ဒီလူတွေရဲ့ သေခြင်းရှင်ခြင်းက ငါနဲ့ ဘာဆိုင်လို့လဲ?
Vol. 26 Ch. 389
ထိုလူကလည်း စူးချင်း၏အော်သံကို ကြားသွားပြီး အသံထွက်ပေါ်လာသည့် သစ်ပင်ဆီသို့ မော့ကြည့်လာခဲ့သည်။ သူ့မျက်လုံးများက အဆိပ်ပြင်းသည့် မြွေတစ်ကောင်၏မျက်လုံးများကဲ့သို့ ကောက်ကျစ်မှုများ ရှိနေပြီး ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေလေသည်။ သူက ဖောက်ခွဲရေးကိရိယာတစ်ထုပ်ကို မြှောက်လိုက်ပြီး စုရုံးနေသည့်သာမန်လူများ၏အသက်ဖြင့် စူးချင်းကို ခြိမ်းခြောက်ချင်နေပုံရကာ အော်ပြောလိုက်သည်။
“ငါ့ကို သွားခွင့်ပေး၊ ငါ့ကို သွားခွင့်မပေးရင် ငါ ဒီအရာကို ဖောက်ခွဲပစ်လိုက်မယ်။ အားလုံး အတူတူသေကြတာပေါ့”
စူးချင်းက ဤသာမန်များ၏ အသက်နှင့် ဘဝများကို ဂရုစိုက်လိမ့်မည်ဟု သူ ထင်ထားခဲ့ပြီး ဤလူများက သူ့အတွက် တန်ဖိုးရှိသော အလဲအလှယ်များ ဖြစ်လာရန် သူ မျှော်လင့်ထားသော်လည်း စူးချင်းက မထီမဲ့မြင် ရယ်မောလာလိမ့်မည်ဟုတော့ သူ ကြိုတွေးမထားခဲ့ပေ။
"ဒီလူတွေရဲ့သေခြင်းနဲ့ရှင်ခြင်းက ငါနဲ့ဘာဆိုင်တုန်း?"
ထိုအမျိုးသားက သူမ ယခုကဲ့သို့ ပြောလာမည်ဟု မမျှော်လင့်ထားသော်လည်း သူမ၏အေးစက်စက် အမူအရာကြောင် သူမ လိမ်ပြောနေခြင်းမဟုတ်ကြောင်း နားလည်သွားခဲ့သည်။
အမှန်စင်စစ်တော့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ ဘယ်သူကများ သာမန်လူတွေရဲ့ ဘဝတွေကို ဂရုစိုက်ခဲ့လိုလဲ? အဲ့မိန်းမကို လူသတ်လက်နက်ကြီးတွေနဲ့ သာမန်လူတွေအတွက် ယှဥ်ရွေးခိုင်းရင် သူမက လူသတ်လက်နက်ကြီးတွေကိုပဲ ရွေးချယ်မှာ သေချာတယ်။
သို့သော်လည်း သာမန်ပြည်သူများကတော့ ထိုစကားသံများကြောင့် ထိတ်လန့်သွားကြသည်။ သူတို့က ကြောက်ရွံ့ထိတ်လန့်နေကြပြီး သူတို့ အသက်ရှင်နိုင်ရန် ထွက်ပြေးချင်နေကြသော်လည်း စစ်သားများအားလုံးက ဓားနှင့် လှံများကို ကိုင်ဆောင်ထားသောကြောင့် သူတို့ လှုပ်ပင်မလှုပ်ဝံ့ကြပြန်ပေ။
သတ္တိရှိလို့ ထွက်ပြေးရင်လည်း ပွဲချင်းပြီး အသတ်ခံရမယ်။ မပြေးရင်လည်း ပေါက်ကွဲပြီး သေရဦးမယ်။
နောက်ဆုံးတွင် အရပ်သားများက ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးရုံသာတတ်နိုင်ကြတော့သည်။
"စူးချင်း၊ မင်း သူတို့ကို လျစ်လျူရှုလို့ မရဘူး!"
လီတာ့နျိုကတော့ အလွန်အမင်း စိုးရိမ်နေပြီ ဖြစ်သည်။
အဲ့ဒီမှာ သူ့မိဘတွေနဲ့ ညီမလေး အပါအဝင် လူ ရာနဲ့ချီရှိတယ်။ စူးချင်းက ဘာလို့ သူတို့အားလုံးကို စွန့်ပစ်နိုင်ရတာလဲ?
"ပါးစပ်ပိတ်ထား"
စူးချင်းက ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်ပြီး လီတာ့နျိုပင် ကြောက်လန့်သွားရကာ စူးချင်းက ရက်စက်လွန်းပြီး နှလုံးသားမဲ့သည်ဟု သူ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
သာမန်လူများ၏အသက်နှင့် စူးချင်းအား မခြိမ်းခြောက်နိုင်သည်ကို နားလည်သွားချိန်တွင် ထိုလူလည်း ထိတ်လန့်သွားပုံရသည်။ သူ့ခေါင်းက သူ့ခေါင်းကို တစ်ပတ်လှည့်ကာ လွတ်မြောက်ရန် လမ်းစကို ရှာဖွေနေခဲ့သည်။ ထိုအခိုက်အတန့်တွင် စူးချင်း၏ အေးစက်သောအသံကို သူ ထပ်မံကြားလိုက်ရပြန်သည်။
“ငါနဲ့ လာတိုက်။ မင်း ငါ့ကို နိုင်အောင် တိုက်နိုင်ရင် မင်းကို လွှတ်ပေးပြီး အဲ့ဒီလူသတ်လက်နက်ကြီးကိုပါ ပေးလိုက်မယ်"
စူးချင်း၏ စကားကို ကြားလိုက်ရချိန်တွင် ထိုလူက အနည်းငယ် မာန်တက်သွားပုံဖြင့် ပြန်ထပ်အော်လိုက်သည်။
“နောက်ဆုံးတော့ မင်းက သူတို့ရဲ့ဘဝတွေကို ဂရုစိုက်နေတုန်းပဲ။ မင်း ဘာတွေ ဟန်ဆောင်နေတာလဲ?"
"မင်း ကြိုးစားကြည့်လို့ ရတယ်။ မင်း အဲ့လူသတ်လက်နက်ကို မီးရှို့နေတဲ့အချိန်မှာ ငါ့မြှားက မင်းရဲ့လည်ချောင်းကို ထိုးဖောက်ပြီးသားဖြစ်နေလိမ့်မယ်။ ငါက သူတို့ရဲ့ဘဝတွေကို လုံးဝ ဂရုမစိုက်ဘူး။ မင်းရဲ့အသက်ကိုပဲ ငါ လိုချင်တာ"
စူးချင်းက သစ်ပင်ပေါ်သို့ လေးတစ်ချောင်း ပစ်တင်ပေးရန် အောက်မှ စစ်သည်များကို အမိန့်ပေးလိုက်သည်။ သူမ၏အသံက အေးစက်လွန်းပြီး ခံစားချက်မဲ့နေကာ ထိုလူ မီးညှိ မညှိကို သူမ လုံးဝ ဂရုမစိုက်ကြောင်း သိသာနေသည်။
ထိုလူကလည်း သူ့၏အတွင်းစိတ်ထဲတွင် အပြင်းအထန် လွန်ဆွဲနေပုံရပြီး ဆုံးဖြတ်ချက်ချနိုင်ရန် ရုန်းကန်နေရဟန်ပေါ်သည်။ စူးချင်းကတော့ သာမန်လူများကို လုံးဝ ဂရုမစိုက်ဘဲ သူမ၏မြှားကိုသာ သူ့ဆီသို့ တိုက်ရိုက် ချိန်ရွယ်လိုက်သည်။ သူ လူသတ်လက်နက်ကြီးကို မီးညှိလိုက်သည်နှင့် သူမ၏မြှားက သူ့လည်ချောင်းအား ဖောက်ဝင်လာမည်မှာ သေချာနေတော့သည်။
သူ မသေချင်သေးဘူး။ သူ့ရဲ့တာဝန်က မပြီးသေးဘူး။ လက်တစ်ကမ်းကို ရာက်နေပြိ ဖြစ်တဲ့ ဘုန်းကျက်သရေနဲ့ စည်းစိမ်ဥစ္စာတွေကို သူ မစွန့်ပစ်နိုင်ဘူး။ အကောင်းဆုံးကတော့ ဒီမိန်းမကို အနိုင်ယူပြီး ဒီနေရာကနေ ထွက်ခွာသွားနိုင်ဖို့ပဲ။
“ငါ မင်းကို မယုံဘူး။ ဒီမှာ စစ်သားတွေ အများကြီးရှိတယ်။ ငါ မင်းကို အနိုင်ယူရင်တောင် မင်းက ငါ့ကို သွားခွင့်ပြုမှာ မဟုတ်ဘူး"
ထိုလူက စူးချင်းကို အော်ပြောနေပြီး သူမနှင့် ညှိနှိုင်းရန် ကြိုးစားနေပြန်သည်။
“မင်းတို့ ဒီလူတွေကို ဝေးနိုင်သမျှ ဝေးဝေး ခေါ်သွားကြ။ ငါ့အမိန့်မပါဘဲ ဘယ်သူမှ ပြန်လာခွင့် မရှိဘူး”
စူးချင်းက အရပ်သားများကို ခေါ်ဆောင်ပြီး ထွက်သွားရန် စစ်သည်များအား အေးစက်စက် အမိန့်ပေးလိုက်သည်။
“မရဘူး၊ သူတို့ ထွက်သွားလို့ မရဘူး။ စစ်သည်တွေပဲ ထွက်သွားရမယ်”
စူးချင်းက သာမန်လူများကိုပါ ထွက်သွားစေလိုကြောင်း ကြားလိုက်ရချိန်တွင် ထိုလူက လုံးဝ ငြင်းဆန်လာခဲ့သည်။
ဒီလူတွေက သူ့အတွက် တန်ဖိုးရှိတဲ့ အလဲအလှယ်ပစ္စည်တွေလေ။ သူတို့ထွက်သွားရင် သူ့မှာ ဘာကျန်တော့မှာလဲ?
“ကောင်းပြီလေ”
စူးချင်း၏မျက်လုံးများက မှေးကျဥ်းသွားပြီး သူမ၏နှုတ်မှ ထွက်လာသည့် 'ကောင်းပြီလေ' ဟူသော စကားလုံးက ရေခဲကဲ့သို့ အေးစက်နေလေသည်။
“အားလုံး ထားသွားကြတော့”
စူးချင်းက စစ်သည်များကို ထပ်အမိန့်ပေးလိုက်သည်။ စစ်သည်ခေါင်းဆောင်က အနည်းငယ် စိုးရိမ်နေပုံဖြင့် "သခင်မလေးစူး"
သူက စူးချင်းကို ဖျောင့်ဖျချင်နေခဲ့သည်။
အဲဒီလူရဲ့လက်ထဲမှာ လူသတ်လက်နက်ကြီးတစ်ခု ရှိနေတုန်းပဲ။ သခင်မလေးစူးအနေနဲ့ သူနဲ့ တစ်ယောက်တည်း တိုက်ခိုက်ဖို့က အန္တရာယ်များလွန်းတယ်။ အဲ့ဒါအပြင် သာမန်လူတွေလည်း အများအပြား ရှိနေသေးတယ်။ တကယ်လို့ ဒီလူက သေတဲ့အထိ ပြန်တိုက်ခိုက်ပြီးမှ လူသတ်လက်နက်ကြီးကို ဖေါက်ခွဲလိုက်ရင် သာမန်အရပ်သားတွေအားလုံးလည်း သူတို့ရဲ့အသက်တွေကို ဆုံးရှုံးကြရလိမ့်မယ်။
သို့သော်လည်း စူးချင်းက သူ့ကို အေးတိအေးစက် စိုက်ကြည့်လိုက်သဖြင့် ထိုစစ်သည်ခေါင်းဆာင်ခမျာ သူ့၏ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ထို့အပြင် အအေးဓာတ်တစ်ခုက သူ့၏ခြေဖျားမှ ခေါင်းအထိတက်လာသလို ခံစားလိုက်ရသောကြောင့် သူ တခြားဘာမှ မပြောရဲတော့ဘဲ ကျန်စစ်သည်များကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။
သူက သူ ထွက်မသွားမီတွင် စူးချင်းကို စိုးရိမ်စွာ ထပ်ကြည့်လိုက်ပြီး သူမက အေးစက်သောအမူအရာဖြင့် သစ်ပင်ပေါ်မှ ပျံဆင်းလာသည်ကို မြင်လိုက်ရသည်။ သစ်ပင်ပေါ်မှ ဆီးနှင်းများကလည်း တဖွဲဖွဲကျဆင်းလာပြီး ထိုအဖြူရောင်နှင်းလွှာထဲမှ စူးချင်းက ကောင်းကင်ပေါ်တွင် ပျံဝဲနေသော လင်းယုန်ငှက်ကဲ့သို့ ဖြစ်နေလေရာ စစ်သည်ခေါင်းဆောင်နှင့် လီတာ့နျိုတို့ကို ရင်သပ်ရှုမော ဖြစ်သွားစေခဲ့သည်။
သူမက ဒီလောက်မြင့်တဲ့ သစ်ပင်ပေါ်ကနေ ဒီအတိုင်း ခုန်ဆင်းလာတာလား? ဘာအထိအခိုက်မှ မရှိဘဲ မြေပြင်ကို ဆင်းသက်နိုင်မှာ သေချာလို့လား?
အလားတူပင် စူးချင်း သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်ကို မြင်လိုက်ရချိန်တွင် တစ်ဖက်မှ ခြိမ်းခြောက်နေသည့်လူအတွက် ကြောက်ရွံ့မှု လှိုင်းလုံးကြီးတစ်ခုကို ခံစားရစေခဲ့သည်။
ဒီမိန်းမက အရမ်းအစွမ်းထက်တယ်လို့ သူ ကြားခဲ့ဖူးတယ်။ သူ သူမကို အနိုင်ရဖို့ အခွင့်အရေး ရှိနိုင်ပါ့မလား?
စူးချင်းကတော့ သူ နောင်တရဖို့ အချိန်နှင့် အခွင့်အရေးကို လုံးဝ မပေးတော့ပေ။ သူမက အိမ်ခေါင်မိုးများနှင့် ခြံတံတိုင်းများပေါ်တွင် ကျားသစ်တစ်ကောင်ကဲ့သို့ ခုန်ကူးပြေးလွှားနေပြီး ထိုလူ့ဆီသို့ ပြေးဝင်သွားခဲ့သည်။
စူးချင်း၏စွမ်းရည်ကို မြင်လိုက်ရချိန်တွင် သူက သူမနှင့်လုံးဝ မတိုက်ခိုက်ရဲတော့ပေ။
ဒီလှုပ်ရှားမှုတစ်ခုတည်းနဲ့တောင် သူ သူမကို မယှဉ်နိုင်တာ သိသာနေပြီလေ။
အခုတော့ သူ လုံးဝ ယုံကြည်သွားပြီ။ ဒီအမျိုးသမီးက တကယ်ပဲ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလွန်းတယ်။
သူက ဖောက်ခွဲရေးကိရိယာ၏စနက်တံကို မိးရှို့ရန် ပြင်ဆင်နေရင်း စူးချင်းကို အော်ဟစ်အမိန့်ပေးလိုက်သည်။
“ငါဆီကို မလာနဲ့၊ ငါ တိုက်ခိုက်ဖို့ သဘောမတူတော့ဘူး။ မင်း မြန်မြန် ပြန်လှည့်သွားလိုက် မင်း မသွားရင် ငါ ဒါတွေကို ဖောက်ခွဲလိုက်မယ်"
“စည်းမျဥ်းတွေကို ငါကပဲ သတ်မှတ်မယ်၊ မင်းကတော့ ငါ့စည်းမျဥ်းကို မဖြစ်မနေလက်ခံရလိမ့်မယ်၊ မင်းမှာ ငြင်းဆန်ဖို့တောင် အရည်အချင်း မရှိဘူး"
စူးချင်း၏အေးစက်သောအသံက ကန့်ကွက်ရန် ခွန်အားမဲ့စေသော အမိန့်သံကို သယ်ဆောင်လာခဲ့ပြီး သူမ၏လေသံမှ အထင်အမြင်သေးမှုက ထိုလူ့ကို ဒေါသထွက်သွားစေခဲ့သည်။ သူက မီးစာတိုင်ကို ဖွင့်လိုက်ပြီး ဖောက်ခွဲရေးပစ္စည်းကို မီးညှိလိုက်သည်။
သူ ဒါကို မီးညှိပြီး ဒီမိန်းမဆီကို ပစ်လိုက်မယ်။ သူ သူမဆီကို ရောက်အောင်ပစ်နိုင်သရွေ့ သူမက မသေမျိုးဆိုရင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
အခု ဒီအမျိုးသမီးက ရှောင်းမိသားစုစစ်တပ်ထက် ပိုကြောက်စရာကောင်းတာကို သူ နားလည်သွားပြီ။ အဲ့ဒါကြောင့် အခု သူမကို အပြတ်ရှင်းပစ်ရမယ်။ သူမကို အခု မသတ်နိုင်ရင် သူမက သူတို့အတွက် အင်အားအကောင်းဆုံးရန်သူ ဖြစ်လာလိမ့်မယ်။
သူ့၏ နားလည်နိုင်စွမ်းနှင့် တွေးတောမှုများက ကောင်းမွန်သော်လည်း ကံမကောင်းစွာဖြင့် သူ ရင်ဆိုင်နေရသည့်လူက စူးချင်း ဖြစ်နေခဲ့သည်။ သူမက သူမ ရည်မှန်းထားသည့် လုံလောက်သော အကွာအဝေးသို့ ပြေးလာပြီးနေပြီ ဖြစ်ကာ သူမ၏ခန္ဓာကိုယ်ကို လေထဲသို့ ထပ်ခုန်တက်လိုက်ရင်း လေးနှင့် မြှားကို ဆွဲထုတ်ကာ ပစ်လွှတ်လိုက်ပြီး လှုပ်ရှားမှုအားလုံးက တစ်ပြိုင်တည်း ပြီးမြောက်သွားခဲ့သည်။
မြှားတံက လေကို ထိုးခွင်းသွားပြီး လေတိုက်နှုန်းထက်ပင် အရှိန်များနေခဲ့သည်။ မီးစာတိုင်က စနက်တံကို မထိခင်မှာ မြှားက ထိုလူဆီသို့ ထိမှန်သည်။ ပစ်လွှတ်လိုက်သည့် ခွန်အားနှင့် တိုးဝင်လာသည့်အရှိန်က ကြီးမားလွန်းသဖြင့် သူ့လက်ဖဝါးကို ထုတ်ချင်းပေါက် ထိုးဖောက်သွားပြီး ထိုလူက နာကျင်တကြီး အော်ဟစ်လိုက်ကာ မီးစာတိုင်က မြေပြင်ပေါ်သို့ ပြတ်ကျသွားသည်။
(t/n: မီးစာတိုင်ဆိုတာက တရုတ်ကားတွေထဲက ရှေးဟောင်းမီးခြစ်ကို ပြောတာပါ။ ဝါးပြွန်လေးနဲ့တူပြီး အဖုံးဖွင့်ပြီး မီးညှိတဲ့ ဟုလေးလေ)
ထိုလူက နာကျင်မှုဝေဒနာကို တောင့်ခံကာ မီးစာတိုင်ကို ပြန်ကောက်ရန် ကြိုးစားနေခဲ့သော်လည်း စူးချင်းက သူ့ပခုံးကို ဆောင့်ကန်လိုက်သောကြောင့် သူ့ပခုံးရိုး ကျိုးသွားပြီး သူကိုယ်တိုင်လည်း ပြတ်ထွက်သွားသည့်ကြိုးတစ်ချောင်းကဲ့သို့ လွင့်စင်ထွက်သွားတော့သည်။
စူးချင်းက လေထဲတွင်ပင် ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းယူလိုက်ပြီး ငန်းတစ်ကောင်၏ ကြော့မော့ဟန်အပြည့်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ထို့နောက် သူမက မြေပြင်ပေါ် လူးလှိမ့်နေသော လူကို အေးစက်စွာ ကြည့်ကာ လမ်းကြားထဲတွင် ပုန်းအောင်း စောင့်ဆိုင်းနေသည့် စစ်သားများကို လှမ်းအမိန့်ပေးလိုက်သည်။
“သူ့ကို အရှင်မိအောင် ဖမ်းထား”
ထိုလူကလည်း သူမ၏စကားကို ကြားသွားပြီး သူ့ပါးစပ်ထဲရှိ အဆိပ်ကို ကိုက်ရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်လေးတွင်ပင် စူးချင်းက နှင်းခဲတစ်ခဲကို ကန်ထုတ်လိုက်ပြီး ထိုနှင်းခဲ့က သူ့မေးစေ့ဆီသို့ တိုးဝင်လာပြန်သည်။
ဒီလူ့ကို သတ်သေခွင့်ပေးလိုက်ရင် သူ့အတွက် သက်ညှာပေးလိုက်သလို ဖြစ်သွားမှာပေါ့။
ထိုလူက စူးချင်းကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
ဒီမိန်းမက လူသား မဟုတ်ဘူး။ လူသားတွေက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်ဆန်နိုင်မှာလဲ? ပြီးတော့ သူမက သူမရဲ့ပြိုင်ဘက်ကို အသက်ရှင်ဖို့ အခွင့်အရေး သေးသေးလေးတောင် မပေးခဲ့ဘူး။
စစ်သည်များက ထိုလူ့ကို မြေပြင်ပေါ်မှ ဆွဲမလိုက်ပြီး သူ့၏ခန္ဓာကိုယ်ကို ဂရုတစိုက် ရှာဖွေခဲ့သော်လည်း အခြား လူသတ်လက်နက်ကြီးကို မတွေ့ခဲ့ရပေ။
"ကျန်တဲ့ သုံးခုဘယ်မှာလဲ?!"
စူးချင်းက စစ်သားများ ရှာဖွေနေသည်ကို ဘာမှမပြောဘဲ ခပ်အေးအေး စိုက်ကြည့်နေခဲ့သည်။ သူတို့ ဘာမှ ရှာမတွေ့ကြောင်း သေချာသွားမှ သူမက သူတို့ထံသို့ လျောက်သွားလိုက်ပြီး ဒဏ်ရာရနေသည့် အမျိုးသား၏ပုခုံးကို နင်းချလိုက်ကာ ခပ်မာမာ မေးမြန်းလိုက်သည်။
ထိုလူက နာကျင်မှုကြောင့် တဆတ်ဆတ် တုန်သွားပြီး အော်ဟစ်ချင်နေခဲ့သော်လည်း သူ၏မေးရိုးက နေရာလွဲနေသောကြောင့် နှာခေါင်းမှသာ ညည်းညူသံများ ထွက်လာခဲ့သည်။ သူက စူးချင်းကို ကြောက်လန့်တကြား ကြည့်နေပြီး သူမ၏မျက်လုံးထဲမှ ရက်စက်မှုများကိုလည်း အတိုင်းသားမြင်နိုင်ခဲ့သည်။
သူမက သူ့ကို လူသားလိုတောင် လုံးဝ မဆက်ဆံဘူး။ သူ ဒီလောက် နာကျင် နေတာကိုတောင် သူမက အေးအေးဆေးဆေး စိုက်ကြည့်နေသေးတယ်။
သူ မဖြေဘဲနေရဲရင် သူ သေရတာထက် ပိုဆိုးတဲ့ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို ရင်ဆိုင်ရမယ်ဆိုတာ သံသယဖြစ်နေစရာတောင် မလိုတော့ဘူး။
ဒါပေမယ့် ပြောလိုက်ရင်လည်း သေမှာပဲ။ မပြောရင်လည်း သေမှာပဲ။ သေရမယ့်အတူတူ လောင်းကြေးနည်းနည်ထပ်ပြီး ကယ်တင်ဖို့လာမယ့်သူကို စောင့်နေသင့်လား?
“ငါ့လက်ထဲကနေ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး။ ငါ့ကို ပြောစမ်း မပြောရင် မင်းဘက်ကနေ သေဖို့ တောင်းဆိုရတဲ့အရာနဲ့ ရင်ဆိုင်ရလိမ့်မယ်”
စူးချင်းက သူ ဘာတွေးနေသည်ကို သိနေပုံရသည်။ သူမ၏ အေးစက်သောအသံက ထိုအမျိုးသား၏အကြံအစည်များကို ငြှိမ်းသက်နိုင်သော ရေအေးတစ်ပုံးနှင့် တူနေလေသည်။