အစာစားချင်စိတ်က ပိုကြီးမားလာပြီ
Vol. 27 Ch. 394
“ငါရဲ့ ဆုကြေးကို ပြောင်းလဲချင်တယ်။ ချိုးယုံခန်းကို ကူရှာပေး"
စူးချင်းက သူမ၏အခြေအနေများအား စနစ်အား ပြောပြပြီး ဆုပြောင်းလဲပေးရန် တောင်းဆိုလိုက်သည်။ စနစ်က အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ပြန်ဖြေလာခဲ့သည်။
"Host ရဲ့တောင်းဆိုမှုက လိုအပ်ချက်တွေနဲ့ မကိုက်ညီသေးပါဘူး"
"ဘာကြောင့်လဲ?"
စူးချင်းက မျက်မှောင်ကြုတ်နေရင်း စနစ်ကို ပြန်မေးလိုက်သည်။
ဒီကောင်က မကြာသေးမီက ပိုပိုပြီး တွက်ချက်တက်လာတယ်။ နောက်ဆုံးအကြိမ်က ရွှေရှန့်ရဲ့သေတ္တာကို ဖွင့်ဖို့ သော့တုတစ်ခု ပြုလုပ်ခိုင်းခဲ့ပေမယ့် သူရဲ့အဆင့်က မမြင့်မားဘူးလို့ ပြန်ပြောခဲ့တယ်။ အခု လူတစ်ယောက်ကို ရှာခိုင်းတော့လည်း အကြောင်းပြချက်တွေပေးပြီး ဆင်ခြင်ပေးနေသေးတယ်။
“ဘာလို့လဲဆိုတော့ စနစ်မှာ ဒီလုပ်ဆောင်ချက် မရှိလို့ပါ”
စနစ်ကလည်း နောက်ပိုင်းတွင် စူးချင်းက ၎င်းအား စာရင်းရှင်းမည်ကို ကြောက်သောကြောင့် အမှန်တရားကို မပြောရဲဘဲ ထိုလုပ်ဆောင်ချက် မပါဘူးဟုသာ ပြန်ပြောရဲခဲ့သည်။
"အဲ့တော့ နင်က ဘာအသုံးဝင်သေးလဲ?"
စူးချင်းက ဒေါသတကြီး ကြိမ်းမောင်းသည်။ စနစ်က မှုန်ကုပ်ကုပ်ဖြစ်သွားပြီး ဘာမှ ပြန်မပြောတော့ပေ။
စူးချင်းက ချိုးယုံခန်းကို ရှာဖွေရန် စနစ်ထံမှ အကူအညီ မရနိုင်မှန်း နားလည်သွားပြီး ဆုကြေးကို ထပ်ပြောင်းလိုက်သည်။
“အနက်ရောင်ယမ်းမှုန့် ပြောင်းယူမယ်၊ တပ်ရင်းတစ်ခု တပ်ဆင်ဖို့ လုံလောက်တဲ့ ပမာဏပေး”
အခု ချိုးယုံခန်းက ဝမ်ရှန်းချန်နဲ လက်တွဲပြီးပြီလားတောင် မသေချာတော့ဘူးး။ သူသာ မော့ချန်အကြောင်း အကုန်ပြောပြလိုက်ရင် နယ်စပ်မှာ ကြီးမားတဲ့စစ်တပ်ကြီးတစ်ခုကို ချက်ချင်း ရောက်လာလိမ့်မယ်။ မော့ချန်ရဲ့လက်ရှိစစ်အင်အားက စစ်တပ်ကြီးတစ်ခုလုံးကို ပိတ်ဆို့ရန် မလုံလောက်သေးဘူး၊ အဲ့တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရတော့မယ်။
မော့ချန်၌ စစ်သည်ရာဂဏန်းမျှသာ ရှိပြီး စစ်သည်တစ်ယောက်က တစ်ဖက်မှ လူဆယ်ယောက်နှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လျှင်ပင် ထောင်ပေါင်းများစွားသော စစ်သည်များအား ဟန့်တားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စူးချင်းက ဝမ်မိသားစုစစ်တပ်အား ပိတ်ဆို့ကာကွယ်ရန် လက်ပစ်ဗုံးများနှင့် ခေတ်မီလက်နက်များ အသုံးပြုရန် စီစဉ်ထားခဲ့သည်။ ထို့အတွက် ယမ်းမှုန့်အများကြီး လိုအပ်နေသောကြောင့် သူမက ဆုကြေးကို ယမ်းမှုန့်အဖြစ် ပြောင်းလဲတောင်းဆိုလိုက်သည်။
“အဲဒီလောက် အများကြီး မပေးနိုင်ဘူး၊ ယမ်းမှုန့် ငါးဆယ်ကီလိုပဲ ရနိုင်မယ်”
စူးချင်းက စနစ်အား ထိတ်လန့်သွားစေခဲ့သည်။
သူ့ Host ရဲ့ အစာစားချင်စိတ်က ပိုကြီးလာပြီးပဲ။ ကိုယ်ပိုင်တပ်ရင်းတစ်ခုစာ ယမ်းမှုန့်ကိုတောင် တောင်းဆိုရဲနေပြီ။
“အလုပ်ဖြစ်တယ်”
ယမ်းမှုန့် ၅၀ ကီလိုဂရမ်ဖြင့် လက်ပစ်ဗုံး အမြောက်အမြား ပြုလုပ်ရန် လုံလောက်သည်ကို တွက်ချက်ပြီးနောက် စူးချင်းက လက်ခံလိုက်သည်။
စနစ်ထံမှ ယမ်းမှုန့်များ ရရှိပြီးနောက် စူးချင်းက ၎င်းကို စနစ်၏ဂိုဒေါင်တွင် အရင် သိမ်းဆည်းထားလိုက်သည်။
ထို့နောက် စူးချင်းက အပြင်ဘက်မှ အစောင့်များကို လှမ်းခေါ်လိုက်ပြီး သူမ ချက်ပြုတ်ထားသည့် ဟင်းပွဲဆယ့်နှစ်မျိုးကို တတိယမင်းသား၏တဲနန်းဆီသို့ ယူသွားပေးရန် တောင်းဆိုလိုက်သည်။ သူမ အထဲသို့ ဝင်သွားချိန်တွင် လေထုက အနည်းငယ် ပြောင်းလဲနေသည်ကို သတိထားလိုက်မိသည်။ ကျိရွှေရှန့်၏မျက်နှာက မည်းမှောင်နေပြီး တတိယမင်းသား၏မျက်လုံးများတွင် အသနားခံနေသည့်အမူအရာများ ရှိနေလေသည်။
စေ့စပ်ညှိနှိုင်းမှုက မအောင်မြင်ခဲ့ပုံရတယ်။
"ကျွန်မရဲ့ ဟင်းတွေကို မြည်းကြည့်လိုက်ကြဦး"
စူးချင်းက သူတို့နှစ်ယောက်ကြားမှ အခြေအနေကို လုံးဝ ဂရုမစိုက်ဘဲ ဟင်းများ မြည်းကြည့်ရန်သာ ပြောလိုက်တော့သည်။ ယဲ့လွီချွမ်းက ကျိရှောင်ယင်ကို အဆုံးရှုံးမခံနိုင်သေးကြောင်း မေးနေစရာ မလိုဘဲ သူမ သိနိုင်သည်။ ကျိရွှေရှန့်ကလည်း သူ့ဆုံးဖြတ်ချက်ကို ပြင်မည် မဟုတ်ဘဲ သဘောမတူနိုင်ကြောင်း အခိုင်အမာ ပြန်ပြောမည်ဖြစ်ကာ သူတို့၏ဆွေးနွေးမှုက ပျက်ဆီးသွားပေလိမ့်မည်။
ယဲ့လွီချွမ်းက ကျိရှောင်ယင်၏ အခြေအနေကို ရွှေရှန့်အား မေးရန် သူ့သတ္တိကို အတင်း စုဆောင်းခဲ့ရသည်။ အဆုံးတွင် ကျိရွှေရှန့်က သူ့ကို မပြောပြရုံသာမကဘဲ ကျိရှောင်ယင်နှင့် ပတ်သက်၍ အတွေးများ ထပ်မထားရန် သတိပေးခဲ့သေးသည်။
သူတို့ အဆင်မပြေ ဖြစ်နေချိန်တွင် စူးချင်း ပြန်ရောက်လာသောကြောင့် သူ့ကို ကူညီပေးလိုက်သလို ဖြစ်သွားခဲ့သည်။ ထို့အပြင် အရောင်အဆင်း လှပပြီး မွှေးပျံသော ရနံ့များ ရှိနေသည့် ဟင်းပွဲ ၁၂ မျိုးကို မြင်လိုက်ရသောကြောင့် ချီးကျူးစကား ပြောလိုက်မိသည်။
“အနံ့က တော်တော်မွှေးတယ်။ သခင်မလေးစူးက ဒီလို အချက်အပြုတ် ကျွမ်းကျင်မယ်လို့ မမျှော်လင့်ထားမိဘူး”
"ပါးဝမ်စွေ့ မရှိတာ စိတ်မကောင်းစရာပဲ"
တတိယမင်းသားက အနည်းငယ် ဝမ်းနည်းသွားပုံရသည်။ သေရည်ကောင်းကောင်းနှင့် အရသာရှိသော ဟင်းလျာများက လိုက်ဖက်ညီလှပြီး ဟင်းပွဲများက သူ့ရှေ့တွင် ရှိနေသည့်တိုင် ကံမကောင်းစွာဖြင့် ပါးဝမ်စွေ့ ရောင်းကုန်သွားသည်မှာ အချိန်အတော်ကြာ နေပြီ ဖြစ်သည်။ သူက ထိုအပြင်းစားသေရည်ကောင်းကို သောက်လေ့ရှိသောကြောင့် သူ ယခင်သောက်နေကျ သေရည်များကို ပြန်သောက်ရလျှင် ရိုးရိုးရေကို သောက်နေရသလိုသာ သူ ခံစားရတော့သည်။
တတိယမင်းသားက ကျိရှောင်ယင်အကြောင်း တွေးနေဆဲဖြစ်သောကြောင့် ကျိရွှေရှန့်က ဒေါသထွက်နေကာ အေးစက်သည့်မျက်နှာကြီးကိုသာ ဖော်ပြထားသည်။
မင်းလို အကြံအစည်များတဲ့ သူခိုးကောင်နဲ့ ဘယ်သူက အတူသောက်ချင်မှာလဲ?
အရသာရှိသည့် အစားအသောက်များက လူကို ပျော်ရွှင်စေနိုင်ပြီး စူးချင်း၏ဟင်းများကို မြည်းစမ်းပြီးနောက် တတိယမင်းသား၏မျက်လုံးများက ပိုတောက်ပလာခဲ့သည်။
“ငါတို့ရဲ့ သိုးသားကင်က ဘာလို့ သခင်မလေးစူး လုပ်ထားတာလောက် အရသာ မရှိရတာလဲ? ဒါမှမဟုတ် ငါက ငါတို့ရဲ့အစားအစာတွေကို ငြီးငွေ့နေပြီး အလယ်ပိုင်လွင်ပြင်က အရသာတွေက ပိုနက်နဲတယ်လို့ ခံစားမိနေတာလား?”
“ဟင်းတွေ ရှိပေမယ့် သေရည် မရှိတာ စိတ်မကောင်းစရာပဲ၊ ပါးဝမ်စွေ့သာရှိရင် အရမ်းကောင်းမှာပဲ”
တတိယမင်းသားကတော့ ပါးဝမ်စွေ့အကြောင်း တွေးနေသေးသည်။ သို့သော် မသောက်ရသောကြောင့် သူက အစားအစာကို သွက်သွက်လပ်လပ် စားနေခဲ့သည်။ ကျုံးယုံနှင့် ကျိရွှေရှန့်တို့က စိတ်အခြေအနေမကောင်းသောကြောင့် အများကြီး မစားနိုင်သော်လည်း တတိယမင်းသားက အများကြီး စားနိုင်ခဲ့သည်။ သူ၏ဝမ်းဗိုက်က လုံးဝန်းလာသည့်တိုင်အောင် သူက သူ့တူကို ပြန်ချရန် တွန့်ဆုတ်နေသေးသည်။
"အအီပြေအောင် နို့လက်ဖက်ရည်သောက်ကြပါဦး"
စူးချင်းက အရသာရှိသည့် ဟင်းလျာများ ပြင်ဆင်ချက်ပြုတ်ပေးခဲ့သည့်အတွက် တတိယမင်းသားက ကျေးဇူးတင်နေပြီး သူမ စိတ်ကျေနပ်စေရန် နို့လက်ဖက်ရည်ကို သူကိုယ်တိုင် ပြင်ဆင်ပေးခဲ့သည်။ သူ့၏ အနာဂတ်ယောက်ဖလောင်း စိတ်အခြေအနေ မကောင်းသည်ကိုတော့ သူ ဂရုမစိုက်တော့ပေ။ စိတ်ရင်းမှန်နှင့် ရိုးသားမှုက သတ္တုတုံးများကို အရည်ပျော်စေပြီး ကျောက်တောင်များကို ရွှေ့လျားစေလိမ့်မည်ဟု သူ ယုံကြည်ထားခဲ့သည်။ ကျိရွှေရှန့်က သူ့ညီမလေးအား လက်ထပ်ပေးမည့်အချိန်ကို ရွှေ့ဆိုင်းပေးမည်ဟု သူ ယုံကြည်နေမိသည်။
"ဝမ်ရယ်၊ ဧကရာဇ်မင်းမြတ်က ဆွေးနွေးစရာရှိတဲ့အတွက် ဝမ်ရယ် နန်းတော်ထဲကို ဝင်လာဖို့ ဆင့်ခေါ်လိုက်ပါတယ်"
တတိယမင်းသား၏ နို့လက်ဖက်ရည် အဆင်သင့်မဖြစ်မီ တံခါးအပြင်ဘက်မှ စစ်သည်တစ်ဦးက သတင်းပို့လာခဲ့သည်။
"သိပြီ၊ ဒီမင်းသား အခု သွားလိုက်မယ်"
သူ့အဖေက သူ့ကို ညဥ့်နက်ချိန်မှ နန်းတော်ထဲသို့ ခေါ်သည့်အတွက် အရေးကြီးကိစ္စ ဖြစ်နိုင်သောကြောင့် ယဲ့လွီချွမ်းက မနှောင့်နှေးနေရဲပေ။ သူက လက်သီးအုပ်ကာ စူးချင်းနှင့် ကျိရွှေရှန့်ကို တောင်းပန်လိုက်ပြီး "မင်းတို့နှစ်ယောက်လုံးကို ငါ တကယ်တောင်းပန်ပါတယ်။ ခမည်းတော်က ငါ့ကို နန်းတော်ထဲသို့ ဝင်ဖို့ ဆင့်ခေါ်နေတယ်”
“ကိစ္စမရှိပါဘူး”
ကျိရွှေရှန့်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"အလုပ်ကိစ္စက ပိုအရေးကြီးပါတယ်"
ယဲ့လွီချွမ်းက နန်းတော်သို့ အမြန်ထွက်သွားခဲ့ပြီး စူးချင်းနှင့် ကျိရွှေရှန့်တို့က တတိယမင်းသားအပေါ် အလုံးစုံ မမှီခိုချင်သောကြောင့် ညစာစားပြီး အပြင်သို့ ထွက်လာခဲ့ကြသည်။
ကျုံးယုံက သူတို့နောက်မှ အရိပ်တစ်ခုသဖွယ် လိုက်ပါလာခဲ့သည်။ ချိုးယုံခန်းက သူ့အမေကို သတ်သော လူသတ်သမား ဖြစ်သည်ကို သိလိုက်ရကတည်းက သူ့စိတ်ထဲတွင် ဝမ်းနည်းဒေါသများ ပြည့်နှက်နေခဲ့သည်။ သူ၏ပင်ကိုယ်စရိုက်ကလည်း တိတ်ဆိတ်သည့်အနေအထားသို့ ပြောင်းလဲသွားခဲ့သည်။
သူတို့ သုံးယောက်က တာ့ချန်၏လမ်းမတွေပေါ်တွင် ဦးတည်ရာမဲ့ လျှောက်သွားနေကြပြီး ဆောင်းရာသီဖြစ်နေသောကြောင့် အချိန်အများစုတွင် နှင်းများကျဆင်းနေပြီး နှင်းမကျသည့်အချိန်၌လည်း မြောက်လေက ဓားသွားကဲ့သို့ စူးရှသည်အထိ အေးခဲနေလေသည်။ အထူးသဖြင့် ညဘက်ဖြစ်နေသောကြောင့် ပိုအေးနေပြီး လမ်းလျှောက်ထွက်လာသူ အလွန်နည်းပါးကာ သူတို့အားလုံးက သူတို့၏တဲဝိုင်းများထဲတွင်သာ ပုန်းအောင်းနေကြသည်။
ယခုနှစ်တွင် တာ့ချန်က ယခင်နှစ်အများစုထက် ပိုအေးသော်လည်း အေးခဲသေဆုံးသူ အနည်းဆုံးနှစ် ဖြစ်ခဲ့သည်။
ကျောက်မီးသွေးများ ရရှိခဲ့သောကြောင့် အိမ်တိုင်း၏ မီးခိုးခေါင်းတိုင်များမှ မီးခိုးများ ထွက်နေလေသည်။ အချို့သော သိုးကျောင်းသားများက သူတို့၏သိုးများ အေးခဲသေသွားမည်ကို ကြောက်ရွံ့သောကြောင့် သိုးခြံထဲတွင်ပင် မီးဖိုများ ဖိုထားကြသည်။ ထို့ကြောင့် သိုးများ၏ သေဆုံးမှုနှုန်း သိသိသာသာ လျှော့ကျသွားခဲ့ပြီး သိုးများကို ကျောက်မီးသွေးနှင့် လဲလှယ်ခြင်းက ကောင်းမွန်လှသော စက်ဝန်းတစ်ခု ဖြစ်လာခဲ့သည်။
စူးချင်းက တဲဝန်းများအတွင်းမှ ထွက်လာသော မီးခိုးများကို ကြည့်နေခဲ့ပြီး သူမတို့ ငွေရှာနိုင်သလို သိုးကျောင်းသားများ၏ဘဝများကို တိုးတက်လာသည်ကို တွေးကာ ကျေနပ်နေမိသည်။ ကျောက်မီးသွေးများက နှစ်ဦးနှစ်ဖက်လုံးတွက် ကောင်းမွန်စေခဲ့သည်။
"စူးချင်း၊ ယုံခန်းက တာ့ချန်ကို ရောက်လာမယ်လို့ ကိုယ် မထင်ဘူး။ ဒီမှာ အရမ်းအေးတော့ နေစရာ နေရာမရှိရင် သူ အေးခဲပြီး သေသွားလိမ့်မယ်။ သူ တောင်ဘက်ကို သွားတာ ဖြစ်နိုင်မလား?”
ကျိရွှေရှန့်က အတွင်းပိုင်း၌ သူ့၏မွေးစားအမေ ချုပ်ပေးထားသော ဝါချည်သားအနွေးအင်္ကျီကို ဝတ်ဆင်ထားပြီး သိုးမွေးအင်္ကျီကို အပေါ်မှ ထပ်၀တ်ထားသည်။ ထိုအနွေးအင်္ကျီနှစ်လွှာ ရှိနေသော်လည်း သူ အေးခဲမတတ် ခံစားနေရသည်။ ချိုးယုံခန်း ထွက်သွားချိန်တွင် သူက ရိုးရိုးချည်သားအနွေးအင်္ကျီကိုသာ ၀တ်ဆင်ထားသောကြောင့် သိုးမွေးအင်္ကျီမပါဘဲ အအေးဒဏ်ကို ခံနိုင်မည်မဟုတ်ပေ။
“ကျွန်မတို့ ဒီမှာ တစ်ညလောက် တည်းခိုပြီး တတိယမင်းသားဆီကနေ သတင်းစောင့်ကြမယ်။ မနက်ဖြန်မနက်မှ သတင်းမရသေးရင် ပြန်ကြတာပေါ့"
စူးချင်းက လွယ်လွယ်နှင့် ကောက်ချက်မချတော့ပေ။ သူမ ကျင်းချန်အထိ လိုက်သွားခဲ့သော်လည်း ချိုးယုံခန်းကို မတွေ့ခဲ့ရပေ။ သူ တောင်ဘက်သို့ မသွားသည်ကလည်း ဖြစ်နိုင်နေသေးသည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့ တာ့ချန်၏လမ်းများပေါ်တွင် ချိုးယုံခန်းအား ရှာဖွေနေစဉ်တွင် တတိယမင်းသားက သူ့ခမည်းတော်နှင့်တွေ့ဆုံရန် နန်းတော်ထဲသို့ ရောက်နေခဲ့သည်။
ယဲ့လွီချွမ်းက အတွင်းခန်းထဲသို့ ဝင်သွားလိုက်ပြီး သူ့ခမည်းတော်က စားပွဲနောက်တွင် ထိုင်နေသည်ကို သူ တွေ့လိုက်ရသည်။ စားပွဲပေါ်တွင် ပုံတူကားချပ်တစ်ဒါဇင်ကျော် ရှိနေပြီး သူ့ခမည်းတော်နှင့် မယ်တော်တို့က ထိုပုံတူကားချပ်များကို တစ်ပုံချင်းစီကြည့်နေကြကာ စကားပြောရင်း ရယ်မောနေကြသည်။
ယဲ့လွီချွမ်းကတော့ မျက်မှောင်ကြုတ်လိုက်သည်။ ထိုပုံများက မည်သည့်အရာများ ဖြစ်သည်ကို သူ သိနေပြီး သူ့စိတ်ထဲတွင် စိတ်ပျက်ခြင်း လှိုင်းလုံးများ လျှံတက်လာသလို ခံစားလိုက်ရသောကြောင့် လှည့်ထွက်သွားချင်နေမိသည်။
"သားတော် ရောက်လာပြီလား? ဒီကို လာကြည့်၊ မင်းရဲ့မယ်တော်နဲ့ ကျန်းတို့ နှစ်ယောက်စလုံးက ဟာဆာမင်းသမီးလေးကို သဘောကျတယ်၊ သူ(မ)မှာ ထူးခြားတဲ့ စိတ်နေစိတ်ထားရှိပြီး ရုပ်ရည်ကလည်း လှပတယ်၊ မင်းနဲ့ဆို အရမ်းလိုက်ဖက်မယ်လို့ ကျန်းတို့ ထင်တယ်”
ဧကရာဇ်က ခေါင်းကို မော့လိုက်ပြီး သူ့သားတော်ကို မြင်လိုက်သောကြောင့် ပြုံးလိုက်ကာ ပုံတူများ အတူကြည့်ရန် ခေါ်လိုက်သည်။
"ခမည်းတော်ဧကရာဇ်၊ အခု သားတော်ရဲ့နှလုံးသားက တိုင်းပြည်အတွက်ပဲ အာရုံစိုက်ချင်နေတာကြောင့် ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ဦးစားမပေးချင်သေးပါဘူး"
ယဲ့လွီချွမ်းက ဟာဆာတိုင်းပြည်၏မင်းသမီးကို လုံးဝ စိတ်မဝင်စားဘဲ သူမကိုတောင် မကြည့်ချင်သောကြောင့် စားပွဲရှေ့တွင် ရပ်ကာ ဧကရာဇ်မင်းအား ဦးညွတ်ရင်း ငြင်းဆိုလိုက်သည်။
“မိသားစုကို အရင်စပြီးမှ အသက်မွေးဝမ်းကြောင်းကို စတင်လို့ရတယ်၊ တိုင်းပြည်အရေးက အရေးကြီးပေမယ့် အိမ်ထောင်ရေးက ပိုအရေးကြီးတယ်။ မင်း ဇနီးကောင်းတစ်ယောက်ကိုတောင် မရှာနိုင်ရင် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မှာလဲ?”
ဧကရာဇ်က သူ့သားတော်၏ငြင်းဆိုချက်ကို နားမထောင်တော့ပေ။ သူက ဤငြင်းဆိုစကားကို သုံးကြိမ်တိုင်တိုင် ကြားခဲ့ဖူးပြီး ယခုတကြိမ်တွင် ဘာပဲဖြစ်ဖြစ် အတင်းအကြပ် ဖိအားပေးရန် ဆုံးဖြတ်ထားခဲ့သည်။
"ဟုတ်တယ် ချွမ်းအာ၊ မယ်တော်လည်း မြေးတော်လေးကို ချီဖို့ စောင့်နေတာ။ မင်း ခမည်းတော်ရဲ့စကားကို နားထောင်ပြီး မင်းသမီးယွင်သိကို ရွေးချယ်လိုက်ပါ။ မယ်တော်ကလည်း သူ(မ) မဆိုးဘူးလို့ ထင်တယ်။ သူ(မ)က နူးညံ့သိမ်မွေ့ပြီး သဘောထားကြီးသလို လှလည်း လှတယ်”
ကြင်ယာတော်လီကလည်း ဧကရာဇ်မင်းနှင့်အတူ သူမ၏သားတော်ကို စည်းရုံးရန် ကြိုးစားလိုက်သသည်။
ဘာပဲဖြစ်ဖြစ် သူမရဲ့သားတော်က အိမ်ထောင်ပြုဖို့ အရွယ်လွန်နေပြီ။ ပထမမင်းသားနဲ့ ဒုတိယမင်းသား သူ့အရွယ်တုန်းကဆိုရင် ဇနီးနဲ ကိုယ်လုပ်တော်တွေ အများကြီး ရှိပြီး သားသမီးတွေက နေရာအနှံ့ ပြေးလွှားနေကြပြီ။
သူ့မိဘများက သူ့ကို အိမ်ထောင်ချပေးရန် အတင်းအကြပ် ဖိအားပေးနေသောကြောင့် ယဲ့လွီချွမ်းတစ်ယောက် မျက်မှောင်ကြုတ်နေပြန်သည်။
သူ ဒီအိမ်ထောင်ရေးကို ငြင်းပယ်ဖို့ အကြောင်းပြချက်ကို ဘယ်ကနေ သွားရှာရမလဲ?