တကယ့်လူသတ်သမားအစစ်က သူလား? (၁)
Vol. 27 Ch. 391
"မဟုတ်ဘူး၊ ငါ ဘယ်လို ပါဝင်ရမှာလဲ?"
လီတာ့နျိုက အတွေးနှင့်ပင် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။
အို မိုးကောင်ကင်ကြီးရေ ငါ့ကို ကယ်ပါဦး၊ စူးချင်းရေ... ငါ့ကို အဲ့ဒီအနက်ရောင်ဆေးလုံးတွေ မစားခိုင်းပါနဲ့။ အဲ့ဒါက အရမ်းကြောက်စရာကောင်းတယ်။
စူးချင်းက ကြောက်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားသော လီတာ့နျိုကို အေးအေးဆေးဆေး စိုက်ကြည့်နေခဲ့သည်။ သူမက သူ့ကို ခြောက်လန့်ရန် ကြိုးစားနေခြင်းသာ ဖြစ်ပြီး ချိုးယုံခန်းအတွက် မတောင်းပန်ပေးရဲရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
လီတာ့နျိုက ယခုတစ်ကြိမ်တွင် စူးချင်းနောက်သို့ မလိုက်ဝံ့တော့ဘဲ ဒယ်အိုးပူပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ယောက်ယက်ခပ်သည်အထိ ကြောက်ရွံ့နေလေသည်။
“ရွှေရှန့်၊ ရွှေရှန့်ကို သွားရှာ ရမယ်"
လီတာ့နျိုက ကျိရွှေရှန့်ကို ရုတ်တရက် တွေးမိသွားပြီး ရုံးတော်ဆီသို့ ပြေးသွားတော့သည်။
စူးချင်းနှင့် စစ်သည်များကို ခေါ်ကာ ချိုးယုံခန်း၏အိမ်ဆီသို့ အပြေးအလွှား သွားခဲ့သော်လည်း ချိုးမိသားစုကတော့ ဘာဖြစ်နေမှန်းပင် မသိသေးပေ။
စူးချင်းက စစ်သည်တစ်စုကို အိမ်ခေါ်ဆောင်ကာ သူတို့အိမ်သို့ ရောက်လာပြီး သူမ၏မျက်နှာက လုံးဝ အေးစက်ကာ မည်းမှောင်နေသည်ကိုသာ သူတို့ မြင်လိုက်ကြရသည်။ သူမက အိမ်ထဲသို့ ဝင်လာပြီး ချိုးယုံခန်းကို မေးလိုက်ချိန်တွင် အဘိုးကြီးချိုးက တစ်ခုခုမှားနေကြောင်း သိလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် လျှောက်လာကာ စူးချင်းကို မေးမြန်းလိုက်သည်။
"စူးချင်း၊ ဘာဖြစ်လို့လဲ?"
စူးချင်းက သူ့ကို အေးစက်စက် အကြည့်တစ်ချက်သာ ပြန်ပေးလိုက်သောကြောင့် ဆံစများဖြူနေသည့် အဘိုးကြီးက ဘာထပ်ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။
"မိန်းခလေးစူး၊ ဘာတွေ ဖြစ်နေတာလဲ? မင်း ဘာတွေ လုပ်နေတာလဲ?"
အဒေါ်ချိုးကလည်း အလွန်ကြောက်လန့်သွားပြီး မျက်ရည်များ ကျလာပြန်သည်။ သို့သော် သူမက ကမန်းကတန်း ရှေ့တိုးလာပြီး စူးချင်းကို တောင်းပန်နေသေးသည်။
"စူးချင်း၊ မင်း အဒေါ်မျက်နှာကို ထောက်ထားပြီး ယုံခန်းအတွက် ခက်ခဲအောင် မလုပ်ပါနဲ့"
စူးချင်းက မျက်နှာက သူမ၏မူပိုင် မျက်နှာသေမှ ပြောင်းလဲသွားခြင်မရှိသလို အဒေါ်ချိုး၏မျက်ရည်များအတွက် ကရုဏာထားမှုလည်း မရှိနေပြန်ပေ။ စူးချင်း၏ လျစ်လျူရှုမှုကို မြင်လိုက်ရချိန်တွင် အဒေါ်ချိုးက ငိုယိုနေရင်း စူးချင်း၏ခြေရင်းတွင် ဒူးထောက်ထိုင်ချလိုက်သည်။
"ငါ့မှာ ကလေးဆိုလို ယုံခန်းတစ်ယောက်ပဲ ကျန်တော့တာပါ။ ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးပါ။ ချိုးယွဲ့က မင်း စိတ်ဆိုးအောင် လုပ်ခဲ့တာ မှန်ပါတယ်၊ ဒါပေမယ့် ယုံခန်းကတော့ ဘာမှမလုပ်ခဲ့ဘူးလေ"
"ထပါ"
စူးချင်းက အဒေါ်ချိုး၏ ဒူးထောက်တောင်းပန်မှုကို ရှောင်ရှားရန် ဘေးသို့ ရွှေ့လိုက်ပြီး သူမကို ကြည့်နေကာ ဘာမှ မပြောဘဲ မျက်မှောင်သာ ကြုတ်နေခဲ့သည်။
သူမလည်း အဒေါ်ချိုးအတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် အဒေါ်ချိုးကို သနားတာတစ်ခုကြောင့်နဲ့ ဒီအဆိပ်ပြင်းမြွေနဲ့တူနဲ့ ချိုးယုံခန်းကို အသက်ရှင်ခွင့်ပေးဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး။
ချိုးယုံခန်းက ဥာဏ်ရည်ထက်မြက်ပြီး ပါးနပ်လွန်းတာကြောင့် သူတပါးအပေါ် အလွယ်တကူ လှည့်စားနိုင်တယ်။ သူ့ကို အသက်ရှင်ခွင့်ပေးလိုက်တာနဲ့ သူမတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။
"သခင်မလေးစူး၊ ချိုးယုံခန်းက အိမ်မှာ မရှိပါဘူး"
စစ်သည်ခေါင်းဆောင်က သူ့လူများကို ခေါ်သွားပြီး အိမ်၏အတွင်းနှင့်အပြင်အပါအဝင် အရှေ့ဘက်နှင့်အနောက်ဘက် ခြံဝင်းများကိုပါ ရှာဖွေပြီးမှ စူးချင်းကို သတင်းပြန်ပို့လိုက်သည်။
“မင်းတို့ ဒီမှာနေခဲ့ကြ။ ချိုးယုံခန်း ပြန်လာတာနဲ့ သူ့ကို ချက်ချင်း ဖမ်းခေါ်လာခဲ့”
စူးချင်းက စစ်သည်ငါးဦးကို ညွှန်ပြလိုက်ပြီး ချိုးမိသားစုတွင် ကျန်နေရန် အမိန့်ပေးလိုက်ပြီး ချိုးယုံခန်း ပြန်အလာ စောင့်ခိုင်းလိုက်သည်။ သူမကိုယ်တိုင်ကတော့ ရုံးတော်ဆီသို့ အမြန်ပြန်လာခဲ့သည်။
အကယ်၍ ရုံးတော်တွင် ချိုးယုံခန်း ရှိမနေပါက သူမ တစ်မြို့လုံးကို မြေလှန် ရှာဖွေရပေတော့မည်။
"စူးချင်း၊ စူးချင်း၊ ကျေးဇူးပြုပြီး ယုံခန်းကို လွှတ်ပေးပါ"
အဒေါ်ချိုးက အလောတကြီး ထပ်တောင်းပန်လိုက်ပြီး စူးချင်းနောက်သို့ ပြေးလိုက်ရန် ကြံစည်လိုက်သော်လည်း စစ်သည်ငါးယောက်က သူမကို တားဆီးလိုက်သည်။ ထို့ကြောင့် သူမ စိုးရိမ်တကြီး ငိုနေရုံသာ တတ်နိုင်တော့သည်။
စူးချင်းကတော့ မျက်မှောင်ကြုတ်လျှက်ဖြင့် ပြန်ထွက်သွားခဲ့သည်။
တကယ်တော့ ချိုးယုံခန်းသာ ဒီလောက်ကြီးမားတဲ့ အမှားကြီးကို မလုပ်ခဲ့ဘူးဆိုရင် သူမ အဒေါ်ချိုးရဲ့မျက်နှာကို ထောက်ထားပြီး သူ့ကို ခွင့်လွှတ်ပေးနိုင်ပါတယ်။ အခုတော့.....
စူးချင်းက နောက်တဖန် ပြေးလွှားခဲ့ပြီး ရုံးတော်သို့ ရောက်လာသော်လည်း ကျိရွှေရှန့်နှင့် ချန်ယွိကို မတွေ့ရတော့ပေ။ ထိုမှသာ သူတို့လည်း ပေါက်ကွဲသည့်နေရာသို့ အလောတကြီး ထွက်သွားကြောင်း သူမ သိလိုက်ရသည်။ ထို့အပြင် သူတို့ ထွက်သွားသည်မှာ အချိန်အတော်ကြနေပြီ ဖြစ်သည်။
စူးချင်းက အစောင့်စစ်သည်များကို လှမ်းမေးလိုက်သည်။
"ချိုးယုံခန်း ပြန်ရောက်ပြီလား?"
“သူ မနက်ကတည်းက သခင်လေးနဲ့ စကားများပြီး ပြန်ထွက်သွားတာ ခုထိ ပြန်မလာသေးဘူး”
စစ်သည်များက ခေါင်းခါလိုက်သည်။ ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ နံနက်ခင်းတွင် စကားများနေခဲ့ပြီး ထိုနေရာရှိနေသည့် လူတိုင်းနီးပါးလည်း မြင်တွေ့လိုက်ရသောကြောင့် သူတို့က စူးချင်းအား ပြောပြလိုက်သည်။
“အင်း”
စူးချင်းက သူတို့ကို တုံ့ပြန်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပြန်သည်။
ချိုးယုံခန်းက အိမ်မှာလည်း မရှိဘူး? ရုံးတော်မှာ မရှိလား? ဖြစ်နိုင်တာက....
စူးချင်းက စစ်သည်များကို အမိန့်ထပ်ပေးလိုက်သည်။
"မြင်းတွေကို အဆင်သင့် ပြင်ထားကြတော့"
စူးချင်းက ချိုးယုံခန်း ထွက်ပြေးသွားမည်ကို စိုးရိမ်သွားပြီး စစ်သည်များနှင့်အတူ မြို့တံခါးဆီသို့ ထွက်လာခဲ့သည်။ စူးချင်းကို မြင်လိုက်သည်နှင့် မြို့စောင့်တပ်သားများက သူမဆီသို့ အမြန်ရောက်လာခဲ့သည်။
"သခင်မလေးစူး၊ ဘာကိစ္စရှိလို့လဲ?"
"ချိုးယုံခန်း မြို့ထဲကနေ ထွက်သွားတာလား?"
စူးချင်းက မြင်းပေါ်မှပင် မဆင်းဘဲ ထိုမြို့စောင့်တပ်သားများကို လှမ်းမေးလိုက်သည်။
“သူ အပြင်ထွက်သွားတာ ကြာပြီ။ သူ့မှာ ခရီးသွားလက်မှတ်နဲ့ စစ်သူကြီးချန်ရဲ့အမိန့်စာ ရှိတယ်။ အရေးတကြီးကိစ္စကြောင့် မြို့ပြင်ထွက်မယ်လို့ ပြောလို့ ကျွန်တော်တို့ သူ့ကို လွှတ်ပေးလိုက်တာပါ”
ဘာဖြစ်ခဲ့သည်ကို မသိသော်လည်း စူးချင်း၏အမူအရာအရ မြို့စောင့်တပ်သားများက အလွန်ကြောက်လန့်နေကြပြီး သူတို့ အမှားတစ်ခုခုလုပ်မိကာ အပြစ်ပေးခံရမည်ကို စိုးရိမ်သဖြင့် အမြန်သတင်းပို့လာကြသည်။
“မြို့ပြင်ထွက်ခွင့်ပိတ်ထားမယ်လို့ အမိန့်ပေးထားတယ် မဟုတ်ဘူးလား?”
စူးချင်းက သူ့တို့ကို စူးစူးရဲရဲ အကြည့်ဖြင့် ကြည့်ရင်း ပြန်မေးလိုက်သည်။
ချန်ယွိက ဘယ်သူကိုမှ မြို့ပြင် ပေးမထွက်ဖို့ အမိန့်ပေးခဲ့တာ မဟုတ်ဘူးလား?
"ချိုးယုံခန်းက ရုံးတော်က လူပါ၊ ပြီးတော့ စစ်သူကြီးမင်းချန်ရဲ့အမိန့်စာကိုလည်း ယူလာခဲ့ပါတယ်...ပြီးတော့ သူက အရေးကြီးတယ်လို့လည်း ပြောခဲ့ပါတယ်..."
မြို့စောင့်တပ်သား ခေါင်းဆောင်က ထိတ်လန့်သွားပြီး ဆိုးရွားသည့် ကြိုတင်သတိပေးချက်ကို ခံစားချက်လိုက်ရသောကြောင့် သူ့အသံပင် တုန်ယင်လာတော့သည်။
"သူ ဘယ်လမ်းကို သွားတာလဲ?"
စူးချင်းက သူ့ကို စိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။
ထားလိုက်တော့.... ဒီစစ်သည်တွေကို သူမ ပြန်လာတဲ့အခါမှ အပြစ်ပေးတော့မယ်။
လောလောဆယ်မှာတော့ ချိုးယုံခန်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို လက်လွတ်ခံလို့ မဖြစ်သေးဘူး။
“သူ အဲဒီလမ်းကို သွားတယ်။ သူ ဘာသွားလုပ်မယ်ဆိုတာကိုတော့ မပြောသွားဘူး"
မြို့စောင့်တပ်သားခေါင်းဆောင်က ကြောက်လန့်တကြားဖြင့် တာ့တန်ဘက်သို့ ညွှန်ပြလိုက်သည်။ စူးချင်းက မြေပြင်ပေါ်ရှိ နှင်းများကို ကြည့်လိုက်ပြီး ၎င်းပေါ်တွင် ထင်ရှားသော မြင်းခွာရာများ ရှိနေလေသည်။ သူ တာ့ထန်ဘက်သို့ ဦးတည်ပြီး ထွက်ပြေးသွားသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် စူးချင်းက မဖြစ်နိုင်သလို ခံစားနေမိသည်။
ရွှေရှန့်က တာ့ထန်နဲ့ စီးပွားရေး လုပ်နေပြီး တတိယမင်းသားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကို ချိုးယုံခန်းလည်း သိထားပြီးသားလေ။ သူက ဘာလို့ တာ့ထန်ကို သွားတာလဲ?
ဒါက အာရုံလွှဲဖို့ ချန်ထားခဲ့တဲ့ ခြေရာလက်ရာပဲ ဖြစ်ရမယ်။
"မင်းတို့တွေ တာ့ထန်ဘက်ကို လိုက်သွားကြ"
စူးချင်းက သူမ နောက်မှ လိုက်လာသည့် စစ်သည်များကို တာ့ထန်ဘက်သို့ လိုက်သွားပြီး ချိုးယုံခန်းကို ရှာဖွေရန် အမိန့်ပေးလိုက်သည်။ ချိုးယုံခန်း၏ သိုင်းပညာစွမ်းရည်က မမြင့်မားသောကြောင့် စစ်သည်များက သူ့ကို အလွယ်တကူ ဖမ်းစီးနိုင်ပေလိမ့်မည်။
စူးချင်းကိုယ်တိုင်ကတော့ ကျင်းချန်ဆီသို့ ဦးတည်လိုက်သည်။ ဖောက်ခွဲရေးပစ္စည်းများကို လိုချင်နေသူက ဝမ်မိသားစုနှင့် ပတ်သက်မှု တစ်ခုခုရှိမည်ဟု သူမ ခံစားနေရသည်။ ထိုအပြင် ချိုးယုံခန်းက မထင်မရှားနေလိုသည့် စိတ်ဆန္ဒရှိသူ မဟုတ်ပေ။ ထို့ကြောင့် သူက တစ်ဖက်တွင် ခိုလှုံနိုင်ရန် ထိုဖောက်ခွဲရေးပစ္စည်းများကို အသုံးပြုပေလိမ့်မည်။
စူးချင်းက ကျင်းချန်အထိ လိုက်လာခဲ့သော်လည်း ချိုးယုံခန်းကို ရှာမတွေ့ဘဲ သူက လေထုထဲတွင် ပျောက်ကွယ်သွားသလို ဖြစ်နေလေသည်။
စူးချင်းက မြို့ထဲသို့ ဝင်ရန် တွေးလိုက်သော်လည်း ပေါ်ပေါ်တင်တင် ဝင်ရန် အခွင့်အရေး မရှိခဲ့ပေ။ နောက်ဆုံးအကြိမ်တွင် ဟူလူမျိုးများ တိုက်ခိုက်ခဲ့သောကြောင့် ကျင့်ချန်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့သည်။ မြို့တွင်းမှ လူများသာ အပြင်ထွက်ခွင့်ရပြီး မြို့ပြင်မှ လူများက အတွင်းသို့ မဝင်နိုင်တော့ပေ။ လမ်းတလျှောက်တွင်လည်း မြင်းခွာရာများ ရှာမတွေ့ခဲ့သည်ကို ပြန်တွေးနေရင်း စူးချင်းက သူမ မှားယွင်းတွက်ဆခဲ့မိသည်လားဟုပင် သံသယဝင်လာခဲ့သည်။
ချိုးယုံခန်းက ဝမ်မိသားစုစစ်တပ်ကို မသွားဘဲ တာ့ထန်ကို တကယ်သွားခဲ့တာလား?
ယင်းသို့ဖြစ်နိုင်ခြေက အနည်းငယ်မျှသာ ရှိသည်ဟု သူမ ခံစားနေရသော်လည်း ချိုးယုံခန်းက တာ့ထန်ကို ဖြတ်ကျော်ပြီး အခြားတိုင်းပြည်ငယ်များသို့ ခိုလှုံသွားခြင်းမျိုးလည်း ဖြစ်နိုင်သေးသည်။ ထိုသစ္စာခံမှုက သူ့အတွက် ဘုန်းအသရေနှင့် စည်းစိမ်ဥစ္စာကို ရယူပေးနိုင်သည်။
ယခု သူမ ကျင်းချန်သို့ ရောက်လာသောကြောင့် စူးချင်းက မြို့ထဲသို့ မဝင်ရဘဲ ပြန်သွားရန် ဆန္ဒမရှိသေးပေ။ ထို့ကြောင့် သူမက မှောင်လာသည်အထိ စောင့်ဆိုင်းနေပြီးမှ မြို့ရိုးတစ်ဖက်ကို ခုန်ကျော်ကာ ကျင်းချန်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ပထမဦးစွာ သူမက ရုံးတော်၏ အနောက်ဘက် ခြံဝင်းသို့ ဦးတည်လိုက်ပြီး ထိုနေရာသို့ အရောက်တွင် သူ၏ ကိုယ်လုပ်တော်မှ မွေးဖွားလာမည့် ဘဝအသစ်လေးကို မျှော်လင့်နေသော စီရင်စုအမတ်ကို ဖမ်းဆွဲလိုက်သည်။ လည်ပင်းပေါ်မှ ဓားကို ခံစားမိလိုက်ချိန်တွင် ထိုစီရင်စုအမတ်က အလွန်ကြောက်လန့်သွားပြီး သူမ မေးသမျှကို ပြန်ဖြေပေးခဲ့သည်။
ချိုးယုံခန်းက ကျင်းချန်သို့ ရောက်မလာကြောင်း သေချာသွားချိန်တွင် စူးချင်းက ထိုစီရင်စုအမတ်ကို မညှာတာတော့ဘဲ ချက်ချင်း သတ်ပစ်လိုက်သည်။ သူမ၏မျက်နှာကို မြင်ခွင့်ရသူက အသက်ရှင်နိုင်ခွင့် မရှိပေ။
ထို့အပြင် စီရင်စုအမတ် အသတ်ခံရခြင်းက ကျင်းချန်တွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်စေလိမ့်မည်။ စူးချင်းက ထိုသူခိုးအိုကြီး ဝမ်ရှန်းချန် အလုပ်ရှုပ်နေပြီး မော့ချန်ကို ဂရုစိုက်ဖို့ အချိန်မရှိစေရန် စီမံလိုက်ခြင်းပင်။
စီရင်စုအမတ်၏ကိုယ်လုပ်တော်နှင့် ပတ်သတ်လျှင်တော့ စူးချင်းက သူမ အိမ်ထဲသို့ ဝင်သွားပြီးပြီးချင်း ထိုအမျိုးသမီးကို ရိုက်ချလိုက်ပြီး သူမက မေ့မျောသွားခဲ့သည်။ ထိုအမျိုးသမီးက သူမ၏အသွင်အပြင်ကိုတောင် မမြင်ရလိုက်ရသည့်အတွက် စူးချင်းက သူမ၏အသက်ကို ချမ်းသာပေးခဲ့သည်။
ချိုးယုံခန်း ကျင်းချန်တွင် မရှိကြောင်း သေချာသွားသည်နှင့် စူးချင်း ချက်ချင်း ပြန်လှည့်ကာ မော့ချန်သို့ ပြန်လာခဲ့သည်။ အသွားအပြန်ခရီးက သုံးရက်ကြာမြင့်ခဲ့သော်လည်း သူမ မော့ချန်သို့ ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်ချင်သည့်အရာက ချိုးယုံခန်းကို ဖမ်းမိခြင်းရှိ မရှိ စစ်ဆေးရန်သာ ဖြစ်သည်။
စူးချင်းက ထိုအကြောင်းစုံစမ်းရန် ရုံးတော်သို့ ရောက်ရှိလာခဲ့ပြီး ရုံးတော်ဝင်းထဲသို့ မဝင်ရသေးမီမှာပင် မြေကြီးတုန်လောက်အောင် ဟစ်ကြွေးလိုက်သည့် ကျုံးယုံ၏အသံကို ကြားလိုက်ရသည်။
"ဒီအယုတ်တမာကောင်ကို ငါ သတ်မယ်၊ ဒီသားရဲကောင်ကို သတ်ရမှ ဖြစ်မယ်၊ ချိုးယုံခန်း မင်းကို ငါ သတ်ပစ်မယ်...အမေ ယုံအာက အမေ့အတွက် လက်စားချေပေးပါ့မယ်"
ထိုအသံက စူးချင်းကို မျက်မှောင်ကြုတ်သွားစေပြန်သည်။
ဘာတွေ ဖြစ်နေတာလဲ? ချိုးယုံခန်းက မွေးစားအမေကို သတ်ခဲ့တာလား?
သူမ ရုံးတော်၏အနောက်ဘက်သို့ ဝင်သွားလိုက်ချိန်တွင် ကျိရွှေရှန့်က ကျုံးယုံ၏ပခုံးအား ဖိထားသည်ကို သူမ တွေ့လိုက်ရသည်။
"ကျုံးယုံ၊ စိတ်အေးအေးထား"
"သူက ငါ့အမေကို ဘာလို့သတ်တာလဲ? ဘာကြောင့်လဲ?"
ကျုံးယုံကတော့ လုံးဝ တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။ သူ့နဖူးပေါ်ရှိ သွေးကြောများက ပေါက်ထွက်တော့မယောင် ဖောင်းကားနေပြီး ကျိရွှေရှန့်ကို ကြည့်နေသည့် သူ့မျက်လုံးများက နီရဲနေကာ ဒေါသတကြီးဖြင့် ဘာကြောင့်လဲဟုသာ မေးမြန်းနေတော့သည်။
စူးချင်းက အထဲသို့ ပြေးဝင်သွားခဲ့ပြီး ကျုံးယုံ၏မျက်နှာတွင် ဝမ်းနည်းဒေါသများ ပြည့်နှက်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူ့မျက်လုံးများက ဒေါသကို မထိန်းနိုင်သည့် ခြင်္သေ့တစ်ကောင်၏မျက်လုံးများကဲ့သို့ နီရဲနေပြီး ဒေါသအရိပ်အယောင်များ ပြည့်နှက်နေလေသည်။ သို့ရာတွင် သူ့ဒေါသကို ဖြေဖျောက်ရန် နေရာမရှိသောကြောင့် သူက အခန်းအတွင်းရှိ အရာအားလုံးကို ရိုက်ချိုးနေပြီး အရူးသဖွယ်ပြုမူနေခဲ့သည်။
စူးချင်းက ကျုံးယုံဆီသို့ လျှောက်သွားလိုက်ပြီး ဒေါသတကြီး ရမ်းကားနေသော သူမ၏တပည့်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်တွင် သူမထံမှ အေးစက်ပြီး ခံစားချက်မဲ့နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကျုံးယုံ၊ ချိုးယုံခန်းက မွေးစားအမေကို သတ်ခဲ့တယ်လို့ မင်း ပြောနေတာလား?"