ငါတို့ အမြဲတမ်း ကံကောင်းနေတတ်တယ် (အပိုင်း ၂)
Vol. 26 Ch. 378
စူးချင်းက သူမ ယခင် မြင်ခဲ့ဖူးသော ဝံပုလွေသားရဲတွင်းကို ပြန်တွေးမိသွားခဲ့သည်။ ဝံပုလွေများက သူမ ၎င်းတို့၏နယ်မြေထဲသို့ ဝင်ရောက်လာသည်ကို သိသွားပုံရပြီး သူမကို တိုက်ခိုက်ရန် ဝန်းရံ ရောက်ရှိလာကြခြင်းပင်။
စူးချင်း၏လက်ထဲတွင် လက်နက်မရှိဘဲ သူမထံတွင် မီးရှူးတိုင်တစ်ချောင်းသာရှိသော်လည်း ထိုအရာက သူမအတွက် လုံလောက်နေပြီ ဖြစ်သည်။
စူးချင်းက သူတို့အား မကြောက်သည်ကို နားလည်သွားချိန်တွင် ဝံပုလွေများက သူမကို တိုက်ခိုက်ရန် ချက်ချင်း ဝင်မလာရဲသေးဘဲ ခပ်လှမ်းလှမ်းမှနေပြီး သူမကို ခြိမ်းခြောက်ဟန်ဖြင့် ဆွဲဆွဲငင်ငင် အူလိုက်ကြသည်။
ကျိရွှေရှန့်က စူးချင်းနောက်သို့ ခြေရာခံလိုက်လာရင်း ထိုပတ်ဝန်းကျင်အရောက်တွင် စူးချင်း၏ခြေရာများ ပျောက်ကွယ်သွားခဲ့သည်။ သူမကို ရှာမတွေ့တော့မည်အား သူ စိတ်ပူနေချိန်မှာပင် ဝံပုလွေအူသံများကို သူ ကြားရပြီး စူးချင်း ဝံပုလွေတစ်ကောင်နှင့် ကြုံနေရပြီဟု သူ မှန်းဆလိုက်သည်။ ထိုခန့်မှန်းချက်ကြောင့် ကျိရွှေရှန့်က ဝံပုလွေအူသံ ထွက်ပေါ်လာသည့် ဦးတည်ရာဆီသို့ အလျင်အမြန် ပြေးသွားတော့သည်။
သူ ရောက်သွားချိန်တွင် စူးချင်းက မီးရှူးတိုင်ကို အသုံးပြုပြီး ဝံပုလွေနှစ်ကောင်ကို အဝေးသို့ ရိုက်ထုတ်လိုက်ချိန် ဖြစ်နေခဲ့သည်။ ဝံပုလွေများက လေထဲတွင် ကျွမ်းပြန်နေပြီး ကျိရွှေရှန့်ဘက်သို့ ပြုတ်ကျလာကြသည်။ ကျိရွှေရှန့်က စူးချင်း အသစ်ပြုလုပ်ထားသော သုံးစွယ်လှံကို မြှောက်လိုက်ပြီး ဝံပုလွေနှစ်ကောင်၏နှလုံးသားများကို သကြားလုံးဖောက်သလို ထိုးဖောက်လိုက်သည်။
စူးချင်းက တစ်ချက်ပြုံးလိုက်ပြီး မာန်ဖီနေသော ခေါင်းဆောင်ဝံပုလွေကို ကြည့်လိုက်ကာ ကန်ထုတ်လိုက်ရင်း ကျိရွှေရှန့်ကို အော်ပြောလိုက်သည်။
“ဖမ်းထားလိုက်”
“ဟား ဟား၊ အရမ်းကောင်းတယ်”
ကျိရွှေရှန့်က စူးချင်း၏စကားကြောင့် တဟားဟား ရယ်မောနေရင်း သူ၏လှံကို ထပ်မြှောက်တင်လိုက်ကာ ဝံပုလွေကြီးကို ထုတ်ချင်းပေါက်သည်အထိ ထိုးနှက် တိုက်ခိုက်လိုက်သည်။ သူ တိုက်ခိုက်နေစဥ်အတွင်း စူးချင်းကို နောက်ပြောင်ရန်လည်း မမေ့ခဲ့ပေ။
“ကိုယ်တို့ ဇနီးမောင်နှံက ပြီးပြည့်စုံအောင် လိုက်ဖက်ညီတယ်နော်”
“နောက်တစ်ကောင်”
ကျိရွှေရှန့်က သူမကို ပရောပရီလုပ်နေကြောင်း သိသော်လည်း စူးချင်းကိုယ်တိုင်လည်း ပျော်ရွှင်နေမိသည်။ ကျန်ရှိသော ဝံပုလွေများက သူမ ကြောက်လန့်စေရန် သွားဖြဲကာ မာန်ဖီနေကြသော်လည်း သူမထံသို့ မချဉ်းကပ်ရဲကြတော့ပေ။ ၎င်းတို့က တိုက်ခိုက်ရန် မဝင်လာရဲတော့သော်လည်း စူးချင်းကတော့ အကြောက်အလန့်မရှိဘဲ ဝံပုလွေအုပ်ထဲသို့ တိုးဝင်သွားပြီ ဖြစ်သည်။ သူမ ကောင်းကင်ပေါ်မှ ခုန်ဆင်းလာသည်ကို မြင်လိုက်ရချိန်တွင် ဝံပုလွေတွေက အူသံများပေးကာ သူမဆီသို့ ကပ်လာကြပြန်သည်။
ဝံပုလွေခြေသည်းများက ချွန်ထက်သော ဓားသွားများကဲ့သို့ ဖြစ်နေကာ ခြစ်မိသွားလျှင် ဒဏ်ရာနက်နက်နှစ်ချက် ကျန်ခဲ့နိုင်သည်။ ဝံပုလွေအားလုံးက စူးချင်းအား အတူတကွ ဝိုင်းရံတိုက်ခိုက်နေခြင်းက အလွန်အန္တရာယ်များလှသည်။ ကျိရွှေရှန့်လည်း မနောက်ပြောင်ရဲတော့ဘဲ သူ၏လှံရှည်ကို ကိုင်မြှောက်ကာ စူးချင်းကို ကူညီရန် ပြေးဝင်လာတော့သည်။
စူးချင်းက လေပေါ်သို့ ထပ်ခုန်တက်သွားပြီး သူမ ပြန်ဆင်းလာချိန်တွင် သူမ၏လှပသော ကန်ချက်များက သူတို့၏မွေးရပ်မြေကို ကာကွယ်နေသည့် သနားစရာ ဝံပုလွေကြီးများပေါ်သို့ အစီအရီ ကျဆင်းသွားတော့သည်။ ထို့နောက်တွင် ကျိရွှေရှန့် ကိုင်ထားသည့် သုံးစွယ်လှံနှင် ယန်မိသားစု၏လှံသိုင်း ပေါင်းစပ်မှုက ထိုဝံပုလွေများ၏ နှလုံးများကို ကွဲကြေပျက်စီးစေပြီး ဝံပုလွေအသေများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေတော့သည်။
"လှံသိုင်းက မဆိုးဘူးပဲ"
စူးချင်းက လေထဲတွင် ရှိနေသေးပြီး သူမ၏အဝတ်အစားများက လေထဲတွင် လွင့်ပျံနေသည်။ သူမက လက်ကို နောက်ကျောပစ်ထားရင်း သူမ၏လူကို သဘောတကျ ကြည့်နေသည့်အပြင် အပြုံးလှလှလေးနှင့် ရက်ရက်ရောရော ချီးမွမ်းပေးနေသေးသည်။
"မင်းရဲ့ခြေသိုင်းက ပိုတောင်ကောင်းသေးတယ်"
ကျိရွှေရှန့်က လှံဦးထပ်တွင် စိုက်ဝင်နေသော ဝံပုလွေအသေကြီးကြီး မြေပြင်ပေါ်သို့ ခါချလိုက်ပြီး လှံကို သူ့နောက်ကျောသို့ ပို့ထားလိုက်သည်။ သူက သူ့၏စူးရှတောက်ပပြီး ကြယ်ရောင်သန်းနေသာ မျက်လုံးများဖြင့် စူးချင်းကို ချစ်မြတ်နိုးစွာ လှမ်းကြည့်နေခဲ့သည်။ စူးချင်း လေထဲတွင် လှည့်ပတ်ကန်နေသည့် ခြေကန်ချက်များက မယုံနိုင်လောက်အောင် လှပသေသပ်နေသောကြောင့် သူ အမှန်တကယ် စွဲလန်းမိသွားခဲ့သည်။
"ရှင် သင်ချင်လား? ကျွန်မ ရှင့်ကို အလကားသင်ပေးမယ်လေ"
စူးချင်းက သူ့ကို ပြန်ကျီစယ်နေခဲ့သည်။ ကျိရွှေရှန့်နှင့် နှစ်ယောက်တည်း ရှိနေချိန်များတွင် သူမက အလွန် စိတ်အေးလက်အေး ရှိနေတတ်ပြီး သာမန်မိန်းမငယ်လေးတစ်ယောက်နှင့် ခပ်ဆင်ဆင်တူနေတတ်သည်။
"ကောင်းပြီလေ၊ ကိုယ်ကို အခု သင်ပေး!"
ကျိရွှေရှန့်က စူးချင်း ရှေ့မှာ ရောက်သွားပြီဖြစ်ကာ လှံကို ပစ်ချလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ စူးချင်း၏ကိုယ်သင်းနံ့လေးကို သူ အလွန် သဘောကျပြီး ထိုရနံ့လေးက သူ့၏စိတ်အားထက်သန်သော စိတ်နှလုံးကို ငြိမ်သက်စေကာ သူမကို ထိုကဲ့သို့ ပွေ့ဖက်ထားရရုံဖြင့် ကျေနပ်နေမိသည်။
ဒါပေမယ့်လည်း အခုအနားမှာ ဘယ်သူမှ မရှိဘူးလေ၊ သူ ဘာလို့ ဘာမှ မလုပ်ဘဲနေရမှာတုန်း?
ကျိရွှေရှန့်က သူ့လက်မောင်းများကြားထဲမှ အမျိုးသမီးလေးကို ငုံ့ကြည့်လိုက်သည်။ သူမ၏ နက်မှောင်သော မျက်ခုံးမွှေးများအောက်တွင် ရွမ်းလဲ့တောက်ပသော မျက်လုံးလေးများ ရှိနေပြီး သူမ၏မျက်နှာက မက်မွန်ပွင့်လို ပန်းရောင်သန်းနေကာ သူမ၏နှုတ်ခမ်းနီရဲရဲလေးများက ထွေးထွေးအိအိလေး ဖြစ်နေလေသည်။ အနည်းငယ် ပွင့်ဟနေသော ထိုနှုတ်ခမ်းနီတာရဲလေးများက သူ့ကို တိတ်တဆိတ် ဖိတ်ခေါ်နေသလို သူ ခံစားနေရပြီး သူမ၏ ကြည်လင်သော မျက်လုံးများတွင် နူးညံ့သိမ့်မွေ့သော အပြုံးရိပ်လေးများ ဖျာထွက်နေကာ သူ့ကို အမြတ်တနိုး ကြည့်နေပုံရသည်။
ကျိရွှေရှန့်က ပြုံးလိုက်ပြီး "ကိုယ်ရဲ့ချင်းအာက အရမ်းကို လှနိုင်လွန်းတယ်"
သူ့အသံက အနည်းငယ် တိုးရှရှဖြစ်နေပြီး စူးချင်း၏နားထဲတွင် နွေဦးလေညင်းလေး တိုးဝင်လာသလို ခံစားနေရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အပူငွေ့များက စူးချင်းကို နေရောင်ကျနေသလို ပူလောင်လာစေပြီး သူမ၏မျက်နှာလေးက နေဝင်ချိန်မှ တိမ်နီနီလေးများလို တောက်ပနေကာ လရောင်၏ပံ့ပိုးပေးမှုကြောင့် ပို၍ပင် ချစ်စရာကောင်းနေခဲ့သည်။
ကျိရွှေရှန့်က သူ့ကိုယ်သူ မည်သို့မျှ မထိန်းချုပ်နိုင်တော့ဘဲ သူ့ခေါင်းကို ငုံ့ကာ စူးချင်း၏ နဖူးလေးကို ညင်ညင်သာသာ နမ်းရှိုက်လိုက်သည်။ နောက်ဆုံးတွင် သူ လုံးဝ တောင့်မခံနိုင်တော့ဘဲ ချိုမြိန်မှု အရင်းအမြစ်လေးကို ရှာဖွေကာ လိုက်လံ နမ်းရှိုက်နေမိသည်။
သူတို့ဘေးမှ သစ်ပင်ပေါ်တွင် ဇီးကွက်တစ်ကောင်ရှိနေပြီး ထိုဇီးကွက်က စိတ်လှုပ်ရှားဖွယ်မြင်ကွင်းလေးကို အကြာကြီး ကြည့်နေခဲ့သည်။ အချိန်များ ကြာလာသော်လည်း သစ်ပင်အောက်မှ လူနှစ်ယောက်က မခွဲခွာသေးသောကြောင့် ဇီးကွက်က ကြည့်ရတာ ငြီးငွေ့လာပြီး မျက်လုံးတစ်ဖက် မှိတ်ကာ ဆက်ကြည့်နေလေသည်။
ကျိရွှေရှန့်က သူ့မျက်နှာကို စူးချင်း၏လည်ပင်းတွင် မြှုပ်နှံထားပြီး သူမ၏နူးညံ့ချောမွေ့နေသော အရေပြားအောက်ရှိ သွေးကြောလေးများ တုန်ခါနေသည်ကိုပင် သူ ခံစားနိုင်သည်။ စူးချင်းက သူ့ရင်ခွင်ထဲတွင် အမှန်တကယ်ရှိနေပြီး တခြားသူများကို ထိတ်လန့်စေသည့် သူမ၏ အေးဓာတ်မှုများ ပျောက်ကွယ်နေကာ သူမထံတွင် အဆုံးမရှိသော နူးညံ့မှုများသာ ရှိနေခဲ့သည်။
သူမ၏ ဖြူဖွေးစင်ကြယ်သော မျက်သားဖြူဖြူလေးများပေါ်မှ မျက်ဆံနက်နက်လုံးလေးများက အလွန်ကျက်သရေရှိနေပြီး ရွှမ်းစိုတောက်ပနေကာ သူ့ကိုသာ ကြည့်နေခဲ့သည်။
"ချင်းအာ၊ ကိုယ့်ကို လက်ထပ်ပါ။ မင်းရဲ့ခင်ပွန်းလောင်းကို တွေးမနေပါနဲ့တော့။ တစ်နှစ်က အရမ်း ကြာလွန်းတယ်၊ ကိုယ် မင်းကို အဆုံးအရှုံးမခံနိုင်ဘူး"
ကျိရွှေရှန့်က စူးချင်းကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း သူမနားထဲသို့ တိုးတိုးလေး ပြောပြနေခဲ့သည်။ သူ့အသံတွင် ချစ်မြတ်နိုးမှု ရှစ်ဆယ်ရာခိုင်နှုန်းနှင့် နာကျင်မှုအနည်းငယ် ရောနှောပါဝင်နေကာ အငြင်းပယ်ခံရမည်ကိုလည်း အနည်းငယ် ကြောက်လန့်နေပုံရသည်။
“ကျွန်မ အဖေက သူ့ရဲ့ကတိစကားကို တန်ဖိုးထားတယ်။ အဲ့ဒါကြောင့် သူက တခြားတစ်ဘက်ကို ရှင်းပြဖို့ အကြောင်းပြချက်တစ်ခု ရှာနေတာပါ”
စူးချင်းက ကျိရွှေရှန့်ကို မငြင်းသလို သဘောလည်း မတူလိုက်ပေ။
တကယ်တော့ တစ်နှစ်က ဘယ်လောက်မှ မကြာဘူး၊ လက်ထပ်စာချုပ်က သူမတို့ကို ချုပ်နှောင်ထားနိုင်မှာ မဟုတ်ဘူးလေ။
“ရှင့်ရဲ့ပြဿနာကို မဖြေရှင်းရသေးဘူးလေ။ ဒီတစ်နှစ်ကို အရင် သဘောတူလိုက်ကြရအောင်။ အဲ့အချိန်အထိမှ သူတို့ကို ရှာမတွေ့ရင် သူတို့ကို ထပ်စောင့်နေမှာ မဟုတ်တော့ဘူး”
ကျိရွှေရှန့်၏ စေ့စပ်ထားသူအကြောင်း တွေးလိုက်မိသောကြောင့် စူးချင်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူမနဲ့ ရွှေရှန့် လက်ထပ်ပြီးရင် အဲ့တစ်ယောက် ပြန်ပေါ်လာရင်တော့ စိတ်အနှောက်အယှက်ဖြစ်စရာပဲ။
“....”
ကျိရွှေရှန့်က ဘာမှ ပြန်မပြောဘဲ စူးချင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ တုံ့ဆိုင်းဆိုင်းဖြင့် သဘောတူလိုက်သည်။
“ကောင်းပြီ၊ တစ်နှစ်.... တစ်နှစ်ပဲနော်”
နှစ်ယောက်သား အချိန်အတော်ကြာအောင် တိတ်ဆိတ် နေခဲ့ကြပြီး နောက်ဆုံးတွင် သူတို့ ပြန်လာမည့်အချိန်ကို စောင့်မျှောနေမည့် ချွီတာ့နှင့် ကျိရှောင်ယင်ကို သတိပြန်ရသွားကြသည်။ ထိုမှသာ စူးချင်းက ဂူအတွင်းရှိ ပစ္စည်းများကို ပြန်သတိရသွားတော့သည်။
"ရွှေရှန့်၊ ဂူထဲမှာ အစားအစာတွေ၊ ရွှေ၊ ငွေတွေနဲ့ လက်ဝတ်ရတနာတွေကို ကျွန်မ တွေ့တခဲ့ယ်။ ပြန်သွားပြီးတော့ ဦးလေးချွီနဲ့ တခြားသူတွေကို သွားပြန်ခေါ်ရအောင်”
“… မင်း.... ကိုယ့်ရဲ့ချင်းအာက အရမ်း ကံကောင်းတယ်”
ကျိရွှေရှန့်က မှောင်မိုက်နေသည့်လှိုဏ်ဂူကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ပုံပြင်ပြောသူတွေတောင် ဒီလောက်တိုက်ဆိုင်တာမျိုးကို တွေးနိုင်ပါ့မလား?
စူးချင်း မည်မျှကံကောင်းတတ်သည်ကို တွေးမိချိန်တွင် သူ သက်ပြင်းသာ ချနိုင်တော့သည်။
"ဟုတ်တယ်၊ ကျွန်မက အမြဲတမ်း ကံကောင်းတယ်"
စူးချင်းက သူမ၏ ရှုပ်ပွနေသော ဆံပင်များကို နားရွက်နောက်သို့ ပြန်ညှပ်နေရင်း ဂုဏ်ယူစွာ ပြန်ပြောလိုက်သည် ။
သူမရဲ့ကံက ဘယ်လိုဖြစ်လို့ မကောင်းပဲ နေရမှာတုန်း။ အစားအသောက်တွေကို စနစ်ဆီကနေ အနိုင်ကျင့်ယူခဲပြီး ရွှေ၊ ငွေနဲ့ လက်ဝတ်ရတနာတွေကို ဧကရီဆီကနေ သိမ်းပိုက်လာခဲ့တာလေ။ မီးဖိုချောင်သုံးပစ္စည်းတွေကတော့ ကျိရန်ထန် ဆေးခန်းမကနေ လုယက်ခဲ့တာ။ ဒါတွေအားလုံးက အရင်းအနှီးမရှိဘဲ ရလာတဲ့ အကျိုးအမြတ်တွေပဲ။
နှစ်ယောက်သား တခြားသူများကို အကူအညီတောင်းရန် ပြန်လာခဲ့ကြပြီး ကျိရွှေရှန့်က သူတို့နှင့်အတူ ပြန်လိုက်သွားကာ စူးချင်းက စခန်းချရာနေရာတွင် နေရစ်ခဲ့သည်။ သူမက ပစ္စည်းများ သယ်ယူခြင်းအလုပ်အတွက် ဂရုမစိုက်ပေးတော့ဘဲ သူမ၏ ချက်ပြုတ်မှုစွမ်းရည်ကို မြှင့်တင်ရန် ဟင်းချက်ဖို့ ပြင်ဆင်နေခဲ့သည်။
ကျိရွှေရှန့်က ချွီတာ့နှင့် အခြားလူများကို ကောက်နှံများ ရွှေ့ရန် ခေါ်ဆောင်သွားခဲ့သည်။ ကောက်နှံများကို မြင်ရချိန်တွင် လူတိုင်းက နှစ်သစ်ကူးကဲ့သို့ ပျော်ရွှင်နေကြသည်။
သူတို့ ဆန်လုံးညိုကိုသာ စားနေရပြီး အစာစားချင်စိတ်ပင် ပျောက်ကွယ်လု ဖြစ်နေခဲ့သည်။ ယခု မြေပြင်ပေါ်တွင် စုပုံနေသည့် ဂျုံများက ဂျုံကောင်းများဖြစ်ပြီး ၎င်းတို့ကို ကြိတ်ခွဲပြီးနောက် ဂျုံဖြူများ ဖြစ်သွားပေလိမ့်မည်။
နောက်ဆုံးတော့ ငါတို့ ဂျုံဖြူ စားနိုင်တော့မယ်ကွ။
"ရွှေရှန့်၊ အရင်က ဒီနေရာမှာ တစ်ယောက်ယောက် နေခဲ့ပုံရတယ်၊ ဒါပေမယ့် မီးသုံးထားတဲ့ အရိပ်အယောင်တော့ မရှိဘူး"
လှိုဏ်ဂူအတွင်း မီးရူးတိုင် ၂၀ ကျော် ထွန်းညှိထားပြီး ချွီတာ့က မီးဖိုချောင်သုံးပစ္စည်းများရှေ့တွင် ထိုင်ချလိုက်ပြီး ၎င်းတို့ကို လေ့လာနေခဲ့သည်။
ထိုနေရာတွင် ချက်ပြုတ်ဖူးပါက ဂူ၏နံရံမျာတွင် မီးခိုးမှိုင်းများ ရှိနေကာ မည်းညစ်နေပေလိမ့်မည်။ သို့သော် ထိုသို့သောနေရာမျိုးကို သူ မတွေ့ခဲ့ရပေ။
ယခင်က မီးဖြင့် မချက်ပြုတ်ဘူးဟု သတ်မှတ်လျှင် ထိုအိုးခွက်များ၏ပိုင်ရှင်က ဤနေရာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီးမှ အကြောင်းတစ်ခုခုကြောင့် မပြောင်းရွှေ့နိုင်တော့ခြင်းသာ ဖြစ်နိုင်တော့မည်။
“ဟုတ်တယ်၊ ကျွန်တော်လည်း ထူးဆန်းတယ်လို့ ထင်တာပဲ? ဒီဂျုံကလည်း ဂျုံအသစ်တွေလို့ ပြောလိုရတယ်၊ ဂူပိုင်ရှင်က မကြာသေးမီက လာပို့ထားတာတောင် ဖြစ်နိုင်သေးတယ်။ အခု အဲ့လူက ကျွန်တော်တို့ရဲ့ သံရိုင်းတွင်းကို တွေ့သွားမှာကိုတောင် စိုးရိမ်နေမိပြီ”
ကျိရွှေရှန့်က ဂျုံများကို လေ့လာနေပြီး တစ်စုံတစ်ယောက်က သံရိုင်းတွင်းအား တွေ့ရှိသွားမည်ကို သူ စိုးရိမ်နေမိသည်။
“ဒါလည်း ဖြစ်နိုင်တယ်၊ ငါတို့ လက်နက်တွေ ထုတဲ့အသံက ဒီလောက်ကျယ်တာ။ ဂူထဲတွင် အစားအစာ၊ ရွှေ၊ ငွေနဲ့ လက်ဝတ်ရတနာတွေ ဒီလောက်အများကြီး ဝှက်ထားနိုင်ဖို့ကလည်း တော်ဝင်ရုံးတော် ဒါမှမဟုတ် ဝမ်မိသားစုစစ်တပ်က တစ်စုံတစ်ဦး ဖြစ်နိုင်သေးတယ်။ ပန်းပဲထုသံ ကြားရင် သံသယဖြစ်သွားမှာ သေချာတယ်။ ရွှေရှန့်၊ ငါတို့ တန်ပြန်အစီအမံတွေ လုပ်ထားထို့ လိုနေပြီ၊ မင်း မြန်မြန် စဉ်းစားပြီး ပြင်ဆင်တော့..."