ဘယ်လိုပြောရမှန်းမသိ ဖြစ်နေပြန်တယ်
Vol. 27 Ch. 398
"သူ့ကို တွေ့ပြီလား?"
ယဲ့လွီချွမ်း၏စကားကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်က ချိုးယုံခန်းကို တွေ့သွားပြီဟု ရုတ်တရက် တွေးလိုက်မိသည်။
ယဲ့လွီချွမ်းက ခေါင်းယမ်းလိုက်ပြီး “မတွေ့သေးဘူး၊ ဒါပေမယ့် လူတစ်ယောက်က ပုံတူထဲက လူကို သူ မြင်လိုက်တယ်လို့ အတည်ပြုပေးခဲ့တယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်က မော့ချန်ကနေ တာချန့်ကို လာတဲ့ လမ်းမှာ ပုံတူထဲက အဲဒီလူကို သူ တွေ့လိုက်တယ်တဲ့”
"ဒါဆို သူ တာ့ချိန်မှာ ရှိနေတာ ဖြစ်နိုင်တယ်"
ချိုးယုံခန်းက တာ့ချန်သို့လာရာလမ်းပေါ်တွင် ထွက်ပေါ်လာသည့်အတွက် သူ တာ့ချန်တွင် ပုန်းအောင်းနေနိုင်ချေများသည်ဟု ကျိရွှေရှန့် ခန့်မှန်းလိုက်သည်။
ကျိရွှေရှန့်၏အမူအရာက ပျော်ရွှင်နေပုံမရဘဲ အနည်းငယ် လေးလံနေသည်ကို သတိပြုလိုက်သောကြောင့် ယဲ့လွီချွမ်းက သူ့ကို ကတိပေးလိုက်သည်။
“ဟုတ်တယ်၊ သူ တာ့ချန်မှာ ရှိနေတာလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် ငါ အိမ်တိုင်းကို ရှာဖွေဖို့ လူတွေ ထပ်လွှတ်ထားပြီးပြီ။ တကယ်လို့ ဒီလူ တာ့ချန်မှာ ရှိနေတာ သေချာရင် ရက်အနည်းငယ်အတွင်း သူ့ကို ဖမ်းဆီးနိုင်မှာပါ”
ကျိရွှေရှန့်က ယဲ့လွီချွမ်းဘက်ကို လက်ခုပ်အုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် တတိယမင်းသား"
"ရပါတယ်၊ ဒါက ဘာမှ မဟုတ်ပါဘူး။ မင်းတို့ ဒီမှာပဲ စောင့်နေချင်လား? ဒါမှမဟုတ် မော့ချန်ကို အရင်ပြန်သွားချင်လား?"
ယဲ့လွီချွမ်းက ကျိရွှေရှန့်ကို ကြည့်ကာ မေးမြန်းလိုက်သော်လည်း ရိုးရိုးသားသားပြောရလျှင် သူက ကျိရွှေရှန့် အရင်ပြန်သွားရန် မျှော်လင့်နေမိသည်။ ကျိရွှေရှန့် ပြန်သွားမှသာလျှင် သူနှင့် ကျိရှောင်ယင်၏ လက်ထပ်ပွဲအတွက် မေးမြန်းနိုင်မည် ဖြစ်သည်။ ထိုအရာက ယဲ့လွီချွမ်း၏ အတ္တဆန်သော အတွေးတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
“ငါတို့ မော့ချန်ကို အရင်ပြန်မယ်။ တတိယမင်းသားဘက်မှာ အဲ့လူကို ရှာတွေ့ခဲ့ရင် သူ့ကို ဖမ်းပြီး မော့ချန်ကို ခေါ်လာပေးပါ”
ကျိရွှေရှန့်က ထိုကိစ္စကို စဉ်းစားထားပြီးဖြစ်ကာ မော့ချန်သို့ အရင်ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ တတိယမင်းသား၏အကူအညီ ရှိနေသောကြောင့် သူ ဤနေရာ၌ အကြာကြီး စောင့်နေရန် မလိုအပ်ပေ။
"ကောင်းပြီ၊ ဒါဆို ငါ မင်းတို့ကို မြို့ပြင်အထိ လိုက်ပို့ပေးမယ်"
ယဲ့လွီချွမ်းက အပြုံးများ ပြည့်နှက်လာပြီး လိုက်ပို့ပေးရန်ပင် စိတ်အားထက်သန်နေခဲ့သည်။
ကျိရွှေရှန့်က သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့သည်။
‘သူက ငါတို့ကြောင့် ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်နေတာလဲ? ငါတို့ ထွက်သွားမယ်လို့ ပြောလိုက်တာနဲ့ ဒီကောင်လေးရဲ့ပါးစပ်က သူ့နားရွက် တက်ချိတ်တော့မယ်။
"ကျွန်တော် ဒီမှာပဲ စောင့်နေမယ်"
ကျုံးယုံက ထွက်မသွားချင်သေးပေ။ မနေ့ညက သူ ကောင်းကောင်းမအိပ်ဘဲ မုန့်ပြားတစ်ချပ်ကဲ့သို့ တစ်ညလုံး မှောက်လိုက်လှန်လိုက် လုပ်နေသောကြောင့် သူ့မျက်လုံးကြီးများတွင် သွေးရောင်များ လွှမ်းနေလေသည်။ သူ မျက်လုံးမှိတ်လိုက်လျှင် သူ့မိခင်၏ကြေကွဲဖွယ်သေဆုံးမှုကိုသာ ပြန်တွေးနေမိပြီး သူ့၏နှလုံးသားက နာကျင်လွန်းလှသည်။ ထို့ကြောင့် ကျူံးယုံက ချိုးယုံခန်းကို သူ့လက်ဖြင့် သူကိုယ်တိုင် ဖမ်းဆီးရန် ကျိန်ဆိုထားခဲ့သည်။
“ကောင်းပြီ”
ကျိရွှေရှန့်က ကျုံးယုံ၏သဘောထားကို နားလည်ပေးနိုင်ပြီး သူ့ကို ကျန်နေခွင့်ပြုလိုက်သည်။ သူတို့ ပြန်သွားလျှင်ပင် ယဲ့လွီချွမ်းက ကျုံးယုံကို ကောင်းကောင်းမွန်မွန် ဧည့်ခံထားမည် ဖြစ်သည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က မော့ချန်သို့ အမြန်ပြန်သွားခဲ့ကြပြီး မြို့တွင်းရော မြို့ပြင်ပါ ငြိမ်သက်နေသည်ကို တွေ့လိုက်ကြရသည်။ ထိုအရာက ချိုးယုံခန်းအနေဖြင့် ဝမ်မိသားစုနှင့် မဆက်သွယ်နိုင်သေးကြောင်း သက်သေပြနေခဲ့သည်။
မြို့စောင့်တပ်သားများက သူတို့ ပြန်လာသည်ကို မြင်သွားပြီး မြို့ထဲသို့ ဝင်ရန် ကြိုးတံတားကို အမြန် နှိမ့်ချပေးလိုက်ကြသည်။
"အဖိုးဆီက သေတ္တာကို သွားယူလိုက်မယ်"
သူတို့နှစ်ယောက် မြို့ထဲသို့ ရောက်လာချိန်တွင် ကျိရွှေရှန့်က စူးချင်းကို အရင် အနားယူခိုင်းလိုက်ပြီး သူက သူ့အဘိုးကို သွားရှာရင်း သူ့အဘိုးထံမှ သေတ္တာကို သွားယူမည့်အကြောင်း သူမကို ပြောပြလိုက်သည်။
"ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"
ကျိရှောင်ယင်က သူမအဘိုး၏နေရာတွင် ရှိနေပြီး စူးချင်းက သူမကို စိတ်ပူနေသောကြောင့် သူမနှင့်သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။
“အင်း”
ကျိရွှေရှန့်က အလွယ်တကူ သဘောတူလိုက်သည်။ သူတို့နှစ်ယောက် မြင်းကိုယ်စီဖြင့် ရုံးတော်ဆီသို့ ရောက်လာကြပြီး မြင်းများကို တံခါးစောင့်တပ်သားများဆီသို့ ပေးကာ အတွင်းသို့ ဝင်သွားကြသည်။
သူတို့ အထဲသို့ ဝင်လိုက်သည်နှင့် ကြက်ဥမွှေကြော်ပန်းကန်ကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာသည့် ကျိရှောင်ယင်ကို တွေ့လိုက်ရသည်။ သူမကို ကြည့်ရသည်မှာ မွဲခြောက်နေပြီး သူမ၏မျက်နှာက ဖြူဖျော့နေကာ မျက်လုံးအောက်ခြေများက မဲမှောင်နေပြီး သူမ၏မျက်လုံးလေးများက အလွန့်အကျွံ ညှိုးငယ်နေလေသည်။
"ရှောင်ယင်"
စူးချင်းက ကျိရှောင်ယင်ကို လှမ်းခေါ်လိုက်ပြီး သူမ၏အစ်ကိုကြီးနှင့် စူးချင်းတို့ ပြန်လာသည်ကို မြင်လိုက်ချိန်တွင် ကျိရှောင်ယင်ကလည်း စိတ်လှုပ်ရှားစွာ ပြေးလာခဲ့သည်။
"အစ်ကိုကြီး၊ အစ်မစူးချင်း... အစ်မတို့ ပြန်လာကြပြီ"
ကျိရှောင်ယင်က သူတို့နောက်သို့ လှမ်းကြည့်လိုက်သော်လည်း အခြားမည်သူ့ကိုမျှ သူမ မတွေ့ရပေ။ သူမ ဘာကို တွေးနေမှန်း မသိနိုင်သော်လည်း သူမက သူမ၏အစ်ကိုကြီးကို ကြည့်ကာ ဂရုတစိုက် မေးမြန်းလိုက်သည်။
"အစ်ကိုကြီးချိုးကို မတွေ့ခဲ့ဘူးလား?"
ချိုးယုံခန်းက သူမ၏မွေးစားအမေအား သတ်ခဲ့သည်ကို ကျိရှောင်ယင်က မယုံနိုင် ဖြစ်နေသေးသည်။ ကျိရှောင်ယင်၏ မှတ်ဉာဏ်များထဲတွင် ချိုးယုံခန်းက အမြဲတမ်း နူးညံ့ကြင်နာတတ်သူ ဖြစ်သည်။
အစ်ကိုကြီးချိုးလိုမျိုး ကြက်ကိုတောင် မသတ်ဖူးတဲ့လူက သူမရဲ့မွေးစားအမေကို ဘယ်လိုသတ်နိုင်ရတာလဲ?
သို့သော် ထိုစာက ချိုးယုံခန်း အဘယ်ကြောင့် ထိုသို့ပြုလုပ်ခဲ့ကြောင်း သူမကို သဘောပေါက်စေခဲ့သည်။ ယင်းကြောင့် ကျိရှောင်ယင်က သူမကိုယ်သူမ လေးလေးနက်နက် အပြစ်တင်နေခဲ့ပြီး ကျုံးယုံကို မည်သို့ ရင်ဆိုင်ရမှန်းမသိ ဖြစ်နေခဲ့သည်။
“သူ ဝေးဝေး မပြေးနိုင်လောက်ပါဘူး”
စူးချင်း၏ အမူအရာက အေးစက်နေပြီး သူမ၏မျက်လုံးများတွင် ပြတ်သားသည့်အလင်းရောင်များ ဖြာထွက်နေသည်။ ကျိရှောင်ယင်က စူးချင်းကို ကြည့်ကာ တစ်ခုခု ပြောချင်နေပုံရသော်လည်း သူမ တုံ့ဆိုင်းသွားပြန်သည်။ စူးချင်းက သူမ၏မျက်လုံးများထဲမှ လွန်ဆွဲနေသည့်အတွေးရိပ်များကို မြင်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားပြန်သည်။
ရှောင်ယင်က ပြောစရာ ရှိနေပြီး ဘယ်ကနေ စပြောရမှန်းမသိ ဖြစ်နေတာလား?
"ရှောင်ယင်၊ ဘာကိစ္စရှိလို့လဲ?"
စူးချင်းက ကျိရှောင်ယင်ကို လေးလေးနက်နက် မေးလိုက်သည်။
တခုခု ရှိရင် နှလုံးသားထဲမှာ ပိတ်လှောင်ထားတာထက် ဖွင့်ပြောလိုက်တာက ပိုကောင်းတယ်။
“အရင် စားကြရအောင်။ ညစာ စားပြီးမှ စကား ပြောကြမယ်လေ"
ကျိရှောင်ယင်က အမှန်တကယ် မည်သို့စ ပြောရမှန်းမသိ ဖြစ်နေသောကြောင့် သူမ၏အစ်ကိုကြီးနှင့် အစ်မစူးချင်းကို ညစာ အရင်စားရန် ခေါ်လိုက်သည်။
သူမ စာနေရင်းနဲ့ ဘယ်လို ပြောရမယ်ဆိုတာကို စဥ်းစားလိုက်ဦးမယ်။
စူးချင်းက သူမကို မော့ကြည့်လိုက်ပြီး ကလေးမလေးက အလွန်စိတ်မကောင်း ဖြစ်နေကာ ထိုကိစ္စက သူမကို နှိပ်စက်ညှဉ်းပန်းနေသည့်ကိစ္စဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်ပြန်သည်။
“ကောင်းပြီလေ”
စူးချင်းက သူမကို အတင်းဖိအားမပေးဘဲ သူမဘာသာ ပြောလာမည့်အချိန်ကို စောင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ချင်ဖုန်းကတော့ စူးချင်းနှင့် ကျိရွှေရှန့်တို့ ပြန်ရောက်လာသောကြောင့် ပျော်ရွှင် ကျေနပ်နေပြီး သူ့၏မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ရင်း ပြုံးနေလေသည်။
"အင်း၊ အခုမှ ဒါက အိမ်နဲ့ ပိုတူလာတော့တယ်"
"အဖိုး၊ ကျွန်တော်တို့ အရမ်းအလုပ်ရှုပ်နေပြီး အဖိုးအတွက် အချိန်မပေးနိုင်ခဲ့ဘူး"
ကျိရွှေရှန့်က သူ့အဖိုး ကလေးလေးကဲ့သို့ ပျော်ရွှင်နေသည်ကို မြင်လိုက်ပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။
“အဆင်ပြေပါတယ်၊ ဘာမှ မဖြစ်ပါဘူး။ မင်းတို့အားလုံးက တာဝန်ကိုယ်စီ ယူထားရတော့ အလုပ်ရှုပ်နေတာ ပုံမှန်ပါပဲ”
သူ့၏မြေးဖြစ်သူက သူ့ကိုယ်သူ အပြစ်တင်နေမှန်း ရိပ်မိလိုက်သောကြောင့် ချင်ဖုန်းက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"ပြီးတော့ အဖိုးက မင်းတို့နဲ့ ဒီလိုမျိုး ပြန်လည်ဆုံဆည်းခြင်းညစာ စားနိုင်တဲ့အတွက် ဝမ်းသာမိတယ်"
"အဖိုး၊ သေရည် သောက်ချင်သေးလား?"
စူးချင်းက ကျိရွှေရှန့်နှင့် လက်ထပ်ပွဲ မပြုလုပ်ရသေးသောကြောင့် ယခင် သူမတို့ အတူရှိစဉ်ကအတိုင်းသာ ချင်ဖုန်းကို ခေါ်ဝေါ်ပြောဆိုဆက်ဆံနေခဲ့သည်။
"မင်းမှာ သောက်စရာ သေရည် ရှိတယ်လား?"
သေရည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ချင်ဖုန်း၏မျက်လုံးများက တောက်ပလာပြီး စူးချင်းကို ချက်ချင်း ပြန်မေးလိုက်သည်။
သူ စူးချင်းရဲ့ကျန်းနန်ချွမ်းကို မသောက်ရတာ ရက်အတော်ကြာနေပြီ။ သေရည်ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ သူ့ပါးစပ်ထဲမှာ တံတွေးတွေ ပြည့်လျှံလာပြီ။
“ရှိတယ်၊ ခဏစောင့်ပေးနော်၊ ကျွန်မ သွားယူလိုက်ဦးမယ်"
စူးချင်းက သေရည်အိုးများကို စနစ်ထဲတွင် သိမ်းဆည်းထားခဲ့ပြီး သူတို့ရှေ့တွင် ထုတ်ယူရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမက ထရပ်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။
ကျိရွှေရှန့်ကတော့ စူးချင်း၏ ကျောပြင်ကို အံ့အားတကြီး လှမ်းကြည့်နေလေသည်။
ချင်းအာက သေရည်အိုးတွေ ယူလာခဲ့တာလား? ချင်းအာက အဲ့သေရည်အိုးတွေကို ဘယ်မှာ ထားထားတာတုန်း? သူ ဘာလို့ မမြင်ခဲ့ရတာလဲ?
စူးချင်းက အခန်းအပြင်သို့ ပြန်ဖို့ အချိန်တန်ပြီဟု တွေးလိုက်ချိန်တွင် အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏ ငိုသံကို ကြားလိုက်ရသည်။
"ယုံခန်းကို တွေ့ခွင့်ပေးပါ၊ ငါ တောင်းပန်ပါတယ်"
စူးချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအသံက အဒေါ်ချိုး၏အသံ ဖြစ်ကြောင်း သူမ မှတ်မိနေပြီး သူမနှင့် ကျိရွှေရှန့် ပြန်လာသည်ကို သိသောကြောင့် ချိုးယုံခန်းကို ပြန်ခေါ်လာသည်ဟု ထင်ကာ သူမတို့ကို ရှာဖွေရန် ရောက်လာခဲ့ခြင်းပင်။
"ငါတို့ ချိုးယုံခန်းကို မတွေ့ခဲ့ဘူးလို့ သူ(မ)ကို ပြောလိုက်ပါ"
စူးချင်းက အဒေါ်ချိုးကို မတွေ့ချင်သလို သူမတို့၏မိသားစု ပြန်လည်ဆုံစည်းခြင်းညစာစားပွဲကိုလည်း အနှောင့်အယှက် မဖြစ်စေချင်သည့်အတွက် ချိုးယုံခန်းကို မတွေ့ခဲ့ကြောင်း အဒေါ်ချိုးအား သွားပြောရန် စစ်သည်များကို အမိန့်ပေးလိုက်သည်။
“ငါ မယုံဘူး။ မင်းတို့ ငါ့ကိုလိမ်နေတာ"
အပြင်မှ အဒေါ်ချိုးက စစ်သည်များ၏စကားကို မယုံဘဲ ရုံးတော်ထဲကို ဝင်ကြည့်ရန် အတင်းအဓမ္မ တွန်းထိုးရုန်းကန်နေပြန်သည်။
စူးချင်းက စိတ်မရှည်တော့ဘဲ ရုံးတော်၏အပြင်ဘက်သို့ ထွက်လာကာ ငိုယိုနေသည့် အဒေါ်ချိုးကို အေးစက်စွာ ကြည့်နေရင်း လှမ်းပြောလိုက်သည်။
"ရှင် ဒီကိုလာပြီး ပြသနာ ရှာလေလေ၊ ကျွန်မ ချိုးယုံခန်းကို ဖမ်းမိတဲ့အခါ သူ ပိုပြီး နှိပ်စက်ခံရလေလေ ဖြစ်မှာ သေချာတယ်"
စူးချင်းက အလွန်ကြောက်လန့်ဖွယ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အဒေါ်ချိုးက ငိုပင် မငိုဝံ့တော့ဘဲ သေသေချာချာ ပြန်မေးလာခဲ့သည်။
"မင်း ယုံခန်းကို မတွေ့ခဲ့ဘူးလား?"
စူးချင်းက သူမကို ပြန်ဖြေရန် စိတ်မ၀င်စားတော့ဘဲ နောက်သို့ ပြန်လှည့်ကာ ရုံးတော်ထဲသို့ ဝင်လာခဲ့သည်။
အဒေါ်ချိုးက ရုံးတော်ရှေ့တွင် ငိုယိုနေခြင်းကို ရပ်လိုက်ပြီး သူမတို့ အိမ်သို့ ပြန်ပြေးသွားတော့သည်။
သားလေး ကောင်းကောင်း ပုန်းနေရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒီနတ်ဆိုးမဆီမှာ အဖမ်းမခံရစေနဲ့....
စူးချင်းက စနစ်ထဲမှ အရက်နှစ်အိုးကို ထုတ်ယူလိုက်ပြီး ထိုအရက်အိုးမှားက အနက်ရောင် ကြွေအိုးကို သစ်သားဖော့စို့များဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်ပြီး ပါးဝမ်ဆွေ့၏ထုတ်ပိုးမှုထက် ပိုလက်ရာမြောက်သည်။
ကျန့်နန်ချွမ်းက အလယ်ပိုင်းလွင်ပြင်မှ လူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပြီး သူတို့က အများအားဖြင့် စာတတ်မြောက်ကြပြီး စေ့စပ်သေချာသော ကိုယ်ရည်ကိုယ်သွေးများ ရှိတတ်ကြသည်။ ထို့အပြင် သူတို့က လှပတင့်တယ်သော အရာများကို နှစ်သက်ကြပြီး ကြွေအိုးထဲရှိ အရက်က တန်ဖိုးပိုကြီးသည်ဟု ထင်နေတတ်ကြသည်။ ထို့ကြောင့် ထုတ်ပိုးမှုက အရက်၏စျေးနှုန်းကို မြင့်တက်စေနိုင်သည်။
စူးချင်းက တံခါးကို ပိတ်ပြီး အထဲသို့ ဝင်လိုက်ရာ အပြင်မှ အအေးဓာတ်ကို အလုံးစုံ ပိတ်ဆို့ကာကွယ်သလို ဖြစ်သွားခဲ့ပြီး အိမ်က နွေဦးကဲ့သို့ နွေးထွေးနေသည်။ ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် အပူက ကောင်းမွန်လွန်းသောကြောင့် ကျိရွှေရှန့်ဆိုလျှင် သူ၏အပေါ်ထပ်ထူထူကို ချွတ်ထားပြီး အတွင်း၀တ်စုံကိုသာ ၀တ်ဆင်ထားတော့သည်။ စူးချင်း ပြန်ရောက်လာချိန်တွင် ချင်ဖုန်းက သူမလက်ထဲမှ သေရည်အိုး ဝမ်းသာအားရ ကြည့်နေပြီး သူ့၏မုတ်ဆိတ်မွေးများကို ဆွဲနေပြန်သည်။
“နှစ်အိုးက မလုံလောက်ဘူး ထင်တယ်။ အဖိုးတစ်ယောက်တည်းတောင် ကုန်အောင် သောက်နိုင်တယ်”
"ဒါဆို အဖိုးကို အားလုံးသောက်ခွင့်ပေးမယ်"
စူးချင်းကလည်း ပြုံးနေသည်။
တကယ်တော့ အဘိုးအိုက မျက်လုံးကြီးကြီးနဲ့ ပါးစပ်သေးသေးလေး ရှိတဲ့သူပဲ။ သူ အများကြီး မသောက်နိုင်ပေမယ့် လောဘတကြီး သောက်ချင်နေသေးတယ်။
"မင်း သဘောတူလိုက်မှတော့ အဖိုးကလည်း အားနာမနေတော့ဘူး"
ချင်ဖုန်းက ယဥ်ကျေးမနေဘဲ အရက်အိုးများကို လှမ်းယူကာ ပျော်ပျော်ရွှင်ရွှင် သောက်ရန် ငဲ့ထည့်လိုက်သည်။ ထို့အပြင် သူ့မြေး၏အမူအရာကိုလည်း လှမ်းကြည့်လိုက်သေးသည်။
ဒီကောင်လေး သူရဲ့သောက်ချင်စိတ်ကို ဘယ်အချိန်အထိ ထိန်းထားနိုင်မလဲ?
ကျိရွှေရှန့်ကတော့ သူ့၏ကလေးဆန်သော အဘိုးကို ကြည့်ပင် မကြည့်ဘဲ စစ်တပ်တံဆိပ်ထည့်ထားသည့် သေတ္တာအား စူးချင်းထံသို့ လှမ်းပေးလိုက်သည်။
"စူးချင်း၊ အဖိုးက သေတ္တာ ပြန်ပေးပြီပြီ"