ယတိပြတ် အငြင်းခံရခြင်း
Vol. 26 Ch. 376
“စစ်မြေပြင်ကနေ ထွက်ပြေးတဲ့ ဘယ်သူ့ကိုမဆို ကရုဏာမရှိ သတ်ပစ်ကြ”
ခေါင်းဆောင်လာသည့်စစ်သည်က ကျိရွှေရှန့်ကို စစ်ပြေးတစ်ဦးဟု ထင်သွားပြီး သူ့၏လက်အောက်ငယ်သားများအား အော်ဟစ် အမိန့်ပေးလိုက်သည်။ သူ အမိန့်ပေးပြီးသည်နှင့်တပြိုင်နက် စူးရှသောလေတိုးသံနှင့်အတူ အနက်ရောင်အရိပ်တစ်ခု သူ့ဆီသို့ ပျံသန်းလာနေသည်ကို သူ မြင်လိုက်ရသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ့လည်ပင်းမှ အေးစက်မှုတစ်ခုကို သူ ခံစားလိုက်ရပြီး သွေးများ ဖျန်းခနဲ ထွက်ကျလာသည်။ ထိုနောက် သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
စူးချင်းက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြိုးကြာငှက်လေးတစ်ကောင်ကဲ့သို့ ဝမ်မိသားစုတပ်ဖွဲ့အကြား ကူးလူးခုန်ကျော်နေခဲ့သည်။ သူမ ကျော်ဖြတ်သွားသည့်နေရာတိုင်းတွင် အလောင်းများ မြင်းပေါ်မှ တဖြုတ်ဖြုတ် ပြုတ်ကျနေလေသည်။ သူတို့ မည်ကဲ့သို့ သေဆုံးသွားသည်ကိုပင် သူတို့ သိလိုက်မည်မဟုတ်ပေ။
ဝမ်မိသားစုစစ်တပ်မှ စစ်သည် အများအပြားကို သတ်ပြီးနောက် စူးချင်းက ရထားလုံးဆီသို့ ပြန်ခုန်တက်သွားပြီး ကျိရွှေရှန့်ကို ပေါ့ပေါ့ပါးပါး လှမ်းပြောလိုက်သည်။
"သွားကြရအောင်!"
ကျိရွှေရှန့်က စူးချင်းကို ဂုဏ်ယူစွာ ကြည့်နေခဲ့သည်။
သူ့ဇနီးလေးက အရမ်းမိုက်လွန်းတယ်။
ကျိရှောင်ယင်ကလည်း စူးချင်းကို သဘောကျစွာ ကြည့်နေခဲ့ပြီး သူမ၏လှပသော မျက်လုံးလေးများတွင် လေးစားမှုအရိပ်အယောင်များ တောက်ပနေသည်။
အစ်မစူးချင်း လူတွေကို ဒီလိုမျိုး မြန်မြန်ဆန်ဆန် သတ်ပစ်နေတာကို သူမ မြင်ဖူးတာ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီမြင်ကွင်းကို မြင်ရတဲ့အချိန်တိုင်း သူမ အစ်မစူးချင်းကို သဘောကျပြီး မနာလိုဖြစ်မိနေဆဲပဲ။
ကျိရွှေရှန့်က ဤအန္တရာယ်ရှိသောနေရာမှ အမြန်ထွက်ခွာရန် လရောင်ကို အခွင့်ကောင်းယူပြီး ရထားလုံးကို ဒုန်းဆိုင်း မောင်းနှင်နေခဲ့သည်။ နောက်တွင် ကျစ်ရစ်နေသည့် စစ်မြေပြင်မှ ဆူညံပွတ်လောရိုက်နေသည့် အော်ဟစ်သံများ ထွက်ပေါ်နေပြီး ဟူလူမျိုးများက ဝမ်မိသားစုစစ်တပ်၏ ဝိုင်းရံခြင်းကို ခံထားရကာ စဥ်းတီတုံးပေါ်မှ ငါးများကဲ့သို့ အသတ်ခံရမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။
ကျိရွှေရှန့်နှင့် စူးချင်းတို့က တစ်ညလုံး လမ်းပေါ်တွင် ပြေးလွှားနေကြပြီး အရုဏ်တက်ချိန်တွင် ကျူးရှန်တောင်သို့ ရောက်လာခဲ့ကြသည်။
သွေးချောင်းစီးနေသည့် ကျင်းချန်နှင့် ဆန့်ကျင်နေသည်အလား ကျူးရှန်တောင်ကတော့ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ကျိရွှေရှန့်က ယန္တရားများကို ပိတ်လိုက်ပြီး ရထားလုံးကို လမ်းကြောင်းတစ်လျှောက် တောင်ကြားထဲသို့ မောင်းဝင်သွားခဲ့သည်။
ယခင်က ထိုလမ်း မရှိသေးဘဲ ကျဥ်းမြောင်းသည့်လမ်းကြောင့် လှည်းများပေါ်မှ ဆင်းကာ လှည်းများကို ခက်ခက်ခဲခဲ ဆွဲယူကြရသည်။ ထိုကြောင့် အချိန်ကုန်ပြီး လူလည်း ပင်ပန်းကြရသည်။
ထို့ကြောင့် ကျိရွှေရှန့်က သူ နောက်ဆုံးအကြိမ် ရောက်လာစဥ်တွင် တောင်ကြားလမ်း ဘေးကင်းစေရန်နှင့် ရထားလုံးနှင့် လှည်းများ အဆင်ပြေပြေ ဝင်ထွက်သွားလာနိုင်ရန် သေးငယ်သောလမ်းကို ချဲ့ထားခဲ့ပြီး ထောင်ချောက်သုံးဆင့်ကို ပြန်တည်ဆောက်ထားခဲ့သည်။
ဤသံရိုင်းတွင်းကို ကျိရှောင်ယင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခု ဤသံတွင်းမှ သံသတ္တုရိုင်းများစွာ တူးဖော်နေသည်ကို မြင်လိုက်ရသဖြင့် ကျိရှောင်ယင်တစ်ယောက် မယုံနိုင်ဖြစ်နေကာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ချွီတာ့ကလည်း သူတို့ရောက်လာသည့်အတွက် ပျော်ရွှင်နေခဲ့သည်။ သူက တောင်ကြီးပေါ်တွင် နေထိုင်ရပြီး နေ့တိုင်း သတ္ထုတူးကာ လက်နက်များ ထုလုပ်နေခဲ့ရသည်။ ထို့ကြောင့် ပြင်ပကမ္ဘာနှင့် ကင်းကွာနေပြီး သူ တစ်ယောက်တည်း အထီးကျန်သလို ခံစားနေရသည်။
"ရွှေရှန့်၊ ဒါတွေကို ကြည့်ပါဦး၊ ဒါတွေအားလုံးက အသစ်လုပ်ထားတဲ့ လက်နက်တွေပဲ”
ချွီတာ့က အသစ်စက်စက် ထုလုပ်ထားသည့် သံလှံသွားများကို ကြည့်ရန် ကျိရွှေရှန့်အား ခေါ်ဆောင်သွားခဲ့သည်။ သွားလာရေး အဆင်ပြေရန်အတွက် ဤနေရာတွင် သံလှံသွားများကို ထုလုပ်ပြီး လှံလက်ကိုင်များကိုတော့ မော့ချန်ရောက်မှ တပ်ဆပ်ရန် ချန်ထားခဲ့သည်။ ထိုမှသာ နေရာအများကြီး မယူဘဲ အရေအတွက်များများကို အလွယ်တကူ သယ်ဆောင်သွားနိုင်ပေလိမ့်မည်။
“မဆိုးဘူး၊ တော်တော် ကောင်းတယ်”
ကျိရွှေရှန့်က ထိုလှံသွားများ၏ချွန်ထက်မှုကို စမ်းသပ်ရန် လှံသွားတစ်ခုကို ကောက်ယူလိုက်ပြီး စမ်းကြည့်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
သူတို့ စကားပြောနေစဉ်တွင် စူးချင်းက လက်နက်များ ထုလုပ်ရန် တာဝန်ရှိသည့် ရှောင်းလုထံမှ မီးညှပ်နှင့် သံတူကြီးများ လှမ်းယူလိုက်သည်ကို သူတို့ တွေ့လိုက်ရသည်။
သာမာန်ယောက်ျားတစ်ယောက်အတွက် မရန်ပင် ခဲယဉ်းလွန်းလှသော သံတူကြီးက သူမအတွက် ကစားစရာတစ်ခုကို ကိုင်ထားသလို ပေါ့ပါးနေပုံရသည်။ မီးညှပ်ကို လှုပ်ရှားနေပုံနှင့် သံတူကြီးကို အချက်ကျကျ ထုနေပုံက သူမအတွက် အလွန်လွယ်ကူနေပုံရပြီး ချောမွေ့လွန်းလှသည်။ သူမက နှစ်ပေါင်းများစွာ ပန်းပဲထုခဲ့သည့် ဝါရင့် ပန်းပဲသမားတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
"စူးချင်းက တကယ့်ကို စွယ်စုံရတဲ့သူပဲ”
ချွီတာ့က စူးချင်းကို သဘောကျစွာ လှမ်းကြည့်နေခဲ့သည်။ စူးချင်းက ဤကမ္ဘာပေါ်တွင် အထူးခြားဆုံး အမျိုးသမီးဖြစ်သည်ဟု သူ သတ်မှတ်ထားခဲ့သည်။
စူးချင်းက သူမ ရေးဆွဲထားသည့် ပုံကြမ်းအတိုင်း လက်နက်အသစ်တစ်ခု ဖန်တီးရန် အားစိုက် ထုလုပ်နေခဲ့ပြီး သူမ၏တာဝန် တိုးတက်မှုဘားက အရူးအမူး ထိုးတက်နေခဲ့သည်။ သူမ ထိုလက်နက်ကို ထုလုပ်ပြီးသွားချိန်တွင် အဆင့်တစ်ဆင့် မြှင့်တက်သွားသည်ကို မြင်လိုက်ရပြီး စနစ်၏ခံစားချက်မဲ့ ဂုဏ်ပြုသံလည်း ထွက်ပေါ်လာခဲ့သည်။
[ဂုဏ်ယူပါတယ် Host…. သင့်ရဲ့ ပန်းပဲစွမ်းရည်က အဆင့်လေးကို ရောက်ရှိသွားပါပြီ။ သင့်ရဲ့ကိုယ်ကာယစွမ်းအား၊ စိတ်ဝိညာဉ်စွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေအားလုံးက အဆင့် ၅၅ ကို ရောက်ရှိသွားပါပြီ]
"ဆုလာဘ်"
စနစ်က သူမကို နောက်တစ်ကြိမ် လှည့်စားရန် ကြိုးစားနေသောကြောင့် စူးချင်းက သူ့ကို အေးစက်စက်အသံဖြင့် သတိပေးလိုက်သည်။
စူးချင်းကို မလှည့်စားနိုင်တော့ကြောင်း နားလည်သွားသောကြောင့် စနစ်က သူမကို ကူကယ်ရာမဲ့ ပြန်မေးလိုက်သည်။
"Host က ဘာဆုလိုချင်တာလဲ?"
"သော့ပွားနိုင်တဲ့ ကိရိယာ လိုချင်တယ်"
စူးချင်းက စစ်သူကြီးတံဆိပ်ပါသည့် သေတ္တာကို ဖွင့်နိုင်မည့် သော့ကို ပွားယူနိုင်ရန် ကြိုးစားပမ်းစား အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။
"Host... သော့တွေကို ပုံတူပွားနိုင်တဲ့ သာမန်ကိရိယာတွေက Host လိုချင်တဲ့ သော့ကို ကူးယူလို့ မရနိုင်ပါဘူး"
စူးချင်း ဒေါသထွက်မည်ကို စိုးရိမ်နေသောကြောင့် စနစ်က သူမကို ဂရုတစိုက် သတိပေးလိုက်ပြီး ထပ်ရှင်းပြလိုက်သည်။
"အဲဒါကြောင့် အဲဒါကို ပုံတူကူးနိုင်တဲ့ အဆင့်မြင့် ကိရိယာတစ်ခု လိုပါတယ်"
စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သော့ကို ပုံတူကူးနိုင်တဲ့ ကိရိယာက ဘယ်သော့ကိုမဆို ပုံတူပွားနေတာ မဟုတ်ဘူးလား? ဒီစနစ်က ဘာလို့ ဒါလေးတောင် အလုပ်ဖြစ်အောင် မလုပ်နိုင်ရတာလဲ?
စူးချင်း၏ စိတ်မရှည်သော အတွေးသံကို ကြားလိုက်ရချိန်တွင် စနစ်က သူ အပြစ်ကင်းစင်ကြောင်း ပြန်တင်ပြလာခဲ့သည်။
“Host ကို သတင်းပို့ပါတယ်၊ Host လိုချင်တဲ့သော့က စနစ်ရဲ့စွမ်းရည်အတွင်းမှာ ရှိမနေပါဘူး။ အဲဒါက ရှေးယန္တရားတစ်ခု ဖြစ်နေတာပါ၊ အဲ့ဒါက ဒီစနစ်တက်နိုင်တဲ့ အရာ မဟုတ်ပါဘူး”
စနစ်က အစိုးရိမ်လွန်နေပြီး ဧကရီ၏ဂန္ထဝင်စကားများကိုပင် ငှားယမ်း အသုံးပြုနေသေးသည်။
စူးချင်း၏မျက်နှာက လုံးဝ မည်းမှောင်သွားပြီး "အဲ့ဒါဆို နင်က ငါ့အတွက် ဘာအသုံးဝင်တော့မှာလဲ?"
"Host... ကျေးဇူးပြုပြီး ဆုလာဘ်ကို ပြောင်းပြီး ပြောကြည့်ပါလား?"
ထို့အပြင် စနစ်က စူးချင်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်သေးသည်။
"Host.... အဲ့ဒါကို အတင်းအကျပ် မဖွင့်နဲ့နော်"
စူးချင်းက ထိုသစ်သားသေတ္တာ၏သော့အပေါက်ထဲသို့ ပလတ်စတစ်ရွှံ့ ထည့်ကာ အတွင်းမှ သော့ရာအတိုင်း မိတ္တူကူးကာ ထို ပလတ်စတစ်ရွှံ့စေးပုံအတိုင်း သော့ကို ပြန်ထုလုပ်ရန် တွေးမိသွားခဲ့သည်။ ထို့ကြောင့် သူမက စနစ်ထံမှ ပလတ်စတစ်ရွှံ့စေးသာ တောင်းလိုက်တော့သည်။
“ဒါက ဖြစ်နိုင်တယ်”
စနစ်၏အသံက ရွှင်မြူးနေပြီး စူးချင်းကတော့ သူမ ဘာအမူအရာမှ မပြောင်းဘဲ သူမ၏အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။ သူမ ဆုကြေးတစ်ခုကို ဖြုန်းတီးမိခဲ့ပြီး ၎င်းကို ပလတ်စတစ်ရွှံ့စေးတစ်ပိုင်းအတွက် လဲလှယ်ခဲ့ရသောကြောင့် သူမအတွက် သိသာထင်ရှားသော ဆုံးရှုံးမှုဖြစ်သွားမှန်း သူမ သိနေခဲ့သည်။
"ကိုယ် မင်းကို ကူညီပေးမယ်လေ"
ကျိရွှေရှန့်က သံရိုင်းတွင်းကို လှည့်ပတ်စစ်ဆေးခဲ့ပြီး စူးချင်းကို ကူညီရန် ရောက်လာခဲ့သည်။
“ရှင် မီးကြည့်ပေးမလား?!"
စူးချင်းကလည်း ယဥ်ကျေးမနေပေ။ အခြားသူများ၏မိသားစုတွင် ယောက်ျားက လယ်ယာလုပ်ကိုင်ပြီး ဇနီးသည်က ရက်ကန်း ရက်ကာ ဇနီးက ခင်ပွန်းနောက်မှ လိုက်ပါကူညီပြီး တက်ညီလက်ညီ အလုပ်လုပ်ကြသည်။ သူမတို့၏မိသားစုတွင် ဇနီးသည်က ပန်းပဲထုပြီး ခင်ပွန်းသည်က ဖားဖို ဆွဲကာ မီးကို ဂရုစိုက်ပေးခြင်းဖြင့် ဇနီးသည်၏နောက်မှ လိုက်ပါကူညီပေးနိုင်သည်။
ကျိရွှေရှန့်က ဖားဖို ဆွဲပေးနေရင်း စူးချင်း အသစ် ထုလုပ်နေသည့် လက်နက်ကို ကောက်ကိုင်ကာ သေသေချာချာ ကြည့်လိုက်သည်။
ဒီလက်နက်က အရမ်းကောင်းလွန်းတယ်။ ထိပ်ဖူးက တြိဂံပုံဖြစ်ပြီး အရမ်းလည်း ချွန်ထက်နေသေးတယ်။ ဒီလှံခေါင်းနဲ့ လူကို ထိုးစိုက်လိုက်ရင် ချက်ချင်း သွေးထွက်လာမှာ မဟုတ်ဘူးလား? သွေးတွေ ဆုံးရှုံးသွားတာနဲ့ သူတို့ရဲ့တိုက်ခိုက်ရေးအင်အားလည်း ဆုံးရှုံးသွားလိမ့်မယ်။ ဒီလက်နက်က စစ်မြေပြင်မှာ မှော်လက်နက် ဖြစ်လာနိုင်သေးတယ်။
ကျိရွှေရှန့်က လှံသွားထိပ်ကို ကိုင်ထားပြီး စူးချင်းအား စိတ်လှုပ်ရှားစွာ လှမ်းပြောလိုက်သည်။
"ချင်းအာ၊ ဒါက အရမ်း ကောင်းတယ်။ ခနနေရင် တိရိစ္ဆာန်တစ်ကောင်ရှာပြီး စမ်းကြည့်ရမယ်"
တောထဲမှ တိရိစ္ဆာန်များက ကြောက်လန့်သွားကြပြီး တုန်ယင်နေကြသည်။
ဘယ်လောက်တောင် ရက်စက်တဲ့ လူသားလဲ? သူက ငါတို့ကို သတ်ရုံတင် အားမရလို့ သွေးပါထွက်စေချင်သေးတာလား?
“အင်း”
စူးချင်းက ခေါင်းညိတ်လိုက်သော်လည်း သူမ၏ လှုပ်ရှားမှုကတော့ မရပ်သွားခဲ့ဘဲ ‘ဒင်း-ဒန်-ဒေါင်- ဒင်း-ဒန်-ဒန်- ဒင်း-ဒန်-ဒေါင်’ စသည့်အသံများက စည်းချက်ညီညီ ထွက်ပေါ်နေပြီး တောအုပ်အတွင်း ပျံ့နှံ့သွားတော့သည်။
ခဏအကြာတွင် ကျိရွှေရှန့်က စူးချင်းအတွက် ဖားဖို ကူဆွဲပေူရန် လက်နက်ထုလုပ်ရေး တာဝန်ခံဖြစ်သည့် ရှောင်လုကို ညွှန်ကြားလိုက်သည်။ သူကတော့ လွမ်တောင်ကို ထုတ်ယူပြီး လှံလက်ကိုင်ကို ထွင်းနေကာ လှံထိပ်ခေါင်းတစ်ခု တပ်ဆင်နေခဲ့သည်။ ကျိရှောင်ယင်က တစ်ယောက်တည်းနေရသည်ကို ပျင်းရိလာပြီး သူမ၏ ဒူးလေးကို ကိုင်ကာ အစ်ကိုဖြစ်သူနှင့်အတူ အမဲလိုက်ရန် တောင်းဆိုနေခဲ့သည်။
မောင်နှမနှစ်ယောက် တောင်များနှင့် သစ်တောများထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားခဲ့ကြပြီး မကြာမီတွင် သွေးစွန်းနေသော ဆတ်တစ်ကောင်ကို ပြန်ယူလာခဲ့ကြသည်။
ကျိရွှေရှန့်က အလွန် စိတ်လှုပ်ရှားနေပြီး စူးချင်းဆီကို အမြန်ပြေးလာခဲ့သည်။
“ချင်းအာ၊ ဒီလှံက အရမ်း အသုံးဝင်တယ်။ လှံဦးချွန်နဲ့ ထိုးလိုက်တာနဲ့ ဆတ်က ချက်ချင်း သွေးထွက်လာတယ်။ လှံရဲ့ချွန်ထက်တဲ့ ထိပ်ဖျားက တကယ်ပဲ အသားထဲသို့ အလွယ်တကူ ထိုးဖောက်နိုင်တယ်။ ဒီလက်နက်နဲ့ဆိုရင် စစ်မြေပြင်မှာ မအောင်မြင်စရာ အကြောင်း မရှိတော့ဘူး”
“ဒါဆို ဒီဟာကို ကြည့်ပေးဦး”
စူးချင်းက အချွန်သုံးခု ပါသည့် လှံထိပ်ဖျား တစ်ခုကိုလည်း ဖန်တီးထားခဲ့သည်။ ထိုတစ်ခုက ယခင်တြိဂံပုံလှံသွားခေါင်းနှင့် မတူဘဲ စူးချင်းက ရေနတ်ဘုရား၏လက်နက်ကို အခြေခံကာ ဒီဇိုင်းထုတ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းက လှံခေါင်းဖြင့် ထိုးစိုက်သလို သံမဏိအသွားဖြင့် ထိုးခွဲနိုင်သည်။ သုံးဖက်စလုံးတွင် ချွန်ထက်သော အသွားများ ပါရှိသောကြောင့် တိုက်ခိုက်ရာတွင် ပြိုင်ဘက်ရဲ့စိတ်ကို ပိုအနှောင့်အယှက်ပေးနိုင်သည်။
“ဒါလည်း ကောင်းတယ်”
ကျိရွှေရှန့်က သုံးခွချန်လှံကို ယူကာ လွှဲယမ်းကြည့်လိုက်သည်။ သူ လွှဲယမ်းရာမှ ပေါ်လာသည့် သတ္တုသံကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် ပို၍ တောက်ပလာခဲ့သည်။
သူရဲ့ချင်းအာက သူ့ကို အမြဲတမ်း အံ့အားသင့်စေတဲ့ ရတနာသိုက်လေးပဲ။
ကျိရွှေရှန့်၏ချီးကျူးသံ ဆုံးသွားချိန်တွင် စနစ်၏ဂုဏ်ပြုသံ ထွက်လာပြန်သည်။
[ဂုဏ်ယူပါတယ်.... Host၊ Hostရဲ့ပန်းပဲစွမ်းရည်က အဆင့် ၅ ကို ရောက်ရှိသွားပါပြီ၊ သင့်ရဲ့စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၅၇ ကို ရောက်ရှိသွားပါပြီ]
(t/n: ၅၅ ပြီး ၅၇ တဲ့ဟ)
"မော်တာအသေးအတွက် အသေးစိတ်ပုံစံ လိုချင်တယ်"
စူးချင်းက သူမ၏ အဆင့်မြှင့်တက်နှုန်းကို ကျေနပ်နေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမက သူမ၏ဆုကြေးခွဲတမ်းကို မဖြုန်းတီးတော့ဘဲ မော်တာ၏အသေးစိတ်ပုံစံကို တိုက်ရိုက်တောင်းဆိုလိုက်သည်။
မော်တာအမြှောက်အသေး၏အသေးစိတ်ပုံစံကို ရလျှင် သူမ မော်တာအမြှောက်အသေးများ ပြုလုပ်နိုင်မည် ဖြစ်ပြီး သူမ လုပ်ထားသည့် ယမ်းမှုန့်များကို အသုံးပြုလိုက်လျှင် မြို့များကို တိုက်ခိုက်သည့်အခါ အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။
အဲ့မြို့ရိုးတွေက သူမရဲ့ အမြောက်ကျည်တွေကို တားဆီးနိုင်မယ်တဲ့လား? စစ်သူကြီးရဲ့ ကျားတံဆိပ် ဒါမှမဟုတ် ရှောင်းမိသားစုရဲ့ အထောက်အပံ့ကို မရခဲ့ရင်တောင် သူမက ကြောက်နေမှာ မဟုတ်ဘူး။ မော်တာတစ်လက်က ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ညီမျှတယ်။
သို့သော်လည်း စနစ်က သူမကို အညှာတာမဲ့ ယတိပြတ် ငြင်းပယ်မယ်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။