အတွင်းသစ္စာဖောက်
Vol. 26 Ch. 381
ကျိရွှေရှန့်နှင့်စူးချင်းတို့က လက်နက်လှည်းသုံးစီးစာ သယ်ဆောင်လာခဲ့ပြီး နေ့ဘက်တွင် သွားလာရန် မလုံခြုံသောကြောင့် ညဘက်မှ မြို့ထဲသို့ ဝင်လာခဲ့ကြသည်။ သူတို့ မော့ချန်မှ ဝေးကွာနေသည့် ရက်အနည်းငယ်အတွင်း မော့ချန်၌ နှင်းများ ထူထပ်စွာ ကျနေပြန်သည်။ တစ်မြို့လုံးက အဖြူရောင် အမွှေးအမျှင်များ ဖုံးအုပ်ထားသလို ဖြစ်နေပြီး လေတိုက်သောအခါ နှင်းပွင့်များက ကောင်းကင်ယံတွင် လွှင့်ပျံ့နေလေသည်။ သူတို့၏ရထားလုံးများ မြို့ရိုးရှေ့သို့ ရောက်သွားရောက်ချိန်တွင် မြို့စောင့်တပ်သားများက သူတို့ကို သတိထားမိသွားပြီး အော်ဟစ်မေးမြန်းလိုက်သည်။
"ဘယ်သူလဲ?"
"ငါပါ ကျိရွှေရှန့်"
ကျိရွှေရှန့်က သူ့ခေါင်းကို မော့လိုက်ပြီး မြို့ရိုးပေါ်က မြို့စောင့်တပ်သားများကို ပြန်အော်ပြောလိုက်သည်။ ကျိရွှေရှန့် ပြန်ရောက်လာကြောင်း သိလိုက်ချိန်တွင် မြို့ရိုးပေါ်ရှိ မြို့စောင့်တပ်သားများက မြို့တံခါးကို ဖွင့်ပေးရန် ပြေးဆင်းလာကြသည်။
“သခင်လေး၊ နောက်ဆုံးတော့ သခင်လေး ပြန်လာပြီ။ မြို့ထဲမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားခဲ့တယ်”
မြို့စောင့်တပ်သားခေါင်းဆောင်က အလွန်စိုးရိမ်နေပုံရပြီး ကျိရွှေရှန့်ကို တွေတွေ့ချင်း သတင်းပို့လာခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က အရေးကြီးသည့်အရာတစ်ခု ပျောက်ဆုံးသွားခဲ့သောကြောင့် မြို့ကို အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့သည်။ ဝင်ခွင့်ကို စစ်ဆေးပြီး ဝင့်ခွင့်ပြုထားခဲ့သော်လည်း မြို့ထဲမှ ထွက်ခွာခွင့်ကိုတော့ လုံးဝ တားမြစ်ထားခဲ့သည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ?"
ထိုစကားကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်တစ်ယောက် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
သူ ထွက်သွားတာ ဆယ်ရက်ပဲရှိသေးတာကို တစ်ခုခု ဖြစ်သွားပြန်ပြီလား? ဒါပေမယ့် ကြီးကြီးမားမား ပြသနာတော့ မဟုတ်လောက်ဘူး။ မြို့တံခါးကလည်း တိုက်ခိုက်ခံထားရတဲ့ပုံ မပေါ်ဘူး။ တခြားတိုင်းပြည်တွေကတော့ လာမတိုက်ခိုက်သရွေ့တော့ ကြီးကြီးမားမား ပြသနာ မဟုတ်လောက်ပါဘူးလေ။
သို့သော်လည်း မြို့စောင့်တပ်သားခေါင်းဆောင် အစီရင်ခံလာသည့် သတင်းကို ကြားလိုက်ရချိန်တွင် သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားရလိမ့်မည်ဟု သူကိုယ်တိုင်ပင် ကြိုမသိနိုင်ခဲ့ပေ။
“လူသတ်လက်နက်ကြီးကို စောင့်နေတဲ့ စစ်သည်လေးဦး အဆိပ်ခတ်ခံရပြီး လက်နက်ကြီးက ပျောက်သွားပါတယ်”
အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်ကြီးကို ဆုံးရှုံးလိုက်ရခြင်းက ကြီးမားသောကိစ္စ ဖြစ်သည်။ ထိုအရာ၏စွမ်းအားကို လူတိုင်း မြင်ဖူးကြပြီး နောက်ဆုံးအကြိမ် တာ့ထန်စစ်သားများကို ချေမှုန်းရန် ထိုအစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သည့်လက်နက်ကြီးကို အသုံးပြုခဲ့ကြသည်။ ဤအရာသာ ရန်သူလက်သို့ ကျရောက်ပါက သူတို့အတွက် ဘေးဥပဒ်ဖြစ်လာပေလိမ့်မည်။
"ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ?"
စူးချင်းက ရထားလုံးပေါ်မှ ဆင်းလာပြီး မြို့စောင့်တပ်သားခေါင်းဆောင်ထံ လျှောက်လာရင်းမှ လှမ်းမေးလိုက်သည်။
အရင်က အဲ့ဖောက်ခွဲရေးပစ္စည်းကို လုယူဖို့ ကြံစည်ဖူးတဲ့လူတွေ ရှိခဲ့တာကြောင့် လျှို့ဝှက်နေရာကို ရွှေ့ပြောင်းထားခဲ့ပြီးပြီ။ အဲဒီအကြောင်းကို သိတဲ့သူကလည်း ဆယ်ယောက်ထက် မပိုဘူး။ ဖောက်ခွဲရေးပစ္စည်းတွေ အခိုးခံရမှာကို တားဆီးဖို့ အဲ့နေရာကို အနီးကပ်စောင့်ကြပ်ရတဲ့ လူတွေကိုတောင် ပြင်ပနဲ့ လုံးဝ မထိတွေ့စေဘဲ အဲ့နေရာမှာပဲ နေစေပြီး အလှည့်ကျ ကင်းတာဝန်တွေ ချထားပေးခဲ့တယ်။
ဒီလောက် တင်းတင်းကြပ်ကြပ် စီမံထားတာကိုတောင် ပျောက်သွားတုန်းပဲလား? ဆိုလိုတာက အတွင်းသစ္စာဖောက် ရှိနေပြီ။
“လွန်ခဲ့တဲ့ နှစ်ရက်က ကင်းအလှည့်ပြောင်းဖို့ ရောက်သွားတဲ့ စစ်သည်တွေက အရင်ကင်းစောင့်နေတဲ့ စစ်သည်လေးယောက် အဆိပ်မိပြီး သေနေတာကို တွေ့ခဲ့ရပါတယ်။ စစ်သူကြီးချန် ညတွင်းချင်း သွားစစ်ဆေးကြည့်တော့မှ လူသတ်လက်နက်ကြီး အခိုးခံလိုက်ရတာကို သိခဲ့ရတာပါ၊ စစ်သူကြီးချန်က တမြို့လုံးကို ပိတ်ဆို့ပြီး ညတွင်းချင်း ရှာဖွေခဲ့ပေမယ့် အခုထိ ဘာမှ မတွေ့ရသေးပါဘူး”
မြို့စောင့်တပ်သားခေါင်းဆောင်ထံမှ အစီရင်ခံမှုကို နားထောင်ပြီးနောက် ကျိရွှေရှန့်နှင့် စူးချင်းတို့ တုံ့ဆိုင်းမနေနိုင်တော့ဘဲ ချန်ယွိကို တိုက်ရိုက်သွားရှာလိုက်သည်။
ချန်ယွိက နှစ်ရက်လုံးလုံး ကောင်းကောင်း မအိပ်ရသေးပုံဖြင့် သူ့မျက်လုံးများ သွေးရောင်လွှမ်းနေလေသည်။ ကျိရွှေရှန့်နှင့် စူးချင်းတို့ ရောက်သွားချိန်တွင် သူက မော့ချန်၏ မြေပုံကို စိုက်ကြည့်နေခဲ့သည်။
"ဦးလေးချန်"
ကျိရွှေရှန့်က ချန်ယွိ၏စခန်းထဲသို့ ၀င်သွားပြီး သူ့ကို နှုတ်ဆက်လိုက်သည်။
"ရွှေရှန့်၊ စူးချင်း၊ နောက်ဆုံးတော့ မင်းတို့ ပြန်ရောက်လာပြီ"
ချန်ယွိက ကျိရွှေရှန့်ကို အပြစ်မကင်းသော မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။
“ငါ လက်နက်ကြီးကို သေချာ ဂရုမစိုက်နိုင်ခဲ့ဘူး၊ အခု အခိုးခံလိုက်ရပြီ”
"သဲလွန်စ မကျန်ခဲ့ဘူးလား?"
ကျိရွှေရှန့်က ချန်ယွိ သူ့ကိုယ်သူ အပြစ်တင်မနေစေရန် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ယခုအချိန်က တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်နေရမည့်အချိန် မဟုတ်ပေ။ သူ ထိုလက်နက်ကြီးများ မော့ချန်၏အဝေးသို့ မရောက်သွားသေးခင် မဖြစ်မနေ ပြန်ရှာရမည် ဖြစ်သည်။
“လောလောဆယ် ငါ့မှာ ဘာသဲလွန်စမှ မရှိသေးဘူး။ လူသတ်လက်နက်ကြီးကို ဘယ်နေရာမှာ သိမ်းဆည်းထားတယ်ဆိုတာ သိတဲ့လူတွေအားလုံးကို ငါ စစ်ဆေးပြီးပြီ။ တချို့အိမ်တွေကိုလည်း ငါ ရှာဖွေပြီးပြီ၊ ခုထိတော့ ဘာမှ ရှာမတွေ့သေးဘူး”
ချန်ယွိက ရှက်ရှက်ဖြင့် ခေါင်းခါ လိုက်သည်။
လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး သူ မြို့ကို ရှာဖွေရန် သူ့စစ်တပ်ကို အမိန့်ပေးထားခဲ့တယ်။ အဲ့လက်နက်ကြီးကို မော့ချန်ကနေ မထုတ်ယူသွားနိုင်အောင် ဘယ်သူ့ကိုမှ မြို့ပြင်ကို ထွက်ခွာခွင့် မပေးထားခဲ့ဘူး။
မော့ချန်ကို ဖျက်ဆီးဖို့ အဲ့လူသတ်လက်နက်ကြီးကို ပြန်သုံးမှာကို သူ အကြောက်ဆုံးပဲ။ အရမ်းကို အန္တရာယ်များလွန်းတယ်။
"ယုံခန်း ဘယ်မှာလဲ?"
ကျိရွှေရှန့်က ချန်ယွိကို ထပ်မေးလိုက်သည်။
သူ ထွက်မသွားခင်တုန်းက ယုံခန်းက မော့ချန်ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? အခု ဒီလို ကြီးမားတဲ့ အရှုပ်အထွေးတွေ ဖြစ်စေခဲ့တာလား?
“သူ လူတွေ ခေါ်သွားပြီး နေ့ရောညပါ ရှာဖွေနေတယ်။ မင်းက ဒီနေရာကို သူ့ဆီမှာ အပ်ထားခဲ့ပြီး အခုလို ဖြစ်သွားတယ်လေ၊ သူက လက်နက်ကြီးတွေကို မဖြစ်မနေ ပြန်ရှာရမယ်လို့ ဆက်တိုက် ပြောနေခဲ့တာ။ မဟုတ်ရင် မင်းကို တွေ့ရမှာ ရှက်လို့တဲ့"
ချန်ယွိက သက်ပြင်းချလိုက်သည်။
တကယ်တော့ ရွှေရှန့်ကို ရင်ဆိုင်ဖို့ ရှက်နေတာက ယုံခန်းတစ်ယောက်ပဲ မဟုတ်ဘူး။ သူလည်း ရှက်နေမိတယ်။
"ကျွန်တော် သွားကြည့်လိုက်ဦးမယ်"
ချိုးယုံခန်း နေ့ရောညပါ ရှာဖွေနေကြောင်း ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်၏စိတ်ထဲမှ မကျေနပ်မှုများက အနည်းငယ် လျော့ပါးသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ယုံခန်းကိုပဲ အပြစ်တင်နေလို့ မရဘူး။ သူလည်း ဒါမျိုး ဖြစ်စေချင်မှာမှ မဟုတ်တာ။
ကျိရွှေရှန့်က လက်နက်များ သိမ်းဆည်းထားသည့် လျှို့ဝှက်နေရာကို အရင်သွားစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သူတို့က စစ်စခန်းအနီးရှိ စွန့်ပစ်ထားသော စားသောက်ဆိုင်တွင် ထိုလက်နက်များကို ဖွက်ထားကြခြင်း ဖြစ်သည်။ ထိုစားသောက်ဆိုင်၏ ခန်အောက်တွင် ဥမင်လိုဏ်ခေါင်းတစ်ခု ရှိသည်။ ထိုစားသောက်ဆိုင်က စစ်စခန်းအနီးတွင် ရှိပြီး အများအားဖြင့် ပင်မတံခါးကို ပိတ်ထားတတ်သည်။ အစောင့်များ အားလုံးက အနောက်ဘက်တံခါးမှ အဝင်အထွက် လုပ်ကြပြီး သူတို့အားလုံးက ပေါ့ပေါ့ပါးပါး အရပ်ဝတ်များကိုသာ ၀တ်ဆင်ကြသည်။ ထို့ကြောင့် ပြင်ပလူများအနေဖြင့် ဤလျှို့ဝှက်နေရာကို လုံးဝရှာဖွေနိုင်မည် မဟုတ်ပေ။
ကျိရွှေရှန့်က ထိုနေရာကို သွားရောက်စစ်ဆေးချင်နေပြီး ရန်သူဘက်က လျှို့ဝှက်လမ်းကြောင်းတစ်ခု တူးဖော်ပြီး ထိုနေရာသို့ အတွင်းဘက်မှ ဝင်ရောက်လာခြင်း ရှိ မရှိ သိချင်နေမိသည်။ ထိုသို့မဟုတ်လျှင် စစ်စခန်းဘက်တွင် ရှိနေသည့် ကင်းသမားများက ချက်ချင်း သိသွားပြီး တိုက်ပွဲဖြစ်သွားနိုင်သေးသည်။
"ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"
စူးချင်းက ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းထားသည့် စားသောက်ဆိုင်သို့ ကျိရွှေရှန့်နှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ကျိရှောင်ယင်ကို သူမတို့အဖိုး၏အိမ်တွင် တစ်ညသွားနေရန် ညွှန်ကြားလိုက်သည်။
စစ်သည်လေးယောက်လုံး အဆိပ်ခတ်ခံရပြီး သေခဲ့တယ်ဆိုမှတော့ အဆိပ်ခပ်တဲ့သူက ရင်းနှီးသူပဲ ဖြစ်ရမယ်။ ပြီးတော့ ဘယ်လိုအဆိပ်မျိုးလဲဆိုတာကို သူမ သိချင်နေသေးတယ်။ အဆိပ်ကို သိနိုင်ရင် အတွင်းသစ္စာဖောက်ကို ဖော်ထုတ်နိုင်မလားပဲ?
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။ စူးချင်း သူ့နောက်သို့ လိုက်လာလျှင် သူတို့နှစ်ယောက် တိုင်ပင်ဆွေးနွေးနိုင်မည် ဖြစ်သည်။
“ငါ အဲဒီနေရာကို ကာကွယ်ဖို့ မြို့သူမြို့သားတွေကို တောင်းဆိုထားတယ်။ အဲ့ဒါကြောင့် နှင်းပေါ်က ခြေရာတွေက ရှင်းလင်းနေလိမ့်မယ်”
ချန်ယွိကလည်း ကျိရွှေရှန့်တို့နှင့်အတူ စားသောက်ဆိုင်ထဲသို့ လိုက်လာခဲ့သည်။ ညဉ့်သန်းခေါင်အချိန် ဖြစ်နေသောကြောင့် လမ်းများက လူသူကင်းမဲ့နေကာ မည်သူမျှမရှိဘဲ ဘေးနှစ်ဖက်လုံးရှိ အိမ်များကလည်း မည်းမှောင်နေသည်။
ဤကာလအတောအတွင်း လူသတ်မှုများ ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်သည်ခေါင်းဆောင်များနှင့် အရာရှိများက တစ်မြို့လုံးကို ရှာဖွေခဲ့ကြသောကြောင့် မြို့သူမြို့သားများ ထိတ်လန့်ခဲ့ကြရသည်။ ရက်အနည်းငယ်ကြာ ငြိမ်သက်နေပြီးနောက်တွင် ၎င်းတို့က နောက်တစ်ဖန် ပြန်လည်ရှာဖွေကြပြန်သည်။ ထို့ကြောင့် မြို့သူမြို့သားများ ကြောက်လန့်နေကြပြီး အိမ်တံခါးများ၊ ပြတင်းပေါက်များကို ပိတ်ကာ ညဘက်တွင် အပြင်သို့ လုံးဝ မထွက်ကြတော့ပေ။
သူတို့ စားသောက်ဆိုင်အနီးသို့ ရောက်ခါနီးတွင် တစ်ယောက်ယောက်၏ခပ်မာမာ လှမ်းအော်သံကို ကြားလိုက်ရသည်။
"ဘယ်သူလဲ?"
ထိုအသံပျောက်သွားသည်နှင့် တပြိုင်နက် စစ်သည်တစ်စုက သူတို့ကို ဝိုင်းထားလိုက်သောကြောင့် ချန်ယွိက လေးနက်သော အသံဖြင့် တုံ့ပြန်လိုက်သည်။
“ငါပါ”
စစ်သူကြီး၏အသံကိုကြားလိုက်ရသောကြောင့် စစ်သည်မျာက ပြန်ဆုတ်ခွာသွားကြသည်။ ချိုးယုံခန်းက မီးရှူးတိုင်တစ်ချောင်းကိုင်ကာ ရောက်လာခဲ့ပြီး ချန်ယွိ၏အနားမှ ကျိရွှေရှန့်နှင့် စူးချင်းကို တွေ့သွားချိန်တွင် ရှက်ရွံ့နေဟန်ဖြင့် နှုတ်ဆက်လာခဲ့သည်။
"ရွှေရှန့်၊ စူးချင်း"
ချိုးယုံခန်းက ကျိရွှေရှန့်ကို မည်သို့ရှင်းပြရမှန်းမသိ ဖြစ်နေသောကြောင့် သူတို့ကို နှုတ်ဆက်ပြီးနောက် ခေါင်းသာငုံထားလိုက်သည်။
ကျိရွှေရှန့်က ချိုးယုံခန်း၏ အမြဲတမ်း ချောမွေ့နေလေ့ရှိသော မေးစေ့မှ လက်မဝက်ခန့်ရှည်သော မုတ်ဆိတ်မွေးများနှင့် သူ့မျက်လုံးအောက်မှ ညိုမည်းနေသည့် အဝိုင်းကွင်းများကို သတိပြုမိသွားခဲ့သည်။
"မင်း သိပြီးပြီမလား? ငါ မြို့ကို သေသေချာချာ ဂရုမစိုက်နိုင်ခဲ့ဘူး၊ အဲ့ဒါက ငါ့အပြစ်ပါ”
ကျိရွှေရှန့်က သူ့ကို ဘာမှ မပြောဘဲ ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ချိုးယုံခန်းက သူ့ခေါင်းကို ပြန်မော့လိုက်ပြီး သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။
"မင်း အိမ်ပြန်ပြီး အနားယူလိုက်ပါ!"
ကျိရွှေရှန့်က ချိုးယုံခန်း၏ သူ့ကိုယ်သူ အပြစ်တင်ရိပ်များရှိနေသည့် မျက်ဝန်းများကိုသာ ကြည့်နေခဲ့ပြီး ဘာမှ မပြောဘဲ သူကို အရင် ပြန်သွားခိုင်းကာ အနားယူခွင့်ပေးလိုက်သည်။
“ငါ မပင်ပန်းပါဘူး၊ မင်းတို့နဲ့ လိုက်ခဲ့မယ်"
ချိုးယုံခန်းက သူ့ခေါင်းကို တဆတ်ဆတ် ခါယမ်းလိုက်သည်။ သူက သူ့အမှားအတွက် ပြင်ဆင်ချင်နေပြီး ကျိရွှေရှန့်နှင့်အတူ လိုက်သွားချင်နေပုံရသည်။
"ရှင် ပြန်သွားလိုက်ပါ။ ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး"
စူးချင်းက ချိုးယုံခန်းကို ပိတ်ဆို့ထားလိုက်ပြီး အေးစက်စက်အသံဖြင့် သူ့ကို ပြန်သွားခိုင်းလိုက်သည်။
“...”
ချိုးယုံခန်းက စူးချင်းကို ဒေါသတကြီး ပြန်စိုက်ကြည့်လိုက်သည်။
သူမက ဘာလို့ သူ့ကို သူခိုးလို ဆက်ဆံနေရတာလဲ?
ထိုအရာက ချိုးယုံခန်းကို အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့သသည်။
"ယုံခန်း၊ မင်းလည်း ပင်ပန်းနေပြီ။ ပြန်သွားပြီး ကောင်းကောင်းအနားယူလိုက်ပါ"
စူးချင်း၏သဘောထားက အနည်းငယ် တင်းမာနေကြောင်း ကျိရွှေရှန့်လည်း မြင်နေရသည်။ သူက ချိုးယုံခန်း၏မာနအာ ထိခိုက်ပြီး သူ ရှက်ရွံ့သွားမည်ကို စိုးရိမ်သောကြောင့် ချိုးယုံခန်း၏ပုခုံးကို လှမ်းပုတ်လိုက်ပြီး သူ့ကို အရင်ပြန်သွားခိုင်းလိုက်သည်။
"အင်း ဒါဆိုလည်း ကောင်းပြီလေ!"
ချိုးယုံခန်းက အတင်းအကြပ် ထပ်မပြောတော့ပေ။
စူးချင်းက သူ့ကို လုံးဝ မျက်နှာသာ မပေးဘူး။ သူ မထွက်သွားရင် သူမက သူ အရှက်ရစေမယ့် တစ်ခုခုကိုတောင် ပြောလာနိုင်တယ်။
ချိုးယုံခန်း ထွက်သွားပြီးနောက်၊ စူးချင်းက သူ ခေါ်ဆောင်လာသော စစ်သည်များကို စားသောက်ဆိုင်၏အဝင်ပေါက်တွင် စောင့်ကြပ်ရန် အမိန့်ပေးလိုက်ပြီး သူမတို့နောက်သို့ မည်သူမှ မလိုက်လာရန် အမိန့်ပေးထားခဲ့သည်။
ကျိရွှေရှန့်က အထဲ ဝင်ရန် ခြေလှမ်း ပြင်လိုက်သော်လည်း စူးချင်းက သူ့ကို လှမ်းတားလိုက်သည်။
“အခင်းဖြစ်တဲ့နေရာကို မပျက်စီးစေနဲ့”
ထိုစကားကို ပြောပြီးနောက် စူးချင်းက မီးရှူးတိုင်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်ရှိ ခြေရာများကို လိုက်စစ်ဆေးနေသည်။
ရှောင်ချီသာ ဒီနေရာမှာ ရှိနေရင် သူမ ဒီခြေရာတွေကို ကူးယူနိုင်မှာ သေချာတယ်။