ချင်ချန်းတောင်ထိပ်
Vol. 7 Ch. 642
"ဟူး … ဟူး …"
လင်းယုန်ငှက်ကြီးသည် မီတာသုံးဆယ်ခန့် ရှည်လျားသော အတောင်ကြီးကို ခတ်ရင်း လေထုကို ဘုန်းကြဲလောယာဉ် တစ်စင်း အလား ထိုးခွဲ ပျံသန်းနေ၏။
လွန်ခဲ့သည့် နှစ်လအတွင်း၌ ချန်းဖန်သည် လင်းယုန် ငှက်ကြီးအား ဝိညာဉ် ကျောက်တုံးများ၊ ဝိညာဉ် သစ်သီးများကို ကျွေးမွေးခဲ့သည့် အပြင် အသက်ရှူ ကျင့်ကြံခြင်း ကျင့်စဉ်တစ်ချို့ပါ သင်ကြား ပေးထားခဲ့သည်။
ယခုဆိုလျှင် လင်းယုန် ငှက်ကြီး၏ အနက်ရောင် အမွေးအတောင်များ နေရာ၌ ရွှေရောင် သားမွေးအချို့ပင် အစားထိုး နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူသည် ဒဏ္ဍာရီလာ ရွှေတောင်ပံငှက် အဖြစ် တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲနေသည့် လက္ခဏာ ဖြစ်သည်။
"ဒီသုံးလအတွင်း ငါ့ရဲ့ ကျင့်ကြံမှုက အတော်လေးကို တိုးတက်လာတာပဲ"
ချန်းဖန်က လင်းယုန်ငှက်ကြီး၏ ကျောထက်၌ ထိုင်ရင်း ကျေနပ် နေမိ၏။
လင်းယုန် ငှက်ကြီး၏ အသံထက်မြန်သော ပျံသန်းမှုတွင် လေများက မုန်တိုင်းအလား တိုးဝှေ့ တိုက်ခတ် နေသော်လည်း သူကမူ လေပြည်လေညင်းလေး တစ်ခုအလား သဘောထား နေပုံပင်။
"ကျင့်ကြံခြင်း လောကမှာ ခန္ဓာကိုယ် ကျင့်ကြံခြင်းကို ဝိညာဉ်ခန္ဓာ၊ ရတနာခန္ဓာ၊ ကောင်းကင်ခန္ဓာ၊ တစ္ဆေခန္ဓာ၊ နတ်ဘုရား ခန္ဓာ စသဖြင့် ... အဆင့် ခုနစ်ဆင့် ခွဲထားတယ်"
ချန်းဖန်ပ မျက်စိတစ်ဆုံး တိမ်တိုက်များကို ငေးကြည့် နေမိသည်။
"အရင်တုန်းက ငါ့ရဲ့ အဇူရာ သက်ရှည်ခန္ဓာ ကျင့်ကြံခြင်းက ကောင်းကင် တစ်ပိုင်း ခန္ဓာအဆင့်ပဲ ရှိသေးတာ … ဒါပေမဲ့ နှစ်လကြာ ဝိညာဉ်မီးတောက်နဲ့ သန့်စင်ပြီးတဲ့ နောက်မှာတော့ ငါ့ရဲ့ ခန္ဓာကိုယ်က အစစ်အမှန် ကောင်းကင် ခန္ဓာ ဖြစ်လာခဲ့ပြီ"
"ကောင်းကင် ခန္ဓာတစ်ပိုင်း အဆင့်နဲ့တောင် မြေကမ္ဘာ အဆင့်ကို အနိုင်ယူနိုင်ခဲ့တယ် ဆိုတော့ … အခုလို အဆင့်တက်ပြီးတဲ့နောက် ငါက ဒီဂြိုဟ်မှာ ပြိုင်ဘက်ကင်းပြီလို့ ဆိုနိုင်တယ်"
ကမ္ဘာ၌ ကောင်းကင်အဆင့် ခန္ဓာကို မြေကမ္ဘာအဆင့် ခန္ဓာဟု ခေါ်ဆိုကြသည်။ ချန်းဖန်သည် ယခုမှ ကောင်းကင်ခန္ဓာ စဦး အောင်မြင်ခြင်း အဆင့်ကိုသာ တက်လှမ်း နိုင်သေးသော်လည်း ကမ္ဘာရှိ မြေကမ္ဘာ ထိပ်ဆုံး အဆင့်ကိုပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။
"အရင်ဆုံး ငါ့ရဲ့ ခန္ဓာကိုယ် အသစ်ကို ကောင်းကင်တံခါးက လာတဲ့ လူတွေနဲ့ စမ်းသပ်ရမယ် …"
"ဘုန်း …"
လင်းယုန်ငှက်ကြီးသည် သခင်၏ စိတ်လောမှုကို နားလည်သည့် အလား သူ၏ အမြန်နှုန်းကို အသံ၏ နှစ်ဆ အထိ မြှင့်တင်ကာ လေထုကို ထိုးခွဲ၍ ချင်ချန်းတောင်ဆီသို့ ပျံသန်းလိုက်တော့၏။
***
တစ်ချိန်တည်းတွင် …
ချင်ချန်းတောင်ထိ မြေပြန့်ကျယ်၌ ကောင်းကင်တံခါးမှ ကျင့်ကြံသူများသည် စုစည်း နေကြ၏။ တရုတ်၊ ဂျပန်၊ အရှေ့တောင် အာရှမှ ပညာရှင် များသည်လည်း တောင်၏ အနောက်ကြောတွင် ရောက်ရှိ နေကြပြီ ဖြစ်သည်။ ထိုအထဲ၌ မြောက်ပိုင်းချုံးနှင့် ခွန်းလွန်မှ လူများပင် ပါဝင်ကြသည်။
"မင်းကြားပြီးပြီလား … ရဲ့နန်ထင်း အဇူရာ နဂါး ဟွာရန်ဖန်းနဲ့ ရှဲ့ရန်တို့ ဒီကို ရောက်နေပြီတဲ့ … သူတို့က တရုတ်မှာ နောက်ဆုံး ကျန်ခဲ့တဲ့ တန်ခိုးရှင် မျိုးဆက်တွေပဲ"
တစ်စုံတစ်ယောက်က ဆိုသည်။
"ငါကြားတာကတော့ … အိန္ဒိယရဲ့ ဂုရုကြီး ဂုဂျာနဲ့ ဂျပန် အိုင်းမဟာ ဘုရားကျောင်းရဲ့ ကောင်းကင်သခင် တို့ပါ ရောက်နေတာတဲ့"
တခြားတစ်ယောက်က ပြန်ပြောသည်။
ချင်ချန်း တောင်တန်းသို့ အရှေ့တိုင်း၏ တန်ခိုးရှင် အားလုံး ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း သူတို့၏ အရေအတွက်က ကောင်းကင်တံခါး၏ တစ်ဝက်ပင် မရှိချေ။
ချင်ချန်းတောင်ထိပ်၌ စုစည်းနေသည့် ကောင်းကင်တံခါးမှ ကျင့်ကြံ အရေအတွက်သည် ဒါဇင်ပေါင်း များစွာ ရှိသည်။ ထိုအထဲမှ အများစုသည် အထွတ်အထိပ် အဆင့်များ ဖြစ်ပြီး တန်ခိုးရှင် အဆင့်ကျင့်ကြံသူ ဆယ်ယောက်ခန့်လည်း ပါဝင်နေသည်။
လူများသည် ချင်ချန်း တောင်ထိပ်၌ တစ်စု တစ်စည်းထဲ ရပ်နေသည့် ကောင်းကင်တံခါးမှ တန်ခိုးရှင် ဆယ်ယောက်ကို ကြည့်ရင်း စိတ်များ လေးလံနေမိသည်။
ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများ အရ ထိုတန်ခိုးရှင်များသည် လူသားကမ္ဘာ၏ တန်ခိုးရှင်များထက် အဆများစွာ ပိုမို အစွမ်းထက်ကြောင်း ထင်ရှားစွာ ပေါ်လွင်နေ၏။
"ဟိုကိုကြည့် … အဲဒါ လဲ့ပိုထျန်းနဲ့ စီရွှမ်တို့ မလား … သူတို့ ရောက်နေတာပဲ"
"ဟိုဘုန်းကြီးက မင်ကျန်းမြစ်ထဲက သင်္ဘောကို နှစ်ပစ်လိုက်တဲ့ တစ်ယောက်မလား … သူက မိုးကြိုးတောင်က တန်ခိုးရှင် ဖြစ်ပြီးတော့ ဆင်နတ်ဘုရားရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်တဲ့ … ဘုန်းကြီးရဲ့ ဘေးက ခရမ်းရောင် မီးတောက်တွေနဲ့ တစ်ယောက်ကတော့ ဖန်ရှင်း တောင်ကြားက တန်ခိုးရှင်တဲ့ … နောက်ပြီး သူတို့တွေ အားလုံးက မြေကမ္ဘာ နတ်ဘုရားရှိတဲ့ ဂိုဏ်းတွေက လာကြတာ"
ကောင်းကင်တံခါးမှ တန်ခိုးရှင်များ လူသားကမ္ဘာသို့ ရောက်သည်မှာ သုံလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လူသားကမ္ဘာနှင့် ကောင်းကင်တံခါးမှ တန်ခိုးရှင် များသည် တစ်ယောက် အကြောင်း တစ်ယောက် နားလည် နေကြပြီ ဖြစ်သည်။
မိုးကြိုးတောင်၊ ဖန်ရှင်းတောင်နှင့် မိန်ချင်းတောင်များသည် ကောင်းကင် တံခါး၏ အင်အားကြီး ဂိုဏ်းများတွင် ပါဝင်သည်။ ထိုဂိုဏ်းများသည် မျိုးဆက်အလိုက် အနည်းဆုံး မြေကမ္ဘာအဆင့် တန်ခိုးရှင် တစ်ယောက်ကို မွေးထုတ် ပေးနိုင်ကြသည်။
သို့သော်လည်း ထိုတန်ခိုးရှင်များထက် တောင်ထိပ်၌ ရပ်နေသည့် ယောက်ျား နှစ်ယောက်နှင့် မိန်းကလေး တစ်ယောက်မှာ ပို၍ ကြောက်စရာ ကောင်းသည်။
"ဟိုလူငယ်က လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ သခင်လေး ဆိုတာ ဖြစ်ရမယ်"
ခွန်းလွန်မှ လူတစ်ယောက်က တောင်ထိပ်ပေါ်မှ အပြာရောင်ဝတ် လူငယ်ကို ညွှန်ပြရင်း ပြောလိုက်၏။
"ဟုတ်တယ် … ငါကြားရသလောက် ဆိုရင် လျှို့ဝှက် အဇူရာဂိုဏ်းမှာ ကောင်းကင်တံခါးရဲ့ အစွမ်းအထက်ဆုံး မြေကမ္ဘာအဆင့် ရှိတယ်တဲ့ … သူက တိုက်ပွဲတိုင်း နိုင်ခဲ့ပြီးတော့ မြေကမ္ဘာ အဆင့်မှာ ပြိုင်ဘက်ကင်းတယ်တဲ့ … ရွှမ်လော့က အဲဒီမြေကမ္ဘာ နတ်ဘုရားနဲ့ အခြား မိန်းကလေး မြေကမ္ဘာ နတ်ဘုရားမတို့ရဲ့ သားတဲ့ … ဒါကြောင့် သူက တာအိုခန္ဓာ ရင်သွေး အဖြစ် မွေးလာခဲ့တာ …"
အဇူရာ နဂါးက ပြန်ဖြေလိုက်သည်။
"တာအိုခန္ဓာ ရင်သွေး …"
ထိုစကားလုံးက လူသားကမ္ဘာမှ ကျင့်ကြံသူများ အတွက် အစိမ်းသက်သက် ဖြစ်သည်။
"တာအိုခန္ဓာ ရင်သွေးဆိုတာ … ဘာလဲ"
တစ်ယောက်က မေးသည်။
"ရှေးဟောင်း မှတ်တမ်းတွေ အရဆိုရင် တာအိုခန္ဓာ ရင်သွေးဆိုတာက မြေကမ္ဘာအဆင့် နှစ်ယောက်က မွေးလာတဲ့ ကလေးကို ပြောတာ … အဲဒီလို ကလေးတွေက မွေးကတည်းက တာအိုခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အပြင် အထူး ပါရမီတွေကို ပိုင်ဆိုင် ထားကြတယ်တဲ့ "
အဇူရာနဂါးက ရှင်းပြလိုက်သည်။
"ဟိုဝတ်စုံအဖြူနဲ့ မိန်းကလေးကတော့ ချမ်ရဲ့ရွှယ် ဖြစ်မယ်ထင်တယ် … သူက နှင်းနတ်ဘုရား နန်းတော်ရဲ့ နတ်ဘုရားမလေးပဲ … နှင်းနတ်ဘုရား နန်းတော်က ကောင်းကင်တံခါးရဲ့ အင်အား အကြီးဆုံး ဂိုဏ်းကြီးတစ်ခု ဖြစ်ပြီးတော့ သူတို့ရဲ့ တပည့်တွေ အားလုံးကလည်း အရမ်းကို ပါရမီ ပါတဲ့ လူတွေချည်းပဲတဲ့ … ချမ်ရဲ့ရွှယ်က ရွှမ်လော့လောက် ပါရမီဘူး ဆိုပေမဲ့လည်း အရမ်းကို ထူးချွန်တယ် … အနာဂတ်မှာ သူက မြေကမ္ဘာ နတ်ဘုရား ဖြစ်လာမယ် ဆိုတာ လက်ခတ်မလွဲပဲ"
အဇူရာ နဂါး၏ စကားကို နားထောင်ရင်းရဲ့ နန်ထင်းမှာ စိတ်များ လေးလံ လာမိသည်။
လူသားကမ္ဘာ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ နှစ်ယောက်တွင် ရဲ့ချင်စန်းသည် ဒဏ်ရာများ ပျောက်ကင်းခြင်း မရှိသေး သလို ချန်းပေ့ရွှမ်း သည်လည်း ဘယ်ဆီဘယ်ဝယ် ရောက်မှန်း မသိအောင် ပျောက်ကွယ် နေခဲ့သည်။
"ဒါနဲ့ … အနက်ရောင် အင်္ကျီဝတ်ပြီး နောက်ကျောမှာ ဓားလွယ်ထားတဲ့ လူငယ်က ဘယ်သူလဲ"
ယူကီရှီရိုဆာက မေးလိုက်သည်။
"သူလား …"
အဇူရာ နဂါးက မျက်မှောင်ကြုတ် လိုက်၏။
"သူက ထျန်းမင်ကျီဆိုတဲ့ တစ်ယောက် ဖြစ်ရမယ် … ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ ပါရမီရှင်ပေါ့ … သူက မိုးကြိုးနဲ့ လျှပ်စီးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားနဲ့ မွေးဖွား လာခဲ့ပြီးတော့ ရွှမ်လော့နဲ့တောင် နှိုင်းယှဉ်နိုင်တဲ့ ပါရမီ ရှိတယ်"
လူသားကမ္ဘာ၏ သိုင်းလောက သားများကား စိတ်ဓာတ်များ အောက်ဆုံးအထိ ထိုးဆင်းနေခဲ့ပြီ ဖြစ်သည်။
သူတို့သည် ထိုသို့သော နာမည်ကျော်များ မဆိုထားနှင့် လဲ့ပိုထျန်း တစ်ယောက်ကိုပင် ယှဉ်နိုင်ခြင်း မရှိချေ။
ချန်းပေ့ရွှမ်းနှင့် ရဲ့ချင်စန်းတို့သာ အချိန်မှီ ပေါ်မလာပါက ထိုလူများ၏ လက်ချက်ဖြင့် သိုင်းလောက သွေးချောင်းစီးမည်မှာ သေချာသည်။
"ဟမ့် … ပုရွက်ဆိတ်တွေ"
သူတို့အား အကဲခတ်နေသော လူများကို ကြည့်၍ ရွှမ်လော့နှင့် ကောင်းကင်တံခါး ကျင့်ကြံသူများက နှာခေါင်း ရှုံ့လိုက်ကြသည်။
"ရွှမ်လော့ … မင်း ငါတို့ကို ဘာလို့ ဒီကို လာခိုင်းရတာလဲ … ငါတို့တွေ ချင်တောင်တန်းမှာ ရှိတဲ့ မြေအောက်နန်းတော် အစီအရင်ကြီး တစ်ခုကို ချိုးဖျက်မလို့ လုပ်နေတာ … အဲဒီ နေရာမှာ ကောင်းကင် တန်ခိုးရှင် တစ်ဦး ချန်ထားခဲ့တဲ့ အမွေအနှစ် ရှိတယ်တဲ့"
ထျန်းမင်ကျီက မျက်မှောင်ကြုတ်ရင်း ရွှမ်လော့ကို မေးလိုက်သည်။
"ဒီဓားနန်းတော်က အပယ်ခံ ကိုးယောက်လို့ ခေါ်တဲ့ ဓားတန်ခိုးရှင် အဘိုးကြီး တည်းဆောက် ထားခဲ့တာ … သူက တစ်ခါတုန်းက လူသားကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့ပြီး ကောင်းကင် တန်ခိုးရှင် အဆင့်အထိ ရောက်ခဲ့တယ်တဲ့ … ဒီတော့ သူဆောက်ခဲ့တဲ့ ဓားနန်းတော်မှာ ရတနာတွေ ကျိန်းသေရှိရမယ် … ငါတို့ ကံကောင်းရင် သူကျင့်ကြံခဲ့တဲ့ အပယ်ခံ ကိုးယောက် ဓားကျင့်စဉ်ကိုတောင် ရှာတွေ့နိုင်တယ်"
ရွှမ်လော့က အဖြေပေး လိုက်သည်။
သူ၏ အဖြေက ကောင်းကင်တံခါး ကျင့်ကြံသူများ၏ မျက်လုံးများကို တဖျတ်ဖျတ် လင်းလက် သွားစေ၏။
ကောင်းကင်တန်ခိုးရှင် အဆင့် ကျင့်စဉ်များမှာ အလွန်ပင် အဖိုးတန်ကာ ခွန်ရှု့ နယ်မြေတွင်ပင် မတွေ့ရ သလောက် ရှားပါးသည်။
ခွန်ရှု့ နယ်မြေ၏ စိုးမိုးသူဟု ဆိုနိုင်သည့် ယွင်ထျန်း နန်းတော်သာလျှင် ကောင်းကင် တန်ခိုးရှင်အဆင့် ကျင့်စဉ် တစ်ခုကို ပိုင်ဆိုင်သည်။
"ကောင်းပြီလေ … ငါတို့သာ အပယ်ခံ ကိုးယောက် ဓားကျင့်စဉ်ကို ရရင် ငါတို့ ဂိုဏ်းမှာ ဓားတန်ခိုးရှင်တွေ ပိုများလာမှာ သေချာတယ် … အဲဒီကျရင် ယွင်ထျန်း နန်းတော်က ခွန်ရှု့နယ်မြေကို ဆက်ပြီး စိုးမိုး နိုင်ဦးမလား ကြည့်ရသေးတာပေါ့ … ဟား … ဟား …"
ထျန်မင်ကျီက အော်ဟစ်၍ ရယ်မောလိုက်သည်။
"ဟမ့် …"
လဲ့ပိုထျန်းက လူသားကမ္ဘာမှ ကျင့်ကြံသူများကို ကြည့်ရင်း နှာခေါင်းရှုံ့ လိုက်၏။
"ငါတို့ ဓားနန်းတော်ကို မဖွင့်ခင် ဒီသေမျိုးတွေကို အရင် သတ်ပစ်တာ ပိုကောင်းလိမ့်မယ် … မဟုတ်ရင် သူတို့က ဝင်ရှုပ်ချင် ရှုပ်နေမှာ"
"ဟုတ်တယ် …"
စီရွှမ်နှင့် ဖန်ရှင်းတောင်ကြားမှ တန်ခိုးရှင်က ခေါင်းညိတ်လိုက်သည်။
"မင်း … မင်းတို့ ဘာလုပ် မလို့လဲ"
ချည်းကပ်လာသော ကောင်းကင်တံခါး ကျင့်ကြံသူများကို ကြည့်၍ အရှေ့တိုင်း၏ သိုင်းလောကသားများမှာ ကြောက်လန့် လာခဲ့ကြ၏။
"ဒီက ထွက်သွားစမ်း …"
လဲ့ပိုထျန်းက အော်ဟစ်ရင်း သူ၏ ဓားရှည်ကြီးကို ထုတ်ကာ လွှဲခုတ်လိုက်၏။
"ဘုန်း …"
ထိုဓားချက်၏ ဖြတ်သန်းမှုတွင် သိုင်းလောကသား ဆယ့်ရှစ်ယောက်၏ ခန္ဓာကိုယ်များ ထက်ပိုင်း ပြတ်သည်။
"သေကြစမ်းကွာ …"
စီရွှမ်ကလည်း အနက်ရောင် အရိပ်အသွင်သို့ ပြောင်းလဲကာ သိုင်းလောကသားများ အကြား တိုးဝင် သတ်ဖြတ်သည်။
တစ်ချိန်တည်းတွင်ပင် ဖန်ရှင်းတောင်ကြားမှ တန်ခိုးရှင်က ခရမ်းရောင် မီးတောက်များကို ထုတ်လွှတ်ကာ အရာရာအား လောင်ကျွမ်း ပြာချပစ်သည်။
ကောင်းကင်တံခါး ကျင့်ကြံသူများ၏ ပူးပေါင်း တိုက်ခိုက်မှုတွင် လူသားကမ္ဘာ၏ အထွတ်အထိပ် အဆင့်များပင် ခုခံနိုင်စွမ်း မဲ့ကာ အတုံးအရုံး သေဆုံးကြသည်။ တစ်ခဏ အတွင်းမှာပင် ချင်ချန်းတောင် အနောက်ကြော တစ်ခုလုံးကား သွေးများဖြင့် ချင်းချင်းနီ သွားခဲ့တော့သည်။
"ရပ်စမ်း …"
အဇူရာ နဂါးနှင့် အခြား တန်ခိုးရှင်များက တိုက်ပွဲအတွင်း ဝင်ရောက် လိုက်ကြ၏။ သူတို့ အနေဖြင့် အရှေ့တိုင်း သိုင်းလောကသားများ သေဆုံးနေသည်ကို မကြည့်ရက်တော့ချေ။
"ဟမ့် … မင်းတို့က သင်ခန်းစာ မရကြသေးဘူးပဲ … မင်းနှစ်ကောင်ကို သတ်ပြီးတဲ့ အချိန်ကျရင် ခွေးလို ပုန်းနေတဲ့ ချန်းပေ့ရွှမ်း ထွက်လာမလား ကြည့်ရသေးတာပေါ့"
လဲ့ပိုထျန်း၏ ဓားက အနက်ရောင် လျှပ်စီးနဂါး အသွင်သို့ ပြောင်းလဲကာ ရှဲ့ရန်နှင့် ဟွာရန်ဖန်း တို့ဆီသို့ တိုးဝင်သွား၏။
ဟွာရန်ဖန်းက ချက်ချင်းပင် အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်ကို ထုတ်သုံးကာ ရှဲ့ရန်ကလည်း ချန်းဖန် ပေးထားသည့် အနက်ရောင် သစ်သားဓားကို ထုတ်ယူကာ ခုခံလိုက်၏။
သို့သော်လည်း ကောင်းကင်တံခါးမှ ကျင့်ကြံသူ အရေအတွက်ကား သူတို့ထက် နှစ်ဆအထိပင် များပြားနေခဲ့သည်။
ဘုန်းတော်ကြီးနှင့် ဖန်ရှင်းတောင်ကြား ကျင့်ကြံသူတို့ တိုက်ပွဲအတွင်း ဝင်လာသည်နှင့် ဟွာရန်ဖန်းနှင့် ရှဲ့ရန်တို့မှာ နောက်သို့သာ တစ်ဆုတ်တည်း ဆုတ်နေရတော့သည်။
"စီနီယာ နှစ်ယောက် အန္တရာယ် ရှိနေပြီ"
ယုဝမ်ကျင်းက စိုးရိမ်တကြီး အော်ဟစ် လိုက်၏။
ယူကီရှီရိုဆာနှင့် အခြားလူများ၏ မျက်နှာများ သည်လည်း ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ရှဲ့ရန်နှင့် ဟွာရန်ဖန်းတို့ကို ကူညီချင်သော်လည်း အင်အားချင်းက ကွာခြားလွန်းသည်။
ထိုအချိန်၌ ရွှမ်လော့၊ ချမ်ရဲ့ရွှယ်နှင့် ထျန်းမင်ကျီ တို့ကမူ တိုက်ပွဲအား လှည့်ပင် မကြည့်ခဲ့ချေ။ သူတို့အတွက် သေမျိုးများ၏ အသက်က ပုရွက်ဆိတ်လောက်သာ အဖိုးတန်သည်။
"ဂီး …"
ရုတ်တရက် ကျယ်လောင်သော လင်းယုန်ငှက် အော်သံတစ်ခု ထွက်ပေါ်လာကာ ချင်ချန်းတောင် တစ်ခုလုံး တဆတ်ဆတ် တုန်လှုပ်သွား၏။
"ဒါက …"
လူတိုင်းက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကြီးမားသော လင်းယုန်ငှက်ကြီး တစ်ကောင်နှင့် လူငယ် တစ်ယောက်အား တွေ့ရသည်။ လူငယ်က အဖြူရောင် ကုတ် အင်္ကျီကို ဝတ်ဆင်ထားကာ သူ၏ မျက်လုံးများမှ ရွှေရောင် အလင်းများ လင်းလက် နေ၏။
ချန်းဖန်ကား ရောက်ရှိလာချေပြီ ဖြစ်သည်။
***