← Chapters

သူ အံ့အားသင့်သွားစေချင်တယ်

Vol. 27 Ch. 399

သူ အံ့အားသင့်သွားစေချင်တယ်

Vol. 27 Ch. 399

.

"ကျွန်မ ကြည့်ပေးမယ်"

စူးချင်းက သေတ္တာကို လှမ်းယူလိုက်ပြီး သော့ပေါက်ကို ငုံကြည့်လိုက်သည်။ ဤသေတ္တာ၏သော့ပေါက်က ပုံမှန်နှင့် ကွဲပြားနေပြီး အခြားသော့ပေါက်များကဲ့သို့ သော့ရာပါရှိသည့်တိုင် ၎င်းက ခြူလုံးလေးကဲ့သို့ အဝိုင်းပုံသဏ္ဍာန် ဖြစ်နေလေသည်။

စူးချင်းက ပလတ်စတစ်ရွံ့တစ်ချို့ကို ထုတ်ယူလိုက်ပြီး အမှားမရှိစေရန် သော့ပေါက်ထဲသို့ သေသေချာချာ ညှစ်ထည့်ပြီးမှ ခပ်သာသာ ဖိပေးလိုက်သည်။

ချင်ဖုန်းက စူးချင်း၏လှုပ်ရှားမှုကြောင့် အရက်ပင်မသောက်တော့ဘဲ သူမကို စိတ်ဝင်တစား လှမ်းကြည့်နေခဲ့သည်။ သူက ၎င်းကို အာရုံစူးစိုက်စွာ စိုက်ကြည့်သော်လည်း စူးချင်းက သော့ပေါက်ထဲသို့ ဘာထည့်လိုက်သည်ကိုတော့ သူ လုံးဝ မသိနိုင်သေးပေ။

လက်ရှိတွင် နားမလည်သူက သူတစ်ယောက်တည်း မဟုတ်ဘဲ ကျိ‌ရွှေရှန့်လည်း ပါဝင်သည်။ စူးချင်း ဆုပ်ကိုင်ထားသော အရာက ရွှံ့နှင့်ဆင်တူပြီး ရွှံ့ကဲ့သို့ ပျော့ပျောင်းနေသော်လည်း ကွဲပြားနေပြန်သည်။ ရွှံ့က အနက်ရောင်ဖြစ်သော်လည်း သူမ ကိုင်ဆောင်ထားသည့်အရာက ခရမ်းရောင် ဖြစ်သည်။ ထို့အပြင် သူမ ပိုညှစ်လေလေ ထိုအရာက နူးညံ့လာလေလေ ဖြစ်သည်။

"သော့ပေါက်ကို ပိတ်လိုက်မှာလား?"

ကျိ‌ရွှေရှန့်က အနည်းငယ် စိုးရိမ်သွားခဲ့သည်။ ထိုသော့ပေါက်ကို ပိတ်ဆို့မိသွားလျှင် သော့ကို ပုံတူပွားရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။

“မဟုတ်ဘူး”

စူးချင်းက တည်ငြိမ်သော အသံဖြင့် ပြန်ဖြေသည်။ စူးချင်းက တည်တည်ငြိမ်ငြိမ်ဖြင့် အာရုံစိုက်နေပြီး သူမ၏ခိုင်မာသောအသံက ကျိ‌ရွှေရှန့်၏ စိုးရိမ်သောကရောက်နေသော နှလုံးသားကို ပြန်ငြိမ်သက်သွားစေခဲ့သည်။

စိတ်လှုပ်ရှားဖွယ်အရာများအား ကြည့်ရသည်ကို ကြိုက်နှစ်သက်လေ့ရှိသော ကျိရှောင်ယင်ကတော့ တွေဝေနေဆဲဖြစ်ကာ သူမ ဘာတွေတွေးနေမှန်း မည်သူမျှ မသိနိုင်ပေ။

စူးချင်းက အမှားအယွင်း မရှိကြောင်း သေချာစေရန် ပလတ်စတစ်ရွှံ့ကို ထပ်ခါတလဲလဲ ဖိနေလိုက်သည်။ ထို့နောက် သူမက ကျိရှောင်ယင်၏ ခေါင်းပေါ်မှ ငွေရောင်ဆံထိုးကို လှမ်းယူလိုက်ပြီး ဆံထိုး၏ထိပ်ဖျားကို ပလတ်စတစ်ရွှံ့ထဲသို့ ထိုးထည့်လိုက်သည်။ သူမက သူမ ကူးယူနေသည့် သော့နမူနာကို မထိမိစေရန် သတိထားနေပြီး အပေါ်ဆုံးအလွှာရှိ ပလတ်စတစ်ရွှံ့ကိုသာ အာရုံစိုက်နေခဲ့သည်။ နောက်ဆုံးတွင် သူမ၏ခွန်အားနှင့် ကျွမ်းကျင်မှုကို အသုံးပြုပြီး သော့ပေါက်ထဲမှ ပလတ်စတစ်ရွှံ့ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

စူးချင်းက ဖြည်းညှင်းစွာ ဂရုတစိုက် ပြုလုပ်နေခဲ့ပြီး ချင်ဖုန်းနှင့် ကျိ‌ရွှေရှန့်တို့က တစ်ခုခု မှားယွင်းသွားမည်ကို ကြောက်ရွံ့နေပုံရသည်။ သူတို့ ကူညီပေးချင်နေပုံရသော်လည်း သူတို့ကြောင့် ပိုဆိုးသွားမည်ကိုလည်း စိုးရိမ်နေပုံရသည်။

နောက်ဆုံးတွင် စူးချင်းက ရွှံ့စေးကို သော့ပေါက်မှ ဆွဲထုတ်လိုက်ပြီး ထိုအရာက ခြူလေးကဲ့သို့ ခပ်ဝိုင်းဝိုင်းပုံသဏ္ဍာန် ရှိသည်။

ကျိ‌ရွှေရှန့်က စူးချင်း ပုံတူကူးထားသော သော့ပုံလေးကို မြင်သွားပြီး စိတ်လှုပ်ရှားသွားကာ သူ့မျက်လုံးများက တောက်ပလာသည်။ သူက စူးချင်းကို သဘောကျစွာ ကြည့်နေခဲ့သည်။

ချင်းအာ မလုပ်နိုင်တာ ဘာမှ မရှိဘူးပဲ။

"ဒါနဲ့ဆို ငါတို့ အဲဒါကို သော့တစ်ခု လုပ်ဖို့ သုံးနိုင်လိမ့်မယ်"

ချင်ဖုန်းကလည်း အလွန်စိတ်လှုပ်ရှားနေသည့်အသံဖြင့် ဝင်ပြောလိုက်သည်။

သူ သော့ကို ဘယ်လိုရှာရမလဲလို့ အမြဲစိုးရိမ်နေခဲ့ရတယ်။ အခု သူတို့မှာ သော့ပုံစံ ရှိနေပြီဆိုတော့ ကျားတံဆိပ်ကို ထုတ်ယူဖို့က အချိန်တစ်ခုပဲ လိုတော့တယ်။

စူးချင်းက သူ့မြေးအတွက် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ သူမရဲ့အကူအညီနဲ့ဆိုရင် သူ့မြေးက မကြာခင် လက်စားချေနိုင်တော့မယ်လို့ သူ ယုံကြည်တယ်။

မြေးအဘိုးနှစ်ယောက်၏ စိတ်လှုပ်ရှားမှုနှင့်မတူဘဲ စူးချင်းက ထိုပလတ်စတစ်ရွှံ့ပုံပေါ်ရှိ ပုံစံများကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိသည်။

ဒီဇိုင်းကို ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ?

"ဒီသော့ကို လုပ်ဖို့အတွက် ကျွမ်းကျင်တဲ့ လက်မှုပညာရှင်ကို ဘယ်မှာ သွားရှာကြမလဲ?"

ချင်ဖုန်းက တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး စိတ်ပူနေပြန်သည်။ မော့ချန်၌ လူအနည်းငယ်သာ ရှိပြီး လက်မှုပညာရှင်လည်း နည်းပါးလှသည်။ ကျွမ်းကျင်ပညာရှင်များသာလျှင် ထိုကဲ့သို့သော တန်ဖိုးကြီးသော့များကို ဖန်တီးနိုင်မည် ဖြစ်သည်။

"ရွှေရှန့်၊ ထမင်းစားပြီးရင် ကျင့်ရှီလျိုမြောင်ကို သွားကြရအောင်"

စူးချင်းက သော့နမူနာပုံစံကို သေချာ သိမ်းလိုက်ရင်း ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။ သူမ အလွန်စိတ်လှုပ်ရှားနေသော်လည်း သူမ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်ကာ သူမ ထိုကိစ္စအား အတည်မပြုနိုင်သေးခင် ကျိ‌ရွှေရှန့် အံ့အားသင့်သွားစေရန် ထိန်ချန်ထားချင်နေခဲ့သည်။

“ကောင်းပြီလေ”

ကျိ‌ရွှေရှန့်က ဘာကိုမှ သံသယမရှိဘဲ သူမ ကျွမ်းကျင်သော လက်မှုပညာရှင်များ ရှာဖွေရန် ကျင့်ရှီလျိုမြောင်သို့ သွားမည်ဟုသာ သူ ထင်နေခဲ့သည်။ သို့သော်လည်း ထိုသို့သော ကျွမ်းကျင်လက်မှုပညာရှင်ကို တောင်ဘက်ရှိ သာယာဝပြောသော မြို့များတွင်သာ သွားရှာသင့်သည်ဟုတော့ သူ တွေးလိုက်မိသေးသည်။ ကျင့်ရှီလျိုမြောင်တွင် ထိုသို့သော အရည်အချင်းရှိသူများ ရှိနိုင်ရန် မလွယ်ကူပေ။

သို့သော် သူက သူမ၏ဆန္ဒကို မကန့်ကွက်ဘဲ ယခုတစ်ကြိမ် ကျင့်ရှီလျိုမြောင်၌ အံ့အားသင့်ဖွယ် တစ်စုံတစ်ရာ ရှိနိုင်မည်ဟု သူ အနည်းငယ် ခံစားနေရသည်။

ယခု သော့အတွက် ပြသနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းလိုက်နိုင်သောကြောင့် ချင်ဖုန်းက ပျော်ရွှင်နေပြီး သူ့မြေးကို သေရည်တစ်အိုး မျှဝေပေးလိုက်သည်။

"ယွိအာ၊ အဖိုးတို့ နည်းနည်းလောက်ဖြစ်ဖြစ် အတူတူ သောက်ကြမယ်။ ငါတို့ အောင်ပွဲခံရမယ်”

“ကောင်းပါပြီဗျာ”

ကျိ‌ရွှေရှန့်က တလေးတစား သဘောတူလိုက်ပြီး သူ့အဘိုးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်သည်။ စူးချင်းက ယနေ့ ကျိရှောင်ယင် အလွန်တိတ်ဆိတ်နေသည်ကို ခံစားမိနေသောကြောင့် သူမကို ကြည့်လိုက်ရာ ကျိရှောင်ယင်က စားပွဲပေါ်ရှိ ဟင်းပွဲများကိုသာ တွေတွေကြီး စိုက်ကြည့်နေလေသည်။

သူမကို မတွေ့ရသည်မှာ ရက်အတော်ကြာသွားပြီးနောက် ထိုကောင်မလေးက ကိုယ်အလေးချိန်လည်း ကျသွားပြီး သူမ၏မျက်လုံးလေးများက ပို၍ပင် ပြူးကျယ်လာသည်။ သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အယောင်များ ရှိနေပြီး သူမက ယခင်ကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် လွတ်လပ်ပျော်ရွှင်နေသော မိန်းကလေး မဟုတ်တော့ပေ။ သူမက အလွန် ပင်ပန်းနွမ်းနယ်နေပုံရပြီး သူမကို မြင်နေရသူများ၏နှလုံးသားကိုပင် နာကျင်စေသည်။

စူးချင်းက ကျိရှောင်ယင်အား အသံတိုးတိုးဖြင့် ကပ်မေးလိုက်သည်။

"ရှောင်ယင်၊ တစ်ခုခု ဖြစ်နေလို့လား?"

"အစ်မစူးချင်း၊ ကျွန်မ...ကျွန်မက အပြစ်သားတစ်ယောက် ဖြစ်သွားသလို ခံစားနေရတယ်"

စူးချင်း၏စကားသံကို ကြားလိုက်ရချိန်တွင် ကျိရှောင်ယင်၏မျက်လုံးများက နီရဲလာပြီး မျက်ရည်များ ပြည့်လျှံလာပြန်သည်။ သူမ၏ သနားစရာကောင်းသော အသွင်အပြင်က စူးချင်း၏နှလုံးသားကို နာကျင်စေခဲ့သည်။ စူးချင်းက လက်ကိုင်ပုဝါကို ထုတ်ကာ ကျိရှောင်ယင်၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

"ဘာလို့ အဲ့လိုပြောတာလဲ?"

"ရှောင်ယင် ဘာဖြစ်လို့လဲ?"

ကျိ‌ရွှေရှန့်ကလည်း သူ့ညီမလေး၏ ဝမ်းနည်းမျက်ရည်များကို မြင်သွားပြီး ဆက်မသောက်နိုင်တော့ပေ။ သူ့ညီမလေး ငိုနေသည်ကို မြင်ရခြင်းက သူ့နှလုံးသားကို နာကျင်စေသည်။

ကျိရှောင်ယင်က သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး သူမ တစ်ယောက်တည်း ကြိတ်မှတ်သည်းမခံတော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုအရာက ဤနှစ်ရက်အတွင်း သူမကို သေအောင် နှိပ်စက်နေခဲ့သည်။

သူမက ခန်ပေါ်မှ ဆင်းသွားပြီး သူမ အခန်းဆီသို့ ပြန်သွားလိုက်သည်။ စူးချင်းတို့ကလည်း စိုးရိမ်တကြီးဖြင့် သူမ နောက်မှ လိုက်သွားကြသည်။ ကျိရှောင်ယင်က ရုံးအဖွဲ့တံဆိပ်ပါသည့် စာတစ်စောင်ကို ထုတ်ယူကာ စူးချင်းအား လှမ်းပေးလိုက်သည်။ သူမ၏မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရိပ်များ ပြည့်နှက်နေပြီး သူမ၏အသံကလည်း အမှားတစ်ခုခု လုပ်မိသည့် ကလေးတစ်ယောက်၏အသံကဲ့သို့ တိုးတိုးလေး ဖြစ်နေပြန်သည်။

(t/n: ဒီနားမှာ ခန်ပေါ်ကနေ ဆင်းသွားတယ်ဆိုတာက အရမ်းအေးတဲ့နေရာတွေမှာဆို ခန်ပေါ်မှာ စားပွဲခုံအပုလေးတွေနဲ့ ထမင်းစားကြတာမျိုးရှိလို့ပါ)

"အစ်ကိုကြီးချိုးက ဒီစာကို သူ့အမေကနေတဆင့် ကျွန်မကို ပေးခိုင်းခဲ့တာ"

ချိုးယုံခန်း၏နာမည်ကို ကြားလိုက်သည်နှင့် စူးချင်း၏ မျက်နှာက မည်းမှောင်သွားပြီး သူမက စာကို ယူကာ အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများတွင် ဒေါသရိပ်များ ပြည့်နှက်လာပြီး အံကြိတ်ကာ ကြိမ်းမောင်းလိုက်သည်။

"အယုတ်တမာ‌ကောင်"

"ငါ ကြည့်မယ်"

ကျိ‌ရွှေရှန့်က တစ်ခုခု မှားနေသည်ကို ချက်ချင်း ရိပ်မိသွားပြီး စူးချင်းဆီမှ စာကို လှမ်းယူလိုက်သည်။ စာကို ပုံမှန် သေသပ်သည့် စာလုံးများဖြင့် ရေးထားပြီး ကျိ‌ရွှေရှန့်က ထိုလက်ရေးကို ကောင်းစွာ သိနေကာ ချိုးယုံခန်း ရေးသားထားခြင်း ဖြစ်သည်။

အကြောင်းအရာများကို ကြည့်လိုက်ရာ အမျိုးသမီးလီက ကျိရှောင်ယင်နှင့် သူ့၏ဆက်ဆံရေးကို ဖျက်စီးပစ်ချင်သောကြောင့် သူ အမျိုးသမီးလီအား သတ်ပစ်ခဲ့သည်ဟု ချိုးယုံခန်းက ရေးသားထားခဲ့သည်။ မည်ကဲ့သို့ ဖျက်ဆီးခဲ့သည်ကိုမူ သူက အတိအကျ မပြောထားဘဲ သူ ဒေါသကြောင့် သတ်ပစ်လိုက်သည်ဟုသာ ရေးသားထားခဲ့သည်။ သို့သော် သူ နောင်တမရဘဲ ကျိရှောင်ယင်အတွက် ကမ္ဘာပေါ်ရှိ လူတိုင်းအား သူ သတ်နိုင်ကြောင်းပင် သူက ထပ်‌ရေးသားထားသေးသည်။

ထိုဝမ်းကွဲအတုက သူ အမျိုးသမီးလီအား သတ်ခဲ့ကြောင်း သိသွားပြီး သူ့ကို ခြိမ်းခြောက်ခဲ့သည်။ ထိုကိစ္စ ဖော်ထုတ်ခံရလျှင် သူ ကျိရှောင်ယင်အား ဆုံးရှုံးရမည်ကို စိုးရိမ်သောကြောင့် ထိုဝမ်းကွဲအတု၏အစီအစဉ်များအား လိုက်ပါဆောင်ရွက်ပေးခဲ့ခြင်းပင်။

ချိုးယုံခန်းက ကျိရှောင်ယင်အား သူ့ကို စောင့်‌နေပေးရန် တောင်းဆိုခဲ့ပြီး သူက ကျိရှောင်ယင်ကို ဆုံးရှုံးရမယ်ထက် သစ္စာဖောက် ဖြစ်ရန် ရွေးချယ်ခဲ့ကြောင်း ပြောထားခဲ့ပြီး သူမကို လက်ထပ်ရန် သူ ပြန်လာမည်ဟု ဖော်ပြထားသေးသည်။

ထိုစာကို မြင်ပြီးနောက် ချိုးယုံခန်းအပေါ်ထားသည့် ကျိ‌ရွှေရှန့်၏ နောက်ဆုံးလက်ကျန် ခင်မင်ရင်းနှီးမှုက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး သူက ဒေါသတကြီးဖြင့် စာကို စားပွဲပေါ်သို့ တင်ကာ ရိုက်ချလိုက်သည်။

"ချိုးယုံခန်းက တကယ့်ကို လူဆိုးတစ်ယောက်ပဲ"

အမှားလုပ်မိတဲ့သူက သူ ဖြစ်နေတာတောင် ‌အဲ့အပြစ်ကို ရှောင်ယင်ဆီ လွှဲချပြီး သူ့ညီမလေး အပြစ်မကင်းစိတ်ထဲမှာ နစ်မွန်းနေအောင် လုပ်ထားခဲ့တယ်။

"ဟုတ်တယ် သူက လူဆိုးကောင်ပဲ"

စူးချင်း၏ အကြည့်များကတော့ အေးစက်နေသည့်အပြင် ရက်စက်ကြမ်းကြုတ်သော အရိပ်အငွေ့များပင် ရှိနေခဲ့သည်။

ချိုးယုံခန်းက တကယ့်ကို အမှိုက်ကောင်ပဲ။ သူလည်း အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး သူ့ညီမ ချိုးယွဲ့နဲ့ အတူတူပဲ။ သူက ရှောင်ယင့်ကို သူ့ပိုင်တဲ့ပစ္စည်းလိုမျိုး သဘောထားခဲ့တယ်။ ရှောင်ယင်က သူ့ကို ကြိုက်လား မကြိုက်ဘူးလား ဆိုတာကိုတောင် သူက လုံးဝ ဂရုမစိုက်ဘူး။ သူက သူနဲ့ ရှောင်ယင် အတူတူ ရှိနေတာကို တားဆီးမယ့်သူအားလုံးကို ရက်ရက်စက်စက် သတ်ပစ်ချင်နေတယ်ပေါ့လေ။

ဒီလိုလူမျိုးက အရမ်းကြောက်စရာကောင်းလွန်းတယ်။ အဲ့လိုလူမျိုးတွေက သူတို့အတွက်ပဲ သူတို့တွေးပြီး ကမ္ဘာကြီးက သူတို့ကို ဗဟိုပြုလည်ပတ်နေတယ်လို့ ထင်နေတတ်ကြတယ်။ ပြီးတော့ ချိုးယုံခန်းက အရမ်း လိမ္မာပါးနပ်လွန်းပြီး သူရဲ့ နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်က သူရဲ့ရည်မှန်းချက်တွေကို ဖုံးကွယ်ဖို့ သက်သက်ပဲ။

"သူ့ကို ဖမ်းရမယ်။ သူ့ကို ငါ့လက်နဲ့ မဖြစ်မနေ ဖမ်းရမယ်"

ကျိ‌ရွှေရှန့်က နံရံကို လက်သီးဖြင့် ထိုးနေပြီး ဒေါသတကြီး ကြိမ်းမောင်းနေပြန်သည်။

အခုကစပြီး သူမှာ ချိုးယုံခန်းဆိုတဲ့ ညီအကိုကောင်း မရှိတော့ဘူး။

"အစ်မစူးချင်း၊ အစ်ကိုကြီး၊ ကျွန်မက မွေးစားအမေကို ထိခိုက်စေတဲ့သူပဲ၊ ကျွန်မက မွေးစားအမေကို သတ်လိုက်တာ"

ကျိရှောင်ယင်က မယုံနိုင်လောက်အောင် ခံစားနေရသည့်အပြင် အပြစ်ရှိနေသလိုလည်း ခံစားနေခဲ့ရသည်။

သူမကြောင့်သာမဟုတ်ရင် သူမရဲ့အမေက သေမှာ မဟုတ်ဘူးလေ။

“မဟုတ်ဘူး၊ ဒါက မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ချိုးယုံခန်းက အစွန်းရောက်လွန်းနေတာ။ သူ့ရဲ့အကျင့်ပျက်မှုအတွက် မင်း တာဝန်ယူစရာမလိုဘူး"

စူးချင်းက ဝမ်းနည်းနေသော ကျိရှောင်ယင်ကို သူမရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ဒီကြင်နာတတ်တဲ့ မိန်းကလေးက ဒီလိုလေးလံတဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဘယ်လို ခံနိုင်ရည်ရှိမှာလဲ?

သူမက မွေးစားအမေနဲ့ အလေးအနက်ဆုံး ဆက်ဆံရေးရှိပြီး သူမက သူမရဲ့မွေးစားအမေကို မိခင်အရင်းလို ဆက်ဆံခဲ့တယ်။ အခု သူမရဲ့မွေးစားအမေက ​​သူမကြောင့် သေဆုံးသွားတယ်လို့ ရုတ်တရက် သိလိုက်ရတဲ့အချိန်မှာ ရှောင်ယင်က သေချာပေါက် ဘယ်သည်းခံနိုင်ပါ့မလဲ?

"ရှောင်ယင်၊ ဒါက မင်းနဲ့ မဆိုင်ဘူး။ ဒါတွေအားလုံးကို ချိုးယုံခန်း လုပ်ခဲ့တာ"

ကျိ‌ရွှေရှန့်က သူ့ညီမလေးအတွက် ရင်နာနေပြီး စူးချင်းနှင့်အတူ သူ့ညီမလေးကို ချော့မော့ပေးနေခဲ့သည်။ ကျိရှောင်ယင်က သူမအစ်ကိုကြီးနှင့် အစ်မစူးချင်းတို့၏စကားများကို နားထောင်နေရင်း သူမ စိတ်ထဲမှ အပြစ်တင်စိတ်များ အနည်းငယ် လျော့ပါးသွားသလို ခံစားနေရသည်။

ကျိရှောင်ယင်ကို နှစ်သိမ့်ပေးပြီး သူမ စိတ်အခြေအနေ ပိုကောင်းလာကြောင်း သိလိုက်ပြီးနောက် စူးချင်းက ကျိရှောင်ယင်ကို သူမတို့နှင့်အတူ ကျင့်ရှီလျိုမြောင်သို့ ခေါ်သွားရန် ကျိ‌ရွှေရှန့်အား ပြောလိုက်သည်။

အခုက ရှောင်းမိသားစုစစ်တပ်ကို ပြန်လည်အသက်သွင်းဖို့ အရေးအကြီးဆုံးပဲ။ သော့ရှိမယ့်နေရာကို သူမ သိနေပြီ။ အဲ့သောကို ရတာနဲ့ ရွှေရှန့်က ရှောင်းမိသားစုစစ်တပ်ကို ချောချောမွေ့မွေ့ သိမ်းပိုက်နိုင်လိမ့်မယ်။

စူးချင်းက သော့ကို ယူရန် ယုံကြည်မှု ရှိနေကြောင်း ကျိ‌ရွှေရှန့် မသိသေးပေ။ စူးချင်းက ကျင့်ရှီလျိုမြောင်ဆီသို့ သွားချင်နေပြီး သူက ကျွမ်းကျင်သော လက်မှုပညာရှင်ကို ရှာဖွေရန် လူစည်ကားသော တောင်ဘက်ဆီသို့ ဦးတည်ချင်နေသည်။ သို့သော် ချိုးယုံခန်း၏ ရိုင်းစိုင်းသော ရည်မှန်းချက်များကို သိပြီးနောက် ကျိ‌ရွှေရှန့်က မော့ချန်၏ လုံခြုံရေးအတွက် ပို၍ပင် စိုးရိမ်လာခဲ့ပြီး အဝေးသို့ မသွားနိုင် ဖြစ်နေပြန်သည်။ ထို့ကြောင့် သူက စူးချင်းနှင့်အတူ သူမ၏အိမ်သို့ အရင်လိုက်သွားရန် ဆုံးဖြတ်သည်။

All Chapters