← Chapters

သူတို့နှစ်ယောက် အတူအိပ်ခဲ့ကြတာလား?

Vol. 26 Ch. 385

သူတို့နှစ်ယောက် အတူအိပ်ခဲ့ကြတာလား?

Vol. 26 Ch. 385

"အစ်ကိုကြီးကျုံး၊ ရှင် ပြန်ရောက်နေပြီလား?"

ကျန်းယွိရန်က တံခါးဝတွင် ရပ်နေပြီး အိမ်ထဲသို့ အော်ခေါ်နေခဲ့သည်။ ကျုံးယုံက အိပ်နေခြင်း ဖြစ်နိုင်ပြီး ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်း ရှိနေရခြင်းကလည်း အဆင်မပြေသည်အတွက် သူမ ရှက်နေမိကာ အိမ်ထဲသို့ ဝင်ရန် တွန့်ဆုတ်နေမိသည်။

"ယွိရန်?"

စူးချင်းက သူမ၏အနွေးအင်္ကျီကို ဝတ်ဆင်ရင်း အိမ်ထဲမှ ထွက်လာကာ ကျန်းယွိရန်ကို တွေ့လိုက်ရသောကြောင့် အတော်လေး အံ့သြသွားခဲ့သည်။

သူမက မနက်အစောကြီး ကျုံးယုံရဲ့အိမ်ကို ဘာလာလုပ်တာလဲ?

"အစ်မစူးချင်း?"

ကျန်းယွိရန်၏မျက်နှာက သာမန်မျက်စိဖြင့် မြင်သာနိုင်လောက်သည့် အရှိန်ဖြင့် နီရဲလာသည်။ သူမက ရှက်ရွံ့နေပုံရပြီး သူမ၏လက်များကို အချင်းချင်း ဆုပ်ကိုင်ဖိညှစ်နေကာ သူမ၏အသံကလည်း သဘာဝမကျ ဖြစ်နေလေသည်။

"ငါတို့ ပြန်လာပြီဆိုတာကို မင်း သိနေတာလား?"

စူးချင်းက မီးဖိုပေါ်ရှိ မုန့်ပေါင်းနှင့် အသီးအရွက်ချဉ်များကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းယွိရန်က သူမတို့ ပြန်ရောက်လာသည်ကို သိသွားပြီး နံနက်စာ ယူလာပေးသည်ဟု ခန့်မှန်းလိုက်သည်။

"အာ... ဟုတ်တယ်၊ ကျွန်မ အစ်မအတွက် စားစရာ ယူလာပေးတာ"

စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ကျန်းယွိရန်၏မျက်လုံးများက တောက်ပလာပြီး သူမက ချက်ချင်း ဆင်ခြေရှာတွေ့သွားခဲ့သည်။

"ကျေးဇူးပဲ!"

စူးချင်းက ကျေးဇူးတင်စကား ပြန်ပြောလိုက်သည်။ ကျန်းယွိရန်က အမြဲတမ်း သူမ သဘောအကျရဆုံး မိန်းကလေး ဖြစ်ခဲ့သည်။ သူမက သန်မာသလို သတ္တိလည်း ရှိပြီး သည်းခံစိတ်ရှိကာ ဇွဲကောင်းသူလည်း ဖြစ်နေသေးသည်။ ထို့အပြင် သူမက ထက်မြက်ပြီး ကိစ္စတော်တော်များများကို အလျင်အမြန် သင်ယူနိုင်ခဲ့သည်။ သူမက အလွန်ဉာဏ်ကောင်းပါးနပ်သော်လည်း အခြားသူများကို လုံးဝ ဒုက္ခမပေးဖူးခဲ့ပေ။

ယခု သူမတွင် နောက်ထပ်အားသာချက်တစ်ခု ရှိလာခဲ့သည်။

သူမက တခြားသူကို ဂရုတစိုက် ရှိပြီး စာနာပေးတတ်တယ်။

“ရပါတယ်၊ အစ်ကိုကြီးကျုံးရော ပြန်လာပြီလားဟင်?"

ကျန်းယွိရန်က ပုံမှန်မဟုတ်သည့် အမူအရာဖြင့် တုံ့ပြန်လိုက်ပြီး သူမ၏လှပသော မျက်လုံးလေးများက စူးချင်းကို ကျော်ပြီး အရှေ့ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။

ဒီမနက်အစောကြီး အစ်ကိုကြီးကျုံးရဲ့မီးခိုးခေါင်းတိုင်ကနေ မီးခိုးတွေ ထွက်နေလာတာကို သူမ လှမ်းတွေ့လိုက်ရတယ်။ အဲ့မီးခိုးကတောင် သူမရဲ့ နှလုံးသားကို ရွှင်လန်းမှုတွေ ပြည့်လာစေပြီး သူမ အတောင်ပံတွေပေါက်လာတဲ့ ငှက်ကလေးလို သူ့ကို တွေ့ဖို့ ပျံသန်းလာမိတာပါ။

စူးချင်းက သူမ၏မျက်လုံးများထဲမှ နူးညံ့မှုကို ဖမ်းဖိသွားခဲ့သည်။ ထို့ကြောင့် စူးချင်းက မုန့်ပေါင်းပန်းကန်ကို ထပ်ကြည့်လိုက်ပြန်သည်။ ထိုအခါမှသာ သူမ အတွေးလွန်နေမှန်း သူမ သိလိုက်ရသည်။

ဆိုတော့ ဒါက ကျုံးယုံအတွက်ပေါ့လေ။

"သူ ပြန်မလာသေးဘူး"

“အိုး”

စူးချင်း၏ အသံက ငြိမ်သက်နေပြီး သူမ၏ခံစားချက်ကို မည်သူမျှ ထုတ်ဖော်ပြောဆိုနိုင်မည် မဟုတ်ပေ။ သို့သော် ကျန်းယွိရန်၏ မျက်လုံးများတွင် စိတ်ပျက်ဝမ်းနည်းသွားသည့် အရိပ်အယောင်လေးများ တောက်ပလာခဲ့သည်။ သူမက ငယ်ရွယ်သေးသောကြောင့် သူမ၏ခံစားချက်များကို မဖုံးကွယ်ထားတတ်သေးပေ။

"ဒီရက်ပိုင်းမှာ ရှောင်ယင်ရဲ့အဘိုးအတွက် ဘယ်သူ ဟင်းချက်ပေးနေတာလဲ?"

စူးချင်းက ရုတ်တရက် မေးလိုက်သည်။ ချင်ဖုန်းက စီရင်စုရုံးတော်၏အနောက်ဘက်မှ ခြံဝင်းတွင် နေထိုင်ဆဲဖြစ်ပြီး ပုံမှန်အားဖြင့် လီရွှမ်းအာ၊ ကျန်းယွိရန်နှင့် ကျိရှောင်ယင်တို့က အဘိုးကြီးအတွက် အလှည့်ကျ ချက်ပြုတ်ပေးကြသည်။

အဘိုးအိုက အရသာရှိသည့် အစားအစာများ စားရခြင်းကို နှစ်သက်သောကြောင့် စူးချင်းက သူမ ထွက်မသွားခင်မှာ သူ့အတွက် ဟင်းခတ်အမွှေးအကြိုင် အများကြီး ချန်ထားပေးခဲ့သည်။ ၎င်းတို့ထဲတွင် ဂျင်းခြောက်လည်း ပါဝင်သည်။

"ဒီရက်ပိုင်းမှာ ရွှမ်းအာက အအေးမိနေပြီး ရှောင်ယင်ကလည်း အစ်မတို့နဲ့အတူ ထွက်သွားတယ်လေ။ အဲ့တာကြောင့် ကျွန်မက အဖိုးအတွက် ထမင်းချက်ပေးဖို့ တာဝန်ယူထားခဲ့တယ်”

ကျန်းယွိရန်က စူးချင်း၏မေးခွန်းကို ပေါ့ပေါ့ပါးပါ့း ပြန်ဖြေလိုက်သည်။ ထောင်ဟွားဝူမှ ရွာသားများက ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့ထံမှ ကြင်နာမှုများစွာကို ရရှိထားခဲ့ကြပြီး သူတို့၏ဝန်ထုပ်ဝန်ပိုးများကို ခွဲဝေရန် ဆန္ဒရှိကြသည်။ ထို့ကြောင့် သူမ ချင်းဖုန်းအတွက် ချက်ပြုတ်ပေးခြင်းက ဖြစ်သင့်သောအရာပင်။

"ဒါဆို လွန်ခဲ့တဲ့ သုံးရက်က ထမင်း၊ဟင်းချက်ပေးတဲ့သူ မင်းပဲလား?"

စူးချင်းက မျက်တောင်မခတ်ဘဲ ထပ်မေးလာသောကြောင့် ကျန်းယွိရန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ ကျွန်မ အဖိုးအတွက် ချက်ပြုတ်ပေးနေတာ ဆယ်ရက်ကျော်နေပြီ"

ကျန်းယွိရန်က တစ်ခုခုမှားနေပြီဟု ဖျတ်ခနဲ ခံစားလိုက်ရသည်။

သူမ ချက်ပြုတ်ရင်း တစ်ခုခု မှားသွားခဲ့လို့လား?

သူမ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသော်လည်း ကျန်းယွိရန်က စူးချင်းအပေါ် နာခံမှုအပြည့်ရှိပြီး ရိုးရိုးသားသား ဝန်ခံလိုက်သည်။

“ဟုတ်ကဲ့”

"ကောင်းပြီ၊ ဒါဆို ငါ မင်းကို မေးချင်တာ ရှိတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မီးဖိုချောင်ကို တစ်ယောက်ယောက် ရောက်လာသေးလား?"

စူးချင်းက ကျန်းယွိရန်ကို စူးရှတောက်လောင်သောအကြည့်ဖြင့် စိုက်ကြည့်နေပြီး သူမ၏ အမူအရာမှ သိမ်မွေ့သော ပြောင်းလဲမှုများကို မပျက်မကွက် အကဲခတ်နေခဲ့သည်။

"ဘာဖြစ်တာလဲ? အဖိုးက ကျွန်မချက်တဲ့ ဟင်းတွေ စားပြီး နေမကောင်း ဖြစ်သွားလို့လား?”

ကျန်းယွိရန်က အလွန်စိတ်လှုပ်ရှားနေပုံရသည်။ အဘိုးအိုက ယခင်က အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ခဲ့သောကြောင့် သူ့အတွက် ဟင်းချက်ရာတွင် သူမ အလွန်ဂရုစိုက်ခဲ့သည်။ တစ်ခုခုကြောင့် အဘိုး ဗိုက်နာသွားမည်ကို သူမ စိုးရိမ်မိသည်။

"မဟုတ်ဘူး၊ ငါ မင်း ငါမေးတာကိုပဲ ဖြေ"

စူးချင်းက သူမကို ဟန့်တားရင်း အမိန့်ထပ်ပေးလိုက်သည်။

သူမက ဘာကို စိတ်​ပူ​နေတာလဲ? ဘယ်သူက သူမကို တာဝန်ယူခိုင်းနေလို့လဲ။ ဒီအတိုင်း မေးခွန်းတွေကို အမှန်အတိုင်း ဖြေပေးရုံပဲကို။

ကျန်းယွိရန်က မျက်မှောင်ကြုတ်ကာ ပြင်းပြင်းထန်ထန် ပြန်စဉ်းစားနေခဲ့သည်။ ထို့နောက် သူမက ရုတ်တရက် ဂျင်းနှင့်ပတ်သတ်သည့် အဖြစ်အပျက်ကို တွေးမိသွားပြီး စူးချင်းကို အမြန် ပြောပြလိုက်သည်။

"ဒီရက်တွေမှာ မီးဖိုချောင်ကို ဘယ်သူမှ မလာတာ ကြာပြီ။ ဘာတွေ ထူးခြားသေးလဲ ဆိုတာကတော့… ဟုတ်သားပဲ... လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်မ အဖိုးအတွက် သိုးသားပြုတ်ပေးဖို့ ပြင်ဆင်ခဲ့သေးတယ်၊ ဒါပေမယ့် အဲ့တုန်းက ဂျင်းကို ရှာမတွေ့တော့ဘူး။ နောက်ဆုံးတကြိမ် စွပ်ပြုတ်ပြုတ်တုန်းက ဂျင်းတွေ အများကြီး ကျန်သေးတာကို ကျွန်မ မှတ်မိတယ်။ ဘယ်သူ ယူသွားလဲတော့ ကျွန်မလည်း မသိတော့ဘူး"

ကျိ‌ရွှေရှန့်က အပြင်မှ စကားပြောသံများကို ကြားနေရပြီး သူက အပြင်သို့ထွက်ရန် စိတ်ကူးမရှိပေ။ သို့သော် ကျန်းယွိရန်က ဂျင်းပျောက်သွားကြောင်း ပြောလိုက်ချိန်တွင် သူလည်း အပေါ်ဝတ်များ အမြန်ဝတ်ကာ ကျန်းယွိရန်ကို မေးရန် အိမ်ထဲမှ ထွက်လာခဲ့သည်။

"မင်း ဂျင်းကို ဘယ်တုန်းက နောက်ဆုံးသုံးခဲ့တာလဲ? မှတ်မိသေးလား?"

ကျန်းယွိရန်က ကျိ‌ရွှေရှန့် စူးချင်းကဲ့သို့ အပေါ်ဝတ် ၀တ်နေရင်း အိမ်ထဲမှ ထွက်လာသည်ကို မြင်သွားပြီး သူမ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

သူတို့..... သူတို့က အတူတူ အိပ်နေကြတာလား?

ထိုအတွေးက ကျန်းယွိရန်၏မျက်နှာကို နီမြန်းလာစေပြန်သည်။

ငါ ဘာလို့ ဒီကို မနက်အစောကြီးရောက်လာမိတာလဲ?

အခု ငါ ဘာလုပ်သင့်လဲ? အစ်မစူးချင်းနဲ့ အသ်ကိုကြီးရွှေရှန့် အတူတူအိပ်နေတာကို သိတဲ့သူက ငါတစ်ယောက်ထဲလား?။ မတော်လို့ ဒီသတင်းထွက်လာရင် သူတို့က ငါ့ကို သံသယဝင်မှာ မဟုတ်ဘူးလား?

ကျန်းယွိရန်က ကျိ‌ရွှေရှန့်၏မေးခွန်းကို မဖြေနိုင်သေးဘဲ သူမ၏ ထိတ်လန့်ဖွယ် အတွေးများထဲတွင် နစ်မွန်းနေခဲ့သည်။ စူးချင်းက သူမကို ထပ်မေးလိုက်သည်။

"ပျောက်သွားတဲ့အချိန်ကို မင်း မှတ်မိလား?"

ကျန်းယွိရန်က သူတို့နှစ်ယောက်ကိုပင် မော့မကြည့်ရဲတော့ဘဲ သူမ၏ခေါင်းကို ငုံ့ထားပြီး ပြန်တွေးလိုက်သည်။ ထို့နောက် သေသေချာချာ ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ ငါးရက်လောက်က အဖိုးအတွက် ကြက်ပြုတ်ဖို့ ဂျင်းကို သုံးခဲ့သေးတယ်။ အဲ့တော့ နောက်နှစ်ရက်အတွင်း ပျောက်သွားတာ ဖြစ်နိုင်တယ်”

“ကောင်းပြီ၊ အဲ့နှစ်ရက်အတွင်း မီးဖိုချောင်ကို ဘယ်သူလာသေးလဲ။ ဒါမှမဟုတ် အိမ်နောက်ဖေးမီးဖိုချောင်ရဲ့အနီးမှာ တစ်ယောက်ယောက်ကို တွေ့လိုက်သေးလား?”

စူးချင်းက သူမ၏စကားနောက်သို့လိုက်ကာ ဆက်မေးလိုက်သည်။

“ကျွန်မက ဟင်းချက်တဲ့အချိန်ပဲ အဲ့နေရာကို သွားခဲ့တာဆိုတော့ တခြားအချိန်တွေမှာ ဘယ်သူလာသွားမှန်း မသိနိုင်ဘူးလေ၊ ကျွန်မ ရှိနေတဲ့ အချိန်မှာတော့ မီးဖိုချောင်ထဲမှာ သခင်ကြီးရှင်းရုဟိုင်ရဲ့ ဇနီးကိုပဲ မြင်ခဲ့တယ်။ သူ(မ)က ကျွန်မဆီကနေ ပြောင်းဆန် နည်းနည်း လာတောင်းပြီး ကလေးအတွက် ယာဂုလုပ်ပေးချင်တယ်လို့ ပြောခဲ့တယ်”

ကျန်းယွိရန်က ထိုကိစ္စ လေးနက်သည်ဟု ခံစားမိသည့်အတွက် ချက်ချင်း ပြန်မဖြေဘဲ သေသေချာချာ တစ်ခုခုချင်း စဥ်းစားပြီးမှ စူးချင်းကို ပြန်ပြောနေခဲ့သည်။

"သူ(မ) မီးဖိုခန်းထဲဝင်သွားလာသေးလား?"

စူးချင်းက ရှင်းရုဟိုင်၏ဇနီးကို သိထားပြီး သူမက လူကောင်းတစ်ယောက်ဖြစ်သော်လည်း သံသယရှိသူစာရင်းကတော့ အမြန်မဖယ်ရှားပေးနိုင်ပေ။

"မဝင်ဘူး၊ မီးဖိုချောင်တံခါးဝမှာ ရပ်စောင့်နေပြီး ပြောင်းဆန်ကို ယူသွားတာပါ"

ကျန်းယွိရန်က ခေါင်းခါပြီး ထပ်ပြန်ဖြေလိုက်သည်။

“အင်း၊ ကောင်းပြီ၊ မင်း ပြန်ချင်ရင် ပြင်တော့လေ။ ဒါပေမယ့် ငါ မင်းကို မေးခဲ့တဲ့အကြောင်းတွေကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့"

စူးချင်းက သူမကို ပြန်ခွင့်ပေးလိုက်သည်။

အခု ထပ်မေးနေလည်း အသုံးမဝင်တော့ဘူး။ အဲဒီလူက ဂျင်းပြုတ်ရည်နဲ့ လူသတ်ချင်နေမှတော့ ဂျင်းကို ပေါ်ပေါ်တင်တင် လာယူပါ့မလား? တခြားသူတွေ မသိအောင် ယူမှာပေါ့။

ဤကဲ့သို့ စေ့စေ့စပ်စပ် စီစဉ်မှုကြောင့် စူးချင်းက ချိုးယုံခန်းကို ပို၍ သံသယဖြစ်လာမိသည်။ သူက ရုံးတော်တွင် အလုပ်လုပ်ပြီး ရုံးတော်၏အနောက်ဘက်ခြံမှ မီးဖိုချောင်သို့ အချိန်မရွေး သွားနိုင်သည်။ မီးဖိုချောင်ကို သော့ခတ်ထားသော်လည်း ရုံးတော်၏အနောက်ခန်းတွင် သော့အပိုတစ်ခု ရှိနေပြီး ချိုးယုံခန်းအနေဖြင့်ဆိုလျှင် အဆင်ပြေပြေ ဝင်ထွက်နိုင်ပြီး သော့ကို အလွယ်တကူ ယူနိုင်ပေလိမ့်သည်။

"ဟုတ်ကဲ့၊ ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး"

ကျန်းယွိရန်က စူးချင်း အဘယ်ကြောင့် ဤမေးခွန်းများ မေးနေသည်ကို မသိပေ။ သို့သော် အစ်မစူးချင်းက လေးနက်သောအမူအရာဖြင့် တောင်းဆိုနေသောကြောင့် သူမ မဖြစ်မနေ နာခံရမည်ကို သူမ သဘောပေါက်နေခဲ့သည်။ သူမ စူးချင်းကို ထိုသို့ကတိပေးလိုက်သောကြောင့် သူမ၏အမေကိုပင် ပြောပြတော့မည် မဟုတ်ပေ။

ကျန်းယွိရန်ကို ပြန်လွှတ်လိုက်ပြီးနောက် စူးချင်းက ချက်ပြုတ်ရန် ကျုံးယုံ၏အိမ်အနောက်ဘက်သို့ သွားခဲ့သော်လည်း မွေးစားအမေ သိမ်းဆည်းထားခဲ့သော စပါးမှ လွဲ၍ အခြားမည်သည့်အရာကိုမျှ ချက်ပြုတ်ရန် အသုံးမပြုနိုင်တော့ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

"ဒီရက်တွေမှာ ကျုံးယုံဘယ်လို ရှင်သန်နေလဲဆိုတာ ကျွန်မ မသိတော့ဘူး"

စူးချင်းက သူမ တခြားလူကို ဂရုစိုက်ပေးရန် ပျက်ကွက်ခဲ့သလို ရုတ်တရက် ခံစားလိုက်ရသည်။

ကျုံးယုံက ​​သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ကို ဆုံးရှုံးခဲ့ရပေမယ့် သူမနဲ့ ရွှေရှန့်တို့က သူနဲ့အတူနေဖို့အတွက် အချိန်အများကြီး မပေးခဲ့ကြဘူး။

"ဟုတ်တယ်၊ ကိုယ်တို့ သူနဲ့အတူ မနေပေးနိုင်ဘဲ သူ့ကို တစ်ယောက်တည်း ပစ်ထားခဲ့မိတယ်"

ကျိ‌ရွှေရှန့်က သူ့စိတ်များ ကြည်လင်သွားစေရန် ရေအေးဖြင့် မျက်နှာသစ်နေခဲ့သည်။

မနေ့ညက သူ လဲလျောင်းနေပေမယ့် ချက်ချင်း အိပ်မပျော်ခဲ့ဘူး။ ယုံခန်းနဲ့ သူတို့ နှစ်တွေအကြာကြီး အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်တွေးကြည့်ရင် ဒီညီအကိုကို စွန့်လွှတ်လိုက်ဖို့ သူ သည်းမခံနိုင်သေးဘူး။ သူနဲ့ စူးချင်းရဲ့ မှန်းဆချက်တွေ မှားနေဖို့ သူ မျှော်လင့်နေမိသေးတယ်။

"ထားလိုက်ပါတော့၊ ကျွန်မ သိုးနို့ပဲ သွားယူလိုက်တော့မယ်"

ဘာမှ မရှိပဲ မချက်ပြုတ်နိုင်သောကြောင့် စူးချင်းက သိုးနို့ယူရန် သိုးခြံသို့ ထွက်လာခဲ့သည်။

ကျုံးယုံရဲ့အိမ်မှာ သိုးအမ နည်းနည်းရှိတယ်။ အခု သူ အိမ်မှာ မရှိပေမယ့် ဒီသိုးတွေက ငတ်ပြီး မသေကြသေးဘူး။ ကျန်းယွိရန်က သိုးတွေကို အစာကျွေးဖို့ ကူညီပေးခဲ့ပုံရတယ်။

တကယ်တော့ ယွိရန်က မိန်းမကောင်းလေးတစ်ယောက်ပဲ။ ကျုံးယုံဘက်က ကန့်ကွက်မှုတစ်စုံတစ်ရာ မရှိဘဲ ယွိရန်ကလည်း ကျုံးယုံကို သုံးနှစ်ကြာအောင် စောင့်ဆိုင်းပေးဖို့ ဆန္ဒရှိနေရင်တော့ သူမ ကျုံးယုံအတွက် ကျန်းမိသားစုဆီကို လက်ထပ်ခွင့်သွားတောင်းပေးနိုင်ပါတယ်လေ။

ကျန်းယွိရန်က ကျုံးယုံ၏အိမ်မှ ထွက်လာခဲ့ပြီး သူမ၏အိမ်သို့ ပြန်လာသည့် အပြန်လမ်းတွင် ချိုးယုံခန်းနှင့် တွေ့ဆုံခဲ့သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းယွိရန်ကို လှမ်းတားလိုက်သည်။

“ကျန်းယွိရန်၊ အခု မော့ချန်တစ်မြို့လုံး ရှုပ်ထွေးနေတာကို မင်းက ဘာလို့ လျောက်ပြေးနေတာလဲ? မင်း ဘယ်တွေကို လျောက်သွားနေတာလဲ?"

All Chapters