ဉာဏ်နဲ့သတ္တိတိုရဲ့တိုက်ပွဲ
Vol. 26 Ch. 387
ချိုးယုံခန်းက သူ့ကို စွပ်စွဲလိုက်သော်လည်း ကျိရွှေရှန့်၏အမူအရာက ပြောင်းလဲမသွားဘဲ အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည်။
"ငါက မင်းကို ကာကွယ်ဖို့ လူ လွှတ်ပေးထားတာပါ"
ချိုးယုံခန်းက လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်သည်။
ထို့နောက် သူက နှာမှုတ်လိုက်ပြီး "ငါ့ကို ကာကွယ်ဖို့လား? ဒါဆို မင်း အရင်တုန်းက ငါ့ကို ကာကွယ်ဖို့ ဘာလို့ လူတွေ မပို့ခဲ့တာလဲ?"
“အရင်တုန်းက အဲ့လူသတ်လက်နက်ကြီးတွေ မပျောက်သွားဘူးလေ။ မနေ့ညက စူးချင်းတောင် သေလုနီးပါးဖြစ်ခဲ့ရတယ်။ အခု တစ်ဖက်လူတွေက မင်းကိုပါ ပစ်မှတ်ထားလာနိုင်တယ်၊ ငါ အဲ့ဒါကို တွေးမိလို့ မင်းအတွက် စိုးရိမ်ပြီး မင်းကို ကာကွယ်ဖို့ လူတွေ လွှတ်ထားတာလေ"
ကျိရွှေရှန့်က ဒေါသထွက်နေသော ချိုးယုံခန်းကို တည်တည်ငြိမ်ငြိမ် ပြန်ရင်ဆိုင်နေခဲ့သည်။ ချိုးယုံခန်း သစ္စာဖောက်ဖြစ်ကြောင်း အတည်မပြုနိုင်သေးခင် သူ့၏ညီအစ်ကိုကောင်းကို သူ မဆုံးရှုံးချင်သေးပေ။
"ဒါဆို မင်းက ဘာလို့ ကိုယ့်ကိုကိုယ် အရင်မကာကွယ်ရတာလဲ?"
ချိုးယုံခန်းက ကျိရွှေရှန့်၏စကားများအား မယုံတော့သည်မှာ သိသာနေပြီး ကျိရွှေရှန့်ကို အေးစက်စွာ ပြန်ကြည့်နေကာ သူ့မျက်လုံးများတွင် ယခင်ကဲ့သို့ နွေးထွေးမှုများ မရှိတော့ပေ။
"ဘာလို့လဲဆိုတော့ မင်းနဲ့ငါက အစ်ကိုကောင်းတွေလေ၊ အခု မင်းက မော့ချန်ရဲ့ကိစ္စရပ်တိုင်းကို တာဝန်ယူစီမံပေးနေရလို့ပဲ။ တခြားတစ်ဖက်က မင်းအပေါ် မကောင်းကြံမှာကို ငါ စိုးရိမ်တယ်"
ကျိရွှေရှန့်၏စကားများက အကြောင်းပြချက် ခိုင်လုံပြီး အပြစ်ကင်းစင်လွန်းနေသောကြောင့် ချိုးယုံခန်းက ကျိရွှေရှန့် အမှန်အတိုင်း ပြော မပြောကိုပင် မခန့်မှန်းနိုင်တော့ပေ။ သို့သော် သူက သံသယမျက်ဝန်းများဖြင့် ထပ်မေးလိုက်သေးသည်။
"ဒါဆို လူကြီးမင်းရှင်းကရော... အခု သူက မော့ချန်ရဲ့ စီရင်စုအမတ်မင်း မဟုတ်ဘူးလား? ငါနဲ့ယှဥ်ရင် သူ့ကို ပိုပြီး ကာကွယ်ပေးသင့်တာ မဟုတ်ဘူးလား?"
ချိုးယုံခန်း၏အသံတွင် ယခုနလောက် ဒေါသများ မရှိတော့သော်လည်း သံသယများ ပြည့်နှက်နေဆဲ ဖြစ်သည်။
“လူကြီးမင်းရှင်းက စစ်စခန်းရဲ့ ဘေးကပ်ရပ်မှာ နေ နေတာလေ။ ဘယ်သူက သူ့ကို သွားသတ်ဝံ့မှာလဲ? ပြီးတော့ ငါ့အဘိုးကလည်း ရုံးတော်ရဲမက်တွေနဲ့ စစ်သည်တွေ စောင့်ကြပ်နေတဲ့ ရုံးတော်ထဲမှာ နေတယ်။ သူလည်း သေချာပေါက် အန္တရာယ်ကင်းတယ်။ မင်းက အားလုံးနဲ့အဝေးမှာ ရှိနေတော့ သူတို့ဘက်က တွေးရင် မင်းက အလွယ်ကူဆုံး ပစ်မှတ်ဖြစ်ဖို့ များတယ်"
ကျိရွှေရှန့်က အခြေအနေများအားလုံးကို စတင်သုံးသပ်ပြပြီး သေသေချာချာ ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။ သို့တိုင်အောင် ချိုးယုံခန်းက သူ့ကို သံသယဖြင့် ကြည့်နေဆဲ ဖြစ်သည်။ သို့သော်လည်း ကျိရွှေရှန့်၏ အမူအရာက တည်ငြိမ်လွန်းနေပြီး သူ လိမ်ပြောနေသည်ဟု လုံးဝ မထင်ရပေ။
“ဘာပဲဖြစ်ဖြစ် ငါက စာရင်းကိုင်တစ်ယောက်သာသာပဲ။ ဘယ်သူကမှ ငါ့ကို သတ်ချင်မှာ မဟုတ်ဘူး၊ ငါ့အတွက် အကာအကွယ် မလိုဘူး။ သူတို့ကို ပြန်လွှတ်လိုက်!”
ချိုးယုံခန်း၏ခံစားချက်များက သိသိသာသာ ငြိမ်သက်သွားပုံရသည်။ သူထံတွင် ယခင်လောက် စိတ်လှုပ်ရှားမှုများနှင့် ဒေါသများ မရှိတော့သော်လည်း သူ့နောက်သို့ လိုက်နေမည့် လူများကိုတော့ လက်ခံချင်ပုံမရပေ။
“အဲ့လိုလုပ်လို့တော့ မရဘူး။ မင်းက မင်းတို့မိသားစုမှာ ကျန်နေတဲ့ တစ်ဦးတည်းသော ကလေးပဲ။ မင်း တစ်ခုခု ဖြစ်သွားမှာကို ငါ လုံးဝ လက်မခံနိုင်ဘူး"
ကျိရွှေရှန့်က ချိုးယုံခန်းကို လေးလေးနက်နက် စိုက်ကြည့်ရင်း ပြန်ပြောလိုက်ကာ သူ့စကားလုံးများတွင် အဓိပ္ပါယ်နှစ်ခွ ရှိနေလေသည်။
“ငါက မလိုအပ်ဘူးလို့ ပြောရင် မလိုအပ်ဘူးပေါ့။ မင်း ငါ့ကို မယုံရင် အခုချက်ချင်း ဖမ်းထားလိုက်”
ချိုးယုံခန်းက ရုတ်တရက် ဒေါသထွက်လာပြန်သည်။ သူ့၏နူးညံ့သိမ်မွေ့သော မျက်နှာက ဒေါသကြောင့် ကြမ်းတမ်းလာပုံရကာ သူ့လေသံကလည်း စိတ်မရှည်တော့ပုံရသည်။
ကျိရွှေရှန့်ကတော့ ချိုးယုံခန်း၏မျက်လုံးများကိုသာ စိုက်ကြည့်နေခဲ့ပြီး သူ၏ နက်ရှိုင်းသော အကြည့်များက အရာရာကို ဖောက်ထွင်းကြည့်ချင်နေသလို စူးရှလွန်းလှသည်။ ထိုမျက်လုံးများက ချိုးယုံခန်းကို ဘဝင်မကျဖြစ်စေပြီး သူ့မျက်လုံးထဲမှ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ တောက်ပလာပြန်သည်။
ကျိရွှေရှန့်နှင့် လမ်းခွဲပြီးနောက် စူးချင်းက ချင်ဖုန်းကို တွေ့ရန် အစိုးရရုံးတော်သို့ အရင်သွားလိုက်သည်။ အဘိုးအိုက ကျိရွှေရှန့်၏အကြီးအကဲဖြစ်သလို စူးချင်း၏မိတ်ဆွေလည်း ဖြစ်သည်။ ထို့ကြောင့် သူမ သူ့ဆီသို့ သွားရောက်လည်ပတ်ရန် ကျိုးကြောင်းဆီလျော်လှသည်။
ချင်ဖုန်းကလည်း စူးချင်းကို တွေ့ရသည့်အတွက် ပျော်ရွှင်နေခဲ့သည်။ သူက စူးချင်းကို ဆွဲခေါ်သွားပြီး သူ့မြေးအတွက် စကားပြောပေးလိုက်သည်။
“စူးချင်း၊ ငါ့မြေးကို ထပ်ပြီး မထားသွားပါနဲ့တော့။ သူက မင်းကို အရမ်းတမ်းတနေပြီး အစားအသောက်တောင် မစားနိုင်ဘူး။ သူရဲ့ဇနီးလောင်းဆိုတာကလည်း သူ့အဖေ သတ်မှတ်ပေးခဲ့တာပါ။ ရွှေရှန့် လိုချင်တာ မဟုတ်ဘူး။ သူက သော့ကို ပြန်လိုချင်ရုံပါပဲ”
“အဖိုး၊ ကျွန်မ သိပြီးပါပြီ။ နောင်မှာ ကျွန်မတို့ကို ဘယ်သူကမှ ခွဲနိုင်တော့မှာ မဟုတ်ပါဘူး”
စူးချင်းက အပြုံးလေးဖြင့် အဘိုးအိုကို အာမခံလိုက်သည်။
အတိအကျပြောရရင် ရွှေရှန့်နဲ့ သူအဖိုးတို့ ပြောခဲ့တဲ့စကားတွေကြောင့် သူမတို့ စိတ်ဝမ်းကွဲခဲ့ရတာလေ။ မဟုတ်ရင် ရွှေရှန့်မှာ စေ့စပ်ထားသူရှိတယ်ဆိုတာ သူမ ဘယ်လိုသိနိုင်မှာလဲ?
ချင်ဖုန်း၏အိမ်မှ ထွက်လာပြီးနောက် စူးချင်းက ချန်ယွိနှင့်စကားပြောရန် သူ့ကို သွားရှာလိုက်သည်။ ချန်ယွိက ၎င်းကို အလွန်အလေးအနက်ထားပြီး သူ့လူများအား စူးချင်းနောက်သို့ လိုက်သွားစေခဲ့သည်။
စူးချင်းက စစ်သည်တစ်စုကို ရုံးတော်မှ ခေါ်ထုတ်လာခဲ့ပြီး ရုံးတော်သို့ လာနေသည့် ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို တွေ့လိုက်ရသည်။
"ချင်းအာ မင်း အပြင်သွားမလို့လား?"
ကျိရွှေရှန့်က စူးချင်း လူတစ်စုအား ဦးဆောင်လာနေသည့်ကို တွေ့လိုက်ရသောကြောင့် သူမကို လှမ်းမေးလိုက်သည်။ စူးချင်းက ချိုးယုံခန်းကို တစ်ချက်ကြည့်လိုက်ပြီး သူကလည်း သူမအား ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများတွင် စူးစမ်းချင်သည့်ဆန္ဒများရှိနေပြီး သူမ ဘယ်သွားမည်ကို အလွန်သိချင်နေပုံရသည်။
"အင်း၊ ဟိုနား ဒီနား လှည့်ပတ်ကြည့်ရုံတင်ပါ"
စူးချင်းက သူမ ဘယ်သွားမည်ကို အတိအကျ မပြောဘဲ မရေမရာ ပြန်ဖြေလိုက်သည်။ သူမ သူတို့ဘေးမှ ဖြတ်လျှောက်သွားချိန်တွင် ချိုးယုံခန်းက သူမနှင့် စစ်သည်မှား ထွက်သွားသည့်လမ်းကြောင်းအား လိုက်ကြည့်နေခဲ့သည်။
ကျိရွှေရှန့်က ချိုးယုံခန်း၏မြင်ကွင်းကို ပိတ်ဆို့လိုက်ပြီး သူ့ကို ရုံးတော်ထဲသို့ ဆွဲခေါ်လာလိုက်သည်။
“ငါတို့ အဲဒီစစ်သည်လေးယောက်ကို ဘယ်လိုသင်္ဂြိုလ်ရမလဲဆိုတာကို ဆွေးနွေးဖို့ လိုတယ်”
ကျိရွှေရှန့်က ချိုးယုံခန်းကို ရုံးတော်ထဲသို့ ဆွဲခေါ်သွားရင်း အလုပ်ကိစ္စကို စတင်လိုက်သော်လည်း သူက မျက်မှောင်ကြုတ်ထားပြီး ကျိရွှေရှန့် ပြောလိုက်သည့်စကားကိုပင် ကြားလိုက်ပုံမရပေ။ သူက ရုတ်တရက် ကျိရွှေရှန့်၏လက်ကို တွန်းဖယ်ကာ ပြန်ပြောလိုက်သည်။
"ငါ တစ်ခုခု မေ့ခဲ့လို့ အိမ်ပြန်မှဖြစ်မယ်"
ကျိရွှေရှန့်က သူ့ကို တားဆီးရင်း ထပ်ပြောလိုက်သည်။
“မင်းကိစ္စက ကြီးကြီးမားမား မဟုတ်ရင် ငါတို့ ဆွေးနွေးစရာရှိတာ ဆွေးနွေးပြီးမှ ပြန်လေ။ ငါတို့ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး”
“မဟုတ်ဘူး၊ အမေ ဒီမနက် ဆေးသောက်တာကို ငါ မတွေ့ခဲ့ရဘူး။ ငါ ပြန်သွားပြီး အမေ့ကို ကြည့်မှရမယ်။ ငါ ချက်ချင်း ပြန်လာခဲ့ပါ့မယ်"
ချိုးယုံခန်းက အိမ်ပြန်ရန် အခိုင်အမာ တောင်းဆိုနေသောကြောင့် ကျိရွှေရှန့်က သူ့ကို မတားတော့ဘဲ စစ်သည်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"မင်းတို့နှစ်ယောက် သခင်လေးချိုးနောက်ကို လိုက်သွားပြီး သူ့ကို ကာကွယ်ပေးလိုက်ပါ"
ချိုးယုံခန်းက ရုတ်တရက် ရပ်လိုက်ပြီး ကျိရွှေရှန့်ကို နာကျင်သောအမူအရာဖြင့် စိုက်ကြည့်လာခဲ့သည်။
"မင်း ငါ့ကို မယုံသေးဘူးလား? ငါတို့ရဲ့နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးမှုက အဲဒီမိန်းမရဲ့စကားလောက်တောင် တန်ဖိုး မရှိတော့ဘူးလား? ရွှေရှန့်၊ မင်းက ငါ့ကို စိတ်ပျက်စေတယ်"
ကျိရွှေရှန့်ကလည်း ချိုးယုံခန်း၏လေသံကို တုပပြီး ပြန်မေးလိုက်သည်။
"ယုံခန်း.... မင်းက ဘာလို့ ဒီလိုတွေ တွေးနေရတာလဲ? မင်းရဲ့လုံခြုံရေးကို စိုးရိမ်တယ်လို့ ငါ မင်းကို ပြောထားပြီးသား။ ဒါပေမယ့် မင်းက ဘာလို့ ငါ့ကို မယုံပေးနိုင်တာလဲ? ငါတို့က သူငယ်ချင်းဖြစ်ခဲ့တာ နှစ်အတော်ကြာပြီ။ ငါက ဘယ်လို လူလို့ မင်းတွေးနေတာလဲ? ဒါမှမဟုတ် မင်း ငါ့ဆီကနေ တစ်ခုခုကို ဖုံးကွယ်ထားလို့လား?"
ကျိရွှေရှန့်၏စကားများက ချိုးယုံခန်းကို ဆို့နင့်သွားစေခဲ့သည်။ သူက ကျိရွှေရှန့်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ သူ့ရင်ဘတ်က သိသိသာသာ မောက်တက်လာကာ ပြန်လျော့ကျသွားခဲ့သည်။ သူ့မျက်လုံးများမှ ဒေါသစိတ်ကလည်း သိမ်ငယ်စိတ်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အေးစက်သော အပြုံးတစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။
ထို့နောက် သူက အေးစက်ပြီး တင်းမာနေသော အသံဖြင့် “ငါ တကယ်ပဲ ငါ့အတွက်ငါ စိတ်မကောင်း ဖြစ်မိတယ်။ ကောင်းပြီ... ငါ့နောက်ကို လိုက်ခဲ့ကြ!"
ထိုစကားကို ပြောပြီးနောက် သူက ချက်ချင်း လှည့်ထွက်သွားပြီး သူ့နောက်လိုက်မှ လာလာမည့်စစ်သည်နှစ်ယောက်ကို လျစ်လျူရှုလိုက်သည်။ ထိုအရာကသာ သူ့စိတ်ထဲမှ ဒေါသများကို ငြိမ်သက်သွားစေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ကျိရွှေရှန့်က ရုံးတော်၏အဝင်ဝတွင် ရပ်နေပြီး အလောတကြီး ပြန်ထွက်ခွာသွားသည့် ချိုးယုံခန်း၏နောက်ကျောကို လှမ်းကြည့်နေခဲ့သည်။ သူ့မျက်လုံးများက ရေသေကန်တစ်ခုကဲ့သို့ တဖြည်းဖြည်း မှောင်လာပြီး အချိန်အတော်ကြာပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ယုံခန်း၊ ငါက မင်းကို ငါ့ရဲ့အကောင်းဆုံးညီအစ်ကိုလို့ သတ်မှတ်ထားခဲ့တာပါ၊ မင်းလည်း ငါ့ကို စိတ်မပျက်ပါစေနဲ့"
“ရွှေရှန့်"
ချန်ယွိက ရုံးတော်၏အဝင်ဝတွင် ရပ်နေသော ကျိရွှေရှန့်ကို မြင်သွားပြီး နှုတ်ဆက်လိုက်သောကြောင့် ကျိရွှေရှန့်က သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကာ ချန်ယွိကို ပြန်နှုတ်ဆက်လိုက်သည်။
“ဦးလေးချန်၊ ဒီတခေါက် လက်နက်အသစ်တွေ အများကြီး ပြန်ယူလာတယ်။ သေစေနိုင်တဲ့ စွမ်းအားက ပုံမှန်လက်နက်တွေထက် အဆများစွာ ပိုများတယ်”
"ဟုတ်လား? အဲဒါ အရမ်းကောင်းတယ်။ ငါ့မှာလည်း မင်းအတွက် သတင်းကောင်းရှိတယ်"
ထိုသတင်းက ချန်ယွိကို ကျေနစေခဲ့သည်။ ယခုတကြိမ်က လူသတ်လက်နက်ကြီးကို ဆုံးရှုံးပြီးနောက်ပိုင်း သူ ပထမဆုံးအကြိမ် ပြန်ပြုံးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူက ကျိရွှေရှန့်ကို အစည်းအဝေးခန်းမထဲကို ဆွဲခေါ်သွားပြီး သူ ရရှိထားသည့် သတင်းကောင်းကို ပြောပြနေခဲ့သည်။
စူးချင်းက ချန်ယွိထံမှ ယာယီကွပ်ကဲမိန့်ကို ယူကာ စစ်စခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။ သူမ လုပ်ဆောင်ရမည့်အရာက စစ်သားအများအပြား လိုအပ်နေပြီး စစ်သည်တစ်ဖွဲ့တည်းကိုသာ ခေါ်ဆောင်သွားပါက ပြီးပြည့်စုံရန် ဝေးကွာလွန်းသောအရာ ဖြစ်သည်။
စူးချင်းက ရာနှင့်ချီသော စစ်သည်များကို ဦးဆောင်ရန် ယာယီကွပ်ကဲမိန့်ကို အသုံးပြုခဲ့ပြီး ထိုစစ်သည်များကို ခေါ်ဆောင်ကာ မြို့အနောက်ဘက်ကို လုံးဝ ပိတ်ဆို့ထားလိုက်သည်။
“အိမ်တိုင်းကို ရှာကြ။ ဘယ်နေရာကိုမှ မလွတ်စေနဲ့"
စူးချင်းက မြို့အနောက်ဘက်ရှိ အိမ်များကို လိုက်စစ်ဆေးနေပြီး ဤနေရာတွင် နေထိုင်သူ အများအပြား ရှိသောကြောင့် အနည်းဆုံး မိသားစု ရာနှင့်ချီပြီး ရှိနေခဲ့သည်။ အိမ်တိုင်းကို ရှာဖွေရန်က ကြီးမားသော လုပ်ငန်းစဥ်တစ်ခုသာ ဖြစ်သည်။
သူမ ထိုနေ့တွင် ချိုးယုံခန်းနောက်မှ လိုက်ပါပြီး မြို့ကို ရှာဖွေခဲ့ကြသော စစ်သည်များကိုပါ ခေါ်ဆောင်လာခဲ့သေးသည်။
"ချိုးယုံခန်းက မင်းတို့ကို ဘယ်ဘက်ကို ဦးတည်ပြီး ရှာဖွေခိုင်းခဲ့တာလဲ?"
စူးချင်း၏ အမူအရာမှာ အေးစက်ပြီး တင်းမာနေသည်။ သူမ၏ ဂုဏ်သိက္ခာအပြည့်ရှိသော အကြည့်များက ထိုစစ်သားများ၏မျက်နှာများအပေါ် လွှမ်းခြုံထားပြီး မည်သူမျှ သူမ၏ စူးရှသော အကြည့်မှ လွတ်ကင်းနိုင်ခဲ့ခြင်း မရှိကြချေ။
“အဲဒီဘက်က လူနေရပ်ကွက်ပါ”
ဒုတိယခေါင်းဆောင် ဖြစ်ပုံရသည့် စစ်သည်တစ်ယောက်က မတ်တပ်ထရပ်လိုက်ပြီး အနောက်မြောက်ထောင့်ကို ညွှန်ပြလိုက်သည်။
“ကောင်းပြီ၊ အဲ့ဒီနေရာကို အရင် ရှာကြည့်ရအောင်”
စူးချင်းက အေးစက်သော မျက်လုံးများဖြင့် ထိုလူနေရပ်ကွက်ကို လှမ်းကြည့်လိုက်ပြီး စစ်သည်များကို ဦးဆောင်ကာ အနောက်မြောက်ထောင့်မှ အိမ်တိုင်းကို စတင် ရှာဖွေနေခဲ့သည်။ သူမက ကြက်လှောင်အိမ်ကိုပင် ဖွင့်ကြည့်စေခဲ့ပြီး နေရာလွတ်သေးသေးလေးကိုပင် လျစ်လျူရှုမထားခဲ့ပေ။
"စူးချင်း၊ ငါ မင်းကို ကူညီရှာဖွေပေးမယ်"
လှတာနျို့က ဤဒေသတွင် နေထိုင်သူဖြစ်ပြီး စူးချင်းက စစ်သည်များအား ဦးဆောင်ကာ ရှာဖွေနေသည်ကို မြင်လိုက်ရသောကြောင့် အပြေးရောက်လာပြီး ကူညီပေးရန် ကမ်းလှမ်းလိုက်သည်။