လျှို့ဝှက်ဆန်းကြယ်သောလူ
Vol. 25 Ch. 373
ရန်ရှစ်ခွမ်းက ချူကျင်းဖုန်းကို စောင့်ကြည့်ရန်လည်း သူ့လူများကို အမိန့်ပေးထားပြီး ဖြစ်သည်။ စူးချင်းကလည်း ချူကျင်းဖုန်း နောက်သို့လိုက်ရန် သူမ၏လူများကို စေလွှတ်ခဲ့ကြောင်း သူ သိခဲ့ရသောကြောင့် သူမကို အနည်းငယ် သံသယဝင်လာမိသည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က မော့ချန်သို့ အရင်ပြန်သွားခဲ့သည်။ စူးချင်းက ကျိရှောင်ယင် ချိုးယုံခန်း၏နေရာတွင် နေထိုင်နေသည်ကို စိုးရိမ်နေသောကြောင့် သူမကို အရင် သွားတွေ့ခဲ့သည်။
ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးနှင့် အစ်မစူးချင်းတို့ အမြန်ပြန်ရောက်လာမည်ဟု မမျှော်လင့်ထားသောကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။ သူမ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချိူးမိသားစု၏အိမ်တွင် တည်းခိုနေထိုင်ခဲ့သည်။ အဒေါ်ချိုးနှင့် အစ်ကိုယုံခန်းတို့က သူမကို ကောင်းကောင်း ဆက်ဆံပေးခဲ့သော်လည်း ကျိရှောင်ယင်က သူမ၏အိမ် မဟုတ်သည်ကို ခံစားနေမိသည်။ သူမက သူမ၏အစ်ကိုကြီး၊ အစ်မစူးချင်းနှင့် သူမ၏မွေးစားအမေကို အမှန်တကယ် လွမ်းဆွတ်နေခဲ့သည်။
"အစ်မစူးချင်း၊ ကျွန်မကို အစ်မနဲ့အတူ ခေါ်သွားပေးပါ"
ကျိရှောင်ယင်က စူးချင်း၏လက်ကို ဆုပ်ကိုင်ထားရင်း တောင်းဆိုလိုက်သည်။ ယခင်က သူမ သူမ၏မွေးစားအမေကြောင့် ထွက်ခွာရန် ဝန်လေးနေခဲ့သည်။ သူမက သူမ ထွက်မသွားခင် မွေးစားအမေ၏ ခုနစ်ပတ်မြောက် ဝမ်းနည်းခြင်းနေ့အထိ စောင့်ချင်သော်လည်း ချိုးမိသားစုတွင် ကြာရှည်နေထိုင်ခြင်းက အဆင်မပြေလှပေ။ ကျိရှောင်ယင်က သူမ၏အစ်မစူးချင်းနှင့်အတူ ရှိနေရခြင်းကို နှစ်သက်နေဆဲဖြစ်သည်။
“ကောင်းပြီလေ”
စူးချင်းက ကျိရှောင်ယင်ကို ငြင်းပယ်ရန် အမြဲတွန့်ဆုတ်နေလေ့ရှိပြီး အထူးသဖြင့် ယခုကဲ့သို့ ကျိရှောင်ယင်၏မျက်နှာ ချောင်ချသွားသည်ကို မြင်လိုက်ရချိန်တွင် သူမ ပို၍ မငြင်းနိုင် ဖြစ်သွားရသည်။
နောက်ဆုံးတွင် သူမက ကျိရှောင်ယင်ကို သူမတို့နှင့်ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူမတို့ ရက်အနည်းငယ်ကြာအောင် ခရီးသွားရမည် ဖြစ်သောကြောင့် ထိုမိန်းကလေးအတွက် ရိက္ခာအချို့ ပြင်ဆင်ရန် လိုအပ်နေသေးသည်။ တောင်ပေါ်တွင် ဝယ်စရာနေရာ ရှိမည် မဟုတ်ပေ။
ကျိရှောင်ယင်က ကျိရွှေရှန့်၏အဝတ်အစားများကိုပါ ထုပ်ပိုးနေခဲ့ပြီး အဒေါ်ချိုးက သူမကို မသွားခိုင်းချင်ဘဲ တွန့်ဆုတ်နေဆဲဖြစ်သည်။
"ရှောင်ယင် မသွားနဲ့။ အဒေါ် မင်းနဲ့ မခွဲချင်တော့ဘူး"
"အဒေါ်ချိုး၊ ကျွန်မ ပြန်လာမှာပါ"
ကျိရှောင်ယင်ကိုယ်တိုင်းလည်း အဒေါ်ချိုးနှင့် ခွဲခွာရန် တွန့်ဆုတ်နေသော်လည်း သူမက အစ်မစူးချင်းနှင့် လိုက်သွားချင်နေသေးသည်။
ကျိရွှေရှန့်က ရှင်းရူဟိုင်နှင့် ချိုးယုံခန်းကို ရှာဖွေရန် ရုံးတော်သို့ သွားနေခဲ့သည်။ မြို့တွင်းရှိ ဒုက္ခသည်များကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်နှင့် အစာရေစာ လုံလောက်စွာ ဝေငှပေးရန် ထိုလူများ အစာငတ်၍ မသေဆုံးစေရန် စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး သူက တစ်ချို့ ဆုံးဖြတ်ချက်များကို လုပ်ဆောင်ပေးရန် လိုအပ်နေသေးသည်။
ထို့နောက် ချန်ယွိကို သွားရှာပြီး စစ်သည်များကို အမြန်ဆုံး ထပ်စုဆောင်းရန် တောင်းဆိုလိုက်သည်။ သူ့အတွက် ပြင်ဆင်ရန် အချိန် သိပ်မကျန်တော့ကြောင်း သူ ခံစားမိနေခဲ့သည်။
ကျိရွှေရှန့်က မော့ချန်၏ စစ်ရေးနှင့် အခြားသော အရေးကိစ္စများအားလုံးကို စီမံပြီးမှ စူးချင်းနှင့်အတူ ကျူးရှန်တောင်သို့ သွားရန် ပြင်ဆင်ခဲ့သည်။ ချိုးယုံခန်းက ကျိရွှေရှန့် ထွက်သွားတော့မည်ဆို သိနေသောကြောင့် သူ့ကို လိုက်ပို့ပေးရန် သူ့နောက်မှ လိုက်ပါလာခဲ့သည်။ ထို့ကြောင့် ကျိရှောင်ယင်က သူမ၏ ပစ္စည်းများကို ထုပ်ပိုးပြီး စူးချင်းနှင့်အတူ ရထားလုံးပေါ်သို့ တက်သွားသည်ကို သူ မြင်လိုက်ရသည်။
ချိုးယုံခန်းက ကျိရှောင်ယင်ကို အမြန် လှမ်းတားလိုက်သည်။
“ရှောင်ယင်၊ ဘယ်သွားမလို့လဲ?”
ကျိရှောင်ယင်ကလည်း သူ့ကို ပြန်နှုတ်ဆက်ိုက်သည်။
“အစ်ကိုကြီးချိုး၊ ကျွန်မ အစ်မစူးချင်းနဲ့အတူ လိုက်သွားတော့မယ်။ ကျွန်မကို ဂရုစိုက်ပေးတဲ့အတွက် အဒေါ်ချိုးနဲ့ အစ်ကိုချိုးကို ကျေးဇူးတင်ပါတယ်”
"မင်း... ဘယ်အချိန် ပြန်လာမှာလဲ?"
ချိုးယုံခန်း၏နူးညံ့သိမ်မွေ့သော မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး သူက ကျိရှောင်ယင်ကို ကြည့်နေကာ သူမ ပြန်မလာတော့မည်ကို ကြောက်နေပုံဖြင့် မေးမြန်းလိုက်သည်။
“မွေးစားအမေရဲ့သုံးဆယ့်ခုနစ်ကြိမ်မြောက်နေ့မှာ စက္ကူမီးရှို့ဖို့ ကျွန်မ ပြန်လာခဲ့မယ်”
ကျိရှောင်ယင်က ထိုအကြောင်းကို တွေးထားပြီး ဖြစ်သည်။ သူမ၏အစ်ကိုကြီးနှင့် အစ်မစူးချင်းက ထိုနေတွင် မွေးစားအမေအတွက် ပြန်လာမည်မှာ သေချာနေပြီး သူမက သူတို့နှင့် အတူပြန်လာရမည် ဖြစ်သည်။
ချိုးယုံခန်းက သူမနှင့် ခွဲခွာရန် အနည်းငယ် ဝန်လေးနေပုံရပြီး "မင်းတို့ ဒီလောက်ကြာအောင် လျှောက်သွားနေကြမှာလား?"
"ဟုတ်ကဲ့၊ ပြန်လာပြီးရင် အစ်မစူးချင်းနဲ့ အတူနေဖို့ ကျင့်ရှီလျိုမြောင်ကို ပြောင်းရွှေ့တော့မယ်"
ကျိရှောင်ယင်က ချိုးယုံခန်းကို သေသေချာချာ ထပ်ရှင်းပြလိုက်သည်။ သူမက စူးချင်းနှင့်အတူ နေရခြင်းကို နှစ်သက်နေဆဲဖြစ်ပြီး ချိုးယုံခန်းက ကျိရှောင်ယင်ကို စိတ်ပျက်လက်ပျက် ကြည့်နေကာ "မင်းက ထွက်သွားချင်နေပြီလား?"
“ဟုတ်ကဲ့”
ကျိရှောင်ယင်က ချက်ချင်း ဝန်ခံလိုက်သည်။
အရင်တုန်းက မော့ချန်မှာ မွေးစားအမေနဲ့အတူ နေခဲ့ပြီး ဒါက သူမရဲ့အိမ်လို ခံစားခဲ့ရတယ်။ အခု မွေးစားအမေ ကွယ်လွန်သွားတော့ သူမ တစ်ယောက်တည်း အထီးကျန်နေသလို ခံစားရတယ်။
"မင်းအဘိုးက ဒီမှာ ရှိနေတုန်းလေ၊ မင်း သူ့အိမ်မှာ နေလို့ရတာပဲ!"
ချိုးယုံခန်းက ကျိရှောင်ယင်ကို တားဆီးနိုင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
သူမ သူ့အိမ်မှာ မနေဘူးဆိုရင်တောင် သူမ မော့ချန်မှာ ရှိနေသရွေ့ တစ်ရက်ကို တစ်ကြိမ်လောက်တွေ့ရနေသေးတယ်၊ အဲ့တာဆိုရင်တောင် သူ ပျော်နေနိုင်ပါတယ်။
"အဖိုး?"
ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးကို လှမ်းကြည့်လိုက်သည်။ သူမ၏အဘိုးက ရုံးတော်တွင် နေထိုင်နေခဲ့ပြီး သူမတို့အဘိုးက သူတို့နှင့် လိုက် မလိုက် မသေချာသေးပေ။ သို့သော် သူမ၏အဘိုးက သူမနှင့်အတူ ကျင့်ရှီလျိုမြောင်သို့ လိုက်လာရန် သူမ မျှော်လင့်နေမိသေးသည်။ ထိုမှသာ မိသားစု တကွဲတပြား ဖြစ်တော့မည် မဟုတ်ပေ။
“ဒီတစ်ခါ ငါ ကျင့်ရှီလျိုမြောင်ကို သွားတော့ အဖိုးရဲ့အိမ်တော်ထိန်း လီဝူကို ရှာတွေ့ခဲ့တယ်။ သူက အဲဒီမှာ အိမ်ဝယ်ပြီး အဖိုးကို စောင့်နေတယ်။ ဒီတစ်ခေါက် ငါတို့ ပြန်လာရင် အဖိုးကို အဲဒီနေရာမှာ နေဖို့ ခေါ်သွားတော့မှာ”
ကျိရွှေရှန့်က သူ့ညီမလေး သိရန် ဝင်ပြောပေးလိုက်ပြီး သူ သူ့အဘိုးကို မကယ်တင်မီ လီဝူကို ကျင့်ရှီလျိုမြောင်သို့ အရင် သွားခိုင်းခဲ့ကြောင်း ချိုးယုံခန်းကို ပြောပြလိုက်သည်။ ယခင်အကြိမ်များက သူ လီဝူကို မတွေ့ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ လီဝူနှင့် အမှတ်မထင် တွေ့ဆုံခဲ့သည်။ လီဝူက အိမ်တစ်လုံးဝယ်ထားပြီး အိမ်အကူတစ်ယောက်ပင် ရှိနေသည်ကို သူ သိခဲ့ရသည်။ လီဝူက သူ့အဘိုး ရောက်လာမည့်အချိန်ကို ပျော်ပျော်ရွှင်ရွှင် စောင့်နေပြီ ဖြစ်သည်။
“မင်းတို့က အားလုံး ဆုံးဖြတ်ပြီးပြီပဲ”
ကျိရွှေရှန့်ကို ကြည့်နေသည့် ချိုးယုံခန်း၏မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။
အခု ရွှေရှန့်က သူ့ကို အယုံအကြည် မရှိတော့ဘဲ စွန့်ပစ်ခံလိုက်ရသလို သူ ခံစားနေခဲ့ရတယ်။
"အင်း၊ ဒါပေမယ့် ငါကတော့ မော့ချန်မှာပဲ နေမှာပါ၊ အဖိုးနဲ့ ရှောင်ယင်အတွက်ကတော့ ကျင့်ရှီလျိုမြောင်က ပိုလုံခြုံတယ်လို့ ငါ တွေးထားတယ်"
ကျိရွှေရှန့်က ချိုးယုံခန်း၏နှလုံးသားထဲမှ အပြောင်းအလဲကို သတိမထားမိဘဲ ထပ်ရှင်းပြလိုက်သည်။ နောင်အခါတွင် မော့ချန်က ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် သူက သူ့အဘိုးနှင့် ကျိရှောင်ယင်ကို ထွက်သွားစေချင်ရုံသာမက ထောင်ဟွားဝူမှ ရွာသူရွာသားများကိုလည်း ကျင့်ရှီလျိုမြောင်သို့ ပြောင်းရွှေ့စေချင်သည်။
"ငါတို့အားလုံး ကျင့်ရှီလျိုမြောင်ကို ဘာလို့ မသွားရမှာလဲ? တော်ဝင်ရုံးတော်က မော့ချန်ကို သူတို့လူတွေ ခဏခဏ လွှတ်နေတာ မဟုတ်ဘူးလား? ဒီနေရာက မလုံခြုံတော့ဘူး”
ချိုးယုံခန်းက ကျိရွှေရှန့်၏စကားကို နားထောင်နေရင်း အားလုံးပြောင်းရွှေ့ရန် အကြံပြုလိုက်သည်။
“အခုလို အေးခဲနေတဲ့ အချိန်မှာ လူတိုင်း ပြောင်းရွှေ့ဖို့ အဆင်မပြေနိုင်လောက်ဘူး။ ငါတို့ ကျင့်ရှီလျိုမြောင်မှာ အခြေချပြီးရင် ရွာသားတွေကို အဲ့နေရာကို ခေါ်သွားမယ်။ ရွာသားတွေက ပြောင်းချင်စိတ်ရှိရင် နွေဦးရာသီပြီးလို့ ပန်းတွေပွင့်တဲ့အချိန် ပြောင်းသွားလို့ရပြီ”
ကျိရွှေရှန့်က ချိုးယုံခန်း၏အကြံပြုချက်ကို မကန့်ကွက်ပေ။ သူက လူတိုင်းကို ထိုနေရာသို့ ပြောင်းရွှေ့ပေးရန် ဆန္ဒရှိနေသော်လည်း ယခု ပြောင်းရွေ့ရန်တော့ သဘောမတူလိုက်ပေ။ ရေခဲနဲ့ နှင်းများက နေရာတိုင်းတွင် ရှိနေပြီး တချို့နေရာများတွင် ဒူးထောက်မြင့်သည့် နှင်းလွှာများ ရှိနေခဲ့သည်။ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် တစ်မိသားစုလုံး ခရီးသွားရန် အဆင်မပြေလှပေ။ ထို့အပြင် လူတိုင်းက ယခုမှ မော့ချန်တွင် အခြေချနေထိုင်ခဲ့ကြပြီး ခရီးရှည်ကြီးကို ထပ်သွားချင်တော့မည် မဟုတ်ပေ။
ထို့အပြင် ကျင့်ရှီလျိုမြောင်က အိမ်အလွတ်များစွာရှိသည့် မော့ချန်နှင့် ကွဲပြားလှသည်။ ထောင်ဟွားဝူ၏ အကြီးအကဲများနှင့် ရွာသားများကို ထိုနေရာသို့ မပြောင်းမီတွင် သူတို့အတွက် အိမ်ဝယ်ပေးရန် ငွေပိုရသည်အထိ သူ စောင့်ချင်နေသေးသည်။ ထိုအရာက သူ့မွေးစားဖခင်၏တောင်းဆိုမှုကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပြီး သူတို့အားလုံးကို ကျင့်ရှီလျိုမြောင်သို့ ဘေးကင်းစွာ ခေါ်ဆောင်ပေးနိုင်ခဲ့သည်ဟု ယူဆနိုင်မည်ပင်။
"လာမယ့်နွေဦးဆိုရင်ရော ဘယ်လိုလဲ?"
ချိုးယုံခန်းက အချိန်အရမ်းကြာလွန်းသည်ဟု ခံစားရပြီး သူက ကျိရှောင်ယင်ကို ကြည့်ကာ တုံ့ဆိုင်းစွာ ထပ်မေးလိုက်သည်။ ကျုံးယုံ၏အမေ သေဆုံးသွားသည်မှာ ခုနစ်ရက်ကျော်ကျော်သာ ရှိနေသေးသောကြောင့် ယခုလက်ထပ်ရန် ကမ်းလှမ်းရမည့်အချိန် မဟုတ်သေးပေ။ သူက နာကျင်မှုကို သည်းခံကာ သူမ ထွက်ခွာသွားသည်ကိုသာ စောင့်ကြည့်နေရတော့သည်။
"ရှောင်ယင်၊ ပိုထူတဲ့အဝတ်အစားကို ယူသွားနော်။ တောင်တွေပေါ်မှာ အေးတယ်"
ချိုးယုံခန်းက သူ့အမေ ချုပ်ထားပေးသည့် အနွေးအင်္ကျီအသစ်ကို ထုတ်ယူလိုက်ပြီး ကျိရှောင်ယင်ကို လှမ်းပေးကာ သူမအတွက် သူ့၏စိုးရိမ်စိတ်ကို ပြသလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချိုး"
ကျိရှောင်ယင်က ကြီးမားသော ချည်ထည်ဝတ်ရုံကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
သူမ ဝတ်လို့မှ မတော်တာ။ ပြီးတော့ သူမအတွက် သူမရဲ့မွေးစားအမေ ချုပ်ပေးထားတဲ့ ချည်သားအနွေးအင်္ကျီကလည်း အရမ်းနွေးထွေးတယ်။ ထူထဲတဲ့ အပေါ်ရုံတစ်ခုလည်း ရှိနေတာကြောင့် သူမ မအေးဘူး။
“ယူလိုက်ပါ၊ ဝတ်လို့ မရရင်တောင် မင်းကိုယ်ပေါ်ကို ဖုံးထားလို့ ရတယ်"
ချိုးယုံခန်းက ကျိရှောင်ယင်အား သူ့အင်္ကျီကို ယူရန် တောင်းဆိုနေခဲ့ပေမယ့် စူးချင်းက သူ့ကို ဝင်တားလိုက်သည်။
“ယုံခန်း... ယောကျာ်းနဲ့ မိန်းမကြားမှာ ကွာခြားမှုတွေ ရှိတယ်။ ရှင့်မှာ တခြားအတွေး မရှိပေမယ့် အပြင်လူတွေရဲ့အမြင်ကတော့ မတူဘူး၊ ရှောင်ယင်က ယောကျာ်းတစ်ယောက်ရဲ့အင်္ကျီ ၀တ်ထားတာကို မြင်ရင် သူတို့က သူ(မ)ကို ဝေဖန်လိမ့်မယ်"
ချိုးယုံခန်းက ကျိရှောင်ယင်နှင့်သူ၏ကြားမှ ဆက်ဆံရေးမျဉ်းကြောင်းကို ဖြတ်ကျော်ရန် ကြိုးစားနေသည်ဟု စူးချင်း ခံစားလာမိသည်။
သူက ရှောင်ယင်ရဲ့ဂုဏ်သတင်းကို လုံးဝ ဂရုမစိုက်ပေးဘူး။ သူက သူနဲ့ ရှောင်ယင်မှာ အထူးဆက်ဆံရေးရှိတယ်လို့ တခြားလူတွေ သိသွားစေချင်နေတာလား?
စူးချင်း၏မျက်လုံးများမှ မကျေနပ်မှုများကို မြင်လိုက်မှ ချိုးယုံခန်းက သူ၏အတွင်းစိတ်ကို အမြန်ဖုံးကွယ်ကာ “ကောင်းပါပြီ!”
သူက ချည်ဝတ်ရုံကို ကိုင်ထားရင်း မြို့တံခါးဆီသို့ လိုက်ပါလာကာ ကျိရွှေရှန့်အား "ရွှေရှန့်၊ မင်း ဘာမှ စိတ်မပူပါနဲ့။ ငါ မော့ချန်ကို စောင့်ရှောက်ပေးထားပါ့မယ်”
"မင်းရဲ့ ကြိုးစားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်"
ကျိရွှေရှန့်က သူ့ညီအစ်ကိုကောင်း၏ ပုခုံးကို ပုတ်ရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
ယုံခန်း ရှိနေလို့ သူ စိတ်ချလက်ချ အနားယူနိုင်တာလေ။
ကျိရွှေရှန့် ထွက်သွားပြီးနောက်တွင် ချိုးယုံခန်းက ရထားလုံးပျောက်ကွယ်သွားသည်ကို မျက်စိတစ်ဆုံး ကြည့်နေခဲ့သည်။ ထို့နောက်မှ သူက သူ့ဝတ်ရုံကို ကိုင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ သူ အိမ်သို့ ပြန်ရောက်ခါနီးမှာ လူတစ်ယောက်က သူ့ကို တားဆီးလိုက်သည်။
ထိုလူက အသက်သုံးဆယ်ကျော် အရွယ်ရှိပြီး အရပ်ရှည်ကာ သန်မာပုံရသော်လည်း သူ့မျက်လုံးများက ကောက်ကျစ်ပုံရသည်။ သူက ချိုးယုံခန်းကို စိုက်ကြည့်နေကာ ပါးနပ်မှုအပြည့်ဖြင့် ပြုံးနေလေသည်။
"လူကြီးမင်း၊ ငါတို့ သီးသန့် စကားပြောလို့ရမလား?"
"ကျူပ် ခင်ဗျားကို မသိဘူး"
ချိုးယုံခန်းက မျက်မှောင်ကြုတ်နေရင်း ထိုလူ့ကို ပြန်စိုက်ကြည့်လိုက်သည်။ သူ ထို့လူကို မသိကြောင်း အတည်ပြုပြီးနောက် သူက ထိုလူနှင့် စကားပြောရန်ပင် စိတ်မဝင်စားတော့ဘဲ အိမ်ပြန်ရန် ပြန်လိုက်သော်လည်း ထိုလူက သူ့ကို ထပ်တားလိုက်ပြန်သည်။
"လူကြီးမင်းချိုး၊ ထွက်သွားဖို့ အလျင်မလိုပါနဲ့။ မင်း ငါ့စကားကို နားထောင်ချင်မှာ သေချာပါတယ်"
ထိုလူ၏အပြုံးက ပိုတောက်ပလာပြီး ချိုးယုံခန်း၏အနားသို့ ချဥ်းကပ်သွားကာ သူ့ကို တစ်စုံတစ်ခု တိုးတိုးလေးပြောလိုက်သည်။ ထိုစကားက ချိုးယုံခန်း၏အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။ ထိုလူက ချိုးယုံခန်း၏မျက်နှာကို တစ်ချိန်လုံး ကြည့်နေခဲ့ပြီး သူ၏ အမူအရာ အပြောင်းအလဲကို မြင်လိုက်ရချိန်တွင် အပြုံးမပျက် ထပ်ပြောလိုက်သည်။
"သွားကြရအောင်... ဒီတစ်ခါတော့ ငါတို့ စကားပြောလို့ ရပြီမလား?"