ခွန်ရှု့ နယ်မြေ
Vol. 7 Ch. 640
ရန်ကန်းချိုးနှင့် တပည့်များသည် လွန်ခဲ့သည့် ရက်ပိုင်းကပင် လူသားကမ္ဘာသို့ ရောက်ရှိ နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရေပန်းစားနေသည့် ချန်းပေ့ရွှမ်းနှင့် မြောက်ပိုင်းချုံး ဆိုသော နာမည်များကို ကြားဖူးကြသည်။
သို့သော်လည်း "ချန်းပေ့ရွှမ်းသည် တန်ခိုးရှင် အဆင့်မျှဖြင့် မြေကမ္ဘာ အဆင့်ကို အနိုင်ယူခဲ့သည်" ဆိုသော စကားကိုမူ သူတို့ မယုံကြည်ခဲ့ကြချေ။ သို့သော်လည်း ယခုတွင်မူ ထိုစကားက အမှန်တကယ် ဖြစ်နေပုံပင်။
"ခင် … ခင်ဗျားက မြောက်ပိုင်းချုံးရဲ့ ချန်းပေ့ရွှမ်းလား … ဒါဆို ခင်ဗျားက ကျွန်တော်တို့ ခွန်ရှု့ နယ်မြေက မဟုတ်ဘူးပေါ့"
ကျောင်းရန်က အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။
"မင်းတို့က ကောင်းကင်တံခါးက လာတဲ့ ကျင့်ကြံသူတွေလား"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း သေချာစွာ အကဲခတ် လိုက်သည်။ ထို့နောက် သူက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"ဟုတ်တာပဲ … မင်းတို့ လေ့ကျင့်တဲ့ ကျင့်စဉ်တွေက အရမ်းကို အားနည်းတယ် ဆိုပေမဲ့ တန်ခိုးရှင် ကျင့်စဉ်တစ်ခု ဖြစ်နေသေးတာပဲ"
စကားပြောပြီးနောက် ချန်းဖန်က အခြား ဝိညာဉ်ကျောက်တုံး တစ်ခုကို ကောက်ယူကာ ဆက်လက် ကျင့်ကြံရန် ပြင်လိုက်သည်။
"လူသားကမ္ဘာမှာ သူ့လို ကျင့်ကြံသူမျိုး ရှိနေတာလား … သူက ခန္ဓာကိုယ် သန့်စင်ဖို့ အတွက် ဝိညာဉ်မီးတောက်ကိုတောင် သုံးနိုင်တယ် ဆိုတော့ သာမန်မြေကမ္ဘာ အဆင့်တွေထက် ပိုပြီး အစွမ်းထက်တာ သေချာတယ်"
ရန်ကန်းချိုးနှင့် တပည့်များမှာ ချန်းဖန်အား ကြည့်ရင်း ပို၍ ကြောက်လန့် လာမိသည်။
တစ်ဖက်တွင်လည်း သူတို့ ကြိတ်၍ ဝမ်းသာ နေမိကြသည်။ ထိုလူငယ်ကသာ တားဆီးပေးလျှင် တန်ခိုးရှင်သားရဲများနှင့် သူတို့ တိုက်ခိုက်စရာ လိုတော့မည် မဟုတ်ချေ။
"ကျွန်တော်တို့က ဒီကျွန်းကို ဘိုးဘေး မြေကမ္ဘာ အဆင့်တွေ ချန်ခဲ့တဲ့ မြေပုံကနေ တစ်ဆင့် ရောက်လာခဲ့တာပါ … အရှင်က ဒီကျွန်းကို သိမ်းပိုက်ထားတယ် ဆိုတာ မသိခဲ့ပါဘူး … ကျွန်တော်တို့ကို ခွင့်ပြုပါဦး"
ရန်ကန်းချိုးက တောင်းပန်ပြီးနောက် ထွက်ခွာရန် ဟန်ပြင်လိုက်၏။
"နေဦး … ငါ မင်းတို့ကို မေးစရာ ရှိသေးတယ်"
ချန်းဖန်က ပြောရင်း သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အချက်ပြလိုက်၏။
"ဟူး …"
သူ၏ အချက်ပြမှုတွင် တန်ခိုးရှင် သားရဲများက သူ၏ နောက်သို့ လာရောက်၍ လိမ္မာစွာ ရပ်လိုက်ကြသည်။
"အရှင့်ရဲ့ မေးခွန်းတိုင်းကို ကျွန်တော် မှန်ကန်စွာနဲ့ ဖြေပါ့မယ် ခင်ဗျာ"
ရန်ကန်းချိုးက နောက်တစ်ကြိမ် ဦးညွှတ်ရင်း ဆိုလိုက်၏။
"ကောင်းပြီ … ကောင်းကင်တံခါးရဲ့ အခြား တစ်ဖက်မှာ ဘာရှိတာလဲ"
ချန်းဖန်က မေးလိုက်၏။
ပထမ၌ သူသည် "ကောင်းကင် တံခါး" ဆိုသော အရာကို အခြား ကျင့်ကြံခြင်း ဂြိုလ် တစ်ခုသို့ ပို့ဆောင်ပေးသည့် "ခရီးသွား အစီအရင်" တစ်ခုဟု ယူဆခဲ့သည်။
"ခရီးသွား အစီအရင်" တစ်ခုကို တည်ဆောက် အသက်သွင်းရန် အတွက် ဝိညာဉ် ကျောက်တုံးများ၊ ဟင်းလင်းပြင် သလင်းကျောက်များ၊ လေဟာနယ် ကျောက်မျက်များ စသည်ဖြင့် များစွာသော အဖိုးတန် အရင်းအမြစ်များ လိုအပ်သည်။
သို့သော်လည်း သူ၏ အရှေ့၌ ရှိနေသော ကျင့်ကြံသူများ၏ ပုံစံက အလွန်ပင် အားနည်းလွန်းကာ ဆင်းရဲသည့်ပုံလည်း ပေါ်သည်။ သူတို့သည် "ခရီးသွား အစီအရင်" ကို အသုံးပြုနိုင်သည့် ဂြိုလ်တစ်ခုမှ မဖြစ်နိုင်ပေ။
"ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကို နတ်ဘုရား နယ်မြေလို့ ခေါ်ပါတယ် … အတိတ်မှာ တုန်းကတော့ ခွန်ရှု့ နယ်မြေလို့ ခေါ်ပါတယ် …"
ရန်ကန်းချိုးက ချန်းဖန်အား စတင်ကာ ရှင်းပြလိုက်သည်။
"နတ်ဘုရား စစ်ပွဲတွေ အတွင်းမှာ လူသား ကမ္ဘာရဲ့ ကျင့်ကြံသူတွေက ကောင်းကင်တံခါးကို ဖြတ်ပြီး ခွန်ရှု့နယ်မြေမှာ အခြေချ ခဲ့ကြပါတယ် …"
"အဲဒီအချိန်က စလို့ ကောင်းကင် တံခါးကလည်း ရာစုနှစ် အနည်းငယ် ကြာမှ တစ်ခါပဲ ပွင့်ပါတော့တယ်"
ရန်ကန်းချိုးသည် ချန်းဖန်၏ အရှေ့၌ စကားမှားမည်ကို စိုးရိမ်သည့် အလား ခဏခဏ ရပ်ကာ ပြောနေခဲ့သည်။ သူသည် ချန်းဖန်နှင့် စကားပြောရာ၌ အချက်အလက် တစ်ခုပင် မချန်ရဲချေ။
"ခွန်ရှု့နယ်မြေ … အဲဒါက ဒဏ္ဍာရီထဲက ခွန်းလွန် နယ်မြေမလား … ဘယ်လိုဖြစ်ပြီး နတ်ဘုရား နယ်မြေ ဖြစ်သွားရတာလဲ"
ချန်းဖန်က သူမရှင်းသည့် မေးခွန်းများကို တစ်ခုပြီးတစ်ခု ဆက်မေးနေခဲ့၏။
ရန်ကန်းချိုး၏ စကားအရ ဆိုလျှင် ခွန်ရှု့ နယ်မြေသည် ဧရိယာ မိုင်ထောင်ချီ ကျယ်ဝန်းပြီး တရုတ်နိုင်ငံ၏ တစ်ဝက်ခန့် ရှိသည့် နယ်မြေ တစ်ခု ဖြစ်သည်။
ထိုနေရာတွင် လူဦးရေ တစ်ဘီလျံ ကျော်ရှိကာ ရှေးဟောင်း မြို့တော်များလည်း အများအပြား ရှိသည်။ ထိုနယ်မြေရှိ မြို့တစ်ခုချင်းစီသည် နှစ်ထောင်ချီ သမိုင်းကြောင်း ရှိပြီး ကျော်ကြားသည့် ဂိုဏ်းများက နယ်မြေကို အုပ်စိုးသည်။
"ကောင်းကင်ဂိုဏ်း လျှို့ဝှက် အဇူရာဂိုဏ်း နှင်းနတ်ဘုရား နန်းတော်နဲ့ ကောင်းကင် မိုးကြိုးဂိုဏ်းတွေလို ဂိုဏ်းကြီးတွေက ကျွန်တော်တို့ ခွန်ရှု့နယ်မြေရဲ့ အင်အား အကြီးဆုံး ဂိုဏ်းတွေပါ … နောက်ပြီး အဲဒီ ဂိုဏ်းကြီးတွေက မြေကမ္ဘာ အဆင့်တွေကို ပိုင်ဆိုင်ထားပါတယ်"
"ကျွန်တော် ကြားရသလောက်ဆို ကောင်းကင်ဂိုဏ်းမှာ ကောင်းကင် တန်ခိုးရှင် တွေတောင် ရှိတယ်တဲ့ … ဒါပေမဲ့ တိတိကျကျ သက်သေတော့ မရှိပါဘူး"
ရန်ကန်းချိုးက လေးစားစွာပင် ရှင်းပြ လိုက်သည်။
"နှင်းနတ်ဘုရား နန်းတော်"
ထိုနာမည်အား ကြားသည်နှင့် ချန်းဖန်၏ မျက်လုံးများ၌ အေးစက်ခြင်းက ဖြတ်ပြေး သွားသည်။
"လုမိသားစု ပြောတဲ့ သူတော်စင်မ ဆိုတာက ကောင်းကင်တံခါးက ကျင့်ကြံသူကိုး … ဒါဆို လုယန်ရွယ်က ခွန်ရှု့ နယ်မြေမှာ ရှိနေတာပေါ့ … ငါမူလအဆင့်ကို တက်လှမ်း ပြီးတာနဲ့ ကောင်းကင်တံခါးကို ဖြတ်သန်းပြီး သူ့ကို ရှာရမယ်"
ချန်းဖန်က ဆုံးဖြတ်ချက် ချလိုက်၏။ ထို့နောက် သူက ရန်ကန်းချိုးအား ထပ်မေးလိုက်သည်။
"မင်းတို့ နယ်မြေမှာ ဘယ်အဆင့်က အစွမ်း အထက်ဆုံးလဲ …"
ရန်ကန်းချိုး၏ အဖြေအရ ဆိုလျှင် ခွန်ရှု့ နယ်မြေ၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများမှာ မြေကမ္ဘာ အဆင့်များ ဖြစ်သည်။
ထိုနယ်မြေ၌ ကောင်းကင် တန်ခိုးရှင် (ရွှေအမြုတေ) အဆင့်များ ရှိခဲ့ဖူးသော်လည်း မပေါ်လာခဲ့သည်က နှစ်ထောင်ချီ နေခဲ့ပြီ ဖြစ်သည်။
ထိုနေရာသည် ကျိန်းသေ ချန်းဖန် ရှာဖွေနေသည့် "ကျင့်ကြံခြင်းဂြိုလ်" တစ်ခု မဟုတ်ချေ။
"ကောင်းပြီ … ငါမူလဝိညာဉ် အဆင့်ကို တက်ပြီးမှပဲ ခွန်ရှု့ နယ်မြေကို သွားပြီး ဂိုဏ်းချုပ်တွေကို ဆက်မေးလိုက်မယ်"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရန်ကန်းချိုးအား ကြည့်လိုက်၏။
"မင်းတို့ ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ … နောက်ပြီး ကောင်းကင်တံခါးကရော အခု ပွင့်နေပြီလား … ဒီကမ္ဘာကို မင်းတို့အပြင် အခြား ဘယ်သူတွေ ဝင်လာသေးလဲ"
"ဒီလိုပါ ခင်ဗျာ …"
ရန်ကန်းချိုးက ဖြူရော်သော မျက်နှာဖြင့် ချန်းဖန်အား အလုံးစုံကို ပြောပြလိုက်သည်။
သူသည် လဲ့ပိုထျန်းနှင့် စီရွှမ်တို့ မြောက်ပိုင်းချုံးနှင့် ခွန်းလွန်ကို တိုက်ခိုက်ခဲ့သည့် အကြောင်းများကိုပါ ထိန်ချန် မထားခဲ့ချေ။
"ရပြီ …"
ရန်ကန်းချိုး၏ စကားများကို နားထောင်ပြီးနောက် ချန်းဖန်၏ မျက်နှာက မည်းမှောင် လာခဲ့သည်။
ရင်ကျိုးကျွန်း၌ ကျင့်ကြံနေသည့် နှစ်ပတ် အတောအတွင်း တစ်စုံတစ်ယောက်က မြောက်ပိုင်းချုံးဂိုဏ်းကို ကျူးကျော် လိမ့်မည်ဟု သူထင်မထားခဲ့ချေ။
"လဲ့ပိုထျန်း ဆိုတာက ကောင်းကင် မိုးကြိုးဂိုဏ်းရဲ့ တပည့် တစ်ဦးပါ … ကောင်းကင် မိုးကြိုးဂိုဏ်းက ခွန်ရှု့ နယ်မြေမှာ အင်အားကြီးဂိုဏ်းကြီး တစ်ခု ဖြစ်ပြီးတော့ မြေကမ္ဘာ အဆင့်တွေကိုလည်း ပိုင်ဆိုင် ထားပါတယ်"
ရန်ကန်းချိုးက တုန်တုန်ရီရီဖြင့် ရှင်းပြလိုက်သည်။
"ဟဟ … ကောင်းကင် မိုးကြိုးဂိုဏ်းရဲ့ မြေကမ္ဘာ အဆင့်တွေလား"
ချန်းဖန်က ဂရုမစိုက်စွာ ရယ်မော လိုက်၏။
"သူတို့ရော ဒီကို ရောက်နေတာလား"
"မရောက်ပါဘူး ခင်ဗျာ … ကောင်းကင် တံခါးကို ဖွင့်ဖို့ အတွက်က အရင်းအမြစ်တွေ အများကြီး လိုအပ်ပါတယ် … ဒါကြောင့် မြေကမ္ဘာ အဆင့်တွေက လူသားကမ္ဘာကို လာလေ့မရှိပါဘူး"
"ဟမ့် … သူတို့လာလည်း ဂရုမစိုက်ဘူး … ငါက မြေကမ္ဘာအဆင့်ကို အနိုင်ယူနိုင်နေပြီ"
ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။
သူသည် မူလအဆင့်နှင့် ခြေလှမ်းဝက်သာ ကွာဝေးတော့ပြီး သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာလည်း ကောင်းကင်ခန္ဓာ အဆင့်သို့ တက်ရန် အလွန် နီးကပ်နေပြီ ဖြစ်သည်။
ချန်းဖန်သည် ရင်ကျိုးကျွန်း၌ မူလဝိညာဉ် အဆင့်နှင့် ကောင်းကင်ခန္ဓာ အဆင့်ကို တစ်ပြိုင်နက် တက်လှမ်းရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း ထိုသို့ ပြုလုပ်ရန်မှာ ခြောက်လခန့် လိုအပ်ရာ ဖြစ်နိုင်တော့မည် မဟုတ်ချေ။
"မူလဝိညာဉ်အဆင့်ကို တက်ဖို့က စောင့်လို့ ရသေးတယ် … နောက်ပြီး ကောင်းကင် ခန္ဓာကို အောင်မြင်အောင် ကျင့်ဖို့က အချိန် သိပ်မလိုဘူး … ငါတစ်ခု အောင်မြင်ပြီးမှ အပြင်ကို ထွက်ကာ ပိုဘေးကင်းလိမ့်မယ်"
ချန်းဖန်က ဆုံးဖြတ်ချက် ချကာ ရန်ကန်းချိုး ဘက်သို့ လှည့်လိုက်၏။
"လဲ့ပိုထျန်း ဆိုတဲ့ကောင် ဘယ်မှာရှိလဲ မင်းသိလား"
"သိပ်တော့ မသေချာဘူး … ကျွန်တော် ကြားရ သလောက်ဆို နောက်နှစ်လနေရင် ရွှမ်လော့က ကောင်းကင်တံခါးရဲ့ ကျင့်ကြံသူတွေကို စုစည်းပြီး ချင်ချန်းတောင်က ဓားနန်းတော်ကို ဝင်မယ်တဲ့ … လဲ့ပိုထျန်းလည်း အဲဒီမှာ ရှိမယ် ထင်တယ်"
ရန်ကန်းချိုးက ပြန်ဖြေလိုက်သည်။
"နောက်နှစ်လ …"
ချန်းဖန်က ခေါင်းညိတ်လိုက်၏။
"ငါ့အတွက် လုံလောက်တယ် …"
ထိုနှစ်လအတွင်း ချန်းဖန်သည် အဇူရာ သက်ရှည် ခန္ဓာကို စဦးအောင်ခြင်း ပြီးပြည်စုံသည် အထိ ကျင့်ကြံနိုင်လိမ့်မည် ဖြစ်သည်။
ထိုအဆင့်သည် ကမ္ဘာမြေ၏ "မြေကမ္ဘာ နတ်ဘုရားခန္ဓာ" အဆင့်နှင့် တူညီသော်လည်း ကမ္ဘာပေါ်ရှိ မြေကမ္ဘာအဆင့်များထက် ဆယ်ဆခန့် ပိုမို အစွမ်းထက်သည်။
ချန်းဖန်သည် ထိုခန္ဓာကိုယ် သက်သက်ဖြင့်ပင် မြေကမ္ဘာအဆင့် မဆိုထားနှင့် ကျင့်ကြံခြင်း လောကမှ မူလဝိညာဉ် အဆင့်များကိုပင် အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။
"ကျေးဇူးပြုလို့ ဒီနှစ်လအတွင်း ငါ့ရဲ့ ရင်ကျိုးကျွန်းကို စောင့်ရှောက် ပေးပါဦး …"
ချန်းဖန်က လက်သီးဆုပ်ရင်း ယဉ်ကျေးစွာ ပြောလိုက်၏။
"ကောင်းပါပြီ …"
ရန်ကန်းချိုးနှင့် အခြားလူများက ဖြူရော်စွာ ပြုံးရင်း ခေါင်းညိတ် လိုက်ရတော့သည်။
***