ရေနက်ဂိုဏ်း
Vol. 7 Ch. 369
"ခရက် …"
ရင်ကျိုးကျွန်း၏ အစီအရင်တွင် အပေါက် တစ်ခု ပေါ်လာပြီး လူရိပ်တချို့ ဝင်ရောက်လာ၏။
"ဟူး … အထဲတော့ ရောက်ပြီ … အစီအရင်က တကယ် ကြောက်ဖို့ ကောင်းတာပဲ … တစ်ခုခု ဖြစ်တော့မလားနဲ့ စိတ်ပူလိုက်ရတာ"
ကျောင်းရန်က လေပူကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။
"ဒီအစီအရင်ကို တည်ဆောက်ခဲ့တဲ့ အရှေ့အိမ်တော် သခင်ကြီးက ကောင်းကင် တန်ခိုးရှင်လေ … ဒါကြောင့် ဒီအစီအရင်က မြေကမ္ဘာ အဆင့်တွေကိုတောင် သတ်ပစ်နိုင်တယ် … ဒီကြယ်သံလိုက်အိမ်မြှောင် ကြောင့်သာ မဟုတ်ရင် ငါတို့ အထဲကို ဝင်လို့တောင် ရမှာ မဟုတ်ဘူး"
အသက်လတ် လူကြီးက ကြယ် သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းရင်း ပြောလိုက်၏။
သူ၏ အမည်မှာ ရန်ကန်းချိုး ဖြစ်ပြီး ရေနက်ဂိုဏ်း တန်ခိုးရှင် နှစ်ယောက် အနက်မှ တစ်ယောက် ဖြစ်သည်။
"ကြယ်သံလိုက်အိမ်မြှောင်က နောက်တစ်ကြိမ်ပဲ သုံးလို့ ရတော့မယ် … ဘာပဲဖြစ်ဖြစ် ငါတို့ အထဲကို ဝင်လာနိုင်တာ ကံကောင်းတယ် … ဝိညာဉ်ကျောက်တုံးတွေ ယူပြီးတာနဲ့ ငါတို့ ချက်ချင်း ပြန်ထွက်ကြမယ်"
ရန်ကန်းချိုးက ပြောလိုက်၏။
"အဖေ … ဒီနေရာရဲ့ ဝိညာဉ်ချီက သမီးတို့ နေရာထက်တောင် ထူထပ်သေးတယ် … ဘာလို့ မြေကမ္ဘာ အဆင့်တွေက ဒီနေရာကနေ ထွက်ခွာခဲ့တာလဲ"
ရှောင်ဝူက သူမက လက်ကလေး များဖြင့် ဝိညာဉ်ချီများ ပျော်ဝင်နေသည့် လေထုကို တို့ထိကြည့်ရင်း မေးလိုက်သည်။
ရန်ကန်းချိုး ပါးစပ် မဟရသေးခင် ကျောင်းရန်က အရင်ဝင်ကာ ဖြေလိုက်သည်။
"ရှောင်ဝူ … နင် တကယ်ပဲ မသိတာလား … ဒီကမ္ဘာမှာ ကောင်းကင် တန်ခိုးရှင်တွေ နတ်ဘုရားတွေရဲ့ စစ်ပွဲတွေ ဖြစ်ခဲ့သေးတယ်လေ … ဒါကြောင့်မလို့ ငါတို့ ဘိုးဘေးတွေက ကောင်းကင် တံခါးကနေ ထွက်ပြေးခဲ့ရတာ … နောက်ရင်ကျိုးကျွန်းက ကောင်းတယ် ဆိုပေမဲ့ ငါတို့နေတဲ့ ကမ္ဘာလောက်လည်း မကျယ်ဘူးလေ"
"ဟုတ်လား …"
ရှောင်ဝူ၏ မျက်လုံးလေးများက အနည်းငယ် ဝိုင်းစက်သွား၏။
"အားလုံးပဲ စကားများ မနေကြနဲ့"
ရန်ကန်းချိုးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
"ငါတို့ မိုင်းတွင်းကို ရှာဖို့ဆိုရင် ကျွန်းရဲ့ အလယ်ကို အရင် သွားမှရမယ် … အားလုံး လူစုနေကြ … ဒီနေရာမှာ အစွမ်းထက်တဲ့ မှော်သားရဲတွေ ရှိနေနိုင်တယ်"
"ဟုတ်ကဲ့ပါ …"
ကျောင်းရန်၊ ရှောင်ဝူနှင့် အခြားလူများက ခေါင်းညိတ် လိုက်ကြ၏။
ရေနက်ဂိုဏ်း၏ တပည့်များသည် ရေနက် သို့မဟုတ် အနက်ရောင် ရေကို ထိန်းချုပ်နိုင်သော အစွမ်းဖြင့် ကျော်ကြားသည်။
"ဘုန်း …"
ရှောင်ဝူက ကျွန်းပေါ်၌ ပထမဆုံး တွေ့ရသော ငွေရောင်ဝံပုလွေ သားရဲကို အနက်ရောင် ကြာပွတ်ဖြင့် ရိုက်တာ သတ်လိုက်သည်။
"ပေါ့ပေါ့ဆဆ လုပ်မနေကြနဲ့ … ဒီဝံပုလွေက သာမန် မှော်သားရဲလေးပဲ … တကယ်လို့ တန်ခိုးရှင် သားရဲတွေ ပေါ်လာမယ် ဆိုရင် ငါတို့အတွက် မလွယ်ဘူး"
ရန်ကန်းချိုးက လေးနက်သော အမူအရာဖြင့် မှာကြားလိုက်သည်။
ကျွန်း၏ အလယ်သို့ သွားသည့် လမ်းတစ်လျှောက်လုံး၌ သူတို့သည် များစွာသော သားရဲများနှင့် ကြုံတွေ့ရသည်။ ထိုအထဲမှ အချို့ သားရဲများသည် အလွန် အလွန် အစွမ်းထက်ရာ ရန်ကန်းချိုးပင် ကူညီ တိုက်ခိုက် ပေးခဲ့ရသည်။
တဖြည်းဖြည်း လျှောက်လာရင်း သူတို့သည် ကျွန်း၏ အလယ်အထိ ချောချောမွေ့မွေ့ ရောက်လာခဲ့သည်။ ကံကောင်းစွာပင် သူတို့သည် တန်ခိုးရှင်အဆင့် သားရဲနှင့် မကြုံရသေးချေ။
"ဒီကျွန်းပေါ်မှာ တန်ခိုးရှင်အဆင့် သားရဲတွေ မရှိတော့တာလား …"
ရန်ကန်းချိုးမှာ အနည်းငယ် ထူးဆန်းသလို ခံစားနေမိ၏။
"ဟူး …"
သူတို့သည် သစ်တောထဲမှ ထွက်သည်နှင့် မြေပြန့် ဧရိယာ တစ်ခုသို့ ရောက်လာခဲ့၏။ ထိုမြေပြန့် ဧရိယာတွင်လည်း အဆောက်အအုံပျက် တချို့မှ လွဲ၍ ထူးထူးခြားခြား တစ်ခုမှ မတွေ့ရချေ။
"ဒီအဆောက်အအုံပျက်တွေက အတိတ်တုန်းက မြေကမ္ဘာ အဆင့်တွေ နေခဲ့တဲ့ နန်းတော် ဖြစ်မယ် ထင်တယ်"
ရန်ကန်းချိုးနှင့် အခြားလူများမှာ အပျက်အစီးများ ရှိရာသို့ သတိနှင့် ချည်းကပ် လာခဲ့ကြသည်။
"ရင်ကျိုးကျွန်းရဲ့ ခေတ်တုန်းက ဒီနေရာမှာ ကောင်းကင်တန်ခိုးရှင်တွေနဲ့ မြေကမ္ဘာ အဆင့်တွေ အများကြီး နေထိုင်ခဲ့တယ် … သူတို့ရဲ့ အင်အားက ငါတို့ အခုနေတဲ့ ကမ္ဘာရဲ့ စုစုပေါင်း အင်အားထက်တောင် သာနေသေးတယ်"
သူတို့သည် ဆက်၍ လျှောက်လာရာ အဆောက်အအုံပျက်များ အကြားသို့ပင် ရောက်ရှိ လာခဲ့သည်။
ရန်ကန်းချိုးသည် နံရံများပေါ်၌ ရေးဆွဲထားသော ဆေးရောင်မှိန် တိုက်ပွဲ ပန်းချီကားများကို စိတ်ဝင် တစားဖြင့် စူးစမ်း လိုက်မိ၏။
"အဖေ … ဒီမှာ ချစ်ဖို့ကောင်းတဲ့ ကျားသစ်လေး တစ်ကောင်"
ရုတ်တရက် ရှောင်ဝူက စိတ်လှုပ်ရှားစွာ အော်ဟစ် ပြောလိုက်၏။
ရန်ကန်းချိုးနှင့် အခြားလူများက လှည့်ကြည့်လိုက်ရာ နံရံတစ်ခု၏ ဘေး၌ လှဲလျောင်းနေသော ကျားသစ်အား တွေ့လိုက်ရသည်။ ကျားသစ်မှာ ငါးမီတာခန့် အရှည်ရှိပြီး တောက်ပသော မျက်လုံးများဖြင့် သူတို့အား စူးစမ်း နေခဲ့သည်။
"မိုးကြိုးသားရဲ … ဒါက တန်ခိုးရှင် အဆင့် မိုးကြိုးသားရဲပဲ"
ရန်ကန်းချိုး၏ မျက်နှာက အနည်းငယ် ဖြူလျော် သွား၏။
"တန်ခိုးရှင် အဆင့်သားရဲ …"
တပည့်များက ကြောက်လန့်စွာ နောက်သို့ ဆုတ်လိုက် မိကြသည်။
တန်ခိုးရှင် အဆင့် သားရဲများသည် နတ်ဘုရားစွမ်းအား အမျိုးမျိုးကို ပိုင်ဆိုင်ကာ အလွန် အစွမ်းထက်သည်။ သူတို့သည် အဆင့်တူ လူသား တန်ခိုးရှင်များထက် အနည်းငယ်မျှပင် အားနည်းမည် မဟုတ်ချေ။
"တစ်ကောင်ပဲ ရှိတာ ကံကောင်းတယ် … ငါတို့ အားလုံးသာ ပေါင်းတိုက်ရင် ဒီကောင်ကို ကိုင်တွယ်နိုင်မှာပါ … နောက်ပြီး"
ရန်ကန်းချိုးသည် စကား မဆုံးခင်မှာပင် အနီးအနားရှိ တွင်းပေါက်ထဲမှ မြွေတစ်ကောင် ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုမြွေသည် မီတာ ခြောက်ဆယ်ခန့် ရှည်လျားသည့် ဧရာမ မြွေကြီး ဖြစ်ကာ ရေခဲကဲ့သို့ ကြည်လင် သန့်ရှင်းနေသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။
"တန်ခိုးရှင် သားရဲ နောက်တစ်ကောင် …"
ရန်ကန်းချိုး အပါအဝင် လူတိုင်း၏ မျက်နှာများမှာ ဖြူရော် သွားတော့၏။
သို့သော်လည်း တန်ခိုးရှင် သားရဲ နှစ်ကောင်က အစမျှသာ။
မကြာခင်မှာပင် အနက်ရောင် လိပ်အိုကြီး တစ်ကောင်နှင့် မြင်းပျံ တစ်ကောင် ထွက်ပေါ် လာခဲ့ပြန်သည်။
(ရှေ့အပိုင်းတွင် သုံးခဲ့သော "အမည်မသိ သားရဲ" ဆိုသော နေရာတွင် "မြင်းပျံသားရဲ" ဟု ပြောင်းလဲ အသုံးပြုပါမည်)
"ဘုရား ဘုရား … ရင်ကျိုးကျွန်းမှာ တန်ခိုးရှင် သားရဲလေးကောင်တောင် ရှိနေတာပါလား"
လူတိုင်းကား အေးခဲ နေကြပြီ ဖြစ်သည်။
"အားလုံး သေချာနားထောင် … အခွင့်အရေး ရတာနဲ့ သူတို့ထဲက တစ်ကောင်ကို တိုက်ခိုက်ပြီး လမ်းဖွင့်ပေးမယ် … မင်းတို့က ချက်ချင်း ထွက်ပြေးကြ … ပြီးရင် အားလုံး ဝင်ပေါက်နားမှာ ပြန်ဆုံကြမယ်"
ရန်ကန်းချိုးက ပြောလိုက်၏။
"ဟုတ်ကဲ့ပါ …"
ကျောင်းရန်နှင့် တပည့်များက ခေါင်းညိတ် လိုက်ကြ၏။ ရှောင်ဝူမှာမူ သူမ၏ အဖေကို ကြည့်ရင်း မျက်ရည်ဝဲ နေခဲ့ပြီ ဖြစ်သည်။
တန်ခိုးရှင် အဆင့် သားရဲများသည် အလွန် အစွမ်းထက်သည်။
သူမ၏ အဖေ မဆိုထားနှင့် ရွှမ်လော့၊ ထျန်းမင်ကျီ စသည့် ပါရမီရှင်များ ပင်လျှင် တန်ခိုးရှင် သားရဲ လေးကောင်နှင့် တိုက်ခိုက်ပါက ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။
သူတို့သည် တဖြည်းဖြည်း နောက်သို့ ဆုတ်ရင်း အနက်ရောင် တိုင်ကြီး တစ်ခုနားသို့ ရောက်ရှိ လာခဲ့၏။
သို့သော်လည်း သူတို့ကို အံ့အား သင့်စေသော အရာကား ထိုနေရာတွင် ထိုင်နေသည့် လူငယ် တစ်ဦးနှင့် လင်းယုန်ငှက်ကြီး တစ်ကောင်ပင်။
"နောက်ထက် တန်ခိုးရှင် သားရဲ တစ်ကောင် …"
ရန်ကန်းချိုး၏ မျက်နှာကား ဆွတ်ဆွတ်ဖြူ နေခဲ့ချေပြီ ဖြစ်သည်။ သို့သော်လည်း သူက အားတင်း၍ လင်းယုန်ငှက်ကြီး ဘေးမှ လူငယ်အား အကဲခတ် လိုက်၏။
လူငယ်သည် အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အလွန်ပင် ချောမောသည်။ သို့သော်လည်း သူသည် ကမ္ဘာ့ အပျင်းရိဆုံးလူ အလား အနက်ရောင်တိုင်ကြီးကို မှီ၍ သက်တောင့်သက်သာ ထိုင်နေခဲ့၏။
သူ၏ ရှေ့တွင်မူ အနက်ရောင် ကျောက်တုံးများက အပုံလိုက် ရှိနေခဲ့၏။
"ဝိညာဉ်ကျောက်တုံးတွေ …"
အနက်ရောင် ကျောက်တုံးများအား တွေ့သည်နှင့် ရန်ကန်းချိုး၏ မျက်လုံးများက ပြူးကျယ်သွား၏။
သူသည် သူ၏ ဘဝ တစ်လျှောက်လုံး ထိုမျှ များပြားသည့် ဝိညာဉ် ကျောက်တုံးများက မတွေ့ခဲ့ဖူးချေ။ သူတို့၏ အရှေ့၌ ရှိနေသည့် ကျောက်တုံးပုံ၏ တန်ဖိုးကား ရေနက်ဂိုဏ်း တစ်ခုလုံးကို ဝယ်ယူ၍ပင် ရသည် အထိ အဖိုးတန်သည်။
"ခရက် …"
လူငယ်က ဝိညာဉ်ကျောက်တုံး တစ်ခုကို ကောက်ယူ၍ သူ၏ ဘေးမှ မျှော်နေသော လင်းယုန်ကြီးအား ပစ်ပေးလိုက်၏။
လင်းယုန်ကြီးက ကျောက်တုံးအား နှုတ်သီးဖြင့် ဖမ်းယူ၍ လောဘတကြီး မြိုချလိုက်သည်။ ထို့နောက် သူက အိမ်မွေး တိရစ္ဆာန်လေး တစ်ကောင်အလား လူငယ်၏ ခြေထောက်ကို သူ့ခေါင်းဖြင့် တိုးဝှေ့၍ ပွတ်သီးပွတ်သပ် လုပ်နေခဲ့သည်။
"ဘယ်လိုတောင် ဖြုန်းတီး နေရတာလဲ … ဝိညာဉ် ကျောက်တုံး တစ်တုံးက အဆင့်မြင့် ဓမ္မရတနာ တစ်ခုလောက် အဖိုးတန်တယ် ဆိုတာ သူမသိတာလား"
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း နှမြော နေမိကြသည်။
သို့သော်လည်း ရန်ကန်းချိုးမှာမူ ဝိညာဉ် ကျောက်တုံးများထက် လူငယ်ကိုသာ ပို၍ စိတ်ဝင်စား နေခဲ့၏။
တန်ခိုးရှင် အဆင့် သားရဲကိုပင် ယဉ်ပါးအောင် လုပ်နိုင်သော ထိုလူငယ်ကား အလွန်ပင် အစွမ်းထက်သူ ဖြစ်မည်မှာ သေချာသည်။
"ကျွန်တော်က ရေနက်ဂိုဏ်းရဲ့ ရန်ကန်းချိုးပါ ခင်ဗျာ … သူတို့ကတော့ ကျွန်တော်တို့ ဂိုဏ်းက တပည့်တွေပါ …"
ရန်ကန်းချိုးက ဦးညွတ်ရင်း ပြောလိုက်၏။
သို့သော် လူငယ်က သူ့အား ပြန်မကြည့်ပဲ ကြုံရာကျပန်း ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကောက်ယူကာ ကွဲကြေသည် အထိ စုပ်ယူ လိုက်သည်။
"ကလန့် …"
ရုတ်တရက် ရွှေရောင် မီးတောက်များ ဖြစ်ပေါ်လာကာ လူငယ်၏ ခန္ဓာကိုယ်အား လောင်ကျွမ်း၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကန်းချိုးနှင့် အခြားလူများမှာ လေးစား လာမိကြသည်။
သူတို့ သိထားသလောက် ဆိုလျှင် အဆင့်မြင့် မြေကမ္ဘာ အဆင့်များသာ ခန္ဓာကိုယ်ကို သန့်စင်ရန် အတွက် ဝိညာဉ် မီးတောက်ကို သုံကြသည်။
ဤနည်းဖြင့် သူတို့သည် မြေကမ္ဘာ အဆင့် ဝိညာဉ်ခန္ဓာမှ တစ်ဆင့် ကောင်းကင် တန်ခိုးရှင် အဆင့် ရတနာ ခန္ဓာကိုယ် အဖြစ် တက်လှမ်းကြသည်။
"ရေနက်ဂိုဏ်း … ငါ တစ်ခါမှ မကြားဖူးဘူး"
ထို့နောက် လူငယ်က သူတို့အား ဖြည်းညင်းစွာ လှည့်ကြည့်ရင်း ခေါင်းခါလိုက်သည်။
"မကြားဖူးဘူး …"
ရန်ကန်းချိုးမှာ အနည်းငယ် ဆွံ့အ သွားမိ၏။
သူတို့၏ ရေနက်ဂိုဏ်းသည် လျှို့ဝှက် အဇူရာဂိုဏ်း၊ နှင်းနတ်ဘုရား နန်းတော် တို့လောက် မကြီးကျယ်သည့်တိုင် တန်ခိုးရှင် အဆင့် နှစ်ယောက်ကို ပိုင်ဆိုင်ထားကာ မြို့တစ်မြို့ကို အုပ်ချုပ်နိုင်ကြသည်။ မြေကမ္ဘာ အဆင့်များတွင်ပင် ရေနက်ဂိုဏ်းကို မကြားဖူးသူ မရှိချေ။
ရန်ကန်းချိုးက ရှင်းပြရန် ဟန်ပြင်လိုက်စဉ် မှာပင် လူငယ်က ပြောလိုက်၏။
"ငါ့နာမည်က ချန်းပေ့ရွှမ်းပဲ … နောက်ပြီး ဒီနေရာက မြောက်ပိုင်းချုံးဂိုဏ်းရဲ့ အခြေစိုက် စခန်း … မင်းတို့က ဒီကို ဘာလာလုပ်တာလဲ"
"ဘယ်လို … ချန်းပေ့ရွှမ်း … မြောက်ပိုင်းချုံးဂိုဏ်း"
ရန်ကန်းချိုးနှင့် တပည့်များမှာ ဆွံ့အ သွားကြတော့သည်။
***