← Chapters

ကောင်းကင်တံခါးမှ လူအား ခြောက်လှန့်ခြင်း

Vol. 7 Ch. 637

ကောင်းကင်တံခါးမှ လူအား ခြောက်လှန့်ခြင်း

Vol. 7 Ch. 637

ထိုအနက်ရောင် ကျောက်တုံးအား ဝိညာဉ် ကျောက်တုံးပင် ဖြစ်သည်။

ဝိညာဉ် ကျောက်တုံး ...

ဝိညာဉ် ကျောက်တုံးကား ကျင့်ကြံခြင်း လောက၏ အရေးအကြီးဆုံး ရင်းမြစ် တစ်ခု ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများသည် သန့်စင်သော ဝိညာဉ်ချီများကို သိုလှောင်ထားနိုင်သည်။  ကျင့်ကြံသူများသည် ထိုဝိညာဉ်ချီများကို စုပ်ယူခြင်းဖြင့် သူတို့၏ အဆင့်တက်မှုအား ပိုမို လွယ်ကူ ချောမွေ့စေသည်။

ချန်းဖန်သည် ဝိညာဉ်ချီ ရှားပါးမှုကြောင့် ကမ္ဘာတွင် ဝိညာဉ် ကျောက်တုံးများ ရှိလိမ့်မည် မဟုတ်ဟု တစ်ထစ်ချ ယူဆထားခဲ့ဖူးသည်။ သို့သော်လည်း ယခုတွင်မူ ဝိညာဉ်ကျောက်တုံး တစ်ခုက သူ၏ အရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

"ရင်ကျိုးကျွန်း ... အသက်ရှည်စေတဲ့ ဝိညာဉ်ဆေးပင်တွေ ... ကျောက်စိမ်းတွေ"

အနက်ရောင် တိုင်လုံးပေါ်၌ ရေးထိုးထားသော စာပိုဒ်က ချန်းဖန်၏ စိတ်အတွင်း ပြန်လည် ပေါ်လာခဲ့၏။

ချန်းဖန်သည် မူလက "ကျောက်စိမ်း" ဆိုသော စကားလုံးမှာ သာမန် ကျောက်စိမ်းများကိုသာ ရည်ညွှန်းသည်ဟု ထင်ခဲ့မိသည်။ ထို "ကျောက်စိမ်း" ဆိုသော အရာက "ဝိညာဉ် ကျောက်တုံး" ဖြစ်နေလိမ့်မည်ဟု ယောင်၍ပင် မတွေးခဲ့မိချေ။

"ဒီဝိညာဉ် ကျောင်တုံးထဲမှာ ပါတဲ့ ဝိညာဉ်ချီက အဆင့်မြင့် သလင်းကျောက်တွေမှာ ပါတဲ့ ဝိညာဉ်ချီထက် ဆယ်ဆလောက် ပိုများတယ် ... ငါသာ ဝိညာဉ်ကျောက်တုံး မိုင်းတွင်း တစ်ခုသာ တွေ့လိုက်ရင် ..."

ချန်းဖန်မှာ ဆက်လက်၍ မစောင့်နိုင်တော့ချေ။ သူက ချက်ချင်းပင် လင်းယုန်ငှက်ကြီးကို ခေါ်ကာ ဝိညာဉ် ကျောက်တုံး တွေ့ခဲ့သည့် နေရာအား မေးလိုက်သည်။

လင်းယုန်ငှက်ကြီးက သူ၏ ဝိညာဉ်စွမ်းအားဖြင့် ချန်းဖန်အား ပြန်လည် ဆက်သွယ်ကာ ရှင်းပြလိုက်သည်။ သူ၏ပြောပြချက် အရဆိုလျှင် သူသည် ထိုဝိညာဉ် ကျောက်တုံးကို မြေကြီးထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။

"ငါဝိညာဉ် ကျောက်တုံးတွေကို ရှာမတွေ့တာ မထူးဆန်းဘူးပဲ ... သူတို့က မြေအောက်မှာ ရောက်နေတာကိုး"

ချန်းဖန်က လျင်မြန်စွာပင် သူ၏ နတ်ဘုရား စိတ်အာရုံကို မြေဆီလွှာများ အကြားသို့ ပို့လွှတ်လိုက်၏။

"ဟူး ... လား ... လား ..."

မကြာခင်မှာပင် ဝိညာဉ်ကျောက် မိုင်းတွင်းတစ်ခုက ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံသို့ ဝင်ရောက် လာခဲ့သည်။ ထို မိုင်းတွင်းသည် မြေအောက် မီတာ တစ်ရာခန့်၌ ရှိနေခြင်း ဖြစ်ပြီး လင်းယုန်ငှက်ကြီး ကြောင့်သာ မဟုတ်လျှင် ချန်းဖန် လွဲချော် သွားလောက်ပြီ ဖြစ်သည်။

"ဒီဝိညာဉ်ကျောက်တုံးတွေက သဘာဝ ဝိညာဉ်ကြောကြောင့် အလိုအလျောက် ဖြစ်ပေါ်နေတာပဲ ..."

"အရင် မြေကမ္ဘာ အဆင့်တွေက ဝိညာဉ် ကျောက်တုံးတွေကို ယူသွားခဲ့ပေမဲ့ ဝိညာဉ်ကြောကိုတော့ သူတို့ မယူနိုင်ခဲ့ဘူး ... ဒါကြောင့်မလို့ ဝိညာဉ်ကြောက ဒီနေရာမှာပဲ ဆက်ရှိနေပြီးတော့ ဝိညာဉ်ကျောက်တုံးတွေကို ထုတ်နေတာ"

ဝိညာဉ်ကျောက် မိုင်းတွင်းကို ရှာတွေ့ပြီးနောက် ချန်းဖန်က ပြုံးလိုက်မိသည်။

"မြေကြီး တူးဖော်ခြင်း အစီအရင်..."

ချန်းဖန်က မိုးကြိုးငါးခု ချိပ်တံဆိပ်ကို ထုတ်ယူ၍ မြေကြီး တူးဖော်ခြင်း အစီအရင်ကို အသက်သွင်းလိုက်သည်။

"ဘုန်း ... ဘုန်း ..."

မိုးကြိုးငါးခု ချိပ်တံဆိပ် အတွင်းမှ အဝါရောင် အခိုးအငွေ့များက ထွက်ပေါ်လာကာ လေပွေ သဖွယ် ဝေ့ပတ်၍ မြေကြီး၊ ကျောက်တုန်း အရာရာကို တိုက်စား၏။

သိပ်မကြာခင်မှာပင် ချန်းဖန်သည် မိုးကြိုးငါးခု ချိပ်တံဆိပ်၏ အကူအညီဖြင့် ဝိညာဉ်ကျောက် မိုင်းတွင်း ရှိရာသို့ ရောက်လာခဲ့သည်။

ချန်းဖန်မှာ သူ၏ အရှေ့၌ ရှိနေသည့် ဝိညာဉ်ကျောက်များကို ကြည့်ရင်း ဝမ်းသာလုံး ဆို့နေမိသည်။ ထိုကျောက်တုံးများကား ယခုအချိန်၌ ချန်းဖန်အတွက် ရတနာသိုက်ကြီး ဖြစ်သည်။

"ဒီမိုင်းတွင်းကနေ ဝိညာဉ်ကျောက်တုံး ထောင်ချီ တူးနိုင်မှာ သေချာတယ် ... ဒီဟာတွေက သာမန် ဝိညာဉ် ကျောက်တုံးတွေ ဆိုပေမဲ့ ငါ့အတွက် မူလအဆင့်ကို ရောက်ဖို့ ကောင်းကောင်းကြီး လုံလောက်နေပြီ"

ချန်းဖန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပ နေခဲ့တော့၏။ သူက ချက်ချင်းပင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။

"ငါ ဒီမှာပဲ နေပြီး ကျင့်တော့မယ်ကွာ ..."

ချန်းဖန်က နေရာတွင်ပင် ထိုင်ချလိုက်ကာ စတင် ကျင့်ကြံရန် ပြင်လိုက်၏။

ရင်ကျိုးကျွန်းကား သီးသန့် နေရာတွင် တည်ရှိနေသည့် နေရာတစ်ခု ဖြစ်ရာ ချန်းဖန်က အနှောင့်အယှက်များ ရောက်လာမည်ကို စိတ်ပူ မနေတော့ချေ။ ထို့အပြင် သူ၏ ထိန်းချုပ်မှု အောက်၌ ရှိနေသော ဝိညာဉ်သားရဲ ငါးကောင်ကလည်း ကျွန်းအား ကာကွယ် ပေးနေသေးသည်။

"ဟူး ... ဟူး ..."

ချန်းဖန်က ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကောက်ယူကာ စတင် ကျင့်ကြံလိုက်၏။

"ဟူး ... ဟူး ..."

သူ၏ဆဲလ်များ အားလုံးက အငမ်းမရဖြင့် သန့်စင်သော ဝိညာဉ်ချီများကို တစ်ပြိုက်နက် စုပ်ယူကြ၏။ သူတို့အား သန့်စင်သော ဝိညာဉ်ချီ ငတ်ပြတ် နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

"ခရက် ..."

တစ်နာရီမျှ ကြာပြီးနောက် ဝိညာဉ် ကျောက်တုံးက ကွဲကြေသွား၏။ အဓိပ္ပာယ်မှာ ထိုကျောက်တုံး အတွင်းရှိ ဝိညာဉ်ချီများ အားလုံး စုပ်ယူခံလိုက်ရပြီးပြီ ဟူ၍ပင်။

ချန်းဖန်က ချက်ချင်းပင် နောက်ဝိညာဉ် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ စုပ်ယူလိုက် ပြန်သည်။

တစ်နေ့ ကုန်ပြီးနောက် ချန်းဖန်သည် တစ်ဒါဇင်မျှသော ဝိညာဉ် ကျောက်တုံးများကို စုပ်ယူခဲ့ပြီး ဖြစ်သည်။ ဝိညာဉ် ကျောက်တုံးများကို ပို၍ စုပ်ယူလေလေ ချန်းဖန်၏ အင်အားမှာလည်း တိုးပွား လေလေပင်။

ချန်းဖန် အသည်းအသန် ကျင့်ကြံနေစဉ်မှာပင် အပြင်လောက၌ အပြောင်းအလဲ တချို့ ဖြစ်ပေါ် လာနေခဲ့၏။

ပထမဆုံး တစ်ခုကား ...

ဓားတစ်ချောင်းနှင့် ဗလတောင့်တောင့် လူငယ်တစ်ဦးသည် တရုတ် သိုင်းလောက၌  ရုတ်တရက် ပေါ်ထွက်လာကာ အဓိက မိသားစုကြီးများ၊ ဂိုဏ်းများကို လိုက်လံ စိန်ခေါ် တိုက်ခိုက်ခဲ့သည်။

သူ၏လက်အောက်၌ အစွမ်းထက်လှပါသည် ဆိုသော မိသားစု ခေါင်းဆောင်များ၊ ဂိုဏ်းချုပ်များက ကလေးများ အလားပင် ခွန်အား ကင်းမဲ့ကာ ရှုံးနိမ့်ရသည်။

ချန်းရှီ ပြည်နယ်၊ ကူမိသားစု ...

လူငယ် တစ်ယောက်သည် ကူမိသားစု အဓိက ခန်းမကြီး၏ ထိပ်ဆုံး၌ ရပ်နေခဲ့၏။ များစွာသော ကူမိသားစု၏ တပည့်များက ခန်းမအတွင်း စုစည်း ရောက်ရှိနေကာ ထိုလူငယ်အား ငေးကြည့်နေကြသည်။

"အားနည်းတယ် ... အားနည်းတယ် ... မင်းတို့က ငါလက်ချောင်းလေးနဲ့ တိုက်ခိုက် တာကိုတောင် မခုခံနိုင်ကြဘူး"

ဗလတောင့်တောင့် လူငယ်က စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းအား ခါယမ်းလိုက်၏။

ကူမိသားစု၏ တပည့်များမှာ ထိုလူငယ်၏ အပြအမူအတွက် ဒေါသထွက် နေကြသည့်တိုင် တစ်ချိန်တည်းတွင်လည်း ကြောက်လန့် နေမိကြသည်။ ထိုလူငယ်ကား သူတို့အထဲမှ အသန်မာဆုံးဟု ဆိုနိုင်သော ကူရှီတုန်းကိုပင် တစ်ကွက်အတွင်း အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။

"သူက ဘယ်ကလာတာလဲ ... ဆရာ့လို ကောင်းကင်စာအုပ် သတ်မှတ်ချက်မှာ ပါတဲ့ အထွတ်အထိပ် အဆင့် ပုဂ္ဂိုလ်ကြီးတောင် သူ့ကို တစ်ကွက်မှ ယှဉ်မတိုက်နိုင်ခဲ့ဘူး ... သူက တန်ခိုးရှင် အဆင့်များလား ... မဟုတ်လောက်ပါဘူး ... အရှေ့တိုင်းမှ တန်ခိုးရှင်က များများစားစား ရှိတာမှ မဟုတ်တာ"

လူတိုင်းက ကြောက်လန့်စွာဖြင့် တွေးနေမိကြသည်။

ခဏ အကြာ၌ အသက်ရှစ်ဆယ် အရွယ် ပိန်ပါးသော အဘိုးအို ကူရှီတုန်းက ရှေ့သို့ တက်၍ လက်နှစ်ဖက်အား ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"သင်က အင်အားကြီးတဲ့ ကျင့်ကြံသူ တစ်ယောက် ဆိုတော့ ကျုပ်အနေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ... ကျေးဇူးပြုပြီး သင့်နာမည်ကို ပြောပြခဲ့ပါ ... တစ်နေ့မှာ ကျုပ်တို့ ကူမိသားစုက ခင်ဗျားကို ရှာပြီး ပြန် အနိုင်ယူပါ့မယ်"

"ဟားဟား ... မင်းတို့လို မပြည့်စုံတဲ့ ကျင့်စဉ်တွေ ကျင့်နေရတဲ့လူတွေက ငါ့ကို လက်စားချေချင်တာလား ... ကောင်းပြီလေ ... ပြောပြရတာပေါ့ ... ငါ့နာမည်က လဲ့ပိုထျန်း ... မင်းတို့ ငါ့ကို လက်စားချေချင်ရင် မြန်မြန်လုပ်ကြနော် ... ငါက ဒီကမ္ဘာမှာ ကြာကြာနေမှာ မဟုတ်ဘူးကွ"

လဲ့ပိုထျန်းက ရယ်မောလိုက်၏။ ထို့နောက် သူက အနက်ရောင် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ပျံသန်း ထွက်ခွာ သွားတော့သည်။

ကူမိသားစု၏ တပည့်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အကာ ကျန်ရစ်ခဲ့တော့၏။

"သူက တကယ်ကြီး တန်ခိုးရှင် အဆင့်ပဲ ... တန်ခိုးရှင် အဆင့်ရဲ့ တိုက်ခိုက်မှုက အဲဒီလောက်တောင် အစွမ်းထက်တာလား"

"ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ ... ငါတော့ လဲ့ပိုထျန်းလို့ ခေါ်တဲ့ တန်ခိုးရှင် အဆင့် ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး ... နောက်ပြီး သူက ငါတို့ ကျင့်နေတဲ့ ကျင့်စဉ်တွေက မပြည့်စုံတဲ့ ကျင့်စဉ်တွေလို့ ပြောသွားသေးတယ် ... အဲဒါကရော ဘာအဓိပ္ပာယ်လဲ"

ကူရှီတုန်းက ဒဏ္ဍာရီထဲမှ အကြောင်းအရာ အချို့ကို တွေးမိသည်နှင့် တစ်ကိုယ်လုံး တုန်ရီ သွားတော့၏။

ထိုအဖြစ်အပျက်က ကူမိသားစု တစ်ခုတည်း၌ ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ချေ။

လဲ့ပိုထျန်းသည် နှစ်ပတ်အတွင်း တရုတ်၏ သိုင်းဂိုဏ်း အားလုံးနီးပါးကို အလည်အပတ် သွားရောက်ကာ လက်ရည်စမ်း တိုက်ခိုက်ခဲ့သည်။

"ကောင်းကင်သခင် ဂိုဏ်းက ငါတို့ ကမ္ဘာအထိ ကျော်ကြားတယ် ... ဒါပေမဲ့ တကယ်တော့ အရည်အချင်းက ဘာမှမရှိဘူးပဲ ... တန်ခိုးရှင် အဆင့် တစ်ယောက်တောင် မရှိဘူး"

လဲ့ပိုထျန်းက ကောင်းကင်၌ ရပ်ရင်း ကျားနဂါး တောင်ထိပ်တွင် မတ်တတ် ရပ်နေသည့် ဝတ်စုံနက်ဝတ် အကြီးအကဲအား ငုံ့ကြည့်ရင်း ဆိုလိုက်၏။

သူသည် ကောင်းကင်သခင်ဂိုဏ်းနှင့် တိုက်ခိုက်ရန် အတွက် အားခဲကာ လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနေရာ၌ ပြည့်စုံခြင်း အဆင့်သာ ရှိရာ ခေါင်းကိုခါ၍ ပြန်လည် ထွက်ခွာရန် ပြင်လိုက်သည်။

"ကောင်းကင်သခင်ဂိုဏ်းက သမိုင်း တစ်လျှောက်လုံး ခုလို တစ်ကြိမ်မှ အရှက်ခွဲ မခံခဲ့ရဘူး ... ချန်းပေ့ရွှမ်းက ငါတို့ ဘိုးဘေးကို သတ်ပြီး မိုးကြိုးတံဆိပ်တုံးကို ယူသွားတာကြောင့် မဟုတ်ရင် ငါတို့ဂိုဏ်းက အခုလောက် အထိ နိမ့်ကျသွားမှာ မဟုတ်ဘူး"

လူငယ် တပည့်တစ်ယောက်က ကျောခိုင်းသွားသော လဲ့ပိုထျန်းကို ကြည့်၍ ခံပြင်းစွာ ဆိုလိုက်၏။

"ချင်းရွှယ် ... မင်း ပါးစပ်ကို ပိတ်ထားစမ်း"

ဝတ်စုံနက်ဝတ် အကြီးအကဲက သွေးတစ်လုတ်ကို အန်ထုတ်ရင်း ကပျာကယာ တားလိုက်၏။

သို့သော်လည်း နောက်ကျ သွားချေပြီ ဖြစ်သည်။ လဲ့ပိုထျန်းက နောက်သို့ ပြန်လှည့် လာကာ ကောင်းကင် သခင်ဂိုဏ်း၏ လူငယ် တပည့်အား ကြည့်လိုက်သည်။

"မင်းတို့ ဘိုးဘေးက အရမ်း အစွမ်းထက်တာ ဖြစ်ရမယ် ..."

"ဒါပေါ့ ... ငါတို့ ဘိုးဘေးက အသက် ရာကျော် ရှည်တဲ့အပြင် သေမျိုး နတ်ဘုရား အဆင့်ကိုတောင် ရောက်နေပြီ ... နောက်ပြီး သူက မိုးကြိုးတံဆိပ်တုံးက စွမ်းအားတွေကိုလည်း ထိန်းချုပ်နိုင်တယ် ... သူသာ ရှိရင် မင်းသေနေလောက်ပြီ"

လူငယ် တပည့်က ပြန်ပြောလိုက်သည်။

"အရမ်းမိုက်တယ် ... ကောင်းကင်သခင်ဂိုဏ်းရဲ့ ဓမ္မ ရတနာနဲ့ တန်ခိုးရှင် အထွတ်အထိပ် အဆင့် ... သူက ငါ့အတွက် အားနည်းသေးတယ် ဆိုပေမဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်တော့ ဖြစ်နိုင်ပါတယ်"

လဲ့ပိုထျန်းက ခေါင်းညိတ်ရင်း အသိအမှတ် ပြုလိုက်သည်။ ထို့နောက် သူက တစ်ဆက်တည်း မေးလိုက်၏။

"ဒါနဲ့ မင်းပြောတဲ့ ချန်းပေ့ရွှမ်း ဆိုတာက ဘယ်သူလဲကွ"

သူ၏ မေးခွန်းက လူငယ် တပည့် အပါအဝင် လူတိုင်းအား တွန့်ဆုတ် သွားစေ၏။

"အရှင်ချန်းက မြေကမ္ဘာ အဆင့်တွေနဲ့ တန်းတူ အစွမ်းထက်တဲ့ လူတစ်ယောက်ပါ ... သူက အသက်နှစ်ဆယ်ပဲ ရှိသေးပေမဲ့ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို အနိုင်ရပြီး ကမ္ဘာရဲ့ အစွမ်း အထက်ဆုံး လူဖြစ်နေပါပြီ"

ဝတ်စုံနက် အကြီးအကဲက လဲ့ပိုထျန်းကို ဦးညွှတ်ရင်း ပြောပြလိုက်သည်။

"ဒီကမ္ဘာမှာ မြေကမ္ဘာအဆင့် ရှိနေတာလား ... နောက်ပြီး သူက အသက် နှစ်ဆယ်ပဲ ရှိသေးတယ် ... မဖြစ်နိုင်ဘူး ... ငါတို့ ကမ္ဘာက ပါရမီရှင်တွေတောင် သူ့လို ငယ်ငယ်ရွယ်ရွယ်နဲ့ မအောင်မြင်နိုင်ဘူး"

လဲ့ပိုထျန်းက ခေါင်းအား ခါယမ်းလိုက်သည်။ သူသည် ထိုအရာကို မယုံကြည်နိုင်ချေ။

မြေကမ္ဘာ အဆင့်များသည် သူတို့ ကမ္ဘာ၏ အုပ်ချုပ်သူများ ဖြစ်ကာ အသက် ငါးရာ တိုင်တိုင် နေနိုင်သူများ ဖြစ်သည်။

လဲ့ပိုထျန်းသည် အသက် လေးဆယ်သို့ ရောက်နေပြီ ဖြစ်သည့်တိုင် မြေကမ္ဘာ အဆင့်သို့ မဝင်ရောက် နိုင်သေးချေ။ ထို့ကြောင့် သူသည် အသက်နှစ်ဆယ် အရွယ် မြေကမ္ဘာအဆင့် ရှိလိမ့်မည် ဟု မယုံကြည်နိုင်ချေ။

"အရှင်ချန်းက မြေကမ္ဘာအဆင့် မဟုတ်သေးပါဘူး"

ဝတ်စုံနက်ဝတ် အကြီးအကဲက အသက်ကို ပြင်းပြင်းရှူရင်း စကားဆက်လိုက်၏။

"ဒါပေမဲ့ သူက မြေကမ္ဘာ အဆင့်ကိုတောင် လက်ဝါး သုံးချက်တည်းနဲ့ အနိုင်ယူခဲ့တယ်"

"ဘယ်လို ..."

ထိုစကားကြောင့် လဲ့ပိုထျန်း၏ မျက်လုံးများ ပြူးကျယ် သွားတော့၏။

***

All Chapters