← Chapters

သူ့ကို ဖမ်းကြ

Vol. 26 Ch. 388

သူ့ကို ဖမ်းကြ

Vol. 26 Ch. 388

"မလိုဘူး"

စူးချင်းက စစ်သည်များမှအပ အခြားမည်သူကိုမျှ မခေါ်ချင်ပေ။ မြို့ထဲတွင် ရုန့်ရင်းဆန်ခတ် အနည်းငယ် ဖြစ်စေခဲ့သော်လည်း ချန်ယွိက မြို့သူမြို့သားများ အလွန်အကျွံ ထိတ်လန့် သွားမည်ကို စိုးရိမ်သောကြောင့် ရှာဖွေရခြင်း၏ အကြောင်းရင်းကို မပြောဘဲ သူ့၏စစ်သည်များနှင့်သာ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

“ငါ အိမ်မှာ နေရတာ ပျင်းနေလို့ပါ။ ငါ့ကို ခေါ်သွားပေး။ မင်းတို့ ဘာကို ရှာနေကြတာလဲ? မြေကြီးထဲကို သုံးပေတူးရရင်တောင် ရှာတွေ့အောင် ငါ ကူညီပေးပါ့မယ်”

လီတာ့နျိုက သူ့ကို ခေါ်သွားပေးရန် စူးချင်းကို ဆက်လက် တွပ်ကပ်နေခဲ့သည်။

အိမ်မှာနေရတာက လုံလောက်နေပြီ၊ အခုက သူ့ကြွက်သားတွေနဲ့ အရိုးတွေကို ဆန့်ထုတ်ဖို့ အကောင်းဆုံး အချိန်ပဲ။

“မင်း ကျောက်မီးသွေး တူးဖို့ မသွားဘူးလား?”

စူးချင်းက သူ့ကို စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။

သူတို့ သုံးရက်တိုင်း အဆိုင်းပြောင်းကြတာ ဆိုတော့ လီတာ့နျိုက အခု ပြန်လာတာလား? ဒါမှမဟုတ် မသွားတာလား?

"ကျုံးယုံက အိမ်မပြန်ချင်ဘူးတဲ့၊ သူက သုံးရက်အဆိုင်းကို မလဲပေးဘူး၊ သူက ငါ့ကို လမ်းတစ်ဝက်ကနေ ကျောက်မီးသွေးတွေ ပေးပြီး ပြန်လွှတ်လိုက်တယ်၊ ငါလည်း သူ့သဘောအတိုင်း လုပ်ပေးလိုက်တယ်"

လီတာ့နျိုက ပခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။

တကယ်တော့ ကျုံးယုံက ဒီရက်‌တွေမှာ အရမ်းစိတ်မကောင်း ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ကျုံးယုံကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကိုတော့ သူလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် သူ့အတွက်ကလည်း အိမ်မှာ နေပြီး မိသားစုနဲ့အတူရှိနေနိုင်တာမို့ သူ ကျုံးယုံရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်မိတယ်။

စူးချင်းက လီတာ့နျိုကို ထပ်ကြည့်နေခဲ့ပြီး သူ လိမ်နေပုံမပေါ်သည်ကို သိလိုက်သည်။

ကျုံးယုံက သူ့အမေကို ဆုံးရှုံးလိုက်ရပြီး သူ့အမေကို လွမ်းဆွတ်နေတာကြောင့် အိမ်ကို မပြန်ချင်ဘဲ သူ့အမေသုံးနေကျ ပစ္စည်းတွေကို မမြင်ချင်မှန်းလည်း သူမ နားလည်ပေးနိုင်တယ်။

“အစိုးရကိစ္စတွေမှာ မပါဝင်ရင် အကောင်းဆုံးပဲ။ မင်း ပြန်သွားလိုက်တော့!"

စူးချင်းက လီတာ့နျိုကို သံသယမရှိသော်လည်း သူမ နောက်သို့ လိုက်ရန် ခွင့်မပြုနိုင်သေးပေ။ ‌‌နောက်ဆုံးတွင် လီတာ့နျိုက စူးချင်းနှင့် အခြားသူများ၏ ရှာဖွေမှုကို စောင့်ကြည့်ရန်သာ တတ်နိုင်တော့ပြီး ထိုနေရာတွင် မတ်မတ်ရပ်နေကာ သူ့လည်ပင်းကို ဆန့်တန်းထားခဲ့သည်။

စူးချင်းက ခြံဝင်းတစ်ခုထဲသို့ ဝင်တော့မည်ကို မြင်လိုက်ရချိန်တွင် စကားဖွာလွန်းသော လီတာ့နျိုက သူမဆီသို့ အပြေးရောက်လာပြီး ထပ်ပြောလာပြန်သည်။

“စူးချင်း၊ ဒါက ယုံခန်းရဲ့ဝမ်းကွဲအိမ်၊ သူက ငါတို့ထဲက တစ်ယောက်ပါ"

"ယုံခန်းရဲ့ဝမ်းကွဲလား?"

ထိုစကားက စူးချင်း၏မျက်ခုံးများ ပင့်တက်သွားစေရန် လုံလောက်နေခဲ့သည်။

ချိုးယုံခန်းမှာ ဝမ်းကွဲတစ်ယောက်ရှိနေတာကို သူမ ဘာလို့ တစ်ခါမှ မကြားဖူးခဲ့တာလဲ?

“ဟုတ်တယ်၊ ငါ တောင်မှ သူနေဖို့ ဒီအိမ်ကို ကူရှာပေးခဲ့ရသေးတယ်။ ယုံခန်းရဲ့ဝမ်းကွဲက ကပ်ဘေးရှောင်ရင်းနဲ့ မော့ချန်ကို ရောက်လာခဲ့တာ။ လမ်းပေါ်မှာ ယုံခန်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားကြတာလေ”

လီတာ့နျိုက အဆုံးမဲ့စကားနိုင်သူ ဖြစ်ပြီး စူးချင်း မေးစရာပင် မလိုဘဲ အောက်ခြေအထိ ပြောပြနေခဲ့သည်။

"အိမ်ထဲကို ဝင်ပြီး သေချာရှာကြ"

စူးချင်းက သူမ၏နောက်မှ စစ်သည်များကို အမိန့်ပေးလိုက်သည်။ သူတို့ ခြံဝင်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရချိန်တွင် သူမက တစ်ခုခုကို တွေးမိပုံဖြင့် ဆက်ပြောလာပြန်သည်။

"သတိထားကြ"

"စူးချင်း၊ မင်း ကိုယ့်လူတွေကိုတောင် ရှာဖွေနေတာလား?"

သူ ယုံခန်း၏ဝမ်းကွဲအကြောင်း ပြောပြပြီးသည်အထိ စူးချင်းက သူမ၏လူများကို ရှာဖွေရန် အမိန့်ပေးလိုက်သည်ကို တွေ့လိုက်ရသောကြောင့် လီတာ့နျိုက ခေါင်းကုတ်နေကာ စူးချင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်မေးလိုက်သည်။

“....”

စူးချင်းက သူ့ကို အေးစက်စွာ ပြန်စိုက်ကြည့်လာပြီး သူမ၏ အေးစက်သော အကြည့်များက လီတာ့နျို နောက်ထပ်ပြောတော့မည့်စကားများကို ပြန်ဝင်သွားစေခဲ့သည်။ နောက်ဆုံးတွင် သူ စူးချင်း၏ဒေါသကို မဆွဲရဲသလို စူးစမ်းချင်စိတ်ကိုလည်း မစွန့်လွှတ်နိုင်သေးပေ။ ထို့ကြောင့် သူက ထွက်မသွားသေးဘဲ ခြံအပြင်ဘက်တွင် ရပ်ကာ ပွဲကြည့်နေလေသည်။

စူးချင်း အိမ်ထဲသို့ လိုက်ဝင်သွားပြီး အထဲတွင် မည်သူ့ကိုမျှ မတွေ့ရပေ။ စစ်သည်များက အခန်းတိုင်းကို လိုက်ရှာနေကြပြီး စူးချင်းက တစ်အိမ်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အတွင်းထဲတွင် ပရိဘောဂများ သိပ်မရှိကြောင်း မြင်တွေ့နိုင်ပြီး အပြင်ခန်းရှိ မီးဖိုတွင် မီးလက်စမရှိတော့သော်လည်း အိုးထဲတွင် စားစရာများ ရှိနေသေးသည်။ မီးဖိုက ပူနေသေးသောကြောင့် မကြာသေးခင်ကမှ အိပ်ရှင် ထွက်သွားကြောင်း သိသာနေသည်။

“ဘယ်ထောင့်ကိုမှ မလွတ်စေနဲ့”

စူးချင်းက စစ်သည်များကို အမိန့်ပေးကာ ၎င်းတို့၏ ရှာဖွေမှုကို သူမကိုယ်တိုင် ကြီးကြပ်နေခဲ့သည်။ သူမအကြည့်များက ခန်ပေါ်သို့ ကျ‌ရောက်သွားပြီး ထိုနေရာကို တူးရန် စစ်သည်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"ဒီနေရာကို တူး"

ထိုစစ်သည်အဖွဲ့၏ခေါင်းဆောင် ဖြစ်ပုံရသော စစ်သည်လေးက စူးချင်းကို မသိမသာ လှမ်းကြည့်လိုက်သည်။

ဒါက သာမန်ပြည်သူတွေကို အနိုင်ကျင့်တယ်လို့ ယူဆလို့ ရတယ်မဟုတ်ဘူးလား? တခြားအိမ်တွေကို သွားတုန်းက ခန်(အုတ်ကုတင်)တွေကို မတူးခဲ့ကြဘူးလေ၊ ဒီအိမ်ကို ရောက်တော့မှ ဘာကြောင့် ခန်ကိုပါ တူးခိုင်းနေရတာလဲ?

သို့သော် အားလုံးက စူးချင်း၏ဒေါသကို ကြောက်ကြသလို သူလည်း အတူတူ ဖြစ်သောကြောင့် သူ လုံးဝ သွားမမေးရဲဘဲ ခန်ကို တူးရန် ပေါက်ပြားကိုသာ သွားပြန်ယူခိုင်းလိုက်ရတော့သည်။

စူးချင်း ခန်ကို တူးရန် ပြင်ဆင်နေချိန်တွင် အပြင်ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။

စူးချင်းက သူမကိုယ်တိုင် အပြင်သို့ ပြေးထွက်သွားသော်လည်း သူမ ထွက်မသွားခင်တွင် သူမနောက်မှ စစ်သည်များကို အမိန့်ပေးလိုက်သေးသည်။

“ဆက်ပြီး ရှာကြ၊ ဒီအိမ်ကနေ လုံးဝ ထွက်မလာနဲ့”

"နားလည်ပါပြီ!" စစ်သည်ခေါင်းဆောင်လေးက အလျင်အမြန် ပြန်ဖြေလိုက်သည်။ သို့သော်လည်း စူးချင်း၏ သဘောထားကြောင့် သူ အလွန်စိတ်လှုပ်ရှားနေမိသည်။

လူသတ်လက်နက်ကြီးတွေက ဒီနေရာမှာ ရှိနေတာ ဖြစ်နိုင်လား? စူးချင်းမှာ အချက်အလက် အချို့ရှိနေတာ ဖြစ်နိုင်မလား? အဲ့လိုမှ မဟုတ်ရင် သူမက ဘယ်လိုလုပ်ပြီး ဒီလောက် သေချာနေမှာလဲ?

လီတာ့နျိုက စူးချင်း၏နောက်မှ ပြေးလိုက်သွားခဲ့သည်။ ထို့နောက် သူက နံရံတစ်ခု၏အောက်ခြေမှ တုတ်တစ်ချောင်းကို ကောက်ယူကာ လက်နက်အဖြစ် အသုံးပြုရင်း အော်ဟစ်လိုက်ပြန်သည်။

"စူးချင်း၊ ငါ မင်းကို ကာကွယ်ပေးမယ်"

စူးချင်းက နောက်သို့ ပြန်လှည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုသံသယများပြည့်နေသောအကြည့်က လီတာ့နျိုကို ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်သွားစေခဲ့သည်။

ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးမှာလဲ?

"ဘာဖြစ်တာလဲ?"

စူးချင်းက အရှေ့မြောက်ထောင့်ရှိ ပြိုကျနေသော အိမ်တစ်လုံးကို လှမ်းကြည့်လိုက်ပြီး ထိုနေရာတွင် ရှိနေသည့် စစ်သည်များကို မေးမြန်းလိုက်သည်။

"ကျွန်တော်တို့လည်း မသိရသေးဘူး။ ကျွန်တော်တို့ ဒီကို မရောက်ခင် ပေါက်ကွဲသံ အရင်ကြားရတာ။ ကျွန်တော်တို့ အမြန် ပြေးလာပေမယ့် ဘယ်သူ့ကိုမှ မတွေ့လိုက်ရဘူး”

အရှေ့မြောက်ဘက်ကို ရှာဖွေရန် တာဝန်ယူထားသည့် စစ်သည်ခေါင်း‌ဆောင်က ပြန်သတင်းပို့လာခဲ့သည်။ လူသတ်လက်နက်ကြီး၏ စွမ်းအားက ကြီးမားလွန်းလှပြီး မနေ့ညက စားသောက်ဆိုင် ပြိုကျခဲ့သည်။ ယနေ့တွင် လူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီးသွားပြီ ဖြစ်သည်။ ထိုလူသတ်လက်နက်ကြီးများကို ပြန်မရှာနိုင်ပါက မြို့သူမြို့သားများ အေးအေးဆးဆေး အိပ်စက်နိုင်တော့မည် မဟုတ်ပေ။

“အားလုံးကို အပြင်ထွက်ပြီး စုဝေးနေဖို့ ခေါ်ထုတ်လိုက်။ ဒီနေရာက ဘာကိုမှ မထိစေနဲ့၊ ပြီးတော့ ဘယ်သူမှ ပုန်းနေလို့ မရအောင် သေသေချာချာ စောင့်ကြည့်ထားကြ"

ထိုစစ်သည်ခေါင်းဆောင်ကို အမိန့်ပေးနေရင်း စူးချင်း၏မျက်လုံးများ အေးစက်ပြီးရင်း အေးစက်လာခဲ့သည်။ အဆက်မပြတ် ပေါက်ကွဲမှုများက မော့ချန်အတွက် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ခု ဖြစ်လာနိုင်ပြီး ဖောက်ခွဲရေးသမားများ မော့ချန်မှ ထွက်မသွားနိုင်သေးသရွေ့ မော့ချန်အတွင်း အန္တရာယ်များ ရှိလာနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် သူမက ဖောက်ခွဲရေးပစ္စည်း ခြောက်ခုသာ ပြုလုပ်ထားခဲ့ပြီး ယခု နှစ်လုံးပေါက်ကွဲသွားသောကြောင့် လေးလုံးသာ ကျန်နေတော့သည်။

သို့သော်လည်း ထိုဖောက်ခွဲပစ္စည်းလေးခုကို တစုတစည်းတည်း ချည်နှောင်ကာ ဖောက်ခဲမည်ဆိုပါက အစုလိုက်အပြုံလိုက်သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်သည်။ ချန်ယွိ၏စစ်စခန်းကို ဗုံးခွဲရန် လွယ်ကူသည်ဟု ပြောလျှင်ပင် ထိုအရာက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

သူမက လူတိုင်းကို ခေါ်ထားလိုက်ပြီး နေရာတိုင်းကို လိုက်ရှာရန် ဆုံးဖြတ်လိုက်သည်။ ထို့မှသာ သူခိုးများအနေဖြင့် နောက်ထပ် ဖောက်ခွဲရန် အခွင့်အလမ်း မရှိတော့ဘဲ သူမတို့ ဆက်ရှာရန် ပိုလုံခြုံသွားမည် ဖြစ်သည်။

မြို့၏အနောက်ဘက်ခြမ်းရှိ လူအများအပြားက အငတ်ဘေးမှ ထွက်ပြေးလာကြသည့် ဘေးဒုက္ခသည်များ ဖြစ်ကြပြီး အကြိမ်ပေါင်းများစွာ ဆက်တိုက်ရှာဖွေခံနေရသောကြောင့် သူတို့လည်း စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ကြသည်။ သူတို့က နှင်းထဲတွင် တုန်တုန်ယင်ယင် မတ်တပ်ရပ်နေကြကာ သူတို့၏ မျက်နှာများက အအေးဒဏ်ကြောင့် ပြာနှမ်းနေလေသည်။ နွေးထွေးစေရန် လူကြီးများက ကလေးများကို ပွေ့ဖက်ပေးထားကြပြီး စုရုံးနေကြသည်။

စူးချင်းက စစ်သည်များကို မီးဖိုရန် အမိန့်ပေးလိုက်သည်။ သူတို့ အေးခဲ မသေသရွေ့ သူမ တခြား ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

"တာ့နျို၊ ဒီလူတွေထဲမှာ ချိုးယုံခန်းရဲ့ဝမ်းကွဲ ရှိ၊ မရှိ ကြည့်ပေး"

စူးချင်းက ချိုးယုံခန်း၏ဝမ်းကွဲကို မြင်ဖူးသည့် တစ်ဦးတည်းသောသူ ဖြစ်ပြီး သူမ၏နောက်သို့ သက်တော်စောင့်သဖွယ် လိုက်ပါနေသည့် လီတာ့နျိုကို လှမ်းမေးလိုက်သည်။

“အင်း”

လီတာ့နျိုက စူးချင်းထံမှ ကြီးလေးသောတာဝန် အပ်နှင်းခံရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေပြီး လူတန်းကြီးကို လိုက်ကြည်နေခဲ့သည်။ သူက သူ မျက်စိရှန်းသွားမည်ကို စိုးရိမ်နေပြီး သူ့မျက်လုံးများ ကျယ်ကျယ်ဖွင့်ကာ လိုက်ကြည့်နေခဲ့သည်။

စူးချင်းက ချိုးယုံခန်း၏ဝမ်းကွဲကို အဘယ့်ကြောင့် ရှာချင်‌နေမှန်း သူ မသိသော်လည်း စူးချင်း၏ဆုံးဖြတ်ချက်တိုင်းက လူတိုင်းအတွက် အကျိုးရှိနေစေသည်ကိုတော့ သူ သေသချောချာ သိထားခဲ့သည်။ ထို့ကြောင့် လီတာ့နျိုက စူးချင်း၏စကားကို ခြွင်းချက်မရှိ နားထောင်ရန် ရွေးချယ်ခဲ့သည်။

သူမက တခြားသူတွေကို အကြောင်းမဲ့ ဒုက္ခမပေးတတ်ဘူး။

ပြီးတော့ ယုံခန်းရဲ့ဝမ်းကွဲကို စတွေ့တုန်းက အဲ့လူက လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ သူ ခံစားခဲ့ရတယ်။ အဲ့လူရဲ့အကြည့်တွေက မှောင်မိုက်နေပြီး သူတစ်ပါးအပေါ် အရမ်းတွက်ချက်တတ်ပုံရတယ်။

ပြီးတော့ ယုံခန်းကလည်း သူရဲ့ဝမ်းကွဲကို ကြောက်နေတယ်လို့ သူ ခံစားမိခဲ့သေးတယ်။ အဲ့တုန်းက သူတောင်မှ မခံချင်ဖြစ်ခဲ့သေးတယ်၊ အဲ့လူက ဒီကို ရောက်လာပြီး ယုံခန်းဆီမှာ ခိုလှုံရပေမယ့် သခင်တစ်ယောက်လို ပြုမူချင်နေသေးတာလေ။

အရင်က သူ အဲ့အကြောင်းတွေကို ယုံခန်းနဲ့ ပြောဖူးပေမယ့် ယုံခန်းက သူ့ဝမ်းကွဲက သနားစရာကောင်းပြီး သူ့မိသားစုတွေအားလုံး သေဆုံးသွားတဲ့အတွက် အဲ့လို ဖြစ်နေတာလို့ ပြောခဲ့တယ်။ အသေးအမွှားကိစ္စဆို သည်းခံလိုက်ပါလို့လည်း ပြောခဲ့သေးတယ်။

ထိုအကြောင်းများကို တွေးနေရင်း လီတာ့နျိုက ချိုးယုံခန်း၏ဝမ်းကွဲအစ်ကိုကို လိုက်ရှာနေခဲ့သော်လည်း သူ လူတန်းကြီး၏နောက်ဆုံးသို့ ရောက်လာသည်အထိ ထိုဝမ်းကွဲကို ရှာမတွေ့ခဲ့ပေ။

"စူးချင်း၊ ကြည့်ရလွန်းလို့ ငါ့မျက်လုံးတွေတောင် မှုန်ဝါးသွားပြီ။ ဒါပေမယ့် ယုံခန်းရဲ့ဝမ်းကွဲက ဒီလူတွေထဲမှာ မရှိဘူး”

လီတာ့နျိုက သူ့မျက်လုံးများကို ပွတ်သပ်နေရင်း စူးချင်းကို သတင်းပို့ရန် ပြန်ရောက်လာခဲ့သည်။ လူအုပ်ကို အကဲခတ်နေသည့် စူးချင်း၏မျက်နှာက ရေသေကန်ကဲ့သို့ မည်းမှောင်နေလေသည်။

သူ ဘယ်ကို ရောက်သွားတာလဲ?

“လူတွေ ခေါ်သွားပြီး တစ်အိမ်ချင်းစီကို ထပ်ရှာကြ။ အိမ်ထဲမှာ ရှိနေတဲ့လူအားလုံးကို အပြင်ကို ခေါ်ထုတ်လာခဲ့ကြ”

စူးချင်းက ထိုနေရာကို ထပ်ရှာဖွေရန် စစ်သည်ခေါင်းဆောင်အား အမိန့်ပေးလိုက်သည်။

ဒီလူက ထွက်မသွားဘူးလို့ သူမ ခံစားမိနေပြီး အနီးနားမှာ ပုန်းအောင်းရင်း သူမတို့ကို စောင့်ကြည့်နေတယ်လို့ သူမ ခံစားနေရတယ်။

ထိုအတွေးဝင်လာသည်နှင့် တပြိုင်နက် စူးချင်းက ဘာမှ ထပ်မပြောတော့ဘဲ အနောက်ဘက်တွင်ရှိနေသည့် အမြင့်ဆုံးသစ်ပင်အိုကြီးပေါ်သို့ ခုန်တက်လိုက်ပြီး အပေါ်မှ ငုံ့မိုးကာ အောက်ကို ပြန်လှမ်းကြည့်လိုက်သည်။

ရှေးဟောင်းသစ်ပင်အိုကြီးက အတော်အတန်သာ မြင့်ပြီး ခြောက်မီတာမှ ခုနစ်မီတာအထိသာ မြင့်သောကြောင့် သစ်ပင်ပေါ်မှ ကြည့်လျှင် အောက်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

စူးချင်းက အိမ်တိုင်းကို လိုက်ရှာဖွာနေသည့်စစ်သည်များကို ကြည့်နေခဲ့ပြီး လီတာ့နျိုက သစ်ပင်အောက်တွင် ရပ်နေကာ စူးချင်းကို မော့ကြည့်နေလေည်။

သူမ ဘာကြောင့် သစ်ပင်ပေါ်ကို တက်သွားရတာလဲ?

"စူးချင်း၊ ပြုတ်မကျစေနဲ့"

လီတာ့နျိုက အောက်မှ စိုးရိမ်စွာ အော်လိုက်သည်။

သူ တကယ်ပဲ စိတ်ပူနေမိတယ်။ ဒီလိုမိန်းမမျိုး ဘယ်လို ရှိနိုင်တာလဲ? သူမက သစ်ပင်ပေါ်တတ်တမ်း ကစားနေတာလား?

စူးချင်းက စစ်သည်များ၏မြင်ကွင်းကို ပုန်းကွယ်နေသည့် အနက်ရောက်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူတစ်ယောက်ကို ရုတ်တရက် တွေ့သွားပြီး သူမက ထိုလူကို လက်ညှိုးထိုးပြကာ စစ်သည်များကို လှမ်းအော်လိုက်သည်။

“အဲဒီမှာ၊ သူ့ကိုဖမ်းကြ..."

All Chapters