← Chapters

ဘိုးဘေး တစ်ယောက်လို ဆက်ဆံစမ်း

Vol. 7 Ch. 634

ဘိုးဘေး တစ်ယောက်လို ဆက်ဆံစမ်း

Vol. 7 Ch. 634

ချန်းဖန်က အေးဆေးစွာပင် ထိုင်နေဆဲ ဖြစ်သည်။ သူက ဒူးထောက်နေသော ဝူကျိချန်းအား ဂရုပြုမိပုံပင် မပေါ်ချေ။

ရှု့ယုံဖေးမှာ သူမ၏ အရှေ့မှ မြင်ကွင်းကို အထူးတလှယ် အံ့အားသင့်ဟန် မရသော်လည်း နင်ရှင်းနှင့် ဝူကျိဖန်းတို့ နှစ်ယောက်မှာမူ မျက်လုံးများ ပြူးကျယ် နေကြပြီ ဖြစ်တော့၏။

"အစ်ကို ... ဘာလို့ ဒူးထောက် နေတာလဲ ... ထလေ"

ဝူကျိဖန်းက သူ၏ အစ်ကိုအား ဆွဲထူရန် ကြိုးစားလိုက်၏။

သို့သော်လည်း ဝူကျိချန်းက သူ့အား ဂရုမစိုက်ပဲ ချန်းဖန်ထံမှ တုံ့ပြန်လာမည့် စကားကိုသာ ဒူးထောက်ရင်း စောင့်မျှော် နေခဲ့သည်။

တစ်ခဏမျှ အကြာ၌ ချန်းဖန်က ဝူကျိချန်းအား စူးစိုက် ကြည့်ရင်း မေးလိုက်၏။

"မင်း ငါ့ကို သိတာလား"

"ဟုတ် ... ဟုတ်ပါတယ် ... ရန်တောင် တိုက်ပွဲတုန်းက ကျွန်တော် မြင်ဖူးတာပါ"

ဝူကျိချန်းက တုန်တုန်ရီရီဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆို ... ငါ့ကို စော်ကားတဲ့လူက ဘာဖြစ်မလဲ ဆိုတာ မင်းသိမှာပေါ့"

ချန်းဖန်က စားပွဲအား တဒေါက်ဒေါက် ခေါက်ရင်း မေးလိုက်သည်။

"ဝူမိသားစုက ဆရာ့အတွက် ဘာမဆို လုပ်ပေးမှာပါ ခင်ဗျာ ... ကျွန်တော့် ညီလေးကိုတော့ ခွင့်လွှတ်ပေးပါ"

ဝူကျိချန်းက တောင်းပန်လိုက်သည်။

"လွှတ်ပေးရမယ် ... ရတယ်လေ"

ချန်းဖန်က ပြုံးလိုက်သည်။

"ဝူမိသားစုက ငါ့အတွက် ဘာမဆို လုပ်ပေးမယ် ဆိုရင် ငါ့ဘက်ကလည်း လွှတ်ပေးရမှာပေါ့"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ..."

ဝူကျိချန်းက အကြိမ်ကြိမ် ခေါင်းညိတ် လိုက်သည်။

"လုပ်ရမှာက ရိုးရှင်းပါတယ် ... ဖေးဖေးနဲ့ အရင်တုန်းက ချုပ်ထားတဲ့ စာချုပ်တွေကို ဖျက်ပြီး သူလုပ်ချင်တာ အကုန် လုပ်ခွင့်ရမယ်" "နောက်ပြီးတော့ မင်းတို့မှာ ရှိတဲ့ အကောင်းဆုံး အရင်းအမြစ်တွေနဲ့ သူ့ကို မြေတောင်မြှောက် ပေးရမယ် ... ရှင်းရှင်းပြောမယ်ကွာ ... ဖေးဖေး လိုချင်တာ မှန်သမျှ သူလုပ်ချင်တာ မှန်သမျှကို မင်းတို့ အကုန် ဖြည့်ဆည်း ပေးရမယ် ... နားလည်လား"

ချန်းဖန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

နင်ရှင်းမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေမိ၏။ သူမကား သူမ၏ နားနှင့် မျက်စိကိုပင် မယုံကြည် နိုင်တော့ချေ။

ထိုအရာက ထိပ်တန်း ရုပ်ရှင် မင်းသမီး တစ်ယောက် ရနိုင်သည့် အခွင့်အရေးထက်ပင် ကျော်လွန်နေပြီး ရှု့ယုံဖေးကို "ဝူမိသားစု၏ ဘိုးဘေး" တစ်ယောက်အလား ဆက်ဆံ ခိုင်းနေခြင်း ဖြစ်သည်။

"ကောင်းပါပြီ ခင်ဗျာ ..."

ဝူကျိချန်းက ခေါင်းကို အကြိမ်ကြိမ် ညိတ်ရင်း လက်ခံလိုက်သည်။

အကယ်၍ သူသာ ငြင်းဆန်ပါက ဤနေရာတွင်ပင် ကျိန်းသေ အသတ်ခံ ရပေလိမ့်မည်။ ထို့အပြင် ချန်းဖန် ကဲ့သို့သော သူအား တွေ့ခွင့် ရခြင်းကပင် သူ့အတွက် ကြွားစရာ တစ်ခု ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

"ဒါဆိုလည်း မင်းညီကို ခေါ်ပြီး သွားတော့ကွာ"

ချန်းဖန်က သူ၏ လက်ကို ခါယမ်းရင်း စိတ်မရှည်စွာ ပြောလိုက်၏။

"ဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ"

ထို့နောက် ဝူကျိချန်းက ချန်းဖန်အား အကြိမ်ကြိမ် ဦးညွှတ်ရင်း သူ၏ ညီဖြစ်သူအား ဆွဲခေါ်ကာ ထွက်သွားတော့သည်။

စားသောက်ဆိုင် အပြင်သို့ ရောက်သည်နှင့် ဝူကျိဖန်းက သူ့အကိုအား နားမလည်စွာ မေးလိုက်သည်။

"အစ်ကို ... သူ တောင်းဆိုတာက နည်းနည်း လွန်တယ် ထင်တယ်နော် ... အဖေနဲ့ ဒါရိုက်တာတွေက လက်ခံပါ့မလား ... ဘာလို့ သဘောတူ လိုက်တာလဲ"

"ငါသာ သဘောမတူရင် မင်း သေနေလောက်ပြီ ... ငတုံးရဲ့"

ဝူကျိချန်းက သူ၏ ညီအား ဒေါသတကြီး ပြောလိုက်သည်။

"တကယ်ကြီးလား ..."

ဝူကျိဖန်းက နားမလည်ဟန်ဖြင့် မေးလိုက်၏။

"သူက မိုးနတ်မင်းလို အစွမ်းထက်တဲ့ တန်ခိုးရှင်ကွ ... သူ့အတွက် ငါတို့လို သာမန် လူတွေကို သတ်ရတာက ပုရွက်ဆိတ် သတ်ရသလို လွယ်တယ် ဆိုတာ မင်း မှတ်ထား"

ဝူကျိချန်းက အသက်ကို ပြင်းပြင်း ရှူရင်း ဆက်ပြောလိုက်၏။

"သူ့ရဲ့လွှမ်းမိုးမှုက နိုင်ငံ ခေါင်းဆောင်ကြီး တွေနဲ့တောင် ယှဉ်နိုင်တယ် ... သူက ငါတို့ ကုမ္ပဏီ တစ်ခုလုံးကို တောင်းရင်တောင် ငါတို့တွေ ငြင်းလို့ရမှာ မဟုတ်ဘူး"

ဝူကျိချန်း၏ စကားများအား ကြားပြီးနောက် ဝူကျိဖန်းမှာ ကြက်သီးများ ထသည် အထိ ကြောက်လန့်လာခဲ့မိတော့၏။

***

ဝူကျိချန်းတို့ ထွက်ခွာသွားသည်နှင့် ရှု့ယုံဖေးက ချန်းဖန်အား ဖက်ရင်း ပါးပြင်ကို အနမ်းတစ်ချက် ပေးလိုက်သည်။

"ကျေးဇူးပါ ... အစ်ကိုချန်းဖန်"

"ဟုတ်ပါပြီ ... ဖေးဖေးက လူကြီး ဖြစ်နေပြီနော် ... ကလေးဆန် မနေနဲ့တော့ နတ်ဘုရားမလေးရဲ့"

ချန်းဖန်က ပြုံးရင်း ရှု့ယုံဖေး၏ ခါးလေးကို ပြန်ဖက်လိုက်သည်။

"အစ်ကိုက အစ်မဖန့်ချုံးနဲ့ စေ့စပ်ပြီးပြီ ဆိုတော့ ... ငါတို့ ထပ်တွေ့ဖို့ သိပ်မလွယ် တော့ဘူးနော်"

ရှု့ယုံဖေး၏ လှပသော မျက်လုံးလေးများက အနည်းငယ် မှေးမှန်သွား၏။

ချန်းဖန်ကမူ ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်၍သာ နေလိုက်၏။ မည်သို့ပင်ဆိုစေ သူနှင့် ရှု့ယုံဖေးတို့သည် မတူညီသည့် ကမ္ဘာမှ လူများ ဖြစ်ကြသည်။

အနာဂတ်၌ ယခုကဲ့သို့ သူမအား တကူးတက လာတွေ့ရန်မှာ ချန်းဖန်အတွက် လွယ်ကူတော့မည် မဟုတ်ချေ။

တစ်ခဏ အကြာ၌ ချန်းဖန်က ရှု့ယုံဖေးနှင့် နင်ရှင်းတို့အား အဆောင်ရောက်သည် အထိ လမ်းလျှောက်ကာ ပြန်လိုက်ပို့လိုက်သည်။ ထို့နောက် သူက သူမတို့အား သူ၏ ဖုန်းနံပါတ်ကို ပေးပြီး မြောက်အရပ် တောင်တန်းသို့ ပြန်လာခဲ့သည်။

"ဖေးဖေး ... နင့်မှာ သူ့လို အစ်ကိုမျိုး ရှိတာ ငါ့ကို ဘာလို့ မပြောပြတာလဲ ... နောက်ပြီး သူက တကယ်ကြီး စေ့စပ် ထားတာလား"

ချန်းဖန် ပျောက်ကွယ်သွားသည်နှင့် နင်ရှင်းက ရှု့ယုံဖေးအား မနာလိုစွာ ကြည့်ရင်း မေးလိုက်သည်။

"ဟုတ်တယ် ... ရန်ကျင်း တစ်မြို့လုံး အနီရောင် မေပယ် သစ်ရွက်တွေ ပြောင်းသွားတဲ့နေ့ ရန်ကျင်းတစ်မြို့လုံး ကားတွေ ပိတ်သွားတဲ့နေ့က သူစေ့စပ်ခဲ့တာ"

ရှု့ယုံဖေးက တိုးတိတ်စွာ ပြန်ဖြေလိုက်သည်။

"ဒါဆို အင်တာနက်ပေါ်မှာ ရေပန်းစား နေတဲ့ မြောက်အရပ် တောင်တန်းက လျှို့ဝှက် ဆန်းကြယ်တဲ့ လူငယ်ဆိုတာ သူလား"

နင်ရှင်းက အံ့ဩမှုဖြင့် သူမ၏ ပါးစပ်အား ပိတ်လိုက်မိသည်။

အင်တာနက်ပေါ်တွက် ပျံ့နှံ့နေသော သတင်းများ အရ ထိုနေ့၌ နိုင်ငံတကာမှ သူဌေးကြီးများ၊ အစိုးရ ကိုယ်စားလှယ်များသည် ရန်ကျင်းသို့ လာရောက်၍ လူငယ် တစ်ယောက်၏ စေ့စပ်ပွဲကို ဂုဏ်ပြု ခဲ့ကြသည်ဟု ဆိုသည်။ ထိုနေ့၌ပင် ရန်ကျင်း တစ်မြို့လုံးရှိ မေပယ် သစ်ရွက်များသည်လည်း အနီရောင် အဖြစ် ဆန်းကြယ်စွာ ပြောင်းလဲ သွားခဲ့သေးသည်။

"အင်တာနက်ပေါ်မှာ တွေ့ရသလောက်ဆို စေ့စပ်တဲ့ သတို့သမီးက မြောက်ပိုင်းချုံး လုပ်ငန်းစုရဲ့ စီအီးအိုတဲ့ ... ဒါပေမဲ့ သတို့သား အကြောင်းတော့ ဘာမှ မတွေ့ခဲ့ရဘူး ... လူတွေက သူ့ကို ဝမ်မိသားစု ဒါမှမဟုတ် ရှောင်မိသားစုက တစ်ယောက်ယောက် ဖြစ်မယ်လို့ပဲ ခန့်မှန်း နိုင်ကြတယ် ... ဖေးဖေး ငါ့ကို ပြောပြဦး ... သူက ဘယ်သူလဲ"

နင်ရှင်းက သိလိုစိတ် ပြင်းပြသော ကလေးငယ် တစ်ယောက်အလား ရှု့ယုံဖေး၏ လက်ကို ဆွဲကာ မေးလိုက်သည်။

"သူကလား ... သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အင်တာနက် ပေါ်မှာ ရေပန်းစားခဲ့သေးတဲ့ မြန်မာ သူတော်စင် ဆိုတာပေါ့"

ရှု့ယုံဖေးက ပြန်ပြောလိုက်၏။

"ဘာကြီး ..."

နင်ရှင်းမှာ ပါးစပ် အဟောင်းသား ဖြစ်ကျန်ခဲ့တော့သည်။

***

All Chapters