ငါတို့ အမြဲတမ်း ကံကောင်းနေတတ်တယ် (အပိုင်း ၁)
Vol. 26 Ch. 377
"Host ရဲ့ လိုအပ်ချက်တွေက များလွန်းတယ်၊ အဆင့်နဲ့ ဆုလာဘ်က အချိုး မညီဘူး။ ကျေးဇူးပြုပြီး တာဝန်တွေကို ဆက်ကြိုးစားလုပ်ဆောင်ပါ"
စနစ်က စူးချင်း တောင်းဆိုသည့် ဆုလာဘ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။ “အဆင့်နဲ့ ဆုလာဘ်က အချိုး မညီဘူး” ဟူသော စကားက သူမကို ဒေါသထွက်စေခဲ့သော်လည်း စူးချင်းက အသက်ကို ပြင်းပြင်းရှူကာ သူမ၏ဒေါသကို ထိန်းထားရင်း စနစ်ကို ပြန်မေးလိုက်သည်။
"ဘယ်အဆင့်ကို ရောက်မှ ရနိုင်မှာလဲ?"
"စည်းမျဥ်းတွေအရ၊ အဲဒါကိုရနိုင်ဖို့ အဆင့် ၈၈ အထိ ရောက်နေရပါမယ်၊ ကျေးဇူးပြုပြီး ဆက်ကြိုးစားပါ"
စူးချင်း ဒေါသထွက်ပြီး စနစ်အား ဖျက်ဆီးလိုက်မည်ကို စိုးရိမ်သောကြောင့် စနစ်၏အသံကလည်း အားနည်းနေခဲ့သည်။
"ရပြီ၊ ဒါဆို ငါ့ကို အစားအစာ တစ်တန် အရင်ပေး”
စူးချင်းက မော်တာ မရနိုင်သေးကြောင်း နားလည်လိုက်ပြီး သူမအတွက် ဆုကြေးအဖြစ် အစားအသောက်များပေးရန် စနစ်ကို တောင်းဆိုလိုက်သည်။ ဤတစ်ကြိမ်တွင် ကျိရွှေရှန့်က ကျင်းချန်၏ မြို့တွင်းသို့ ဝင်သွားခဲ့သော်လည်း ဟူလူမျိုး၏တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ဘာမှ မဝယ်နိုင်ခဲ့ပေ။ ဟူလူမျိုးများ ပြန်ထွက်သွားလျှင်ပင် ကျင်းချန်သို့ အဝင်အထွက်တွင် တင်းကျပ်သည့်စစ်ဆေးမှုများ ရှိနိုင်ပြီး စားနပ်ရိက္ခာ ဝယ်ရန် မြို့ထဲသို့ဝင်ခြင်းက ပို၍အန္တရာယ်များလာပေလိမ့်မည်။
စနစ်က သူမအတွက် မော်တာ မပေးနိုင်သောကြောင့် ဘာဆင်ခြေမှ မပေးနိုင်ဘဲ စားစရာပေးရလိမ့်မည်ဟု သူမ တွေးထားခဲ့သည်။
"အများဆုံး 500 ကီလိုဂရမ်ပဲ ရပါမယ်"
စနစ်၏အသံက ခြင်တစ်ကောင်၏အသံကဲ့သို့ သေးငယ်နေပြီး ကွာခြားချက်က အနည်းငယ်ကြီးမားသောကြောင့် စူးချင်း ဒေါသထွက်မည်ကို သူ ကြောက်ရွံ့နေပြန်သည်။
"ဒါဆို စားလို့ရတဲ့ ဆားတစ်အိတ်ထည့်ပေး"
စူးချင်းကလည်း ဤစနစ်ကို အမှန်တကယ် မုန်းတီးနေပြီ ဖြစ်သည်။ ထိုစနစ်က အမြဲတွန့်တိုနေသောကြောင့် သူမ မကျေမနပ်ဖြင့် ဆား ထပ်တောင်းလိုက်သည်။
ဆားမရှိဘဲ လူတွေ အသက်မရှင်နိုင်ဘူး။ ဆားကို မစားရရင် ခွန်အားလည်း မရှိနိုင်ဘူး။
"ကောင်းပါပြီ"
စနစ်က ပျော်ပျော်ရွှင်ရွှင် သဘောတူလိုက်ပြီး စူးချင်းလည်း များစွာ စိတ်သက်သာရာရသွားခဲ့သည်။
“အရှေ့ဘက်က တစ်လီလောက်ဝေးတဲ့ ဂူထဲမှာ စားစာရာ သွားယူပါ”
စူးချင်း ဒေါသမထွက်တော့သည်ကို မြင်လိုက်ရချိန်တွင် စနစ်က အစားအစာ သွားယူရမည့်နေရာကို သာယာသောအသံဖြင့် ညွှန်ပြလာခဲ့သည်။
စူးချင်းက နားလည်ကြောင်း တုံ့ပြန်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ယခု သန်းခေါင်ကျော်နေပြီ ဖြစ်ကာ သူမ ဆက်ပြီး လက်နက်ထုနေလျှင် တခြားသူများ၏ အနားယူမှုကို ထိခိုက်စေမည် ဖြစ်သောကြောင့် အလုပ်ကို ရပ်ထားလိုက်သည်။
ကျိရွှေရှန့်က ဆတ်၏အရေခွံကို ခွာထားပြီး ဖြစ်သည်။ အငတ်ဘေးမှ တိမ်းရှောင်လာကတည်းက သူလည်း သားကောင်များ အရေခွံခွာတတ်ရန် လေ့ကျင့်ခဲ့ရသည်။ ယခု သူ အပြည့်အဝ တက်ကျွမ်းနေပြီဖြစ်ကာ အရေပြားတပြင်လုံးတွင် အသား တစ်စပင် မကပ်နေသလို အရေခွံကလည်း ပျက်စီးနေခြင်း မရှိပေ။
သားမွေးများကို ရောင်းချချိန်တွင် သားမွှေးများ လုံးဝ မပျက်စီးပါက ပထမတန်းစားထုတ်ကုန်များအဖြစ် သတ်မှတ်ကာ မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချနိုင်သည်။ အရေခွံတွင် အပေါက်အပြဲများ ရှိနေပါက စျေးနှိမ်ခံရမည် ဖြစ်သည်။
သံရိုင်းတွင်းတွင် အလုပ်လုပ်ရသည့် စစ်သည်များလည်း အနားယူနေကြသည်။ သူတို့က နှစ်ဆိုင်းခွဲကာ အလုပ် လုပ်ကြပြီး ညသန်းခေါင်တွင်တော့ အားလုံး ရပ်တန့်အနားယူကြသည်။ လူများက စက်များ မဟုတ်သောကြောင့် အဆက်မပြတ် အလုပ်လုပ်ရန် မဖြစ်နိုင်ပေ။
စူးချင်း၏ဟင်းချက်ခြင်းကျွမ်းကျင်မှုက အဆင့်တက်လုနီးပါး ဖြစ်နေသဖြင့် စူးချင်းက သူမ ချက်ပြုတ်ပေးမည်ဟု ကမ်းလှမ်းလိုက်သည်။
ကျိရွှေရှန့်က သူမ ပင်ပန်းနေသည်ဟု တွေးကာ သူမအတွက် စိတ်မကောင်းဖြစ်နေပြီး သူမကို ဝင်ရောက်ချက်ပြုတ်ခွင့်မပေးတော့ပေ။
"မင်းသွားပြီး အနားယူတော့၊ ကိုယ် လုပ်မယ်၊ အသားကင်ဖို့ပဲ မဟုတ်လား? အဲ့လောက်တော့ ကိုယ် လုပ်နိုင်ပါတယ်"
"အစ်မစူးချင်း၊ ကျွန်မ အစ်ကိုကြီးကို ကူညီပေးလိုက်ပါ့မယ်၊ အစ်မ သွားပြီး အနားယူလိုက်ပါ"
ကျိရှောင်ယင်ကလည်း သူမ သူမ၏အစ်ကိုကြီးနှင့်အတူ ချက်ပြုတ်မည် ဖြစ်ကြောင်းပြောကာ စူးချင်းကို အနားသွားယူရန် တိုက်တွန်းနေခဲ့သည်။ ချွီတာ့တို့အဖွဲ့က တဲနှစ်လုံးဆောက်ထားပြီး ညအချိန်တွင် ထိုတဲများ၌ အိပ်စက်ကြရသည်။
ယောက်ျားသားများ အတူတူအိပ်ခြင်းက အဆင်ပြေသော်လည်း စူးချင်းနှင့် ကျိရှောင်ယင်တို့က အမျိုးသမီးများ ဖြစ်နေသောကြောင့် လူတိုင်းနှင့် ရောနှောအိပ်ရန် မသင့်တော်ပေ။ ထို့ကြောင့် ချွီတာ့က စူးချင်းနှင့် ကျိရှောင်ယင်တို့အတွက် တဲတစ်လုံး ထပ်ဆောက်ပေးရန် သူ့လူနှစ်ယောက်ကို ခေါ်ကာ ထွက်သွားတော့သည်။
"ရွှေရှန့်၊ ဦးလေးချွီတို့ကို သွားကူညီလိုက်ပါ"
စူးချင်းက ကျိရွှေရှန့်ကို အဝေးသို့ တွန်းပို့ရန် ဆင်ခြေရှာလိုက်ပြီး နောက်ဆုံးတွင် သူမ စားဖိုမှူးရာထူးကို ရယူနိုင်ခဲ့သည်။ ချွီတာ့တို့ထံတွင် ဆားကြမ်း အနည်းငယ်သာ ရှိတော့ပြီး ဟင်းခတ်အမွှေးအကြိုင်ကတော့ လုံးတ မရှိတော့ချေ။
စူးချင်း၏စနစ်ထဲတွင် ထိုအရာများ ရှိနေသေးသော်လည်း ကျိရှောင်ယင်ရှေ့တွင် လေထုထဲမှ ထုတ်ယူရန် မဖြစ်နိုင်သောကြောင့် ကျိရှောင်ယင်ကို မီးကြည့်ခိုင်းထားပြီး ရေနွေး အရင် ကျိုခိုင်းလိုက်သည်။
"ရှောင်ယင်၊ မင်း ရေနွေးအိုးကို ကြည့်ထားပေးဦး၊ ငါ ဟင်းခတ်နည်းနည်း သွားရှာလိုက်ဦးမယ်"
"ညဘက်ကြီး ဘယ်ကို သွားရှာမှာလဲ?"
ကျိရှောင်ယင်က အနည်းငယ် စိုးရိမ်နေသေးသည်။ နေရာတိုင်းတွင် မည်းမှောင်နေပြီး တောအုပ်ထဲတွင် နတ်ဆိုးများနှင့် သရဲတစ္ဆေများ ပုန်းအောင်းနေပုံရသည်ဟု သူမ တွေးနေခဲ့သည်။ သူမ၏အစ်ကိုကြီးနှင့် အမဲလိုက်သွားစဥ်က တစ္ဆေသရဲများက သူမတို့နောက်သို့ လိုက်နေသလို သူမ အမြဲခံစားနေခဲ့ရသည်။
"မီးထွန်းသွားရင် ရတယ်"
စူးချင်းက လူတိုင်းအတွက် အရောင်၊ အနံ့နှင့် အရသာကောင်းမွန်သော အစားအစာကို ပြုလုပ်ပေးချင်သောကြောင့် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူရမည် ဖြစ်သည်။ လူတိုင်းက ဟင်းပွဲများကို ကျေနပ်မှု ရှိမှသာလျှင် သူမ၏ချက်ပြုတ်မှုစွမ်းရည်ကို ပို၍ အလျင်အမြန် မြှင့်တင်နိုင်မည် ဖြစ်သည်။
ယခုတကြိမ်တွင် သူမက အသားတစ်ချို့ကို ဆန်မှုန့်ဖြင့် ပေါင်းကာ ကျန်နေသည့် အသားကို အသားချိုချဉ် လုပ်ရန် စီစဉ်ထားသည်။ သူမ၏ စွမ်းဆောင်ရည်အဆင့်က ပိုမြင့်လာလေလေ အဆင့်မြှင့်တင်ရန် ပိုခက်ခဲလာလေလေ ဖြစ်သည်။
သူမ၏ဟင်းချက်ကျွမ်းကျင်မှုက အဆင့် ၁၀ သို့ အဆင့်မြှင့်နိုင်ရန် အကွက်သေးနှစ်ကွက်စာ ကျန်ရှိနေပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ပြီးနောက် ဆုလာဘ်များ ပိုမိုရရှိနိုင်မည် ဖြစ်သည်။
ကျိရွှေရှန့်က ချွီတာ့နှင့် အခြားသူများနောက်သို့ လိုက်သွားပြီး တဲကူဆောက်နေသောကြောင့် စူးချင်း ထွက်သွားသည်ကို သတိမထားမိလိုက်ပေ။ သူ လှည့်ကြည့်လိုက်ချိန်တွင် ဟင်းချက်သည့်နေရာတွင် ကျိရှောင်ယင် တစ်ဦးတည်းကျန်နေသည်ကို သူ တွေ့သွားခဲ့သည်။ သူက သူ့ညီမလေးနားသို့ ပြန်လျှောက်လာပြီး ညီမဖြစ်သူကို မေးမြန်းလိုက်သည်။
“မင်းရဲ့ အစ်မစူးချင်း ဘယ်မှာလဲ?”
“အစ်မက ဟင်းခတ်အမွှေးအကြိုင်တွေ သွားရှာမယ်လို့ ပြောသွားတယ်”
ကျိရှောင်ယင်က အစ်ကိုဖြစ်သူအား စူးချင်း ပြောသွားသည့်စကားအတိုင်း အကုန်ပြန်ပြောပြလိုက်သည်။
ညဘက်တွင် တောင်ပေါ်၌ သားရဲတိရစ္ဆာန်ကြီးများ ရှိနိုင်သောကြောင့် ကျိရွှေရှန့်က စူးချင်းအတွက် စိတ်ပူသွားခဲ့သည်။ သူက အသစ်လုပ်ထားသော တြိဂံပုံလှံခေါင်းတပ်ထားသည့်လှံကို ယူကာ မီးရှူးတိုင်တစ်ချောင်းကိုင်ရင်း စူးချင်းကို ရှာရန် ထွက်လာခဲ့သည်။
ကျိရွှေရှန့်က တောင်ပေါ်ရွာလေးတွင် ကြီးပြင်းခဲ့ပြီး ငယ်စဉ်ကလေးဘဝကတည်းက တောထဲတွင် လျှောက်သွားနေခဲ့သူ ဖြစ်သည်။ သူက တောထဲတွင် မျက်စိမှိတ် လမ်းလျောက်နိုင်သူ ဖြစ်သော်လည်း စူးချင်း ထွက်သွားသည့် လမ်းကြောင်းကို သိနိုင်ရန် မီးရှူးတိုင်ကို ကိုင်ထားရင်း မြေပြင်ပေါ်မှ မြက်ခြောက်များကို သေသေချာချာ လိုက်ကြည့်နေခဲ့သည်။ အရှေ့ဘက်သို့ လျှောက်သွားသည့် ခြေရာများကို မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်က မီးရှူးတိုင်ကို ကိုင်ထားရင်း အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။
စူးချင်းကတော့ ကျိရွှေရှန့် သူမကို လိုက်ရှာနေမှန်း မသိသေးပေ။ အမှန်တကယ်တွင် သူမ ဟင်းခတ်အမွှေးအကြိုင်များ လိုက်ရှာ မလိုအပ်ဘဲ ၎င်းတို့ကို သူမ၏စနစ်ထဲမှ ထုတ်ရန်သာ လိုအပ်သည်။ ထို့အပြင် သူမ ဟင်းခတ်အမွှေးအကြိုင်များကို သွားရှာမည်ဟု ပြောကာ ထွက်လာခဲ့သော်လည်း အဓိကအားဖြင့် စနစ်မှ ပေးသော အစားအစာကို ရှာဖွေရန် နည်းလမ်းလာရှာခြင်းသာ ဖြစ်သည်။ သူမ ဟင်းခတ်အမွှေးအကြိုင်များကို လိုက်ရှာရင်း ထိုအစားအစာများကို မတော်တဆတွေ့မိသည်ဟူသော အကြောင်းပြချက်ကို အသုံးပြုရန် ကြံစည်နေခြင်းသာ ဖြစ်သည်။
စူးချင်းက အရှေ့ဘက်သို့ တစ်လီခန့် လမ်းလျှောက်လာခဲ့ပြီး ဂူနှစ်ပေါက်ပါသည့် သားရဲဂူတစ်ခုကို တွေ့လိုက်ရသည်။
သားရဲဂူထဲတွင် အစာကို ဝှက်ထားရန် မဖြစ်နိုင်ပေ။ သို့သော် စူးချင်းက သူမ၏စနစ်ထဲမှ မီးရှူးတိုင်တစ်တိုင်ကို ထုတ်ယူကာ ဂူထဲသို့ ဝင်သွားလိုက်သည်။ ဂူသည် ခရာပုံသဏ္ဌာန်ရှိပြီး ကျဉ်းမြောင်းသော အဝင်ဝ ရှိပြီး အတွင်းသို့ တဖြည်းဖြည်း ကျယ်သွားသည်။ လှိုဏ်ဂူ၏အပြင်တွင် အေးနေသော်လည်း အတွင်းထဲတွင် အတော်လေး နွေးနေပြီး အနည်းငယ် လှောင်ပိတ်နေသလို ခံစားရစေသည်။
သူမ အထဲသို့ ဝင်သွားလေလေ၊ ဂူက ပိုနက်လာလေလေ ဖြစ်နေသောကြောင့် စူးချင်းက အောက်ခြေသို့ ရောက်အောင် အချိန်အတော်ကြာ လမ်းလျှောက်နေရပြီး သူမ အနည်းငယ် စိတ်မရှည်ဖြစ်လာတော့သည်။
"စနစ်၊ စားစရာတွေက ဘယ်မှာလဲ?"
"Hostရဲ့ အကြံအစည်အတွက် စနစ်က အစားအစာတွေကို လျှို့ဝှက် ဖုံးကွယ်ထားပေးပါတယ်၊ အတွင်းထဲကို နည်းနည်း ဝင်သွားလိုက်ပါဦး"
စနစ်၏အဖြေကြောင့် စူးချင်းက အသက်ကို ပြင်းပြင်းရှူရင်း ဒေါသကို ထိန်းလိုက်ရပြန်သည်။
ဘာကို သူမရဲ့ အကြံအစည်အတွက်လဲ? ဒါက သူမကို နောက်ပြောင်ချင်နေတာ မဟုတ်ဘူးလား?
အထဲသို့ လီတဝက်ခန့် ထပ်လျှောက်သွားပြီးနောက် စူးချင်းက သူမရှေ့မှ နှစ်မီတာကျော်မြင့်သည့် လှိုဏ်ဂူတစ်ခုကို ထပ်တွေ့လိုက်ရသည်။ ထိုနောတွင် ရိတ်ပြီးခါစ ဂျုံနှင့်တူသည့် ကောက်နှံတစု ရှိနေသည်။
ဂျုံပုံပေါ်တွင် ဆားတစ်အိတ် ရှိနေပြီး ထိုဆားအိတ်ကို မြင်လိုက်ရချိန်တွင် စူးချင်းတစ်ယောက် သူမကိုယ်သူမ မထိန်းနိုင်ဘဲ အလွန်အကျွံ ဒေါသထွက်လာတော့သည်။
တကယ်ပဲ ဆားတစ်အိတ်ပါ၊ ဒါပေမယ့် သန့်စင်ပြီးသား ဆားတစ်ကျင်းလောက်ပဲ ပါတဲ့ ဆားတစ်အိတ်လေ။
"ငါ လိုချင်တဲ့ ဆားအိတ်က ဒီခေတ်ရဲ့ထုပ်ပိုးမှုအတိုင်း တစ်အိတ်ကို ပြောတာ"
စူးချင်းက အံကြိတ်ထားရ်း စောဒကတက်လိုက်သည်။
နင် ဒီထက်ပိုပြီး အကျင့်ကောင်းပေးလို့ မရတော့ဘူးလား?
"Host ပြောတာက ဆားတစ်အိတ်ဆို၊ ဒါက ဆားတစ်အိတ်လေ"
စနစ်က အလွန်ခေါင်းမာနေပြီး သူ မမှားကြောင်း ပြန်ငြင်းဆန်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်း မပြောခဲ့တာက Host လေ...
စူးချင်းက ဆုံးရှုံးမှုတစ်ခု ခံစားလိုက်ရပြီး ထိုကိစ္စအတွက် စနစ်ကို သူမ၏နှလုံးသားထဲတွင် မှတ်သားထားလိုက်သည်။
ငါ့ရဲ့စစ်နတ်ဘုရားစွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ပြီးမှ ဒင်းကို ကိုင်တွယ်ဖြေရှင်းရမယ်။
စူးချင်း၏အတွေးသံကို ထပ်ကြားလိုက်ရသော စနစ်က အကြီးအကျယ် တုန်လှုပ်သွားပြီး စူးချင်းကို သွေးတိုးစမ်းကာ မေးခွန်းထပ်မေးလိုက်သည်။
"Host အတွက် ဒီခေတ်ရဲ့စံနှုန်းအတိုင်း ဆားတစ်အိတ်ပြောင်းပေးမယ်လေ၊ ဘယ်လို သဘောရလဲ?"
"နင်ရော ဘယ်လိုထင်လဲ?"
စူးချင်းက အေးစက်စွာ ပြန်မေးလိုက်သောကြောင့် စနစ်က စကားပင် မပြောတော့ဘဲ သန့်စင်ပြီးသား ဆားအိတ်ကို စနစ်ထဲသို့ ပြန်ထည့်ကာ ဆားကြမ်းတစ်အိတ်ဖြင့် အစားထိုးပေးခဲ့သည်။
လက်ရှိတွင် ဆားကန်များအားလုံးကို အစိုးရမှ ထိန်းချုပ်ထားပြီး ပုန်ကန်ချင်လျှင် အစားအစာနှင့် ဆားကို မဖြစ်မနေ စုဆောင်းရမည် ဖြစ်သည်။ မဟုတ်လျှင် ပင်ပန်းနွမ်းနယ်ပြီး ခွန်အားမရှိဖြစ်နေကာ စစ်တိုက်နိုင်တော့မည် မဟုတ်ပေ။
စူးချင်းက ဆားအိတ်ကို ကြည့်နေရင်း ဆားတွင်းများ ထပ်ရှာရန် တွေးထားလိုက်သည်။ နောက်တစ်ကြိမ် အဆင့်မြှင့်တင်နိုင်လျှင် စနစ်ထံမှ ဆားတွင်းမြေပုံတစ်ခု တောင်းရန်ပါ ဆုံးဖြတ်လိုက်သေးသည်။
ယခုအချိန်တွင်တော့ စနစ်က စူးချင်း၏အတွေးသံကို မကြားချင်ယောင်ဆောင်နေခဲ့သည်။
ဘယ်လိုတောင် လောဘကြီးတဲ့ Host လဲ....
ထို့နောက် စူးချင်းက စနစ်အတွင်းရှိ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို ထုတ်ယူကာ ဂူအတွင်း၌ တစ်စုံတစ်ယောက် နေထိုင်ခဲ့ပုံပေါ်အောင် စီစဉ်နေခဲ့သည်။
ဂူကို စီစဉ်ပြီးနောက် စူးချင်းက တာ့ထန်၏ဧကရီထံမှ ယူခဲ့သော ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာအချို့ကို ထုတ်ယူကာ ဂျုံပုံဘေးတွင် စုပုံလိုက်သည်။
ပုန်ကန်ဖို့က ပိုက်ဆံအများကြီးလိုတယ်။ ရွှေ့ရှန့်က သူမအတွက်နဲ့ တာ့ထန်ဧကရာဇ်ရဲ့ စစ်ရေးအကူအညီကို ငြင်းဆန်ခဲ့တယ်။ သူ လက်စားချေမယ့်အစီအစဉ် အမြန်ဆုံး ပြီးမြောက်အောင် သူမ ကူညီပေးချင်တယ်။
အစီအစဉ်များ အားလုံးပြီးစီးပြီးနောက် စူးချင်းက မီးရှူးတိုင်ကို ကိုင်ရင်း ဂူထဲမှ ပြန်ထွက်လာခဲ့သည်။ သူမ ဂူထဲမှ ထွက်လာသည်နှင့်တပြိုင်နက် မျက်လုံးစိမ်းတစ်စုံကို တွေ့လိုက်ရပြီး ထို့နောက်တွင် နှစ်စုံ၊ သုံးစုံမှ စ၍ အစိမ်းရောင်မျက်လုံးတစ်ဒါဇင်ကျော် သူမကို ဝိုင်းရံထားကြောင်း နားလည်လိုက်ရသည်။