နတ်ဘုရားတို့၏ တိုက်ပွဲ
Vol. 7 Ch. 636
အနက်ရောင်တိုင်သည် ဆယ်ပေခန့် ရှည်လျားသည်။ ထိုတိုင်သည် အနက်ရောင် ရွှေဖြင့် ပြုလုပ်ထားသည်ဟု ခန့်မှန်းရပြီး တိုင်၏ အနီးတစ်ဝိုက်၌ ဓမ္မစွမ်းအား မြူအချို့က လွင့်ပျံနေ၏။
ချန်းဖန်က အနက်ရောင်တိုင် အပေါ်၌ ရေးထားသော စာများကို ဖြည်းညင်းစွာ ဖတ်လိုက်သည်။
ဤကျွန်းကား ရင်ကျိုး ဟူသော အမည်နာမရှိကာ လီ သုံးရာ ကျယ်ဝန်း၏။ ဤနေရာ၌ လူ၏ အသက်ရှည် နိုင်သော ဝိညာဉ် ဆေးပင်များ၊ ကျောက်စိမ်းများ၊ ဝိညာဉ်ရေများ ရှိ၏။
ဤကျွန်းအား တည်ထောင်သူက အရှေ့အိမ်တော်၏ သခင်ကြီးနှင့် ကောင်းကင်သက်ရှိ ဆယ့်ရှစ်ယောက် ဖြစ်ပြီး မြေကမ္ဘာအဆင့် ကျင့်ကြံသူများ အတွက် သီးခြား ကမ္ဘာတစ်ခု ဖြစ်ရန် ရည်ရွယ်ခဲ့၏။
"ဒါကြောင့်မလို့ ဒီကျွန်းက မြေကမ္ဘာ အဆင့်တွေပဲ တွေ့နိုင်တဲ့ လျှို့ဝှက်နေရာ တစ်ခု ဖြစ်နေတာကိုး ..."
ချန်းဖန်က ရေရွတ်ရင်း ခေါင်းညိတ် လိုက်သည်။
အရှေ့အိမ်တော် သခင်ကြီး ဆိုသူမှာ အနည်းဆုံး ရွှေအမြုတေ အဆင့် ဖြစ်ရမည်။ မဟုတ်လျှင် ဧရိယာ မိုင်ရာချီ ကျယ်ဝန်းသော ကျွန်းအား ဖုံးလွှမ်းနိုင်မည့် အစီအရင်ကို တည်ဆောက်နိုင်မည် မဟုတ်ချေ။
ချန်းဖန်က အနက်ရောင် တိုင်ရှိ စာများအား ဆက်လက်၍ ဖတ်လိုက်၏။
ဖော်ပြထားသော စာများ အရဆိုလျှင် "ရင်ကျိုးကျွန်း" သည် မြေကမ္ဘာအဆင့် သုံးဆယ်ခန့်ကို ပိုင်ဆိုင်ခဲ့ပြီး ပထမ နေရာမှ "ပန်းလိုင်ကျွန်း" ပြီးလျှင် ဒုတိယ အကြီးဆုံးကျွန်း ဖြစ်ခဲ့သည်။
သို့သော်လည်း ကံမကောင်းစွာပင် ကမ္ဘာကြီး၏ ဝိညာဉ်ချီ ရှားပါးလာမှုကြောင့် ကျွန်းသည်လည်း တဖြည်းဖြည်း ယိုယွင်း လာခဲ့သည်။ ထို့ကြောင့် မြေကမ္ဘာအဆင့် အများစုမှာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ ထို့နောက်တွင် နတ်ဘုရားတို့၏ စစ်ပွဲ ဖြစ်ပွားခဲ့သည်။
"နတ်ဘုရားတွေရဲ့ စစ်ပွဲ ..."
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဆက်ဖတ်လိုက်၏။ သို့သော်လည်း စကားလုံး အများစုက ပျက်စီး နေခဲ့၏။
ခန့်မှန်း ဖတ်ရသလောက်ဆိုလျှင် ကမ္ဘာကြီး၏ တာအိုက ပရမ်းပတာဖြစ်ကာ ဟင်းလင်းများ အတွင်းမှ နတ်ဘုရားများ ထွက်ပေါ် လာခဲ့သည်။
ထိုနတ်ဘုရားများက ကျွန်းကို ကျူးကျော် ဖျက်ဆီးရာ အရှေ့အိမ်တော် သခင်ကြီးလည်း တိုက်ပွဲတွင် သေခဲ့ရသည်။ နောက်ဆုံး၌ မြေကမ္ဘာအဆင့် အချို့သာ သူတို့၏ တပည့်များနှင့် လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပြီး ကောင်းကင်တံခါး တစ်ဖက်သို့ ဝင်ရောက် သွားခဲ့သည်။
"နေဦး ... ဒါဆို ရင်ကျိုးကျွန်းက မြေကမ္ဘာ အဆင့်တွေ အားလုံးက ကောင်းကင်တံခါးကို ဝင်သွားခဲ့တာပေါ့"
ချန်းဖန်က တအံ့တဩဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်၏။ သို့သော်လည်း သူတွေရသည့် အရာတိုင်းက အပျက်အစီးများသာ ဖြစ်သည်။
"သူတို့ အားလုံးက ကောင်းကင်တံခါးကို ဝင်သွားခဲ့တာ ဆိုတော့ ... ရင်ကျိုးကျွန်းမှာ ဘာများ ထားခဲ့သေးလဲ ... ဒီ အပျက်အစီး နန်းတော်ကြီးပဲလား"
ချန်းဖန်က စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။
"ဂီး ... ဂီး ..."
လင်းယုန်ကြီးက ချန်းဖန်အား ကြည့်ကာ အော်ဟစ်လိုက်၏။ သူ၏ပုံစံက ရင်ကျိုးကျွန်းတွင် အလွန် အဖိုးတန်သည့် သူ တစ်ယောက်လုံး ကျန်ရှိနေသေးကြောင်း သတိပေးလိုပုံပင်။
"ဝေးဝေးသွားစမ်းကွာ ..."
ချန်းဖန်က အော်ဟစ်လိုက်၏။
သူသည် မြေကမ္ဘာ အဆင့်များ၏ အကြွင်းအကျန် နေရာကို တွေ့ရသဖြင့် အလွန် ဝမ်းသာနေခဲ့သည်။ သို့သော်လည်း ပျော်၍ မဆုံးခင်မှာပင် ထိုနေရာက အပျက်အစီးပုံများကိုသာ ပိုင်ဆိုင် ထားကြောင်း သိခဲ့ရပြန်သည်။
သူက အဘယ်သို့သော အကြောင်းဖြင့် စိတ်ကြည်လင်တော့မည်နည်း။
"ငါဒီအတိုင်း လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး ... တစ်ခုခု အသုံးဝင်တာလေး ရှိမလား ရှာဦးမှပဲ"
ချန်းဖန်က လင်းယုန်ငှက်ကြီး၏ ကျောပေါ် ခုန်တက်၍ သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူက ကျွန်း၏ တစ်လက်မလောက်သော နေရာကိုပင် မချန်ပဲ ပိုက်စိတ်တိုက် စစ်ဆေးခဲ့သည်။
"ထျန်းလန် သစ်ရွက် ... ဒါက အဆင့်မြင့် ဝိညာဉ်ဆေးဝါးပဲ ... ရေခဲဝိညာဉ် ဆေးလုံး ဖော်စပ်တဲ့ နေရာမှာ သုံးလို့ရတယ်"
"တစ္ဆေကုန်းမြေမှာ ပေါက်တဲ့ တစ္ဆေကိုးကောင် သစ်ပင် ... ဒါက ငါ့အတွက် သိပ်တော့ အသုံးမဝင်ဘူး ... ခန္ဓာကိုယ် မပုပ်သိုးအောင် ထိန်းသိမ်းတဲ့ နေရာနဲ့ တစ္ဆေ နတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံတဲ့ နေရာမှာပဲ အသုံးဝင်တာ"
"ရွှေသစ်သီး အဆင့်မြင့် ဝိညာဉ် သစ်သီး ... ဒီသစ်သီးကို စားရုံနဲ့ မီးကျင့်ကြံသူတွေရဲ့ နတ်ဘုရား စွမ်းအား တိုးတက်လာနိုင်တယ်"
ချန်းဖန်သည် ကျွန်းပေါ်၌ များစွာသော ဝိညာဉ်ဆေးပင်များကို တွေ့ရသည်။
အဆင့်နိမ့် ဆေးပင်များသည် သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် အသုံးမဝင် သော်လည်း မြောက်ပိုင်းချုံး ဂိုဏ်းသားများ အတွက်မူ အသုံးဝင်သေးသည်။ ထို့ကြောင့် ချန်းဖန်က အကုန်လုံးကို အမြစ်မှ နုတ်ကာ ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်သွင်းလိုက်သည်။
သို့သော်လည်း အဆင့်မြင့် ဝိညာဉ် ဆေးပင်များမှာမူ ခြားနား၏။ ထို ဆေးပင် တစ်ခုချင်းစီတိုင်းက ထူးခြားသော သဘာဝများကို ပိုင်ဆိုင်ထားကာ မူလဝိညာဉ် အဆင့်များ အတွက်ပင် အလွန် အသုံးဝင်သည်။
ဥပမာဆိုရသော် အကယ်၍ ချန်းဖန်သာ ရွှေသစ်သီးကို စားပါက သူ၏ ရွှေရောင် လီမီးတောက်နှင့် ရွှေရောင် မီးတောက် ဝတ်စုံတို့ တစ်ဆင့် မြင့်လာလိမ့်မည် ဖြစ်သည်။
"အနက်ရောင်တိုင်မှာ ရေးထားတဲ့ အချက်အလက်တွေက တကယ် မှန်တာပဲ ... ဒီနေရာမှာ ဝိညာဉ်ဆေးပင်တွေမှ အများကြီးပဲ ... ဒီဆေးပင်တွေနဲ့ ဆိုရင် အဖေနဲ့ အဘိုးတို့ အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ အတွက် အနီရောင် မီးတောက် ဝိညာဉ်ဆေးတွေ ဖန်တီးလို့ ရပြီ"
ချန်းဖန်က စိတ်ကျေနပ်စွာဖြင့် တွေးလိုက်၏။
သူသည် ရင်ကျိုးကျွန်းပေါ်မှ အဆင့်မြင့် ဝိညာဉ် ဆေးပင် သုံးဆယ်ခန့် ရရှိခဲ့ပြီး ထိုပမာဏမှာ ဓားလျှို့ဝှက်ချက်၏ ဂူအတွင်းမှ ရရှိခဲ့သော ဝိညာဉ်ဆေးပင် ပမာဏထက် သုံးဆခန့် ပိုမို များပြားသည်။
"ငါ ဒီနေရာက အစီအရင်ကို ပြန်ပြုပြင်ပြီး မြောက်ပိုင်းချုံးဂိုဏ်းရဲ့ အခြေစိုက် စခန်းအနေနဲ့ သုံးရမယ် ... အနာဂတ်မှာ တစ်ခုခု ဖြစ်ရင်တောင် ဒီနေရာက မြောက်ပိုင်းချုံးရဲ့ ဆုံမှတ် အဖြစ် ထားရမယ် ... နျူကလိယ လက်နက်တွေတောင် ဒီအစီအရင်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"
ချန်းဖန်က ကျွန်းအား လှည့်ပတ် ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
ရင်ကျိုး ကျွန်းပေါ်၌ လင်းယုန်ကြီး အပြင် အခြား တန်ခိုးရှင် အဆင့် သားရဲများလည်း ရှိနေသေးသည်။
ချန်းဖန်က သေချာစွာ စစ်ဆေးလိုက်ရာ လင်းယုန်ကြီး အပါအဝင် မိုးကြိုး ကျားသစ်သားရဲ တစ်ကောင်၊ လိပ်နက်ကြီး တစ်ကောင်၊ မြွေကြီး တစ်ကောင်နှင့် အခြား အမည်မသိ သားရဲတစ်ကောင် စုစုပေါင်း တန်ခိုးရှင် အဆင့် သားရဲ ငါးကောင်ကို တွေ့ရသည်။
"မင်းတို့ ဒီမှာပဲနေပြီး ကျွန်းကို စောင့်ရှောက်ထား ... တကယ်လို့ ငါ့ခွင့်ပြုချက် မရှိပဲ လူတစ်ယောက် ဝင်လာရင် သတ်ပစ်လိုက်"
ချန်းဖန်က တန်ခိုးရှင် သားရဲများ အပေါ်၌ အမိန့်နာခံခြင်း အစီအရင်များ ရေးဆွဲပြီးနောက် မှာကြားလိုက်သည်။ ထို့နောက် သူက လင်းယုန်ငှက်အား လှည့်ကာ ပြောလိုက်၏။
"မင်းက ငါနဲ့ အပြင်ကို လိုက်ခဲ့ရမယ် ..."
"ဂီး ..."
လင်းယုန်ကြီးက ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။ သူကား မွေးကတည်းက အစီအရင် အထဲတွင်သာ နေထိုင်ခဲ့ရသူ ဖြစ်ရာ အပြင်လောကကို ကြည့်ရှုရန် အလွန်အမင်း တက်ကြွ နေခဲ့သည်။
သားရဲများ ကိစ္စကို စီမံပြီးသည်နှင့် ချန်းဖန်က ကျွန်း၏ အစီအရင်ကို သန့်စင် မွမ်းမံရန် စတင်လိုက်သည်။
"အစီအရင်တိုင်းမှာက ဗဟိုနေရာ ဆိုတာ ရှိတယ် ... ငါ့ရဲ့ အစိမ်းရောင် နဂါး အစီအရင်မှာဆို ဗဟိုက မြောက်ပိုင်းချုံး နန်းတော်ပဲ ... ကျွန်းပေါ်မှာ မပျက်မစီးပဲ ကျန်ရှိနေတာ ဆိုလို့ အနက်ရောင်တိုင်ပဲ ရှိတာ ဆိုတော့ အဲဒါက ဒီကျွန်း အစီအရင်ရဲ့ ဗဟိုပဲ ဖြစ်ရမယ်"
ချန်းဖန်က ဆယ်ပေခန့် မြင့်မားသော တိုင်အား သေချာစွာ အကဲခတ်လိုက်၏။ ထိုတိုင်ကား နှစ်ထောင်ပေါင်း များစွာကို ဖြတ်ကျော် ပြီးသည့်တိုင် အသစ်တစ်ခု ကဲ့သို့ပင် မယိုယွင်းပဲ ရှိနေသေးသည်။
"ငါ့ရဲ့ လက်ရှိအဆင့်နဲ့ဆို ရွှေအမြုတေ အဆင့် တစ်ယောက်နဲ့ မူလအဆင့် ဆယ့်ရှစ်ယောက် ဖန်တီးထားတဲ့ အစီအရင်ကို သန့်စင်ပစ်ဖို့က လွယ်မယ် မထင်ဘူး ... အပြည့်အဝ မသန့်စင် နိုင်ရင်တော့ အစီအရင် ပေါ်မှာ ငါ့အမှတ်အသားကို ထားခဲ့ရမယ် ... ဒါမှပဲ ငါ အချိန်မရွေး ဝင်ထွက်နိုင်မှာ"
ချန်းဖန်က တွေးရင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက နေရာတွင်ပင် ထိုင်ချကာ အစီအရင်အား သန့်စင်ရန် စတင် ကြိုးစား လိုက်သည်။
တစ်ရက် ...
နှစ်ရက် ...
သုံးရက် ...
သုံးရက် အတွင်း၌ ချန်းဖန်သည် ကျွန်းပေါ်မှ ဝိညာဉ် သစ်သီးများနှင့် ဝိညာဉ်ရေကိုသာ စားသောက်၍ အစီအရင်ကို သန့်စင်ရန်သာ အာရုံစိုက် နေခဲ့သည်။
"ဒီနေရာက အရမ်းကို ကောင်းတဲ့ နေရာပဲ ... ကျွန်းပေါ်က ကျင့်ကြံခြင်း ရင်းမြစ်တွေကတင် အတော်လေးကို တန်ဖိုး ရှိနေပြီ ... ဒီလို နေရာမျိုးက ကမ္ဘာနဲ့ယှဉ်ရင် တကယ့် ကောင်းကင်ဘုံပဲ"
သူသာ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ ကျင့်ကြံပါက နှစ်နှစ်အတွင်းပင် မူလဝိညာဉ် အဆင့်သို့ တက်ရောက်နိုင်မည်မှာ သေချာသည်။ ကျင့်ကြံခြင်းကို နားကန်း တစ်လုံးမှ မသိသည့် သားရဲများပင် ဤကျွန်းပေါ်၌ နေရုံဖြင့် တန်ခိုးရှင် အဆင့်များ ဖြစ်လာသေးသည် မဟုတ်ပါလား။
"ကလန့် ... ကလန့် ..."
ချန်းဖန် သန့်စင်နေချိန်မှာပင် အနက်ရောင် ရွှေတိုင် အောက်ခြေမှ အဇူရာ အလင်းတစ်ခု ရုတ်တရက် ထွန်းတောက်လာ၏။ ထိုအလင်းက ပေါ်ထွက်လာပြီးနောက် တိုင်ကို ဝန်းရံထားရာ ချန်းဖန်သည် အစီအရင်ကို ဆက်လက် သန့်စင်နိုင်ခြင်း မရှိတော့ချေ။
"ဟူး ... ငါ့ရဲ့လက်ရှိ ခွန်အားနဲ့ အစီအရင်ရဲ့ ဆယ်ပုံတစ်ပုံပဲ သန့်စင် လိုက်နိုင်တယ် ... ဒါပေမဲ့ အဲဒါက လုံလောက်ပါတယ်လေ ... အခုဆို အစီအရင်ကို အတွင်းနဲ့ အပြင်ကို ငါ အချိန်မရွေး ဝင်ထွက်လို့ ရနေပြီပဲ"
ချန်းဖန်က သေချာသော အမူအရာဖြင့် ရေရွတ်လိုက်၏။
ထိုအချိန်မှာပင် လင်းယုန်ငှက်ကြီးက အနက်ရောင် ကျောက်တုံးတစ်ခုကို ရတနာ တစ်ခုအလား ရိုသေစွာ ကိုက်ချီရင်း ချန်းဖန်အား ပေးလိုက်၏။
ပထမ၌ ချန်းဖန်သည် လင်းယုန်ငှက်က ခါတိုင်းကဲ့သို့ သူ့အား ဝိညာဉ်သစ်သီး လာကျွေးသည်ဟုသာ ထင်မှတ် လိုက်မိသည်။ သို့သော်လည်း အနက်ရောင် ကျောက်တုံးအား သေချာ ကြည့်မိသည်နှင့် သူ၏ မျက်လုံးများက ပြူးကျယ် သွားတော့၏။
"သောက်ဆန်းကြီး ... ဒါက ကမ္ဘာပေါ်မှာ ရှိနေတာလား"
***