← Chapters

ဒုတိယ ချန်းပေ့ရွှမ်း

Vol. 7 Ch. 638

ဒုတိယ ချန်းပေ့ရွှမ်း

Vol. 7 Ch. 638

မြေကမ္ဘာ အဆင့်များကား နတ်ဘုရားများ ဖြစ်ကြသည်။

ကမ္ဘာပေါ်ရှိ တန်ခိုးရှင်များ မဆိုထားနှင့် လဲ့ပိုထျန်း ကဲ့သို့ အလွန် အစွမ်းထက်သော တန်ခိုးရှင်ပင်လျှင် မြေကမ္ဘာ နတ်ဘုရားကို အနိုင် မယူနိုင်ချေ။

ထို့ကြောင့် လဲ့ပိုထျန်းသည် ဝတ်စုံနက်ဝတ် အကြီးအကဲ၏ စကားကို လုံးဝ အယုံအကြည် မရှိချေ။

"တန်ခိုးရှင် အဆင့်က မြေကမ္ဘာ နတ်ဘုရား အဆင့်ကို အနိုင်ယူနိုင်တယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး  … နောက်ပြီး နတ်ဘုရား တစ်ယောက် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်းတို့ သေမျိုးတွေ သိမှာ မဟုတ်ပါဘူး  … ရွှမ်လော့နဲ့ ထျန်းမင်ကျီတို့လို ပါရမီ ရှင်တွေတောင် မင်းတို့ ပြောသလို လုပ်နိုင်မှာ မဟုတ်ဘူး  … ဟမ့် မင်းတို့က ငါ့ကို အရူးလုပ်ချင် နေတာပဲ"

လဲ့ပိုထျန်းက ဒေါသတကြီးဖြင့် ဝတ်စုံနက်ဝတ် အကြီးအကဲအား လက်ဝါးဖြင့် ရိုက်ချလိုက်၏။

"ဘုန်း  …"

ထိုလက်ဝါးချက်တွင်ပင် ဝတ်စုံနက် အကြီးအကဲမှာ အသားစများ အဖြစ် ပြောင်းလဲ၍ သေဆုံး သွားရတော့သည်။

"မင်းငါတို့ရဲ့ အကြီးအကဲချုပ်ကို သတ်ရဲတယ်ပေါ့  …"

ကောင်းကင်သခင်ဂိုဏ်း၏ တပည့်များက ဒေါသတကြီး အော်ဟစ် လိုက်ကြ၏။

"သေစမ်းကွာ  …"

ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများက ချက်ချင်းပင် သူတို့၏ မိုးကြိုး နည်းစနစ်များကို အသက်သွင်းကာ လဲ့ပိုထျန်းအား ဝိုင်းတိုက် လိုက်ကြ၏။

"ဟဟ  … ကောင်းကင် မိုးကြိုးဂိုဏ်းရဲ့ မျိုးဆက်ကို အဲဒီ လျှပ်စီးလေးတွေနဲ့ တိုက်ခိုက်ချင်နေတာလား  … မင်းတို့ ကောင်းကင်သခင်ဂိုဏ်းရဲ့ မိုးကြိုး နည်းစနစ်တွေက ငါတို့ ကောင်းကင်မိုးကြိုးဂိုဏ်းက လာတယ် ဆိုတာ မသိဘူးလား"

လဲ့ပိုထျန်းက အော်ဟစ် ရယ်မော လိုက်၏။ ထို့နောက် သူက လက်ကို သာမန်ကာ လျှံကာ ဝှေ့ယမ်း၍ လျှပ်စီး မိုးကြိုးအလင်း တစ်ခုကို ပစ်လွှတ်လိုက်သည်။

"ကလန့်  …"

ထိုလျှပ်စီးအလင်း၏ ဖြတ်သန်းမှုတွင် ကောင်းကင်သခင်ဂိုဏ်း၏ တပည့်များ အားလုံး၏ ခန္ဓာကိုယ်များ ထက်ပိုင်းပြတ် ကုန်ကြတော့သည်။ ပြည့်စုံခြင်း အဆင့် အကြီးအကဲများပင် လွတ်မြောက်ခြင်း မရှိချေ။

"ဟမ့်  … မင်းတို့က အတင့်ရဲပြီး သခင်လဲ့ကို လိမ်ညာ ရဲတယ်ပေါ့  … သေတာနဲ့ပဲ တန်တယ်"

ထို့နောက် လဲ့ပိုထျန်း၏ ခန္ဓာကိုယ်က အနက်ရောင် အလင်းနတ်း အသွင် ပြောင်းလဲကာ တိမ်တိုက်များ အကြား ပျောက်ကွယ် သွားတော့သည်။

ကျားနဂါးတောင်တွင်မူ အလောင်းများဖြင့် အထပ်ထပ် ပြန့်ကျဲကာ အမင်္ဂလာ အတိ ကျန်ရစ်ခဲ့တော့၏။

စကားတစ်ခွန်း မှားမှုကြောင့် ကောင်းကင် သခင်ဂိုဏ်း၏ နှစ်ထောင်ချီ တည်တံ့ခဲ့သော သမိုင်းကြောင်းကား ပျက်သုဉ်း၍ သွားရခဲ့ချေပြီ ဖြစ်တော့သည်။

***

"ကောင်းကင် သခင်ဂိုဏ်း ပျက်စီးသွားပြီ"

ထိုသတင်းက ခဏအတွင်းမှာပင် ပျံ့နှံ့ကာ တရုတ် သိုင်းလောက တစ်ခုလုံးအား ဂယက်ထ သွားစေတော့၏။

ကျားနဂါးတောင်၏ ကောင်းကင်သခင် ဂိုဏ်းသည် တရုတ်၏ အင်အား အကြီးဆုံး ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။

ဂိုဏ်းခေါင်းဆောင် ယောင်တောက်ရီ၏ သေဆုံးမှုတွင် ကောင်းကင် သခင်ဂိုဏ်း အင်အားနည်းသွားသည်ဟု ဆိုနိုင်သော်လည်း ပြည့်စုံခြင်း အဆင့် ခုနစ်ယောက် ကျန်ရှိ နေသေးသည်။

သို့သော်လည်း ယနေ့တွင်မူ သူတို့၏ ကြီးကျယ်မှု၊ ခမ်းနားမှု အရာရာက ဆိတ်သုဉ်း သွားခဲ့ချေပြီ ဖြစ်လေသည်။

"ကောင်းကင်သခင်ဂိုဏ်းကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲ"

"မသေချာဘူး  … ပြောကြတာတော့ လဲ့ပိုထျန်းလို့ ခေါ်တဲ့ တန်ခိုးရှင် အဆင့် တစ်ယောက်တဲ့"

"ဒုတိယမြောက် ချန်းပေ့ရွှမ်း တစ်ယောက် ကမ္ဘာပေါ်မှာ ပေါ်လာပြန်ပြီ ထင်တယ်"

ဤသို့ဖြင့် လဲ့ပိုထျန်း ဆိုသော နာမည်သည် ခဏ အတွင်းမှာပင် မီးအလား တောက်လောင် လာခဲ့တော့သည်။

နောက်ရက်ပိုင်း အတွင်းမှာပင် စီရွှမ်ဟု ခေါ်သည့် ထူးဆန်းသော အနက်ရောင်ဝတ် လူတစ်ဦးသည် ကျုံးနန်တောင်မှ တာအို တန်ခိုးရှင် ချန်ခွန်းကို စိန်ခေါ်ခဲ့သည်။

ထိုတိုက်ပွဲတွင် တာအိုတန်ခိုးရှင် ချန်ခွန်းသည် စီရွှမ်၏ တိုက်ခိုက်မှုများ အောက်၌ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ  …"

တရုတ် သိုင်းလောက တစ်ခုလုံးကား နောက်တစ်ကြိမ် ဆွံ့အ သွားခဲ့ရ ပြန်သည်။

တာအို တန်ခိုးရှင် ချန်ခွန်းသည် ယောင်တောက်ရီ၊ လီချန်းရှန့်တို့နှင့် တစ်ခေတ်တည်း နာမည် ကျော်ကြားခဲ့သူ ဖြစ်သည်။ သူသည် တန်ခိုးရှင် အလယ်ဆင့်၌ ရှိကာ အခြား တန်ခိုးရှင် အများစုထက် ပို၍ အစွမ်းထက်သည်။

"တာအို တန်ခိုးရှင် ချန်ခွန်းတောင် ရှုံးတယ် ဆိုတော့  … ငါတို့မှာ အားကိုးစရာ ဆိုလို့ မြောက်ပိုင်းချုံးနဲ့ ခွန်းလွန်တို့ပဲ ရှိတော့တယ်"

လူများစွာမှာ စိတ်ပူ၍ နေမိကြသည်။

မူလက တရုတ်တွင် တန်ခိုးရှင် အဆင့် တစ်ဒါဇင်ခန့် ရှိခဲ့သော်လည်း အများစုမှာ ချန်းဖန်ကြောင့် သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ တန်ခိုးရှင် အဆင့်ဟူ၍ ခွန်းလွန်နှင့် မြောက်ပိုင်းချုံး ဂိုဏ်းတို့တွင်သာ ကျန်ရစ်တော့သည်။

မကြာခင် အံ့အားသင့်စရာ သတင်းတစ်ခု ထွက်လာပြန်၏။ ထိုသတင်းကား မြောက်ပိုင်းချုံးသို့ လဲ့ပိုထျန်း သွားခဲ့သည် ဆိုသော သတင်းပင်။

"ဘုန်း  …"

ထိုအချိန် ကျောင်းဟိုင်မြို့ မြောက်ပိုင်းချုံး နန်းတော် အထက် ကောင်းကင်တွင် မိုးကြိုးနှင့် ဓားအလင်းများက ပြင်းထန်စွာ တိုက်ခိုက်နေ၏။ ဟွာရန်ဖန်းနှင့် ရှဲ့ရန်တို့သည် ပူးပေါင်း၍ လဲ့ပိုထျန်းအား တားဆီးရန် ကြိုးစားသော်လည်း အသုံးမဝင်ခဲ့ချေ။ သူတို့သာလျှင် ရှုံးနိမ့်ခဲ့ရသည်။

"ချန်းပေ့ရွှမ်း  … မြောက်ပိုင်းချုံးဂိုဏ်း"

"ဘာမှ အသုံးမကျတဲ့ ဟာတွေ"

လဲ့ပိုထျန်းက ရန်သူ နှစ်ယောက်အား ချေမှုန်းပြီးနောက် အထင်သေးစွာ နှာခေါင်းရှုံ့၍ ပြန်လည် ထွက်ခွာသွားတော့၏။

မြောက်ပိုင်းချုံးဂိုဏ်းကား ပထမဆုံး အကြိမ်အဖြစ် ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့ရချေပြီ။

မြောက်ပိုင်းချုံး၏ အဖြစ်အပျက်ကြောင့် လူတိုင်း ချောက်ချား နေစဉ်မှာပင် ကမ္ဘာ ပျက်မတတ် သတင်းတစ်ခု ထွက်လာပြန်၏။

ထိုသတင်းကား  …

စီရွှမ်သည် ဂန္တဝင် မြေကမ္ဘာ နတ်ဘုရားကို တွေ့ရန် ရန်တောင်သို့ သွား၍ စိန်ခေါ်ခဲ့သည်။ ရဲ့နန်ထင်းနှင့် အဇူရာ နဂါးတို့သည် ပူးပေါင်း၍ သူ့အား တားဆီးခဲ့သော်လည်း သူတို့သာလျှင် ရှုံးနိမ့်ခဲ့ရသည်။ နောက်ဆုံး၌ ခွန်းလွန်သည် နျူကလိယ လက်နက်ကိုပင် ထုတ်သုံးကာ စီရွှမ်အား နောက်ဆုတ်ရန် ခြိမ်းခြောက် ခဲ့ရသည်။

"ချန်းပေ့ရွှမ်းက ကမ္ဘာကို စိုးမိုးတဲ့ အချိန်ကစလို့ တစ်ခါမှ မရှုံးခဲ့ဖူးဘူး  … ဒါတောင် လဲ့ပိုထျန်းနဲ့ စီရွှမ်တို့က အကြောက်အလန့် မရှိပဲ မြောက်ပိုင်းချုံးနဲ့ ခွန်းလွန်ကို စိန်ခေါ်ခဲ့တယ်  … သူတို့ နှစ်ယောက်က ဘယ်သူဖြစ်မလဲ"

မရေမတွက်နိုင်သော လူများသည် သိုင်းပညာ အင်တာနက် ဖိုရမ်များ၌ ဆွေးနွေး ငြင်းခုန်ကြသည်။

အများစုကမူ လဲ့ပိုထျန်းနှင့် စီရွှမ်တို့သည် လျှို့ဝှက်ဂိုဏ်း တစ်ခုခုမှ ဖြစ်နိုင်သည်ဟု ထင်ကြေး ပေးကြသည်။ သို့သော်လည်း ထိုလျှို့ဝှက်ဂိုဏ်းမှာ မည်သည့်ဂိုဏ်း ဖြစ်ကြောင်း တစ်ယောက်မှ မခန့်မှန်းနိုင်ကြချေ။

***

ထိုအချိန် ရန်တောင်၌  …

"သူတို့တွေက ကောင်းကင်တံခါးက လာတဲ့ ကျင့်ကြံသူတွေပဲ  … ဒါကြောင့် မလို့ အဆင့်တူ အတွင်းမှာတောင် အရမ်း အစွမ်းထက် နေတာ"

ရဲ့နန်ထင်း၏ မျက်လုံးများက လေးနက်နေသည်။

ရဲ့နန်ထင်းသည် တိုက်ပွဲ အတွင်း၌ စီရွှမ်မှာ တန်ခိုးရှင် အလယ်ဆင့် ဖြစ်ကြောင်း ခန့်မှန်း နိုင်ခဲ့သည်။ သို့သော်လည်း ထိုစီရွှမ်သည် အဆင့်တူ အဇူရာ နဂါးထက် အဆများစွာ ပို၍ အစွမ်းထက် နေခဲ့သည်။

"ဗိုလ်ချုပ် အပြည့်အဝ ပြန်မကောင်းသေးတာ နာတာပဲ  … မဟုတ်ရင် အဲကောင်ကို ဖမ်းပြီး ကောင်းကင်တံခါး အကြောင်း မေးလို့ရမှာ"

အဇူရာ နဂါးက သက်ပြင်း ချလိုက်သည်။

"ဒါနဲ့  … ချန်းပေ့ရွှမ်းကို ဆက်သွယ်လို့ ရပြီလား"

ရဲ့နန်ထင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

"မြောက်ပိုင်းချုံး ပြောတာကတော့ အရှင်ချန်းက ကမ္ဘာအနှံ့ ခြေဆန့်မယ် ဆိုပြီး ထွက်သွားခဲ့တာတဲ့  … သူတို့တောင် အဆက်အသွယ် မရတာ နှစ်ပတ်လောက် ရှိပြီ ပြောတယ်  … နောက်ပြီး ငါတို့ သူ့ကို ပေးထားတဲ့ ဆက်သွယ်ရေး ကိရိယာကိုလည်း ခြေရာခံလို့ မရဘူး  … သူက ကမ္ဘာပေါ်ကနေ ထွက်သွား သလိုကို ပျောက်နေတာ"

အဇူရာ နဂါးက ခေါင်းအား ခါယမ်း လိုက်မိသည်။

သူတို့ အဖို့ ဖြစ်လာမည့် အခြေအနေများအား  စိတ်ရှည်စွာ စောင့်ဆိုင်းရန်သာ ရှိတော့သည်။

***

ထိုအချိန် လူအုပ်စု တစ်ခုသည် ပိုပင်လယ်၌ တစ်ခုခုအား ရှာဖွေ နေကြသည်။

"ဆရာ  … ဒီကမ္ဘာက ခေတ်မီ နည်းပညာတွေက ပိုပြီး အသုံးဝင်တယ်နော်  … ကျွန်တော်တို့သုံးတဲ့ မြေပုံတွေက ရာစုနှစ်နဲ့ ချီပြီး ဒိတ်အောက် နေပြီ  … GPS ကိုသာ ပြောင်းသုံးရင် အချိန်ကုန် လူပင်ပန်း ပိုသက်သာမှာ"

ကေပေါ့ အိုင်ဒေါများ ကဲ့သို့ ဖက်ရှင်ကျကျ ဝတ်ထားသော အသက် နှစ်ဆယ်အရွယ် လူငယ်က ပြောလိုက်၏။ သူ၏ လက်တွင်မူ ခေတ်ပေါ် ဖုန်းတစ်လုံးကို ဆွဲကိုင်ထားသည်။

"ကျောင်းရန်  … ငါတို့ ဒီကိုလာတာ ပျော်ပွဲစား ထွက်တာ မဟုတ်ဘူးနော်  … ဝိညာဉ် ရင်းမြစ်ရှိတဲ့ တပည့်တွေကို လာရှာတာ  … ဘာလို့ ကျင့်ကြံခြင်းနဲ့ မဆိုင်တာတွေကို စိတ်ဝင်စား နေတာလဲ  … ငါမင်းကို ဒီလူသား ကမ္ဘာမှာ ထားခဲ့ရမလား"

ကြယ်သံလိုက် အိမ်မြှောင်ကို ကိုင်ထားသည့် အသက်လတ် လူကြီးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

သူ၏ ဘေးရှိ အနီရောင် ဝတ်ဆင်ထားသော မိန်းကလေးကလည်း ကျောင်းရန်အား မျက်စောင်း ထိုးလိုက်သည်။

"ဟီးဟီး  …"

ကျောင်းရန်က ရှက်ရယ်ရယ်ရင်း ချက်ချင်း တောင်းပန်လိုက်သည်။

"ရှောင်ဝူ  … ကျောင်းရန်  …"

အသက်လတ် လူကြီးက သက်ပြင်း တစ်ချက် ချလိုက်သည်။

"ရေနက်ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ ခြားနားတယ် ဆိုတာတော့ မင်းတို့ သိမှာပေါ့  …"

"ကောင်းကင်ဂိုဏ်း လျှို့ဝှက် အဇူရာဂိုဏ်းနဲ့ နှင်းနတ်ဘုရား နန်းတော် တို့လို အဓိက ဂိုဏ်းကြီးတွေ အားလုံးက  … သူတို့ရဲ့ မြေကမ္ဘာ အဆင့်တွေ ဆီကနေ လိုအပ်တဲ့ ကျင့်ကြံရေး အထောက်အပံ့ အားလုံး ရရှိကြတယ်  … ဒါပေမဲ့ ငါတို့ ရေနက်ဂိုဏ်းမှာတော့ မင်းတို့ရဲ့ ဦးလေးနဲ့ ငါပဲ တန်ခိုးရှင် အဆင့်ကို တက်လှမ်း နိုင်ကြတယ်  … ကျန်တဲ့ လူတွေ အားလုံးက အထွတ်အထိပ် အဆင့်မှာပဲ ရှိနေကြသေးတယ်  … မြေကမ္ဘာ အဆင့်ရဲ့ ထောက်ပံ့မှု မပါပဲ ငါတို့ ရပ်တည်ဖို့ မလွယ်ဘူး ဆိုတာ မင်းတို့ သိမှာပါ"

"သိပါတယ် ဆရာ  …"

ရေနက်ဂိုဏ်း၏ တပည့်များက ခေါင်းညိတ် လိုက်ကြသည်။

"အင်း  …"

အသက်လတ် လူကြီးက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်ရင်း ဆက်ပြောလိုက်၏။

"ဒီမြေပုံနဲ့ ကြယ်သံလိုက်အိမ်မြှောင်က မြေကမ္ဘာ အဆင့် ဘိုးဘေး တစ်ယောက် ချန်ခဲ့တဲ့ အမွေအနှစ်တွေပဲ  … သူပြောခဲ့တဲ့ ပုံအရဆို ဒီမြေပုံက ရင်ကျိုးကျွန်းလို့ ခေါ်တဲ့ လျှို့ဝှက် နေရာတစ်ခုကို ညွှန်ပြ ပေးလိမ့်မယ်တဲ့"

"အဲဒီ ကျွန်းမှာ ဝိညာဉ် ကျောက်တုံးမိုင်းတွင်း တစ်ခု ရှိတယ်  … အဲဒီ နေရာကို ရှာတွေ့ရင် အနာဂတ်မှာ ငါတို့ဂိုဏ်းက မြေကမ္ဘာ အဆင့် တစ်ယောက်လောက်တော့ မွေးထုတ် ပေးနိုင်လိမ့်မယ်"

"ဝိညာဉ်ကျောက်တုံး မိုင်းတွင်းလား  …"

ကျောင်းရန်၊ အနီရောင်ဝတ် မိန်းကလေးနှင့် တခြား ရေနက်ဂိုဏ်း တပည့်များ၏ မျက်လုံးများက တလက်လက် တောက်ပ သွား၏။

ဝိညာဉ် ကျောက်တုံးများသည် ကျင့်ကြံခြင်း ဂိုဏ်းများ အတွက် အလွန် အဖိုးတန်သော ကျင့်ကြံခြင်း ရင်းမြစ်များ ဖြစ်ကြသည်။

"အဖေ  … အဲဒီ မြေပုံက နှစ်ထောင်ချီ ကြာနေပြီမလား  … ဒီအတောအတွင်း လူသားတွေက ဝိညာဉ်မိုင်းတွင်းကို တွေ့ချင် တွေ့နေလောက်ပြီ"

အနီရောင် ဝတ်ထားသော မိန်းကလေး ရှောင်ဝူက ပြောလိုက်သည်။

"ရှောင်ဝူ … သမီး နားမလည်ပါဘူး  … ဒီလူသား ကမ္ဘာက ကျင့်ကြံသူတွေက အရမ်း အားနည်းကြတယ်  …"

"အဖေကြားရ သလောက်ဆို လဲ့ပိုထျန်းနဲ့ စီရွှမ်တို့က ဒီကမ္ဘာရဲ့ အင်အား အကြီးဆုံး ဂိုဏ်းတွေလို့ ကျော်ကြားတဲ့ မြောက်ပိုင်းချုံးဂိုဏ်းနဲ့ ခွန်းလွန်ဂိုဏ်းတွေကို အနိုင်ယူခဲ့တယ်တဲ့  … သူတို့လို လူမျိုးကိုတောင် ယှဉ်တိုက်နိုင်တဲ့သူ ဒီကမ္ဘာမှာ မရှိဘူး"

"အမှန်ပဲ  …"

ကျောင်းရန်က ခေါင်းညိတ်လိုက်သည်။

"လဲ့ပိုထျန်းနဲ့ စီရွှမ်တို့က ငါတို့ ကမ္ဘာမှာ အလယ်အလတ် အဆင့်လောက်ပဲ ပါရမီရှိတဲ့ လူတွေ  … သူတို့ကိုတောင် အနိုင် မယူနိုင်ဘူး ဆိုတော့ လူသားတွေက တော်တော်လေး အားနည်းတာပဲ"

ထို့နောက် သူတို့ အုပ်စုသည် စကားမဆိုပဲတော့ပဲ တိတ်ဆိတ်စွာသာ ခရီးဆက် လိုက်ကြသည်။

ရင်ကျိုးကျွန်း တည်ရှိသည့် အစီအရင်နားသို့ ရောက်သည်နှင့် အသက်လတ် လူကြီးက ခေါင်းညိတ်ကာ အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းက အစီအရင်တွင် တစ်ကိုယ်စာ အပေါက်တစ်ခု ဖြစ်ပေါ်လာစေသည်။

"အကုန်လုံး အထဲဝင်ကြ  …"

အသက်လတ် လူကြီး၏ ညွှန်ကြားချက် အတိုင်း တပည့်များက အပေါက်အတွင်း လျင်မြန်စွာ ဝင်လိုက်ကြသည်။

သူတို့အားလုံး အထဲသို့ ရောက်သည်နှင့် အပေါက်က တဖြည်းဖြည်း စေ့ကာ ပြန်လည် ပျောက်ကွယ် သွားတော့၏။

***

All Chapters