ? ငါက မင်းကို ပင့်ဖို့ ဝေါယာဥ်ယူလာရဦးမှာလား?"

ချိုးယုံခန်း မတ်တပ်ရပ်နေကာ သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ထိုလူက မျက်ခုံးပင့်လိုက်ပြီး မကျေမနပ်လေသံဖြင့် အမိန့်ပေးလိုက်သည်။

"မလိုပါဘူး"

ချိုးယုံခန်းက သက်ပြင်းရှိုက်လိုက်ပြီး လမ်းကြားထဲသို့ လိုက်ပါသွားခဲ့သည်။

"ယုံခန်း"

ကျန်းလောင်ချီက ကျောက်မီးသွေးလှည်းနှင့်အတူ ပြန်လာခဲ့သည်။ သူက မြို့တံခါးအပြင်ဘက်တွင် ကျိ‌ရွှေရှန့်နှင့် တွေ့ဆုံခဲ့ပြီး စကားပြောနေခဲ့သောကြာင့် အချိန်အနည်းငယ် နောက်ကျနေခဲ့ခြင်း ဖြစ်သည်။ သူ မြို့ထဲသို့ဝင်သောအခါ စာရင်းများ လွှဲပြောင်းပေးရန် ချိုးယုံခန်းကို လာရှာလိုက်သည်။

ချိုးယုံခန်းက သူစိမ်းတစ်ယောက် နောက်သို့ လိုက်သွားတော့မည်ကို မြင်လိုက်သောကြောင့် ကျန်းလောင်ချီက သူ့ကို လှမ်းခေါ်လိုက်သည်။

"လောင်ချီ၊ မင်း ပြန်ရောက်လာပြီလား?"

ကျန်းလောင်ချီ၏အသံကို ကြားလိုက်ရချိန်တွင် ချိုးယုံခန်း၏ခန္ဓာကိုယ်က တစ်ချက် တုန်သွားခဲ့သော်လည်း သူနောက်သို့ လှည့်လာချိန်တွင် သူ့မျက်နှာက ပြုံးနေခဲ့သည်။

“ဟုတ်တယ်။ ငါ စာရင်း ရှင်းမလို့လာတာ”

ကျန်းလောင်ချီက သူ ရောက်လာသည့်အကြောင်းအရင်းကို ပြန်ပြောပြလိုက်ပြီး ချိုးယုံခန်းအား ရပ်စောင့်နေပုံရသည့် လူကို စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်သည်။ ထိုလူကို သိပ်မရင်းနှီးဘူးဟုသူ ခံစားမိသည့်အတွက် ချိုးယုံခန်းကို ပြန်မေးလိုက်သည်။

"သူက ဘယ်သူလဲ?"

ချိုးယုံခန်းက ထိုလူကို မည်သို့မိတ်ဆက်ပေးရမှန်း မသိဖြစ်နေခဲ့သည်။ ထိုလူက သူတို့နားသို့ လျှောက်ရင်း ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်သည်။ “ငါ က ကျောက်ချန်ဟိုင်ပါ၊ သူ့ဝမ်းကွဲ”

"ဝမ်းကွဲ? ယုံခန်း မင်းမှာ ဝမ်းကွဲတစ်ယောက် ရှိသေးတာလား? ဘာလို့ အရင်က မကြားဖူးတာလဲ?"

ကျန်းလောင်ချီက ချိုးယုံခန်းကို အံ့သြတကြီး ထပ်မေးလိုက်ပြန်သည်။

သူတို့တွေက အတူတူ ကြီးပြင်းခဲ့တာ မဟုတ်ဘူးလား? ယုံခန်းမှာ ဝမ်းကွဲတစ်ယောက်ရှိတယ်ဆိုတာကို သူ ဘာလို့ တစ်ခါမှ မကြားဖူးခဲ့တာလဲ?

ချိုးယုံခန်းက သူ့ဝမ်းကွဲဟု ပြောလိုက်သည့် ကျောက်ချန်ဟိုင်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ထိုလူက သူ့ကို ခပ်ဖျော့ဖျော့ ပြုံးပြနေခဲ့သည်။ သူ ထိုလူ့ကို ဖော်ထုတ်ရန် မဖြစ်နိုင်သောကြောင့် ခပ်တောင့်တောင့် ပြန်ဖြေလိုက်သည်။

“အရင်က သူတို့လည်း ကပ်ဘေးကနေ ထွက်ပြေးနေတော့ မတွေ့နိုင်ကြဘဲ အခုမှ ပြန်ဆုံကြတာ”

“အိုက်ယား၊ တကယ်ကို ကံကောင်းတာပဲ။ ကျုပ်က ယုံခန်းရဲ့သူငယ်ချင်းပါ၊ ခင်ဗျားက ကျုပ်ထက် အသက်ကြီးနိုင်တော့ ခင်ဗျားကို ဝမ်းကွဲအစ်ကိုလို့ပဲ ခေါ်မယ်!"

ကျန်းလောင်ချီက ချိုးယုံခန်းအတွက် ဝမ်းသာပေးနေပြီး ကျောက်ချိန်ဟိုင်နှင့် စိတ်ပါလက်ပါ စကားစမြည် ပြောနေခဲ့သည်။

“အင်း!”

ကျောက်ချိန်ဟိုင်က ပျော်ပျော်ရွှင်ရွှင် ပြုံးနေပြီး ဒေါသကြောင့် မျက်နှာကြီးမည်းမှောင်နေသည့် ချိုးယုံခန်းကို လှမ်းကြည့်လိုက်ပြန်သည်။

“လောင်ချီ၊ လှည်းကို ရုံးတော် ရောက်အောင် အရင်မောင်းသွားလိုက်တော့။ ခဏနေရင် ငါ အဲဒီကို လိုက်လာခဲ့မယ်"

ချိုးယုံခန်းက သူတို့ စကားဆက်မပြောစေချင်သည့်အတွက် ကျန်းလောင်ချီကို အရင်ထွက်သွားခိုင်းလိုက်သည်။

“အင်း ရတယ်လေ”

ကျန်းလောင်ချီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး ချိုးယုံခန်း၏စကားကို ကြားလိုက်ရချိန်တွင် သူက ခေါင်းညိတ်ကာ ကျောက်ချန်ဟိုင်အား အားရပါးရ လှမ်းပြောလိုက်သေးသည်။ "ဝမ်းကွဲအစ်ကို၊ ကျုပ် အလုပ်ပြီးမှ ခင်ဗျားနဲ့အတူ အရက်လာသောက်မယ်"

"ကောင်းတယ်၊ ငါလည်း ညစာ မစားရသေးဘူး!"

ကျောက်ချန်ဟိုင်က ဝမ်းသာအားရ ရယ်မောလိုက်ပြီး မဆိုင်းမတွ သဘောတူလိုက်သည်။ ချိုးယုံခန်း၏မျက်နှာက ပို၍ပင် မည်းမှောင်လာပြီး သူက ကျောက်ချန်ဟိုင်ကို ဓားဦးထိပ်နှင့်တူသော စူးရှရှအကြည့်ဖြင့် ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ ကျောက်ချန်ဟိုင်က သူ့ကို ပါးပါးနပ်နပ် ပြန်ပြုံးပြနေခဲ့သော်လည်း သူ့၏မျက်လုံးများထဲမှ ခြိမ်းခြောက်ချင်နေသည့်အရိပ်အယောင်များကြောင့် ချိုးယုံခန်းတစ်ယောက် သူ့လက်သီးများကို တင်းတင်းဆုပ်ထားရုံသာတတ်နိုင်ပြီး ဘာမှ မပြောရဲပေ။

ချိုးယုံခန်းက သူ့၏ဝမ်းကွဲတစ်ဦးကို အသိအမှတ် ပြုနေစဥ် စူးချင်းနှင့်ကျိ‌ရွှေရှန့်တို့က ကျင်းချန်ရှိ ကျူးရှန်တောင်ဆီသို့ ဦးတည်နေခဲ့ကြသည်။

မြို့နှစ်မြို့ကြားရှိ ရာသီဥတုက သိသိသာသာ ကွာခြားနေပြီး ကျင်းချန်တွင် နှင်းမိုးများ မရွာနေသည့်အတွက် ကျိ‌ရွှေရှန့်နဲ့ စူးချင်းတို့က ချွီတာ့နှင့် တခြားသူများအတွက် ရိက္ခာအချို့ဝယ်ယူရန် ကျင်းချန်သို့ အရင်သွားခဲ့ကြသည်။

သူတို့ ကျင်းချန်၏ အပြင်ဘက်သို့ ရောက်သောအခါ မြို့ရိုးပေါ်ရှိ စစ်တပ်အလံပြောင်းသွားသည်ကို မြင်လိုက်ရသည်။ ယခင်က ထိုနေရာတွင် အန်းမိသားစုစစ်တပ်၏ စစ်အလံ ရှိနေခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ဝမ်မိသားစုစ်တပ်၏အလံကို ပြောင်းလဲလွှင့်ထူထားသည်။

ထို့အပြင် တိုင်းပြည်၏အမည်ကလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တာ့ရှားပြည်ထောင်က ယခု တာ့ယွဲ့ပြည်ထောင် ဖြစ်လာပြီဟု ပြောနေကြသည်။

ဒီအချိန်တိုလေးအတွင်းမှာ မင်းဆက်အပြောင်းအလဲ ဖြစ်ခဲ့တာလား?”

“ကိုယ် မြို့ထဲကို အရင်သွားပြီး လှည့်ပတ်ကြည့်လိုက်မယ်။ မင်းတို့တွေ ခဏ ပုန်းနေလိုက်ဦး"

ကျိ‌ရွှေရှန့်က စိတ်ပူသွားပြီး စူးချင်းကို ကျိရှောင်ယင်နှင့်အတူ တောထဲသို့ သွားပုန်းနေရန် တောင်းဆိုလိုက်သည်။

"အင်း၊ ရှင်လည်း ဂရုစိုက်ဦး"

တကယ်တော့ ရှောင်ယင်သာ အနားမှာ မရှိရင် သူမ ရွှေရှန့်နဲ့အတူ မြို့ထဲကို ဝင်သွားမိမှာ သေချာတယ်။

"ကိုယ် သိပါတယ်။ မင်းတို့လည်း အစစအရာရာ သတိထားနော်"

ကျိ‌ရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး လွမ်တောင်ကို စူးချင်းထံသို့ လှမ်းပေးလိုက်သည်။ "မြို့တံခါးမှာ ရှာဖွေနေတဲ့ လူတွေကို ကိုယ် လှမ်းတွေ့လိုက်တယ်"

စူးချင်းက လွမ်တောင်ကို လှမ်းယူလိုက်ပြီး ကျိ‌ရွှေရှန့်ကို ထပ်သတိပေးလိုက်သည်။

"အရမ်း အရဲစွန့်ဖို့ မကြိုးစားနဲ့။ တစ်ခုခု ဖြစ်နေရင်တောင် ပြန်လာပြီး ဆွေးနွေးဦးနော်”

သူမ ထောင်ဟွားဝူအဖွဲ့ကို စရောက်တုန်းက ရွှေရှန့်က ဝမ်ရှန်းချန်ရဲ့သားကို ညတွင်းချင်း သွားသတ်ပစ်ခဲ့တာကို သူမ မှတ်မိနေသေးတယ်။ သူ စိတ်မထိန်းနိုင်မှာကို သူမ စိုးရိမ်နေမိတယ်။

"ကိုယ် သိပါတယ်။ ကိုယ်က အရင်လို့ အဆင်ခြင်မဲ့တဲ့လူ မဟုတ်တော့ပါဘူး"

ကျိ‌ရွှေရှန့်တစ်ယောက် ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။

ချင်းအာက သူ့အတွက် ဘယ်လောက် စိတ်ပူနေခဲ့တာလား?

အချိန်တစ်ခုကြာလာပြီး အတွေ့အကြုံလည်း ရှိလာပြီဆိုတော့ သူက အဲ့အချိန်ကလို ရည်ရှည်ကို မမြင်တတ်တဲ့ လူငယ်လေး မဟုတ်တော့ပါဘူး။ ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်တာမျိုး လုပ်မိလောက်အောင် သူ မမိုက်မဲတော့ပါဘူး။

"အစ်ကိုကြီး၊ သတိထားနော်"

ကျိရှောင်ယင်က ကျိရွှေရှန့်နှင့် စူးချင်း၏ စကားများကို နားထောင်နေရင်း ကြောက်ရွံ့နေခဲ့သည်။

ကျင်းချန်က နဂါးဂူနဲ့ ကျားရဲတွင်း ဖြစ်နေပြီလား?

"ကောင်းပြီ၊ မင်းလည်း အစ်မစူးချင်းရဲ့စကားကို သေသေချာချာ နားထောင်နော်"

ကျိ‌ရွှေရှန့်က သူ့ညီမ၏သတိပေးစကားအတွက် တုံ့ပြန်လိုက်ပြီး သူ့ညီမကို လှည့်ပတ်ပြေးမနေရန် ညွှန်ကြားလိုက်သည်။

ထို့နောက် သူက သူ့ခရီးဆောင်အိတ်ကို အရိုးရှင်းဆုံး ဖြစ်အောင် ပြန်ထုတ်ပိုးလိုက်ပြီး အကောက်ခွန် ရှင်းလင်းကြောင်း စာရွက်စာတမ်းများကို သေသေချာချ စီထည့်လိုက်သည်။ သူ၏လက်ရှိအထောက်အထားက မော့ချန်၏‌ကောက်နှံဆိုင်ပိုင်ရှင် ဖြစ်သည်။

မြို့တွင်းသို့ ဝင်ရောက်ရန် ရှာဖွေစစ်ဆေးမှုက ယခင်ကထက် ပိုမိုတင်းကျပ်နေလေသည်။ ဝမ်မိသားစုစစ်တပ်မှ စစ်သည်အဖွဲ့နှစ်ဖွဲ့က လက်နက်များ ကိုင်ဆောင်ကာ ဘေးတွင် ရပ်စောင့်နေကြသည်။ မြို့စောင့်တပ်သားများက လူတိုင်းကို သေသေချာချာ ရှာဖွေစစ်ဆေးနေပြီး အကောက်ခွန် စာရွက်စာတမ်းများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေကြသည်။

မြို့မှ ထွက်ခွာချင်သူများအတွက် စစ်ဆေးမှုများက ပို၍ တင်းကျပ်နေပြီး မြို့ထဲသို့ ဝင်ရန် ကြိုးစားသူများထက် လူတန်း ပိုရှည်နေသည်။ စစ်ဆေးမှု၏အရှိန်က နှေးလွန်းသောကြောင့် ကျိ‌ရွှေရှန့်တစ်ယောက် စိတ်ကို ဆွဲဆန့်ကာ စောင့်ဆိုင်နေရသည်။

သူကို စစ်ဆေးမည့်အလှည့်သို့ ရောက်ခါနီးတွင် မြို့တွင်းမှ ထွက်ခွာမည့်အဖွဲ့ဘက်၌ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်ကို သူ တွေ့လိုက်ရသည်။ ရှာဖွေစစ်ဆးနေသော မြို့စောင့်တပ်သားနှစ်ဦးက ဝမ်းနည်းပူဆွေးခြင်းဝတ်စုံ ဝတ်ဆင်ထားသည့်လူတစ်ဦးကို ဓားဖြင့် ချိန်ရွယ်ထားပြီ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များထံသို့ လှမ်းအော် သတင်းပို့နေခဲ့သည်။

“လူကြီးမင်း၊ ဒါက အန်းမိသားစုက လူပဲ”

ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက သူတို့၏ဓားများကို ချက်ချင်း ဆွဲထုတ်လိုက်ကြပြီး ထိုလူ၏လည်ပင်းပေါ်သို့ တင်လိုက်ကြသည်။ ထိုလူက အလွန်တုန်လှုပ်ခြောက်ခြားသွားပုံရပြီး သူမျက်နှာက ပြာနှမ်းနေကာ တစ်ကိုယ်လုံးတုန်ယင်နေလေသည်။ ဈာပနဝတ်စုံများ ဝတ်ကာ ဟန်ဆောင်နေကြသည့် အခြားအန်းမိသားစုဝင်များက ထိုလူ ဖမ်းခံလိုက်ရသည်ကို မြင်သွားပြီး ထွက်ပြေးရန် ပြင်လိုက်ကြသော်လည်း ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက သူတို့ကို ချက်ချင်း ဖမ်းဆီးလိုက်သည်။

ထိုကဲ့သို့ ကြီးမားသော ရုန်းရင်းဆန်ခတ်မှုက မြို့တံခါးတွင် ကမောက်ကမ ဖြစ်စေခဲ့သည်။ ဝမ်မိသားစုစစ်တပ်က သာမန်ပြည်သူများကိုပင် မြို့ထဲမှ ထွက်ခွာခွင့် မပြုဘဲ ကြိုးတံတားကို တိုက်ရိုက်နှိမ့်ချလိုက်ကြသည်။

ကျိ‌ရွှေရှန့်၏အနေအထားကလည်း ကိုးရိုးကားရား ဖြစ်သွားခဲပြီး ကြိုးတံတားပေါ်တွင် ပိတ်မိနေကာ စေ့စေ့စပ်စပ် အရှာဖွေခံလိုက်ရပြီးမှ မြို့ထဲသို့ ဝင်ခွင့်ရခဲ့သည်။

ထိုအချိန်အတောအတွင်း အဖမ်းခံလိုက်ရသည့် မိသားစု၏ ဖြစ်စဉ်တစ်ခုလုံးကို သူ မြင်ခဲ့ရသည်။ မြို့ထဲသို့ ဝင်သွားပြီးနောက် မြို့တံခါးတွင် ကပ်ထားသည့် သတိပေးစာများကို သူ ထပ်တွေ့လိုက်ရသည်။ အန်းမိသားစုက တော်ဝင်ရုံးတော်ကို နှောင့်ယှက်ခဲ့သောကြောင့် အန်းမိသားစုဝင်များကို ဖမ်းဆီးရန် ကူညီပေးပါက ရွှေလျန်တစ်ထောင် ဆုချီးမြှင့်မည်ဟု ကြေငြာထားသည်။

ကျိ‌ရွှေရှန့်က မြို့ထဲတွင် အေးအေးဆေးဆေး လျှောက်သွားနေခဲ့သည်။ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များက ဖြစ်ပျက်ခဲ့သည့်အရာများကို သိနိုင်စေမည့် အကောင်းဆုံးနေရာများ ဖြစ်သောကြောင့် သူ စားသောက်ဆိုင်တစ်ဆိုင် ရှာကာ ဝင်သွားလိုက်သည်။

သူ ပြတင်းပေါက်နားမှ ထိုင်ခုံတစ်ခုကို ရွေးထိုင်လိုက်သောကြောင့် လမ်းပေါ်မှ အခြေအနေကိုလည်း လှမ်းမြင်နေရသည်။ ဖမ်းဆီးခံထားရသည့် အန်းမိသားစုဝင်များကို ဝမ်မိသားစုစ်တပ်မှ လူများက ခွေးများကဲ့သို့ ချည်နှောင်ကာ ရထားလုံးများပေါ်သို့ ပစ်တင်နေကြသည်။ ထို့နောက် ရုံးတော်သို့ ခေါ်ဆောင်သွားကြသည်။

"သူတို့ အဖမ်းခံလိုက်ရတာလား?"

“အင်း၊ သူတို့ အဖမ်းခံလိုက်ရပြီ။ အောင်နိုင်သူက ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူက သူခိုးပဲလေ။ ဘယ်သူက ဝမ်မိသားစုစစ်တပ်ကို ဆန့်ကျင်ဖို့ အန်းမိသားစုစစ်တပ်ကို ပြောခဲ့လို့လဲ? အခု ဝန်ကြီးချုပ်ဝမ်က အောင်နိုင်သွားပြီး ကမ္ဘာကြီးကို သိမ်းပိုက်လိုက်ပြီ။ သူတို့ကိုမှ ဂရုမစိုက်ရင် ဘယ်သူကို သွားဂရုစိုက်မှာလဲ?”

“မင်းဆက် ပြောင်းသွားတော့ ငါတို့လည်း ငွေလဲလှယ်ဖို့ အစိုးရရုံးတွေကို သွားရဦးမယ်။ အန်းမိသားစုက ရာဇပလ္လင်ကို သိမ်းပိုက်ဖို့ ဧကရာဇ်ကို သတ်ပစ်လိုက်တယ်လို့ ကြားသိရတဲ့အတွက် ဝန်ကြီးချုပ်ဝမ်နဲ့ စစ်သူကြီးဝမ်တို့က ဧကရာဇ်အတွက် လက်စားချေဖို့ စစ်တပ်ကို ခေါ်ပြီး မြို့တော်ကို ချီတက်ခဲ့တာတဲ့”

စားသုံးသူများ၏ တိုးတိုးတိတ်တိတ် စကားများထဲတွင် ကျိ‌ရွှေရှန့်က သူ အရေးတကြီး လိုအပ်နေသည့် အချက်အလက်တစ်ခုကို ရှာဖွေနိုင်ခဲ့သည်။

အရင်ဧကရာဇ် ကွယ်လွန်သွားပြီး ဝန်ကြီးချုပ်ဝမ် ထီးနန်းတက်သွားခဲ့ပြီ။ အန်းမိသားစုကတော့ သူတို့ရဲ့ခြေနင်းကျောက် ဖြစ်သွားပြီ။

ကျိ‌ရွှေရှန့်၏မျက်လုံးများမှ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝမ်မိသားစုက အရင်ဧကရာဇ်ကို သစ္စာဖောက်လိုက်တဲ့အပြင် သူတို့ကိုယ်သူတို့ ဧကရာဇ်လို့တောင် ကြွေးကြော်လိုက်သေးတယ်။ အခု လူတိုင်းကို သူတို့ စိတ်ကြိုက် သတ်ပစ်နေကြပြန်ပြီ။ သူ့အတွက်ကတော့ သူ့စစ်တပ်ကို ထူထောင်နေပြီဆိုတော့ စိုးရိမ်စရာ သိပ်မရှိတော့ဘူး။ ဒါက တကယ်ကို ကောင်းကင်ဘုံကို ပို့တဲ့ အခွင့်အရေးပဲ။

ဒါပေမယ့် အခု သူမှာ ကျားတံဆိပ် မရှိသေးတော့ ရှောင်းမိသားစုစစ်တပ်ရဲ့ ထိပ်တန်းတပ်ဖွဲ့ဝင်တွေကို မစည်းရုံးနိုင်သေးဘူး။ အခု အရေးကြီးဆုံးက သော့ကို ရှာဖို့ပဲ။

ကျိ‌ရွှေရှန့်က ငွေပေးချေပြီး စားသောက်ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။ ထိုအခိုက်အတန့်တွင် လမ်းပေါ်ရှိလူများ ကြောက်ရွံ့ထိတ်လန့်နေကြသည်ကို သူ မြင်လိုက်ရသည်။ ထို့ကြောင့် ကျိ‌ရွှေရှန့်က ကျင်းချန်မှ ပြန်ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီး ခြေလှမ်း စလိုက်ချိန်တွင် လူအုပ်ကြီးက ကြောက်လန့်တကြား အော်ဟစ်နေကြသည်ကို သူ တွေ့လိုက်ရပြန်သည်။

All Chapters