← Chapters

ကုန်သွယ်မှု

Vol. 27 Ch. 393

ကုန်သွယ်မှု

Vol. 27 Ch. 393

“ရှင့်အသက်က ဘာမှ တန်ဖိုးမရှိဘူး၊ အခု ရှင် ကျွန်မ ရှေ့မှာ သေသွားရင်တောင် ဘာမှ အသုံးမဝင်ဘူး။ ပြီးတော့ ရှင် ဒီနေ့ ဒီနေရာမှာ သေရဲရင် ကျွန်မ ချိုးယုံခန်းကို ဖမ်းမိတဲ့အခါ သူ့ကို အပိုင်းတစ်ထောင်လောက် ဖြတ်ပြီး ညှဥ်းပမ်းနှိပ်စက်ပြမယ်"

စူးချင်းက အလွန်အမင်း အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော စကားလုံးများကို ချန်ထားခဲ့ကာ သူတို့ကို ကြည့်ပင်ထပ်မကြည့်တော့ပဲ ထွက်ခွာသွား‌တော့သည်။ အဘိုးကြီးချိုးက လေအလျော့ခံလိုက်ရသော ဘောလုံးကဲ့သို့ မြေပြင်ပေါ်သို့ အရုပ်ကျိုးပြတ် လဲကျသွားလေသည်။

ချိုးယုံခန်း၏အမေက နှင်းထဲတွင် ငိုနေရင်း သူမ၏သားကို စိတ်ထဲမှ လှမ်းပြောလိုက်သည်။

‘ယုံခန်း.... မင်း အဝေးကြီးအထိ ရောက်အောင် ပြေးရမယ်။ ဒီနတ်ဆိုးမ အဖမ်းမခံရစေနဲ့’

"အဖိုးချိုး၊ အဒေါ်ချိုး၊ ခင်ဗျားတို့ ပြန်ကြပါတော့!"

ကျိ‌ရွှေရှန့်က သူတို့ကို မည်သို့နှစ်သိမ့်ရမည်ကို မသိတော့ဘဲ ခပ်တင်းတင်းသာ ပြန်ပြောလိုက်ပြီး အဘိုးကြီးချိုး၏ အသနားခံနေသော အကြည့်များကို မမြင်ရက်တော့ဘဲ ထိုနေရာမှ အမြန်ထွက်လာလိုက်သည်။

သူ စိတ်ပျော့သွားမိမှာကို သူ ကြောက်တယ်။

“ကျုပ်ရဲ့အမေသာ မိန်းမတွေနဲ့ ကလေးတွေကို ထိခိုက်အောင်မလုပ်ဖို့ မသင်ပေးထားခဲ့ရင် ကျုပ် ခင်ဗျားတို့အားလုံးကို သတ်ပြီးနေလောက်ပြီ”

ကျုံးယုံက သူ၏ကြီးမားသော လက်သီးများကို တင်းတင်းဆုပ်ထားပြီး ချိုးမိသားစုရှေ့တွင် ရပ်နေကာ အံကြိတ်ထားခဲ့သည်။

အဘိုးကြီးချိုးက ကျုံးယုံ၏သွေးရောင်လွှမ်းနေသော မျက်လုံးများကို မြင်သွားပြီး သူ့မြေးအတွက် စိတ်ပူသွားပြန်သည်။

သူ့မြေးက အမျိုးသမီးလီကို သတ်ခဲ့တယ်လို့ သူ လုံးဝ မယုံနိုင်ဘူး။ သူတို့ကြားမှာ ဘာအာဃာတမရှိဘဲ ယုံခန်းက ဘာလို့ သူမကို သတ်ရမှာလဲ?

ထို့နောက် အဘိုးကြီးချိုးက ကျုံးယုံကို တောင်းပန်ပြီး သူ့မြေး အသက်ရှင်ရန် လမ်းစဖွင့်ဖို့ ကြိုးစားလိုက်ပြန်သည်။

"ကျုံးယုံ၊ မင်း လှည့်စားခံခဲ့ရတာ ဖြစ်နိုင်တယ်။ ယုံခန်းက အရမ်းကြင်နာတတ်တာလေ၊ သူက မင်းအမေကို သတ်မှာ မဟုတ်ပါဘူး။ ယုံခန်းကို ဖမ်းပြီးရင် သူ့ကို ရှင်းရှင်းလင်းလင်း မေးပေးမယ်လို့ အဖိုး မင်းကို ကတိပေးတယ်။ မှားယွင်းစွပ်စွဲတာမျိုးတော့ မလုပ်ပါနဲ့”

"ကျုပ်လဲ ဒီလူယုတ်မာက ဘာလို့ ကျူပ်အမေကို သတ်တယ်ဆိုတာ မေးချင်နေတာပဲ"

အဘိုးကြီးချိုး၏စကားများက ကျုံးယုံ၏ရင်ထဲမှ မုန်းတီးမှုများကို ပိုကြီးထွားလာစေခဲ့သည်။ သူက ချိုးယုံခန်းကဲ့သို့ ဆိုးသွမ်းပုံရသော ချိုးမိသားစုကို တစ်ချက်စိုက်ကြည့်ပြီး ထွက်ခွာသွားခဲ့သည်။

အဘိုးကြီးချိုးက ဒေါသတကြီး ထွက်ခွာသွားသည့် ကျုံးယုံ၏ကျောပြင်ကို စိုက်ကြည့်နေသော်လည်း သူ့မျက်လုံးများက အသက်မဲ့နေလေသည်။ ထို့အပြင် မြောက်လေ၏တိုက်ခတ်မှုကြောင့် သူ့တစ်ကိုယ်လုံး အေးခဲနေသလို သူ ခံစားလိုက်ရသည်။

"ယုံခန်းက ဘယ်သူ့ကိုမှ သတ်မှာ မဟုတ်ဘူး။ သူ မှားယွင်းစွပ်စွဲခံရတာ ဖြစ်နိုင်တယ်”

အားလုံးထွက်သွားပြီးနောက် အဒေါ်ချိုးက ခါးခါးသီးသီး ပြောလိုက်သည်။ အထူးသဖြင့် သူမက ကျိ‌ရွှေရှန့်အပေါ် အမုန်းတရားနှင့် နာကြည်းမှုများ ပြည့်နှက်နေလေသည်။

သူက ယုံခန်းနဲ့အတူ ကြီးပြင်းလာပြီး ယုံခန်းက ဘယ်လိုလူလဲဆိုတာ ဘာလို့ မသိရတာလဲ? သူက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ?

"အဖေ၊ ရွှေရှန့်က ကျေးဇူးကန်းလွန်းတယ်၊ ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုသိခဲ့ရင် ကျွန်မတို့ သူတို့ကို မခေါ်ခဲ့သင့်ဘူး၊ သူက အခု ကျွန်မတို့ရဲ့ကျေးဇူးတွေကို ပြန်ဆပ်နေပြီလေ၊ သူက ချိုးယွဲ့ကို အိမ်ပြန်ရခက်စေခဲ့တယ်။ အခုလည်း ယုံခန်းကို ထပ်ပြီး ဒုက္ခပေးချင်နေပြန်ပြီ"

အဒေါ်ချိုးက ပိုင်ကျို့ရှန်းနှင့် ကျိ‌ရွှေရှန့်တို့ကို ခေါ်ဆောင်လာခဲ့သည့်အတွက် သူမ၏ယောက္ခမကို အပြစ်တင်နေပြန်သည်။ ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့ မပါဘဲ မော့ချန်သို့ အသက်ရှင်လျက် ရောက်ရှိလာနိုင်မည် မဟုတ်ကြောင်းကိုတော့ သူမ မေ့သွားခဲ့ပြီ ဖြစ်သည်။

(T/n: ကိုယ်ပြောချင်တာကလည်း အဲ့ဒါပဲ၊ ဘယ်သူ မှားတယ် မှန်တယ်ဆိုတာထက်... အဲ့တုန်းက ပိုင်ကျို့ရှန်းနဲ့ ကလေးနှစ်ယောက်ကို သူတို့ ကယ်ခဲ့တာ မှန်တယ်၊ ဒါပေမယ့် သူတို့ မကယ်လာရင် သူတို့သားကို ဘယ်သူက စာသင်ပေးပြီး ပညာတက်ဖြစ်လာမှာလဲ? ပြီးတော့ ပိုင်ကျို့ရှင်းက ငလျင်လှုပ်မှာကို ကြိုတင် တွက်ချက်နိုင်ပြီး ကြိုထွက်ပြေးခိုင်းခဲ့တာလေ၊ မဟုတ်ရင် အဲ့ထဲက ချိုးမျိုးဆက်ပြတ်နေလောက်ပြီ၊ မော့ချန်ရောက်ဖို့ မပြောနဲ့ ကြားတောင် ကြားဖူးလိုက်မှာ မဟုတ်ဘူး)

တစ်ဖက်မှ အဒေါ်ချိုးက ကျိ‌ရွှေရှန့်အား ဒေါသထွက်နေစဥ်တွင် တစ်ဖက်မှ ကျိရွှေရှန့်၊ စူးချင်းနှင့် ကျုံးယုံတို့က အမျိုးသမီးလီ၏သင်္ချိုင်းသို့ သွားနေခဲ့ကြသည်။ နှင်းများ ဖုံးလွှမ်းနေသော မွေးစားအမေ၏သင်္ချိုင်းကို မြင်လိုက်ရချိန်တွင် စူးချင်း ဝမ်းနည်းလာပြန်သည်။ မွေးစားအမေ၏ နွေးထွေးသော အကြည့်များက သူမ၏စိတ်အာရုံတွင် ရစ်ဝဲနေလေသည်။

ကျုံးယုံနှင့်ကျိ‌ရွှေရှန့်တို့က သူတို့၏လက်များကို သုံးပြီး အုတ်ဂူပေါ်မှ နှင်းများကို ရှင်းလင်းနေကြသည်။ ကျုံးယုံ၏ငိုညည်းသံများက ဝံပုလွေကြီးတစ်ကောင် နာနာကျင်ကျင် ညည်းညူသလို ဖြစ်နေပြီး သနားစရာ ကောင်းလွန်းလှသည်။

"အမေ၊ ကျွန်တော် အဲဒီလူယုတ်မာ ချိုးယုံခန်းကို ဖမ်းပြီး အမေ့အတွက် လက်စားချေပေးမယ်၊ အမေက အမေရဲ့သားအတွက် ကောင်းချီးပေးရမယ်နော်"

စူးချင်းကလည်း မွေးစားအမေ၏အုတ်ဂူကို ကြည့်ရင်း စိတ်ထဲမှ ပြောလိုက်သည်။

"မွေးစားအမေ၊ မွေးစားအမေ ကောင်းကင်ဘုံမှာ ရှိနေရင် အဲ့ခွေးကောင် ချိုးယုံခန်းကို ဖမ်းမိဖို့ ကောင်းချီးတွေ ချီးမြှင့်ပေးပါဦး"

သူတို့ကို ပြန်ဖြေလာသည်က လေတိုးသံများသာ ဖြစ်ပြီး စူးချင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ဒီနေ့ ကောင်းကင်က ပြာနေတယ်။ လူသတ်သမားအစစ်ကို ရှာတွေ့လို့ မွေးစားအမေ ပျော်နေတာ ဖြစ်နိုင်လား?

"သွားကြရအောင်!"

တိုတောင်းသော အောက်မေ့ဖွယ်အခမ်းအနားအပြီးတွင် စူးချင်းက ကျုံးယုံကို ပြန်ထွက်ခွာရန် လှမ်းပြောလိုက်သည်။ ကျုံးယုံက သူ့မိခင်၏သင်္ချိုင်းရှေ့တွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် အရိုအသေပြုနေရင်း ကတိပေးနေပြန်သည်။

"အမေ၊ ယုံအာ အမေ့အတွက် လက်စားချေပေးမယ့်အချိန်ကို စောင့်ပေးနော်"

ထို့နောက် သုံးယောက်သား မြင်းကိုယ်စီ စီးပြီး တာ့ထန်သို့ အပြေးအလွှား ထွက်ခွာလာခဲ့ကြသည်။ သူတို့ထံတွင် ကုန်စည်များ မပါသောကြောင့် မြန်မြန်ဆန်ဆန် သွားလာနိုင်ကြပြီး ညနေပိုင်းတွင် တာ့ချန်သို့ ရောက်ရှိလာကြသည်။ သူတို့ မြို့ထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် တတိယမင်းသားကိုသာ တိုက်ရိုက် သွားရှာလိုက်ကြသည်။

သူတို့အနေဖြင့် တတိယမင်းသားအား ဖြစ်ပျက်ခဲ့သမျှ အကုန် မပြောနိုင်သောကြောင့် ချိုးယုံခန်း၏ပုံတူကိုသာ ပေးလိုက်ပြီး "ဒီလူကို ကူရှာပေးဖို့ တတိယမင်းသားကို ဒုက္ခပေးချင်တယ်၊ သူ အသက်ရှင်နေတာပဲ ဖြစ်ဖြစ် သေသွားတာပဲဖြစ်ဖြစ် သူ့ကို တွေ့ရမှ ဖြစ်မယ်"

တတိယမင်းသားက ပုံတူကို ယူကြည့်လိုက်ပြီး ၎င်းက ပညာရှင်တစ်ဦးဖြစ်ကြောင်း မြင်လိုက်ရသည်။ သူက ကျိ‌ရွှေရှန့်ကို မော့ကြည့်ပြီး ပြန်ပြောလာခဲ့သည်။

“ကိစ္စမရှိပါဘူး၊ ကျုပ် တစ်ယောက်ယောက်ကို သွားစုံစမ်းခိုင်းပေးမယ်။ သူ တာ့ထန်မှာ ရှိနေရင် သူ့ကို ရှာဖို့ လွယ်ကူပါတယ်"

"ကျေးဇူးတင်ပါတယ်"

ကျိ‌ရွှေရှန့်က လက်သီးအုပ်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

"ရပါတယ်"

တတိယမင်းသားကလည်း ကျိ‌ရွှေရှန့်ကို လက်သီးအုပ်ပြီး ပြန်ပြောလိုက်သည်။ သူက ကျိရှောင်ယင်၏ အခြေအနေကို မေးချင်သော်လည်း ကျိ‌ရွှေရှန့်က သူတို့ကို အတူတူ နေခွင့်မပေးသောကြောင့် မေးရန် အဆင်မပြေကြောင်း သူ သိနေသေးသည်။

နောက်ဆုံး ခွဲခွာစဥ်က ကျိရှောင်ယင် သူ့ကို လက်ပြနှုတ်ဆက်နေသည့်ပုံရိပ်ကလေးကို သူ ညအနည်းငယ်လောက် အိပ်မက်မက်ခဲ့ရသည်။ သူမ၏ အပြုံးလေးက ချိုမြိန်လွန်းလှပြီး သူမ၏ မျက်လုံးလေးများက ရွှမ်းစိုနေကာ ချစ်စဖွယ်ကောင်းလွန်းသောကြောင့် သူအတွက် မေ့ပျောက်ရန် မဖြစ်နိုင်တော့ပေ။

သူ နိုးလာတိုင်း ကျိရှောင်ယင်ကို ပို၍ သတိလွမ်းဆွတ်နေမိပြီး နောက်ဆုံးတွင် အာဏာနှင့် ရာထူးများက သူ့ကို မဆွဲဆောင်နိုင်တော့ဘဲ သူ့အတွက် အရေးမကြီးတော့သလို ခံစားနေရသည်။

တတိယမင်းသားက ချိုးယုံခန်းကို ရှာဖွေရန် အစီအစဉ်များ သွားလုပ်ပြီးမှ ပြန်ရောက်လာကာ စူးချင်းကို လှမ်းမေးလိုက်သည်။

“သခင်လေးစူး၊ ပါးဝမ်ဆွေ့ကို ဘယ်အချိန် တင်ပို့မှာလဲ? ပစ္စည်းပြတ်နေတာ ရက်အတော်ကြာနေပြီ”

"ကျွန်မ ပြန်သွားပြီးရင် တစ်ယောက်ယောက်ကို ပို့ခိုင်းပေးမယ်"

စူးချင်းက ဤကာလအတွင်း သူမ၏အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ကြောင်းနှင့် သူမ ၀င်ငွေရှာရန် နှောင့်နှေးနေမှန်းလည်း သိနေခဲ့သည်။ ထို့ကြောင့် သူမက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ကုန်ပစ္စည်းများ ပို့ပေးရန် တစ်ယောက်ယောက်အား စေလွှတ်ပေးမည်ဟု ကတိပေးလိုက်သည်။

အမှန်တကယ်တွင် အခြားမည်သူ့ကိုမျှ သွားရှာရန် မလိုအပ်ဘဲ ဦးလေးယန်နှင့် သူ့၏သက်တော်စောင့်လုပ်ငန်းမှ လူများအားလုံး ကျင့်ရှီလျိုမြောင်တွင် ရှိနေသောကြောင့် ကုန်ပစ္စည်းများကို အလွယ်တကူ သယ်ပို့ပေးနိုင်သည်။

စူးချင်းက ပစ္စည်းတွေ ပို့ပေးရန် သဘောတူလိုက်သောကြောင့် တတိယမင်းသားက ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။

"အဲဒါ အရမ်းကောင်းတယ်။ ငါ့ခမည်းတော်က ပါးဝမ်ဆွေ့ မသောက်ရတာ ကြာလို့ အရမ်းတမ်းတနေပြီ၊ သူ ငါ့ကို မေးနေတာ ခဏခဏ ရှိနေပြီ”

“နောက်ဆိုရင် ကုန်ပစ္စည်းတွေကို နှစ်ပတ်တကြိမ် အချိန်မီ ပို့ပေးပါ့မယ်”

စူးချင်းက ဤကိစ္စရပ်တွင် သူမ ကတိမတည်ဘဲ ပျက်ကွက်မိသလို ခံစားနေမိပြီး ရုတ်တရက် ပြသနာများက သူမ၏စီးပွားရေး ထိခိုက်စေခဲ့ကြောင်း သူမ နားလည်နေသည့်အတွက် တတိယမင်းသားအား ကတိထပ်ပေးလိုက်သည်။

"ကောင်းတယ် ကောင်းတယ်။ တကယ်လို့ မင်း ထုတ်လုပ်မှုကို ထပ်တိုးနိုင်ရင်လည်း ငါတို့က မင်း ထုတ်နိုင်သလောက် ယူနိုင်တယ်”

လက်ရှိတွင် တတိယမင်းသားက ဟာဆာတိုင်းပြည်နှင့် အခြားတိုင်းပြည်ငယ်လေးများဆီသို့ ကုန်သွယ်မှုလမ်းကြောင်းများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ထိုနေရာများတွင် ပါးဝမ်စွေ့က အလွန်ရေပန်းစားနေခဲ့ပြီး ကုန်စည်ထောက်ပံ့နိုင်မှုက နည်းပါးနေသောကြောင့် စူးချင်းက အချိန်မီ ထုတ်လုပ်မှု ထပ်တိုးပြီး ထောက်ပံ့မှု တိုးမြှင့်နိုင်ရန် သူ မျှော်လင့်နေခဲ့သည်။

"ပြဿနာ မရှိဘူး"

စူးချင်းကလည်း ပိုက်ဆံ ပိုရှာနိုင်ရန် မျှော်လင့်နေသောကြောင့် အလွယ်တကူ သဘောတူလိုက်သည်။

တတိယမင်းသားက ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့ကို ဧည့်ခံရန် သူ့လူများအား သိုးများ သတ်စေခဲ့သည်။ သူ့ထံတွင်လည်း အကြံ အနည်းငယ် ရှိနေပြီး သူက အတူတူ အရက်သောက်ချိန်ကို အခွင့်ကောင်းယူကာ ကျိ‌ရွှေရှန့်ထံမှ အထင်ကြီးလေးစားမှုကို ရယူရန် တွေးထားခဲ့သည်။ ထို့နောက် သူက သူ၏အားသာချက်များကို ပြသပြီး ကျိ‌ရွှေရှန့်က စိတ်ပြောင်းသွားကာ သူနှင့် ကျိရှောင်ယင် လက်ထပ်ရန် သဘောတူပေးဖို့ မျှော်လင့်နေခဲ့သည်။

"ကျွန်မ ချက်မယ်"

ယခုအချိန်တွင် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုက ဖြည်းဖြည်းချင်းသာ တိုးလာနိုင်သောကြောင့် စူးချင်းက သူမ၏ ဟင်းချက်စွမ်းရည်ကို တတ်နိုင်သမျှ မြှင့်တင်ချင်နေခဲ့သည်။ သူမအတွက် အတွေ့အကြုံရမှတ် အနည်းငယ်သာ လိုတော့သော်လည်း ထပ်မတတ်နိုင်ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမ၏စွမ်းရည် မြန်မြန်မြင့်တက်နိုင်ရန် အနာဂတ်ဧကရာဇ်မင်းအတွက် ထမင်းတစ်နပ် ချက်ပြုတ်ပေးမည်ဟု တွေးလိုက်ကာ သူမဘက်မှ စတင်ကမ်းလှမ်းလိုက်သည်။

"ဒါက ဘယ်လောက်တောင် အားနာစရာကောင်းလိုက်မလဲ။ မင်းက ဧည့်သည်ပါ။ ငါ မင်းကို ဘယ်လို ချက်ပြုတ်ခွင့် ပေးနိုင်မှာလဲ?"

တတိယမင်းသားက သဘောမတူခဲ့ပေ။ တာ့ထန်မှ လူများက ဧည့်သည်များကို အလွန်တန်ဖိုးထားတတ်သောကြောင့် ဧည့်သည်ကို မည်သို့မျှ ချက်ပြုတ်ခိုင်းနိုင်မည် မဟုတ်ချေ။

"ချင်းအာရဲ့လက်ရာကို မြည်းစမ်းကြည့်သင့်တယ်နော်"

စူးချင်းက သူမ၏အရည်အချင်းကို ပြသလိုကြောင်း မြင်နေရသောကြောင့် ကျိ‌ရွှေရှန့်က သူမအတွက် ဝင်ပြောပေးလိုက်သည်။

“ဒါ... ဒါဆိုလည်း ချက်လို့ ရပါတယ်!"

နောက်ဆုံးတွင် တတိယမင်းသားလည်း ဘာမှ မတတ်နိုင်ဘဲ သဘောတူလိုက်ရသည်။ စူးချင်း၏ဟင်းချက်လက်ရာက အလွန်ရသာရှိနိုင်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

လူတွေကို တိုက်ခိုက်သတ်ဖြတ်ရာမှာ တော်နေရုံနဲ့ အဲ့လူချက်တဲ့ ဟင်းလျာက အရသာရှိနိုင်မယ်လို့ မဆိုလိုဘူးလေ။

စူးချင်းက ရဲရင့်လွန်းလှပြီး သူရဲကောင်းဆန်ဆန် တိုက်ခိုက်သတ်ဖြတ်နေသည်ကို သူ အကြိမ်ပေါင်းများစွာ မြင်တွေ့ပြီးနောက် တတိယမင်းသား၏အမြင်တွင် စူးချင်းကို မိန်းကလေးအဖြစ်မှ အလိုအလျောက် ဖယ်ရှားထားခဲ့သည်။ သူမက အမျိုးသမီးများ မသင်မနေ သင်ယူရသည့် အချုပ်အလုပ်နှင့် ဟင်းချက်ခြင်းတို့ကို မသင်ယူနိုင်ဟု သူ သတ်မှတ်ထားခဲ့သည်။

ယနေ့တွင် စူးချင်းက သိုးသားပွဲတော် ပြုလုပ်ချင်နေပြီး သိုးသားကင်၊ သိုးနံရိုးကင်၊ သိုးသားပြုတ်၊ သိုးအမြီးစွပ်ပြုတ်၊ သိုးခေါင်းအစပ်ဟင်းများ ချက်ပြုတ်ရန် ပြင်ဆင်နေခဲ့သည်။ သူမက ကျိ‌ရွှေရှန့် တခါမှ မစားဖူးသေးသည့် ဟင်းပွဲအသစ် နှစ်မျိုးကို ထပ်ချက်ပြုတ်ခဲ့ပြီး ကျန်သည့်ဟင်းများအားလုံးကလည်း ကျိရွှေရှန့်၏အကြိုက် ဟင်းများသာ ဖြစ်သည်။ သူမက စုစုပေါင်း ဟင်းဆယ့်နှစ်ပွဲ ချက်ပြုတ်ခဲ့သည်။

[ဂုဏ်ယူပါတယ် Host... သင့်ရဲ့အချက်အပြုတ်ကျွမ်းကျင်မှုစွမ်းရည်က အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားပါပြီ။ သင့်ရဲ့ဝိညာဉ်စွမ်းအား၊ ကိုယ်ကာယစွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေအားလုံးက အဆင့် ၆၉ ကို ရောက်သွားပါပြီ။ သင့်အတွက် အလိုအလျောက် ပြန်ပြည့်နိုင်တဲ့ မီးဖိုချောင်တစ်ခု ဆုချီးမြှင့်ပါတယ်]

သူမ မျှော်လင့်ထားသည့်အတိုင်း အနာဂတ်ဧကရာဇ်မင်းအတွက် ချက်ပြုတ်ခြင်းက သူမ၏ဟင်းချက်စွမ်းရည်ကို မြန်မြန်ဆန်ဆန် တိုးတက်လာစေခဲ့သည်။ စူးချင်း ဟင်းဆယ့်နှစ်ပွဲ ချက်ပြီးသွားချိန်တွင် သူမ၏ အချက်အပြုတ် စွမ်းရည် ကျွမ်းကျင်မှုက အမြင့်ဆုံးအဆင့်သို့ တက်သွားခဲ့ပြီး ရွှေရောင်အလင်းတန်းများ လင်းလက်လာကာ စနစ်ထံမှ သတင်းကောင်းလည်း ထွက်ပေါ်လာခဲ့သည်။

အလိုအလျောက် ပြန်ပြည့်နိုင်သည့် မီးဖိုချောင်က မဆိုးလှသော်လည်း စူးချင်း လိုချင်သည့် ဆုလာဘ်တော့ မဟုတ်ခဲ့ပေ။ သူမက ချိုးယုံခန်းကို ရှာဖွေရာတွင် အကူအညီ ဖြစ်လာစေရန်အတွက် ဤအဆင့်မြှင့်တင်မှုကို အသုံးပြုချင်ခဲ့ခြင်း ဖြစ်သည်။

All Chapters