နားဝေတိမ်တောင်ဖြစ်စေခြင်း
Vol. 26 Ch. 383
"ကျွန်မ ကိစ္စလား?"
စူးချင်းက အေးစက်သော မျက်နှာဖြင့် ချိုးယုံခန်းကို ပြန်မေးလိုက်သည်။ ချိုးယုံခန်းက နားဝေတိမ်တောင် ဖြစ်စေမည့်ဟန်ပန်ဖြင့် စကားကို တမင်တကာ ချဲ့ကားနေသောကြောင့် သူမ သူ့ကို ပို၍ ရွံရှာလာသည်။
“ဟုတ်တယ်၊ မနေ့တုန်းက ကျန်းလောင်ချီက ကျောက်မီးသွေး ပို့ဖို့ တာ့ထန်ကို သွားခဲ့တယ်။ တတိယမင်းသားက ပါးဝမ်စွေ့ ရောင်းကုန်သွားလို့ နောက်ထပ် ဘယ်အချိန်လာပို့ပေးမလဲလို့ မေးခိုင်းလိုက်တယ်။ ငါ ခုနက ပြောဖို့ မေ့သွားပြီး လမ်းတစ်ဝက် ရောက်မှ သတိရလို့ မင်းကို ပြောပြဖို့ အမြန်ပြန်လာခဲ့တာ"
ချိုးယုံခန်းက စူးချင်း၏ သဘောထားကို ဂရုမစိုက်ဘဲ သူ့စကားကို အေးအေးဆေးဆေး အဆုံးသတ်လိုက်သည်။
စူးချင်းက ဤအကြောင်းပြချက်ကို လုံးဝ မယုံခဲ့ပေ။ သူမက ချိုးယုံခန်းကို ခပ်မာမာ ထပ်မေးလိုက်သည်။
"ဒါဆို ရှင်ပြန်လာတဲ့လမ်းမှာ တစ်ယောက်ယောက်ကို တွေ့ခဲ့သေးလား?"
“ဒီလိုညသန်းခေါင်မှာ ငါက ဘယ်သူနဲ့ တွေ့နိုင်မှာလဲ? စူးချင်း မင်းက ငါ့ကို သံသယဝင်နေတာလား?”
ချိုးယုံခန်းက မချိပြုံး ပြုံးလိုက်ပြီး စူးချင်းကို ကူကယ်ရာမဲ့ ပြန်မေးလိုက်သည်။
ကျိရွှေရှန့်က စူးချင်း ချိုးယုံခန်းအား အဘယ်ကြောင့် ရာဇ၀တ်သားကဲ့သို့ စစ်ဆေးမေးမြန်းနေပြီး မေးခွန်းထုတ်သည်ကို သူ နားမလည်နိုင်တော့ပေ။ ထို့ကြောင့် သူက သူမကို ဘေးနားသို့ ဆွဲခေါ်ပြီး မေးမြန်းလိုက်သည်။
"ချင်းအာ၊ မင်း ယုံခန်းအပေါ် မကျေနပ်တာတွေရှိနေတာလား?"
"ရွှေရှန့်၊ ရှင်နဲ့သူက အခင်ဆုံးသူငယ်ချင်းတွေဆိုတာကို ကျွန်မ သိပါတယ်၊ ဒါပေမယ့် သူ့နဲ့ပတ်သတ်ပြီး သံသယဖြစ်စရာအချက်တွေ အများကြီးရှိတယ်။ ကျွန်မရဲ့ ပင်ကိုယ်စိတ်က သူ တစ်ခုခုမှားနေပြီလို့ ပြောနေတယ်”
ကျိရွှေရှန့်က သူမ၏စကားကို ချက်ချင်းယုံကြည်မည် မဟုတ်ကြောင်း စူးချင်းက သိပြီးသား ဖြစ်သည်။ သို့သော် သူမက သူ့နှလုံးသားထဲသို့ သံသယမျိုးစေ့တစ်စေ့ စိုက်ပျိုးရန် ကြိုးစားလိုက်ခြင်း ဖြစ်ပြီး နောင်တွင် အထောက်အထားများ ထပ်တွေ့လာပါက သူ စိတ်ပျော့မသွားစေရန် သူမ မျှော်လင့်နေမိသည်။
စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က နောက်သို့ ပြန်လှည့်ပြီး ချိုးယုံခန်းကို လှမ်းကြည့်လိုက်သည်။ ချိုးယုံခန်းနှင့် ရှင်းရုဟိုင်တို့က ပျက်စီးသွားသော စားသောက်ဆိုင်အား စစ်ဆေးနေသည်ကို သူ တွေ့လိုက်ရသည်။ သူက ခေါင်းယမ်းပြီး သက်ပြင်းကိုသာ ထပ်ခါထပ်ခါ ချလိုက်မိသည်။
တကယ်တော့ ဘာသံသယဖြစ်စရာမှ မရှိဘူး။
"ချင်းအာ၊ မင်း ယုံခန်းကို နားလည်မှုလွဲနေပြီလို့ ကိုယ် ထင်တယ်၊ ကိုယ်က ယုံခန်းနဲ့အတူ ကြီးပြင်းလာခဲ့တာပါ၊ ကိုယ် သူ့ကို အသိဆုံးပါ။ သူက ကိုယ့်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး"
ချိုးယုံခန်းက သူ့ကို ထိခိုက်အောင် လုပ်မည်ဟု ကျိရွှေရှန့်က လုံးဝ မယုံနိုင်သေးပေ။ စူးချင်းက ချိုးယုံခန်းကို မလိုမုန်းထားဖြစ်နေသည်ဟုသာ သူ ခံစားမိသည်။
“အဲဒီအချိန်က ရှင်တို့ ထောင်ဟွားဝူမှာ ရှိနေခဲ့တာလေ။ ဘဝက ရိုးရှင်းပြီး ငြိမ်းချမ်းတယ်၊ အကျိုးစီးပွားအတွက် ယှဥ်ပြိုင်စရာ မရှိတော့ ပဋိပက္ခတွေလည်း မရှိဘူး။ ဒါပေမယ့် လူတွေက ပြောင်းလဲလွယ်တယ်။ ချိုးယွဲ့ ကွယ်လွန်ပြီးတဲ့နောက်မှာ ယုံခန်း စကားနည်းလာတာကို ရှင် သတိပြုမိလား? သူက ရှင်နဲ့ကျွန်မကို အပြစ်မတင်ဘူးလို့ ပြောခဲ့တယ်၊ ဒါပေမယ့် သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ရှင် သိလား?”
စူးချင်းက ခေါင်းယမ်းလိုက်သည်။
ရွှေရှန့်က လူ့သဘောသဘာဝရဲ့ ရှုပ်ထွေးမှုကို နားမလည်သေးဘူး။ သူက သစ္စာဖောက်တာကို တစ်ခါမှ မကြုံဖူးတာကြောင့် ချိုးယုံခန်းကို အရမ်းယုံကြည်နေသေးတယ်။
“အဲ့ဒါဆို မင်း အထင်လွဲနေပြီ။ အဲ့တုန်းက သူက ထောင်ဟွားဝူက ရွာသားတွေရဲ့အကျိုးအတွက် သူကိုယ်တိုင် ချိုးယွဲ့ကို ကြိုးဆွဲချင်ခဲ့တာပါ။ သူ မင်းကို အပြစ်မတင်ဘူးလို့လည်း ပြောခဲ့တယ်”
သူ၏ညီအစ်ကိုကောင်းက စူးချင်း ပြောနေသည့်လူစားမျိုးဖြစ်လာလိမ့်မည်ဟု ကျိရွှေရှန့်က မယုံကြည်နိုင်သေးပေ။
ချင်းအာက အခု ပေါက်ကွဲမှုနဲ့ ကြုံတွေ့ခဲ့ရပြီး သေဆုံးလုနီးပါးဖြစ်ခဲ့ရတာကြောင့် သူမ လူတိုင်းကို သံသယဝင်နေတာ ဖြစ်နိုင်တယ်။
စူးချင်း ချိုးယွဲ့ကို မသတ်ရင်တောင် ယုံခန်းက ချိုးယွဲ့ကို သူကိုယ်တိုင် သတ်မှာ ဆိုတော့ ယုံခန်းက သူတို့ကို မုန်းတီးနေမယ်လို့ သူ မထင်ဘူး။
စူးချင်းက ကျိရွှေရှန့် မယုံသေးသည်ကို သိလိုက်ရသည့်အတွက် သူမ သူ့ကို လာရှာစဥ်က ချိုးယုံခန်း မည်သို့တားဆီးခဲ့ကြောင်း သူ့ကို ပြောပြလိုက်သည်။
“အရင်က ကျွန်မတို့ကြားမှာ ပဋိပက္ခတွေ ရှိခဲ့ဖူးတယ်။ ကျွန်မ ရှင့်ကို ရှာဖို့ မော့ချန်ကို ပြန်လာတုန်းက ယုံခန်းနဲ့ အရင် တွေ့ခဲ့တယ်။ ကျွန်မ ရှင့်ကို ရှာဖို့ ပြန်လာခဲ့တာကို သူ သိနေပေမယ့် ရှင့်ကို ထားပြီးထွက်သွားဖို့ အကြံပေးနေတုန်းပဲ။ ရှင် ကျွန်မကို ရှာဖို့ တာ့ထန်ကို သွားခဲ့တာကိုလည်း သူ ဖုံးကွယ်ထားခဲ့တယ်”
ကျိရွှေရှန့်က အံ့အားသင့်သွားပြီး ချိုးယုံခန်းကို ထပ်လှည့်ကြည့်လိုက်ပြန်သည်။
သူက ချင်းအာအတွက် ဘယ်လိုခံစားချက်မျိုး ရှိတယ်ဆိုတာနဲ့ သူ ဘယ်လိုတွေ ခံစားနေရတယ်ဆိုတာကို သိနေတာတောင် ချင်းအာကို သူနဲ့တွေ့ဖို့ တားမြစ်ခဲ့တယ်တဲ့လား? ယုံခန်းက တကယ်ပဲ သူတို့ကို မုန်းတီးနေတာလား?
"ကိုယ် သူနဲ့ စကားပြောကြည့်ပါ့မယ်"
ကျိရွှေရှန့်က သူ့၏ထူထဲသောမျက်ခုံးမွှေးများကို တင်းတင်းကျပ်ကျပ် စုကျုံထားပြီး သူ့မျက်လုံးများက မှင်ရောင်သန်းနေလေသည်။
သူက ခင်မင်ရင်းနှီးမှုတွေကို တန်ဖိုးထားတတ်ပြီး သူနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ သူရဲ့သူငယ်ချင်းကောင်းမှာ ဒီလိုလေးနက်တဲ့ အကြံအစည်တွေ ရှိနေတာကို သူ မယုံချင်သေးဘူး။
“သူနဲ့ ရှင့်ရဲ့ဆက်ဆံရေးက ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို ကျွန်မ ဂရုမစိုက်ဘူး။ တကယ်လို့ သူက ကျွန်မတို့ကို နှောင့်ယှက်နေတဲ့သူဆိုတာ သေချာသွားရင် ကျွန်မ သူ့ကို သက်ညှာပေးမှာ မဟုတ်ဘူး”
စူးချင်း၏မျက်နှာက ရေသေအိုင်ကဲ့သို့ မည်းမှောင်နေပြီး သူမက မည်သူ့၏မျက်နှာကိုမျှ ထောက်ထားမည် မဟုတ်ကြောင်း ပြောလိုက်သည်။
ကျိရွှေရှန့်က သူမ၏သဘောထားကို ထောက်ခံလိုက်ပြီး သူ့မျက်လုံးများတွင် လေးနက်သည့်အရိပ်အယောင်များရှိနေကာ သူ့အသံက ပြတ်သားခိုင်မာနေသည်။
“သူ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပတ်သတ်နေတာကို အတည်ပြုနိုင်တာနဲ့ ‘ကိုယ်’ ကိုယ်တိုင် သူ့ကို သတ်ပစ်မယ်”
စူးချင်းက ကျိရွှေရှန့်၏သဘောထားကို အလွန်ကျေနပ်သွားခဲ့သည်။
လူတွေကို မျက်စိစုံမှိတ်ယုံနေပြီး သူ့လူတွေက မကောင်းတမျိုး မဖြစ်နိုင်ဘူးလို့ တွေးနေခဲ့ရင် သူ ဘာကိုမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
"ကျွန်မ အထဲကို ဝင်ကြည့်လိုက်ဦးမယ်"
သူမ အလောင်းများ စစ်ဆေးရန် ပြင်နေစဥ်အတောအတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး သူမ ဆုကြေးနှင့် လဲလှယ်ထားခဲ့သော စက်ပစ္စည်းများ ပျက်စီးသွားမည်ကို စူးချင်း စိုးရိမ်နေမိသည်။
“အားလုံး ပြိုပျက်နေပြီ။ ကိုယ်တို့က ဘာကို ထပ်ရှာနိုင်ဦးမှာလဲ?"
ကျိရွှေရှန့်က မီးတောက်လောင်နေဆဲဖြစ်သော အပျက်အစီးများကို ကြည့်ရင်း ပြန်မေးလိုက်သည်။ ဖောက်ခွဲရေးပစ္စည်းများ လုံးလုံး မပေါက်ကွဲသေးဘဲ စူးချင်းအား ထပ်မံနာကျင်စေမည်ကို သူ စိုးရိမ်နေမိသည်။
"သက်သေအထောက်အထားတွေ"
အခိုးအငွေ့များ ထွက်နေဆဲ ဖြစ်သည့် အပျက်အစီးများကို ကြည့်နေသည့် စူးချင်း၏မျက်လုံးများတွင် ယုံကြည်မှုများ ပြည့်နေခဲ့သည်။
အလောင်းတွေရဲ့ခန္ဓာကိုယ် တစ်ကိုယ်လုံး လောင်ကျွမ်းသွားရင်တောင် သူမ မကြောက်ဘူး။ ဗိုက်ထဲမှာရှိနေတဲ့ အစာတွေ ရှိနေသရွေ့တော့ သူမ အထောက်အထားတွေကို ရှာတွေ့နိုင်လိမ့်မယ်။
"အလောင်းကို တူးဖို့ လူတွေခေါ်လိုက်ပါ"
စူးချင်းက အပျက်အစီးပုံများဆီသို့ လျှောက်သွားနေပြီဖြစ်ကာ ချန်ယွိ၏စစ်သားများကို အမိန့်ပေးလိုက်သည်။ ချိုးယုံခန်းက စိတ်ရှုပ်ထွေးနေပုံဖြင့် သူမကို လှမ်မေးလိုက်သည်။
"အလောင်းတွေကို တူးတာက ဘာထူးမှာမလို့လဲ?"
“ရှင့်မေးခွန်းက စည်းကျော်နေပြီ”
စူးချင်းက ချိုးယုံခန်း၏မျက်လုံးများကို အေးစက်စွာ စိုက်ကြည့်ရင်း တုံ့ပြန်လိုက်ကာ သူ့ကို လုံးဝ မျက်နှာသာ မပေးတော့ပေ။
သူမ၏အကြည့်များ အောက်တွင် ချိုးယုံခန်း၏အမူအရာကလည်း သဘာဝမကျသလို ဖြစ်လာခဲ့သည်။ သူမ၏အကြည့်များက ရေခဲနှင့် နှင်းများထက် ပိုအေးသလို သူ ခံစားနေရပြီး သူ့ဦးရေပြားများ ထုံကျင်လာကာ သူ့ခြေဖဝါးမှ အအေးဓာတ်က သူတစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့လာသလို ခံစားနေရပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
လေထုထဲတွင် အဆင်မပြေဖြစ်နေဟန် တိတ်ဆိတ်မှုတစ်ခု ရှိနေခဲ့ပြီး နောက်ဆုံးတွင် ချိုးယုံခန်းက ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။
"ဟုတ်တယ်၊ ငါ မမေးသင့်ဘူး"
"ယုံခန်း၊ မင်း ပြန်သွားပြီး အနားယူလိုက်ပါ!"
ကျိရွှေရှန့်က ချိုးယုံခန်း၏အနားသို့ လျှောက်သွားလိုက်ပြီး သူ့ပခုံးကို ပုတ်ကာ ဝင်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း အလုပ်ကြိုးစားခဲ့ရပြီး အခု ပင်ပန်းနေပြီ"
“ဒါတွေ အားလုံးက ငါ့အမှားတွေပဲ၊ ငါ လူသတ်လက်နက်ကြီးတွေကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး”
ချိုးယုံခန်းက သူ့ကိုယ်သူ ကဲ့ရဲ့ရှုတ်ချရင်း ခေါင်းကို ငုံ့ကာ ကျိရွှေရှန့်ကို ထပ်မံတောင်းပန်လိုက်သည်။
"ပြန်သွားပြီး ကောင်းကောင်း အိပ်လိုက်ပါ"
ကျိရွှေရှန့်က ဘာမှ မှတ်ချက်မပေးဘဲ ချိုးယုံခန်း ထွက်သွားရန်သာ တိုက်တွန်းလိုက်သည်။
"ကောင်းပြီလေ၊ ငါ တကယ်ပဲ အများကြီး ပင်ပန်းနေပြီ"
ချိုးယုံခန်းက ခေါင်းညိတ်လိုက်ပြီး အပျက်အစီးပုံရှေ့တွင် ရပ်နေကာ ထိုနေရာကို တူးဖော်ရန် ညွှန်ကြားနေသည့် စူးချင်းကို လှမ်းကြည့်လိုက်ပြန်သည်။ ထိုအချိန်တွင် စူးချင်းက သူ့ကို ပြန်လှည့်ကြည့်လာခဲ့ပြီး သူမ၏အကြည့်များက အေးစက်နေကာ အရာအားလုံးကို ဖောက်ထွင်းမြင်နေရသလို ဖြစ်နေခဲ့သည်။ ချိုးယုံခန်းက သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။
"ချင်းအာ ကိုယ့် သူ့နောက်ကို လိုက်သွားဦးမယ်"
ချိုးယုံခန်း ထွက်သွားပြီးနောက် ကျိရွှေရှန့်က စူးချင်းကို လှမ်းပြောလိုက်သည်။ ချိုးယုံခန်းက "အလောင်းတွေကို တူးတာက ဘာထူးမှာမလို့လဲ?"ဟု မေးလိုက်ချိန်တွင် ကျိရွှေရှန့်က သံသယစိတ်တစ်ခုကို ခံစားလိုက်ရပြီး ချိုးယုံခန်း မည်သူနှင့် အဆက်အသွယ်ရှိနေသည်ကို သိရန် သူ့နောက်သို့ လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
“အင်း”
စူးချင်းက ခေါင်းညိတ်လိုက်သည်။
ရွှေရှန့်က သူ့ရဲ့စိတ်ခံစားချက်တွေ ဦးစားမပေးတဲ့အတွက် သူမ ကျေနပ်နေမိတယ်။ သူက အခု ချိုးယုံခန်းကို သံသယဝင်နေပြီ။
ကျိရွှေရှန့်က ချိုးယုံခန်း၏နောက် ခပ်ဝေးဝေးမှ လိုက်ပါသွားခဲ့ပြီး ချိုးယုံခန်းက လမ်းကို အမြန်မလျှောက်ကြောင်း သူ မြင်နေရသည်။ ချိုးယုံခန်းက အတွေးများ ပြည့်နှက်နေပုံရပြီး လမ်းလယ်တွင် ရပ်ကာ နောက်သို့ ခဏခဏ ပြန်ကြည့်နေသေးသည်။
ကျိရွှေရှန့်က ချိုးယုံခန်းကို ပိုသံသယဝင်လာခဲ့သည်။ သူက ချိုးယုံခန်း၏နောက်ကျောကို ကြည့်ကာ မျက်မှောင်ကြုတ်နေပြီး ချိုးယုံခန်းက သူ စိတ်ပျက်အောင် မလုပ်မိစေရန် မျှော်လင့်နေမိသည်။
ကျိရွှေရှန့်က လမ်းတစ်လျှောက်လုံး လိုက်လာခဲ့ပြီး ချိုးယုံခန်းက အိမ်သို့ တည့်တည့်ပြန်သွားကာ ဘယ်မှ ပြန်မထွက်သည်ကို သူ တွေ့လိုက်ရသည်။
စူးချင်းက လူများကို ခေါ်ကာ အလောင်းများကို တူးဖော်ခိုင်းနေခဲ့သည်။ သူမ ကိုယ်တိုင်လည်း အလောင်းခွဲစိပ်ကိရိယာကို ရှာဖွေခဲ့ပြီး လက်ဗွေရာနှင့် ခြေရာ ဖတ်နိုင်သည့် စကင်နာကိုပါ ရှာဖွေနေခဲ့သည်။ နောက်ဆုံးတွင် ထိုစက်ပစ္စည်းများနှင့် ခွဲစိပ်ကိရိယာများ အားလုံး ပေါက်ကွဲသွားခဲ့ပြီး လုံးဝ အသုံးမပြုနိုင်တော့ကြောင်း သူမ တွေ့ရှိလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ရုပ်အလောင်း ၃ လောင်းက နဂိုအတိုင်း ကျန်ခဲ့ပြီး ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် မီးတောက်က တစ်ဦးတည်းသာ မီးလောင်ကျွမ်းသွားစေခဲ့သည်။
ထိုအခြေအနေက သူမအတွက် လုံလောက်နေသောကြောင့် စူးချင်းက ထိုအလောင်းများကို နာရေးခန်းမသို့ ရွှေ့ခိုင်းလိုက်သည်။
သူတို့ မသေခင်မှာ ဘာတွေကို စားခဲ့လဲဆိုတာ သိရဖို့ အလောင်းတွေကို ခွဲစိပ်ရမယ်။
အလောင်းများကို အများပိုင်နာရေးခန်းမသို့ ပြောင်းရွှေ့ပြီးချိန်တွင် စူးချင်းက လူတိုင်းကို ထိုနေရာမှ နှင်ထုတ်လိုက်ပြီး ဆေးဘက်ဆိုင်ရာ လက်အိတ်များကို ထပ်ဝတ်ဆင်ကာ ခွဲစိပ်ရေးကိရိယာအစုံအတွက် စနစ်ကို ထပ်တောင်းဆိုလိုက်သည်။ ထို့နောက် သူမက မီးခလုတ်ကို ဖွင့်ပြီး အလောင်းများကို စတင်ခွဲခြမ်းစိပ်ဖြာလိုက်သည်။
အမှန်တရားကို ရှာဖွေဖို့ သူမရဲ့ဆုလေးခုကို ဖြုန်းတီးလိုက်ရတယ်။ အမှန်တရားကို ရှာမတွေ့ရင် သူမ အကြီးအကျယ် ဆုံးရှုံးရလိမ့်မယ်။
ပါးလွှာသော ခွဲစိပ်ဓားဖြင့် အလောင်း၏ဝမ်းဗိုက်ကို လှီးဖြတ်ပြီး ဖွင့်လိုက်သော်လည်း အေးခဲနေသည့် ခန္ဓာကိုယ်ကတော့ သွေးပင် မထွက်တော့ပေ။ စူးချင်းက သူမလက်ထဲမှဓားဖြင့် အစာအိမ်ကို ထပ်ဖွင့်လိုက်သည်။
နာရေးခန်းမတွင် ဝိညာဉ်အလံများက လေထဲတွင် ပျံဝဲနေပြီး မြေပြင်ပေါ်တွင် ရွှေစက္ကူ၊ ငွေစက္ကူများ ပြန့်ကျဲနေလေသည်။ စူးချင်းက ခွဲစိတ်ဓားကို ကိုင်ထားပြီး သေဆုံးသွားသူ၏ ဝမ်းဗိုက်ကို အမူအရာမဲ့ ခွဲထုတ်နေခဲ့သည်။ အပြင်ဘက်မှ အခြေအနေများအားလုံးကို မြင်နေရသည့် လူများကတော့ တုန်လှုပ်ချောက်ချားနေကြသည်။