အမှန်တရားက နီးစပ်လာပြီ
Vol. 26 Ch. 384
"ချင်းအာ၊ မင်း ဘာတွေလုပ်နေတာလဲ?"
ကျိရွှေရှန့်က နာရေးခန်းမထဲသို့ ဝင်လာပြီး စူးချင်းကို ထိတ်လန့်တကြား မေးလိုက်သည်။ သူက ချိုးယုံခန်း၏အိမ်သို့ လိုက်သွားခဲ့ပြီး ချိုးယုံခန်း ပြန်ထွက်လာသည်ကို မတွေ့ရသဖြင့် အပြင်တွင် စောင့်ရန် စစ်သည်နှစ်ယောက်ကို အမိန့်ပေးခဲ့ပြီး စူးချင်းကို ရှာရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။
သေလွန်သောသူတို့တွင် ပြီးပြည့်စုံသော ကိုယ်ခန္ဓာ ရှိသင့်သည်ဟု ရှေးလူကြီးများက ဆိုကြပြီး လက်ရှိတွင် စူးချင်းက ဤအလောင်းများ၏ ဝမ်းဗိုက်များကို ထိုးခွဲပြီး ဖွင့်ဟထားခဲ့သည်။ ထိုအရာက သေဆုံးသူကို မထီမဲ့မြင်ပြုသည်ဟု ယူဆနိုင်သည်။
“သူတို့ မသေခင် ဘာတွေစားခဲ့လဲဆိုတာ သိချင်တယ်။ ဖောက်ခွဲရေးပစ္စည်းတွေကို စောင့်ကြည့်ဖို့ ရွေးချယ်ထားတဲ့ စစ်သည်တွေက သေသေချာချာ လေ့ကျင့်ထားတဲ့သူတွေချည်းပဲ။ သူတို့က သူစိမ်းတွေပေးတဲ့ အစားအစာကို ဘယ်တော့မှ အမှုမဲ့အမှတ်မဲ့ စားလိုက်မှာ မဟုတ်ဘူး။ သူတို့နဲ့ရင်းနှီးတဲ့သူတစ်ယောက်ယောက်က သူတို့ကို ပေးလို့သာ သူတို့ စားမိသွားတာ ဖြစ်လိမ့်မယ်၊ အဲ့ဒါကြောင့် သူတို့ ပြင်ဆင်ချိန် မရလိုက်တာ”
ကျိရွှေရှန့်ကို ရှင်းပြနေရင်း စူးချင်းက သူမ လုပ်နေသည့်အလုပ်ကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ကျိရွှေရှန့်က စူးချင်း အလောင်း၏ဗိုက်ကို ဖွင့်ပြီး အတွင်းရှိအစားအစာများအားလုံးအား စစ်ဆေးနေသည်ကို ကြည့်ရှုနေခဲ့သည်။ သို့သော်လည်း ထိုမြင်ကွင်းက အမှန်တကယ် ကြောက်စရာကောင်းလွန်းလှသည်။
ထိုအခိုက်အတန့်တွင် ကျိရွှေရှန့်က တစ်ခုခုမှားနေမှန်း ရုတ်တရက် သတိပြုမိသွားခဲ့သည်။ သူက ခွဲစိတ်ခန်းသုံးမီးလုံးကို ညွှန်ပြရင်း စူးချင်းကို ထပ်မေးလိုက်သည်။
"ချင်းအာ၊ မင်း ဒါကို ဘယ်ကနေရလာခဲ့တာလဲ?"
“ကျွန်မရဲ့ ဆရာသခင် ရှိနေတဲ့ ဂိုဏ်းက ပစ္စည်းတွေကို အဝေးကနေ လှမ်းငှားလို့ ရတယ်။ ဒါကို ဆရာ့ဆီကနေ ကျွန်မ ခဏငှားလိုက်တာ"
စူးချင်းက ခေါင်းပင် မော့မကြည့်ဘဲ အလောင်းများ၏ဗိုက်ကို မွှေနှောက်နေရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သူမ၏ ဤစကားပြောဆိုသံက ပေါ့ပါးလွန်းသောကြောင့် တစ်ဖက်လူက မည်သို့မျှသံသယဝင်နိုင်တော့မည် မဟုတ်ပေ။
ကျိရွှေရှန့်က သူ မသိနားမလည်သည့်အရာများ ရှိနေသေးသည်ဟု ခံစားနေရသည်။ သူ ဒီလိုမျိုး ကျင့်ကြံနည်းမျိုးကို တစ်ခါမှ မကြားဖူးဘူး။ ဒါက အရမ်းအံ့သြစရာကောင်းနေတာ မဟုတ်ဘူးလား?
ထို့နောက် သူက စစ်သူကြီးတံဆိပ်ပါသည့် သေတ္တာကို ရုတ်တရက် တွေးလိုက်ပြီး စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်ပြန်သည်။
"ဒါဆိုရင် သေတ္တာကို ဖွင့်ဖို့ သော့ကိုရော ငှားလို့ရနိုင်မလား?”
စူးချင်းက အလောင်းလေးလောင်း၏ အစာအိမ်အတွင်းရှိ အစာများကို အလေးအနက် နှိုင်းယှဉ်ကြည့်နေခဲ့သည်။ ကျိရွှေရှန့်၏စကားကို ကြားလိုက်ရချိန်တွင် သူမက သူ့ကို လှမ်းကြည့်ကာ စကားလုံးတစ်ချို့ ထုတ်ပြောလိုက်သည်။
“အိပ်မက်မက်နေတာလား?”
“....”
စူးချင်းထံမှ ပြစ်တင်ရှုတ်ချခံလိုက်ရသော်လည်း ကျိရွှေရှန့်က ရှက်ရွံ့ခြင်း မရှိပေ။ သူက စိတ်ရှုပ်ထွေးနေဟန်ဖြင့် စူးချင်းကိုပင် ထပ်မေးလိုက်သေးသည်။
"အဝေးကနေ လှမ်းငှားလို့ ရတယ်ဆို"
“ကျွန်မတို့ နတ်ဆေးသမားတော်ဂိုဏ်းလေ၊ ဆေးပညာနဲ့ပတ်သတ်တဲ့ ကိရိယာတွေနဲ့ ပစ္စည်းတွေကိုပဲ ငှားရမ်းလို့ရတယ်။ အဲ့လိုမှ မဟုတ်ရင် ကျွန်မ ရှင့်ကို ဟိုးအရင်ကတည်းက တံဆိပ်ပြားအတွက် တောင်းဆိုပေးတယ်။ ဘာလို့ ဒီလောက်ခက်ခက်ခဲခဲ လိုက်ရှာနေရမှာလဲ?”
စူးချင်းက သူမ၏လက်များကို အလောင်းများတင်ထားသည့် စားပွဲပေါ်သို့ တင်လိုက်ရင်း လိမ်ပြောနေကာ ကျိရွှေရှန့်ကိုလည်း အလေးအနက် လှမ်းကြည့်နေသေးသည်။
"အဲ့လိုလား?"
ကျိရွှေရှန့်က သူမ၏စကားကို အလွယ်တကူ ယုံကြည်သွားခဲ့သည်။
သူ အများကြီး နားမလည်ပေမယ့် ချင်းအာ ပြောတဲ့စကားက အမှန်ဖြစ်နိုင်တယ်။ ချင်းအာရဲ့ပင်ကိုယ်စရိုက်ကြောင့် သူမက လိမ်ညာမှာ မဟုတ်ဘူး။
"ရှင် ချိုးယုံခန်းနောက်ကို လိုက်သွားတာ မဟုတ်ဘူးလား?"
စူးချင်းက သူမ၏အလုပ်ကို ပြန်ဆက်လုပ်နေရင်း စကားပြောနေပြန်သည်။ ကျိရွှေရှန့်ကတော့ စူးချင်း၏သတ္တိကြောင့် သက်ပြင်းချနေခဲ့သည်။ အလောင်းလေးလောင်းက ထိုနေရာတွင် လဲလျောင်းနေပြီး အူများအထိ အဖောက်ခံထားရသည်။ ယောက်ျားတစ်ယောက်ဖြစ်သည့် သူက ထိုကိုယ်တွင်းအင်္ဂါများကို ကြည့်ရင်း မအီမသာ ဖြစ်နေခဲ့ရသည်။ သို့သော် စူးချင်းက အမူအရာ လုံးဝ မပြောင်းလဲဘဲ သူနှင့် အေးအေးဆေးဆေး စကားစမြည် ပြောနေနိုင်ဆဲပင်။
“အင်း၊ ကိုယ် သူ့နောက်ကနေ ချိုးအိမ်အထိ လိုက်သွားခဲ့တယ်။ သူ ပြန်ထွက်မလာတာကို မြင်မှ စစ်သည်နှစ်ယောက်ကို စောင်ကြည့်ခိုင်းပြီး ပြန်လာခဲ့တာ။ ကိုယ် မင်းနဲ့အတူ နေပေးချင်လို့…”
အစပိုင်းတွင် ကျိရွှေရှန့်က သူမကို ခေါ်ကာ ပြန်အနားယူရန် တွေးထားခဲ့သည်။ လုံလောက်စွာ အိပ်စက်ပြီးနောက် မနက်ဖြန်မှ ထပ်စုံစမ်းရန် သူ တွေးထားခဲ့သော်လည်း သူမက အလောင်းများကို ခွဲဖြာစစ်ဆေးနေသောကြောင့် သူလည်း အနားမယူနိုင်တော့ပေ။
“သူတို့ ဗိုက်ထဲက အစာတွေက အတူတူပဲ။ နောက်ဆုံး စားတာကတော့ သိုးသားနဲ့ ဆန်လုံးညိုပဲ။ ကြည့်လိုက်၊ အဲ့ဒါတွေက ကြေတောင် မကြေညက်သေးဘူး။ နည်းနည်းအေးနေတာပဲ ရှိတယ်..."
စူးချင်းက သူတို့၏အစာအိမ်အတွင်းမှ ခဲနေသည့်အစာများကို ထုတ်ယူကာ သူမ၏နှာခေါင်းရှေ့တွင် အနံ့ခံနေပြန်သည်။ ကျိရွှေရှန့်ကတော့ သူ့၏ဗိုက်ကို သူ ပြန်ဖိထားရင်း ပျို့အန်ချင်စိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေရသည်။
ချင်းအာက ဒီအလောင်းတွေရှေ့မှာ တည်တည်ငြိမ်ငြိမ် နေနိုင်ပေမယ့် သူ အော့အန်မိသွားရင် သူ့ရဲ့ယောကျာ်းသိက္ခာ ရေစုန်မျောတော့မှာလေ။
သူ့ဇနီးက အရမ်းအစွမ်းထက်လွန်းနေတော့ သူ ဘယ်လိုလုပ်မလဲ။ မတက်နိုင်တော့ဘူး။ အမီလိုက်ဖို့ ကြိုးစားရုံပဲ ရှိတော့တယ်။
“တစ်ယောက်ယောက်က ဂျင်းပြုတ်ရည် ယူလာပေးခဲ့ပုံပဲ။ အဆိပ်ကို ဂျင်းပြုတ်ရေထဲမှာ ထည့်ထားတာ ဖြစ်နိုင်တယ်”
စစ်သည်လေးဦး သေဆုံးရသည့် အကြောင်းရင်းအမှန်ကို သူမ တွေ့ရှိလိုက်သဖြင့် စူးချင်း၏ မျက်လုံးများက အေးစက်သွားပြန်သည်။
"ဂျင်းပြုတ်ရည်? ဒါက သူတို့နဲ့ ရင်းနှီးတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်။ သူတို့က ဒီလူနဲ့ရင်းနှီးပြီး အဲ့ဒီလူကလည်း လူသတ်လက်နက်ကြီး သိမ်းထားတဲ့နေရာကို သိနေတဲ့သူတွေထဲက တစ်ယောက်ပဲ”
ကျိရွှေရှန့်၏အမူအရာက လုံးဝ မည်းမှောင်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် စူးချင်းက သူ့ကို ဘာသတိမှ ထပ်မပေးရသေးခင် သူက ချိုးယုံခန်းကို သံသယဝင်သွားခဲ့သည်။
စူးချင်းက ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနှင့် ချက်ပြုတ်ရသည်ကို ကြိုက်နှစ်သက်ပြီး သူမ ကျင့်ရှီလျိုမြောင်သို့ ပြောင်းသွားချိန်တွင် သူမ၏ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ယူမသွားခဲ့ဘဲ တစ်ဝက် ချန်ထားပေးခဲ့သည်။ ထိုဟင်းခတ်အမွှေးအကြိုင်များထဲတွင် ဂျင်းခြောက်များလည်း ပါဝင်နေခဲ့သည်။
မော့ချန်တွင် ဂျင်းရောင်းသူ မရှိဘဲ ထိုလူက ဂျင်းခြောက်ကို ရနိုင်ခဲ့ပြီး လူသတ်လက်နက်ကြီးများ မည်သည့်နေရာတွင် သိမ်းဆည်းထားသည်ကိုပါ သိနေခဲ့သည်။ ထိုအပြင် သူက စစ်သားများနှင့်လည်း အလွန်ရင်းနှီးသူ ဖြစ်ပုံရသောကြောင့် ကျိရွှေရှန့်အနေဖြင့် ချိုးယုံခန်းဟု မတွေးချင်လျှင်ပင် အချက်သုံးချက်စလုံးက ချိုးယုံခန်းနှင့် ကိုက်ညီနေခဲ့သည်။
“ရန်သူကို သတိပေးသလို မဖြစ်စေနဲ့။ မနက်ဖြန်မှ မီးဖိုချောင်ထဲက ဂျင်းခြောက်ကို ဘယ်သူကိုင်သေးလဲ သွားမေးရမယ်။ ချိုးယုံခန်းက အိမ်မှာ ဂျင်းပြုတ်ရည် လုပ် မလုပ် အဒေါ်ချိုးကိုလည်း သွားမေးလို့ ရနိုင်တယ်"
စူးချင်းက ကျိရွှေရှန့်၏ သံသယစိတ်ကို မြင်နိုင်ပြီး ရန်သူအား နှိုးဆော်မိမည်ကို ကြောက်ရွံ့သောကြောင့် သူ့ကို ထပ်ပြောလိုက်သည်။
ကျိရွှေရှန့်က သူ့နှလုံးသား နာကျင်မှု သက်သာစေရန် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ယုံခန်းက သူ့ကို သစ္စာဖောက်တယ်လို့ သူ မယုံချင်သေးဘူး။
“ကောင်းပါပြီ”
ကျိရွှေရှန့်၏အသံက အလွန်လေးလံနေသောကြောင့် စူးချင်းက သူ့ကို စိုက်ကြည့်လိုက်ပြီး "ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်ဖို့အတွက် ကျောက်တုံးနှလုံးသားရှိအောင် လေ့ကျင့်ထားရမယ်"
ကျိရွှေရှန့်က မချိပြုံးဖြင့် ခေါင်းပြန်ညိတ်ပြလာခဲ့သည်။
"ချင်းအာ ပြောတာ မှန်ပါတယ်၊ စစ်တပ်ကို ကြင်နာမှုနဲ့ အုပ်ချုပ်လို့ မရနိုင်ဘူး"
သူ ထိုသို့ပြောနေသည့်တိုင် သူ့စိတ်ထဲတွင်တော့ သိပ်အဆင်မပြေနိုင်သေးပေ။
သူ့မွေးစားအဖေ မသေခင်က မွေးစားအဖေက သူ့နဲ့ ယုံခန်းရဲ့လက်တွေကို ကိုင်ထားပြီး သူတို့က ညီအစ်ကိုကောင်းတွေ ဖြစ်လာဖို့ မျှော်လင့်ကြောင်း မွေးစားအဖေက သူတို့ကို ပြောခဲ့တယ်။
သူနဲ့ ယုံခန်းကလည်း သူ့မွေးစားအဖေရဲ့ရှေ့မှာ သူတို့က အမြဲတမ်း ညီအစ်ကိုကောင်းတွေ ဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကတိသစ္စာပြုခဲ့ကြတယ်။
အခု ယုံခန်းက သူ့ကို သစ္စာဖောက်သွားပြီလား?
စူးချင်းက အလောင်းများက ကလီစာများကို ၎င်းတို့၏ဝမ်းဗိုက်များထဲသို့ ပြန်ထည့်နေကာ ကြီးမားသော အပ်တစ်ချောင်းဖြင့် စချုပ်လိုက်သည်။ သူမက ထိုအလုပ်ကို သေသေချာချာ အာရုံစိုက် လုပ်နေခဲ့ပြီး ထိုအရာက ဤစစ်သည်များ၏နောက်ဆုံးဂုဏ်သိက္ခာကို ကာကွယ်ရန် ဖြစ်သည်။
“မင်းတို့ အေးအေးဆေးဆေး ထားပြီး သွားလို့ ရပါတယ်။ ငါ လူသတ်သမားကို ရှာပြီး မင်းတို့အတွက် လက်စားချေပေးမယ်”
စူးချင်းက အလောင်းများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြုပြင်ပေးနေရင်း သူတို့ကို ကတိပေးလိုက်သည်။ လေက ဝိညာဉ်အလံများကို တိုက်ခတ်လာပြန်ပြီး သေဆုံးသွားသည့်စစ်သည်များက သူမအား ပြန်တုံ့ပြန်နေပုံရသည်။
မိုးလင်းလုနီးနီးအချိန်တွင် စူးချင်းက သူ့ပစ္စည်းများကို ထုပ်ပိုးပြီး ကျိရွှေရှန့်၏ရှေ့တွင်ပင် ရေရွတ်လိုက်သည်
“ငှားသုံးပြီးလို့ ကောင်းကောင်းမွန်မွန် ပြန်ပေးပါတယ်။ ပြန်ယူသွားပါတော့!”
ကျိရွှေရှန့်၏ စောင့်ကြည့်မှုအောက်တွင်ပင် စူးချင်းက ထိုအရာများကို လေထဲသို့ ပစ်တင်လိုက်ပြီး ထိုအရာများက လေထဲတွင် လွင့်မျောပျောက်ကွယ်သွားခဲ့သည်။
“… မင်းတို့ရဲ့ နတ်ဆေးသမားတော်ဂိုဏ်းက တကယ်ကို အံ့သြစရာ ကောင်းလွန်းတယ်”
ကျိရွှေရှန့်က အလွန်အကျွံ အံသြနေခဲ့သည်။
အဲ့လို နတ်ဆေးသမားတော်ဂိုဏ်းက တကယ်ရှိနိုင်လို့လား?
"ပြန်သွားပြီး အိပ်ကြရအောင်"
စူးချင်းက သူမ၏ခါးကို ဆန့်တန်းလိုက်ပြီး အိမ်ပြန်အိပ်ရန် ကျိရွှေရှန့်ကို လေဆော်လိုက်သည်။
သူတို့ သွားခဲ့သည့်အိမ်က ကျုံးယုံနှင့် မွေးစားအမေ၏အိမ် ဖြစ်သည်။ ကျုံးယုံက ကျောက်မီးသွေး တူးဖော်ရန် ကျောက်မီးသွေးတွင်းသို့ သွားနေခဲ့ပြီး ကျိရှောင်ယင်က သူမ၏အဘိုးအိမ်တွင် တည်းခိုနေခဲ့သည်။ ထို့ကြောင့် နှစ်ဦးသား ဤအိမ်သို့ ပြန်လာခဲ့ကြသည်။
သူတို့ မွေးစားမိခင်ဖြစ်သူ၏အိမ်သို့ ပြန်လာရန် လေနှင့် နှင်းများကို သတ္တိရှိရှိ တွန်းလှန်ခဲ့ကြရသည်။ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် သံအိုးများနှင့် မီးဖိုတွင် နွေးထွေးမှု မရှိတော့ပေ။ စူးချင်းက သူမ၏နှလုံးသားကို ခဲနှင့်အဆွဲခံလိုက်ရသလို လေးလံသွားခဲ့သည်။
"ကိုယ် မီးဖိုကို အရင်မီးမွှေးလိုက်မယ်"
ကျိရွှေရှန့်ကလည်း စူးချင်းကဲ့သို့ ဝမ်းနည်းသွားမိသည်။ သူတို့ ဒီအရာတွေကို မြင်ရတဲ့အခါ ထွက်သွားတဲ့သူကို ပိုသတိရမိကြတယ်။ ပြန်မလာဖြစ်ရင် စိတ်ထဲမှာ နည်းနည်းသက်သာနေခဲ့ပေမယ့် အခုလို ပြန်ရောက်လာတဲ့အခါ လွတ်နေတဲ့အိမ်ကို မြင်လိုက်ရတာက တကယ်ကို ဝမ်းနည်းစေတယ်။
ခြံဝင်းထဲတွင် ကျောက်မီးသွေးအများအပြား စုပုံထားသောကြောင့် ကျိရွှေရှန့်က ကျောက်မီးပုံးတစ်ပုံးစာ သွားသယ်ကာ ပြန်ရောက်လာချိန်တွင် စူးချင်းက မီးဖိုကို မီးစာတိုင်ဖြင့် မီးမွေးနေခဲ့သည်။
"မီးဖိုထဲမှာ ထင်းတွေ ရှိနေတာလား?"
ကျိရွှေရှန့်က သူ့လက်ထဲမှ ကျောက်မီးသွေးများကို ချလိုက်ပြီး စူးချင်းကို လှမ်းမေးလိုက်သည်။
"အင်း၊ ကျုံးယုံ ထွက်မသွားခင် မီးဖိုထဲကို ထင်းထည့်ခဲ့တာ ဖြစ်နိုင်တယ်"
စူးချင်းက ခေါင်းညိတ်ပြရင်း ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။
ကျုံးယုံက သူပြန်လာရင် အိမ်မှာ အရမ်းအေးနေမှာကို ကြောက်နေတာကြောင့် အဆင်သင့် မီးမွှေးဖို့ မီးဖိုကို ကြိုပြီး ပြင်ဆင်ထားခဲ့တာ ဖြစ်နိုင်တယ်။
"ရေနွေး နည်းနည်း ကျိုပြီး ဆေးကြောသန့်စင်ကြမယ်"
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
သူလည်း ဒီလိုပဲ တွေးနေခဲ့တယ်။ မဟုတ်ရင် ကျုံးယုံအတွက် ဒီမီးဖိုကို အဆင်သင့်ပြင်ဆင်ထားဖို့ ဘယ်သူက ကူညီပေးမှာလဲ?
စူးချင်းနှင့် ကျိရွှေရှန့်တို့က အိမ်ကို အပူပေးပြီးနောက်တွင် သူတို့၏မွေးစားမိခင် နေထိုင်ခဲ့သည့် အရှေ့ဘက်အခန်းသို့ သွားလိုက်ကြသည်။ သူတို့နှစ်ယောက် အုတ်ကုတင်တစ်လုံးတည်းပေါ်၌ အတူတူ အိပ်စက်ကြသော်လည်း ပင်ပန်းနွမ်းနေကြပြီး စိတ်ကူးယဉ်ဆန်သည့် အတွေးမျိုးကို မတွေးနိုင်သောကြောင့် သီးခြားအိပ်စက်လိုက်ကြသည်။
တစ်ယောက်ယောက်က သူတို့ကို လာနိုးနေသည်ဟု မခံစားရမချင်း စူးချင်းနှင့် ကျိရွှေရှန့်တို့ အိပ်မောကြနေခဲ့ကြသည်။