← Chapters

အရှေ့ပင်လယ် ကျွန်းစုများ

Vol. 7 Ch. 635

အရှေ့ပင်လယ် ကျွန်းစုများ

Vol. 7 Ch. 635

ချန်းဖန်သည် အလွန် အစွမ်းထက်နေပြီ ဆိုသော်လည်း မူလဝိညာဉ် အဆင့်ကို တက်လှမ်းရန်မှာ သူ့အတွက် အလွန် အရေးကြီးသည်။

မူလဝိညာဉ် အဆင့်သည် ကျင့်ကြံခြင်း လမ်းစဉ်၏ အစဖြစ်ပြီး ထိုအဆင့်သို့ ရောက်မှသာ ချန်းဖန်၏ အနာဂတ်သည်လည်း သေချာ ပေလိမ့်မည်။

သူသည် မူလဝိညာဉ် အဆင့် ရဲ့ချင်စန်းကို အနိုင်ယူခဲ့သော်လည်း ထိုအရာက ရဲ့ချင်စန်း၏ ဉာဏ်အလင်း နိမ့်ကျမှု အပြင် သူ၏ အတိတ် ဘဝမှ မှတ်ဉာဏ်များ ကြောင့်သာ ဖြစ်သည်။

အစစ်အမှန် ကျင့်ကြံသူများနှင့်သာ တိုက်ခိုက်ရပါက ယခုလောက် အထိ လွယ်ကူလိမ့်မည် မဟုတ်ချေ။

"ငါက အခု ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ ... မူလ အဆင့်ကို တက်ဖို့ ဆိုရင် ငါ့အနေနဲ့ မြေကမ္ဘာ နတ်ဘုရားတွေ ထားခဲ့တဲ့ ဝိညာဉ်ရင်းမြစ် ဂူသုံးခု ဒါမှမဟုတ် ကောင်းကင် သလင်းကျောက် ငါးရာလောက် လိုတယ်"

ချန်းဖန်က ရေရွတ်ရင်း အရှေ့အရပ်သို့ လှမ်းမျှော်ကြည့်လိုက်၏။

"အရှေ့ပင်လယ် ..."

"ချင်တောင်တန်း ..."

"ရှု့တောင်တန်း ...."

"  ... "

"ခွန်းလွန်ရဲ့ နတ်ဘုရား သင်္ချိုင်းတောင်ကြား"

"ဒီနေရာတွေ အားလုံးက ရှေးဟောင်း ကျင့်ကြံသူတွေ နေဖို့ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေ ချည်းပဲ ... ငါ့အနေနဲ့ နတ်ဘုရား သင်္ချိုင်း တောင်ကြားကို နောက်ဆုံးမှ ဝင်ရမယ် ... အဲဒီ နေရာမှာ ရွှေအမြုတေ အဆင့် ရှိတယ် ဆိုတော့ ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ ဝင်ရင် လွယ်မယ် မထင်ဘူး"

ချန်းဖန်က တွေးရင်း သူ၏ ခန္ဓာကိုယ်ကို အဇူရာ အလင်းအသွင် ပြောင်းလဲကာ အရှေ့ အရပ်သို့ ပျံသန်း လာခဲ့၏။

သာမန် တန်ခိုးရှင်များသည် ပျမ်းမျှအားဖြင့် တစ်ကြိမ်လျှင် ကီလိုမီတာ တစ်ရာမျှသာ ပျံသန်း နိုင်ကြသည်။ သို့သော်လည်း ချန်းဖန် အတွက်မူ မိုင် ထောင်ပေါင်းများစွာကို မရပ်မနားပဲ ခရီးသွားခြင်းကပင် ခက်ခဲမှု မရှိချေ။

"ဟူး ... ဟူး ..."

ချန်းဖန်က ဘေးနားရှိ တိမ်များကို ကြည့်ရင်း မျက်နှာအား တဖျတ်ဖျတ် တိုက်ခတ်လာသည့် လေအေးကို အရသာခံလိုက်သည်။ သူသည် ယခုကဲ့သို့ လွတ်လပ် ပေါ့ပါးမှုကို မခံစားရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ချန်းဖန်သည် အသံ၏ အမြန်နှုန်းကို ချိုးဖျက်၍ ပျံသန်းခဲ့ခြင်း ဖြစ်ရာ လေးနာရီမျှ အတောအတွင်းမှာပင် အရှေ့ပင်လယ်သို့ ရောက်ရှိ လာခဲ့သည်။

အရှေ့ပင်လယ်သည် အလွန်အမင်း ကျယ်ဝန်းပြီး ထိုဧရိယာ အတွင်း၌ သူတော်စင်များ ကျက်စားသည့် ကုန်းမြေ ဆယ်ခုနှင့် ကျွန်းသုံးခု ရှိသည် ဆိုသော အဆို ရှိသည်။

တစ်ခါက ဧကရာဇ် ချင်ရှီဟောင်သည် သူ၏ တပ်မအား ဦးဆောင်၍ အရှေ့ပင်လယ်သို့ စစ်ချီကာ ပျောက်ဆုံး နေသော သူတော်စင်များကို ရှာဖွေခဲ့သေးသည်။ သို့သော်လည်း သူတော်စင် တစ်ယောက်ကိုမျှ သူ မတွေ့ခဲ့ရချေ။

"ဟူး ..."

အရှေ့ပင်လယ် တစ်နေရာ၌ ငါးဖမ်းနေသော ငါးဖမ်းသမားများမှာ ကောင်းကင်၌ ဖြတ်၍ ပျံသန်းသွားသော အဇူရာ အလင်းကို အမှတ်မထင် တွေ့လိုက်ရသည်။

သို့သော်လည်း သူတို့က ထိုအရာကို ယာဉ်ပျံ တစ်စင်းဟု မှတ်ယူ၍ ပေါ့ပေါ့တန်တန်သာ သဘောထားလိုက်သည်။

ထိုအလင်းတန်းသည် ကမ္ဘာတစ်ခုလုံး ဟိုးလေး တကျော်ကျော် ဖြစ်နေသည့် ဂန္ထဝင် "စိတ်တိုကြီးချန်း" ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မထင်မိကြချေ။

ချန်းဖန်သည် "ပိုပင်လယ်" အထက် ကောင်းကင်၌ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ခြင်း တရိပ်ရိပ် ပျံသန်း နေခဲ့၏။

ချန်းဖန်၏ ကျင့်ကြံခြင်း အဆင့်သည် ဝိညာဉ်ပင်လယ် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ နတ်ဘုရား စိတ်အာရုံသည်လည်း ကီလိုမီတာ တစ်ရာခန့် အထိ ဖြန့်ကြက် နေနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် ချန်းဖန်အတွက် ပိုပင်လယ် တစ်ခုလုံးကို စစ်ဆေးရန် တစ်ရက်မျှ အချိန်ယူရန်ပင် မလိုချေ။

"ရှေးဟောင်း မှတ်တမ်းတွေ အရဆို ပိုပင်လယ်မှာ ကုန်းမြေဆယ်ခုနဲ့ ကျွန်းသုံးကျွန်း ရှိတယ်တဲ့ ... ဒါပေမဲ့ ခေတ်မီ နည်းပညာတောင် အဲဒီ နေရာတွေကို ရှာမတွေ့ခဲ့ဘူး ..."

"အဲဒီ နေရာတွေကို ပုန်းကွယ်ခြင်း အစီအရင်တွေနဲ့ ဖုံးကွယ်ထားတာလား ... ဒါမှမဟုတ် သူတို့က သီးသန့် ဟင်းလင်းပြင်လို နေရာတစ်ခုခုမှာ ရှိနေတာလား"

ချန်းဖန်က တွေးလိုက်မိသည်။

"ပိုပင်လယ်" သည် သိပ်မကြီးရာ နေ့ဝက် အတွင်းမှာပင် ချန်းဖန်သည် ထိုပင်လယ် တစ်ခုလုံးကို နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးလိုက်နိုင်သည်။

"ဒါက ... အစီအရင် တစ်ခုလား"

ချန်းဖန်က ဓားအလင်းလှိုင်း တစ်ခုကို ထိုနေရာသို့ ပစ်လွှတ် ကြည့်လိုက်သည်။

"ဘုန်း ..."

ဓားအလင်း၏ ပိုင်းဖြတ်မှု အောက်တွင် တစ်စုံ တစ်ခုကိုက ရေထဲသို့ ပြုတ်ကျသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"ဒါက တကယ့်ကို အစီအရင်ပဲ ... နောက်ပြီး ဟင်းလင်းပြင် စွမ်းအားတချို့လည်း ပါဝင်နေတယ် ... ဒါက ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက် တည်ဆောက်ခဲ့တာလား"

ချန်းဖန်က စိတ်လှုပ်ရှားစွာဖြင့် ဓားအားဖြည့် ကျောက်မျက်ကို ထိလိုက်သည်။

"နိုးထ ..."

ရွှေရောင်အလင်း တစ်ခုက ကျောက်မျက် အတွင်းမှ ကောင်းကင်သို့  တက်ကာ အစီအရင်ကို ထုနှက်လိုက်သည်။

"ဘုန်း ..."

အစီအရင်၏ မျက်နှာပြင်က အနည်းငယ် တုန်လှုပ်သွားသော်လည်း ဓားကမူ နောက်သို့ ပြန်ကာ ထွက်လာခဲ့သည်။ ချန်းဖန်က ထိုသို့ ဖြစ်လာမည်ကို သိပြီး ဖြစ်သည့်အလား တုန်လှုပ်မှု မရှိချေ။

"သွား ... သွား ... သွား ..."

သူက အခြား ဓားအလင်း ဆယ့်ရှစ်ခုကို တစ်ဆက်တည်း ပစ်လွှတ်လိုက်သည်။

ဓားအလင်း တစ်ခုချင်းစီက အလွန်အမင်း တောက်ပကာ ပေနှစ်ဆယ်ခန့် အထိ ရှည်လျား၏။

ချန်းဖန်၏ ခန့်မှန်းချက် အရဆိုလျှင် ထို ပုံရိပ်ယောင် အစီအရင်ကို ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က ဖန်တီး ထားခဲ့ခြင်း ဖြစ်ရမည်။

ထို့ကြောင့်သာ နှစ်ထောင်ချီ ကြာသည့်တိုင် အစီအရင်က မပျက်စီးပဲ တည်ရှိနေခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း ချန်းဖန် အတွက် ထိုအစီအရင်ကို ဖျက်ဆီးရန်က မခက်ခဲလှချေ။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

ဓားပျံနှင့် ဓားအလင်းများ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုတွင် အစီအရင်က တုန်ခါ၍ အပေါက် တစ်ပေါက် ပေါ်ပေါက်လာသည်။

ချန်းဖန်က ထိုအပေါက်အတွင်း အလျင်အမြန် ဝင်ရောက်လိုက်၏။ ချန်းဖန် အထဲသို့ ရောက်သည်နှင့် ဓားချက်ကြောင့် ပေါက်ပြဲနေသော အပေါက်က တဖြည်းဖြည်း ပြန်စေ့ သွားခဲ့၏။

"အထဲကိုတော့ ရောက်ပြီပဲ ..."

ချန်းဖန်က ရေရွတ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ် လိုက်သည်။

ထိုနေရာကား ဧရိယာ မိုင်ရာချီ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ဖြစ်ပြီး ထိုကျွန်းထက်၌ တိရစ္ဆာန်များ၊ အပင်များအား ရှင်သန် ပေါက်ရောက် နေသည်။ ကျွန်း၏ ကောင်းကင်၌ ဆယ်မီတာခန့် ကြီးမားသော ငှက်ကြီးများပင် ပျံသန်းနေ၏။

"ဒါက ... ဒဏ္ဍာရီတွေထဲက ကုန်းမြေ ဆယ်ခုနဲ့ ကျွန်းသုံးခုလား"

ချန်းဖန်က ပြုံးရင်း ကျွန်းထက်၌ ဖြည်းညင်းစွာ ပျံသန်းလိုက်၏။ တစ်ချိန်တည်းတွင်ပင် သူ၏ နတ်ဘုရား စိတ်အာရုံကလည်း ဖြန့်ကြက်ကာ ကျွန်းအား သေချာစွာ စစ်ဆေး နေခဲ့သည်။

ကျွန်းပေါ်၌ သားရဲများစွာကို တွေ့ရသော်လည်း ဒဏ္ဍာရီများထဲက သူတော်စင် နတ်ဘုရား အရိပ်အယောင်များကိုမူ မတွေ့ရချေ။

"ဒီနေရာက ဝိညာဉ်ချီတွေက ပြင်ပ ကမ္ဘာထက် ငါးဆလောက် ပိုပြီး အစွမ်းထက်တယ် ... ဒါကြောင့် သာမန် တိရစ္ဆာန်တွေက သားရဲတွေ အဖြစ် ပြောင်းသွားခဲ့တာပဲ ..."

ချန်းဖန် တွေးလိုက်မိ၏။

ထိုအချိန်မှာပင် ကောင်းကင်၌ ပျံသန်းနေသည့် မီတာသုံးဆယ်ခန့် မြင့်မားသော လင်းယုန်ကြီးက မြေပြင်သို့ တစ်ရှိန်ထိုး ဆင်းသက် သွားသည်ကို ချန်းဖန် တွေ့လိုက်ရသည်။

"ဂါး ..."

ထိုလင်းယုန်ကြီးက သူ၏ ချွန်ထက်နေသော ခြေသည်းကြီးများကို ထုတ်ကာ မြက်ပင်များ အကြားမှ မီတာ နှစ်ဆယ်မျှ ရှည်လျားသော မြွေကြီးကို သုတ်လိုက်သည်။

မြွေကြီးက ခုခံတိုက်ခိုက်ရန် ကြိုးစားသော်လည်း နောက်ဆုံး၌ လင်းယုန်ကြီး၏ ခြေသည်းများ အကြား၌ ခေါင်းတစ်ခုလုံး မွမွကြေ သွားတော့၏။

"ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့ လင်းယုန်လဲ"

ချန်းဖန်က လက်ခုပ်တီး၍ လင်းယုန်ကြီးအား ဂုဏ်ပြုလိုက်သည်။

ထိုလင်းယုန်ကြီးသည် ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်နေပြီ ဖြစ်ကာ သူ၏ ခန္ဓာကိုယ်သည်လည်း သာမန် တန်ခိုးရှင်အဆင့်အလား သန်မာနေပြီ ဖြစ်သည်။

"ဂါး ..."

လင်းယုန်ကြီးက ချန်းဖန်အား သတိထားမိသည်နှင့် အတောင်ပံကို ဖြန့်၍ ထိုးသုတ်ရန် ကြိုးစားလိုက်သည်။

သူ၏ အတောင်ပံများ ခတ်မှုတွင် ပတ်ဝန်းကျင်ရှိ သစ်ပင်များ အားလုံးမှာ မုန်တိုင်း တစ်ခုအလား ယိမ်းထိုး နေတော့၏။

"ဒီလို အားနည်းတဲ့ အကွက်လေးနဲ့ မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား"

ချန်းဖန်က ပြုံးရင်း လေပြည်လေညင်း အလား ဘေးဘက်သို့ ဝေ့ဝဲကာ ရှောင်တိမ်းလိုက်သည်။

"ဂါး ..."

ချန်းဖန် လွတ်မြောက်သွားကြောင်း တွေ့သည်နှင့် လင်းယုန်ကြီးက ဒေါသတကြီး အော်ဟစ်ရင်း အတောင်ပံဖြင့် ရိုက်ရန် ကြိုးစားလာသည်။

"ဟားဟား ..."

ချန်းဖန်က ရယ်မော၍ ကောင်းကင်သို့ ပိုမြင့်အောင် ပျံတက်ကာ လင်းယုန်ကြီးအား ရိုက်ချလိုက်သည်။

"ဘုန်း ..."

လင်းယုန်ကြီးမှာ မြေပြင်သို့ ခြေပစ်လက်ပစ် ပြုတ်ကျပြီးနောက် ချန်းဖန်ကို ကြောက်လန့်သွားပုံ ပေါ်သည်။ သူက ငှက်ပေါက်လေး တစ်ကောင်အလား ကြောက်လန့်သော မျက်နှာဖြင့် ချန်းဖန်၏ အရှေ့၌ ကုပ်ကုပ်လေး ဝပ်နေလိုက်သည်။

"မင်းက အညံ့ခံတာလား ... ကြည့်ရတာ မင်းမှာ အသိဉာဏ်တချို့ ရှိပုံပဲ"

ချန်းဖန်က လင်းယုန်ကြီးအား သဘောကျစွာ ကြည့်လိုက်မိ၏။

လင်းယုန်ကြီးက ချန်းဖန်၏ စကားကို နားလည်သည့်အလား ချန်းဖန်၏ ခြေထောက်အား သူ၏ ဦးခေါင်းဖြင့် တိုးဝှေ့၍ ပွတ်သပ်လိုက်သည်။

"ကောင်းပြီလေ ... မင်းကိုငါ အသက် ချမ်းသာပေးမယ် ... ငါ့ကို ဗဟိုရှိတဲ့နေရာကို ခေါ်သွားပေး"

လင်းယုန်ကြီးက ခေါင်းညိတ်ရင်း ချန်းဖန်ကို သူ၏ ကျောပေါ်သို့ တက်ရန် အချက်ပြလိုက်သည်။ ချန်းဖန် ကျောပေါ်သို့ ရောက်သည်နှင့် သိမ်းငှက်ကြီးက အတောင်ကို ခတ်ကာ ကောင်းကင်သို့ ပျံတက်လိုက်၏။

"ဂါး ..."

လင်းယုန်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရင်း စတင် ပျံသန်းတော့သည်။ သူ၏ အမြန်နှုန်းက အလွန်ပင် မြန်ဆန်ကာ အသံထက် မြန်သော တိုက်လေယာဉ်များ၏ အမြန်နှုန်းထက်ပင် လျော့နည်းခြင်း မရှိချေ။

"သောက်ရမ်းလန်းတယ်ကွာ ... အခုက စပြီး ပျံသန်းဖို့ အတွက် အားကုန်ခံစရာ မလိုတော့ဘူး ... ဒီကောင်ကြီးကို စီးရတာ တိုက်လေယာဉ်ကို စီးနေရတဲ့ အတိုင်းပဲ"

ချန်းဖန်က လင်းယုန်ကြီး၏ ကျောထက်တွင် ထိုင်ရင်း သဘောကျစွာ ရေရွတ်လိုက်သည်။

"ဟူး ... ဟူး ..."

လင်းယုန်ကြီး၏ ပျံသန်းမှုက အလွန်ပင် လျင်မြန်ရာ မကြာခင်မှာပင် ချန်းဖန် ကျွန်း၏ ဗဟိုသို့ ရောက်ရှိ လာခဲ့သည်။

လင်းယုန်ကြီးပေါ်မှ ဆင်းပြီးနောက် ပျက်စီးနေသော အဆောက်အဦ အချို့ကို ချန်းဖန် တွေ့လိုက်ရသည်။

ဆယ်မီတာခန့် မြင့်မားသော နံရံကြီးများနှင့် ဆေးရေးပန်းချီ အချို့က ထိုနေရာကို မြေကမ္ဘာ အဆင့်များ ရောက်ရှိခဲ့ကြောင်း ဖော်ပြနေသည်။

ချန်းဖန်က နံရံများကို ဖြတ်၍ အတွင်းပိုင်းသို့ ဝင်လာခဲ့သည်။

တစ်နေရာသို့ အရောက်၌ အနက်ရောင် သတ္တုတိုင် တစ်ခုကို ချန်းဖန် တွေ့ရသည်။ ထိုတိုင်ပေါ်တွင် "ရင်ကျိုး" ဟူသော စကားလုံးကို ရေးထွင်းထား၏။

"ဒါက ကုန်းမြေဆယ်ခုနဲ့ ကျွန်းသုံးကျွန်းမှာ ပါတဲ့ ရင်ကျိုး ကျွန်းလား"

ချန်းဖန်က အနည်းငယ် အံ့ဩ သင့်မိသွား၏။

ထို့နောက် ချန်းဖန်သည် သတ္တုတိုင်၏ အခြားတစ်ဖက်၌ ရေးထိုးထားသော မှတ်တမ်း အချို့ကိုပါ တွေ့လိုက်ရသည်။

***

All Chapters