ပြိုင်ဘက်ကင်း
Vol. 7 Ch. 644
ပထမ၌ ရွှမ်လော့နှင့် ထျန်းမင်ကျီ တို့သည် ချန်းဖန်၏ ရောက်ရှိလာမှုကို ဂရုမစိုက်ပဲ ဓားနန်းတော်ကို ဖွင့်ရန်သာ အာရုံစိုက် နေခဲ့ကြသည်။ လူသားကမ္ဘာ၌ သူတို့၏ အာရုံ စူးစိုက်မှုနှင့် ထိုက်တန်သော ကျင့်ကြံသူ ရှိလိမ့်မည် မဟုတ်ဟု သူတို့ ယူဆခဲ့ကြသည်။
အကယ်၍ လဲ့ပိုထျန်း ရှုံးနိမ့်ခဲ့လျှင်ပင် တခြား တန်ခိုးရှင်များ ရှိသေးသည်။ ကောင်းကင်တံခါး တန်ခိုးရှင်များ၏ ပူးပေါင်း တိုက်ခိုက်မှုတွင် မည်သည့် တန်ခိုးရှင်အဆင့် မဆို သေရမည်မှာ သေချာသည်။
သို့သော်လည်း မမျှော်လင့်စွာပင် လဲ့ပိုထျန်းသည် လက်ဝါး တစ်ချက်တည်းနှင့် အသတ်ခံ လိုက်ရသည်။
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ …"
ရွှမ်လော့ပင်လျှင် ချန်းဖန်အား လှမ်းကြည့် လိုက်မိသည်။
ချမ်ရဲ့ရွှယ်၏ မျက်လုံးများတွင်မူ ထူးဆန်းမှု တစ်ခု ဖြတ်ပြေးသွား၏။ လဲ့ပိုထျန်းသည် သူတို့လောက် အစွမ်း မထက်သည့်တိုင် ခွန်ရှု့နယ်မြေ၏ အထူးချွန်ဆုံး လူငယ်များ အနက် တစ်ယောက် ဖြစ်သည်။
ထိုအချိန်၌ ထျန်းမင်ကျီမှာမူ အလွန်အမင်း ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ သူက ချန်းဖန်အား တင်းမာစွာ ကြည့်၍ ပြောလိုက်၏။
"မင်းက ငါ့ရှေ့မှာ ငါ့ညီလေးကို သတ်လိုက်တယ် … မင်းမှာ ငါ့အပေါ် လေးစားမှု မရှိဘူးလား"
သို့သော်လည်း ချန်းဖန်က သူ့အား လှည့်ပင် မကြည့်ခဲ့ချေ။ အခြား ကောင်းကင်တံခါး ကျင့်ကြံသူများကိုသာ စိုက်ကြည့်ရင်း အကဲခတ် နေခဲ့သည်။
"မင်းတို့ အထဲက စီရွှမ်ဆိုတဲ့ နွားက ဘယ်ကောင်လဲ"
ချန်းဖန်၏ အကြည့်များက အနက်ရောင် ဝတ်စုံဝတ် လူငယ်ဆီသို့ ရောက်သည်နှင့် ရပ်တန့်သွား၏။
"မင်းလား …"
စီရွှမ်ကား တစ်ကိုယ်လုံး တုန်ရီသည့် အထိ ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။
သူသည် မိန်ချင်းဂိုဏ်း၏ ပါရမီ အရှိဆုံး လုပ်ကြံသူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ထို့အပြင် သူသည် ရွှမ်လော့နှင့် သုံးကြိမ် တိုက်ခိုက်ခဲ့ဖူးပြီး ယခုအထိ အသက်ရှင်နေသေးသူ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်၏ ဖြစ်တည်မှုတွင် သူသည် ပုရွက်ဆိတ် တစ်ကောင်အလား သိမ်ငယ်စိတ် ခံစားနေရသည်။ ချန်းဖန်ကား သူရင်ဆိုင်ဖူး သမျှထဲ၌ ကြောက်ဖို့ အကောင်းဆုံး ဖြစ်ကြောင်း သူ၏ လုပ်ကြံသူ သဘာဝက အသိပေးနေခဲ့သည်။
"မဖြစ်ဘူး … ပြေးမှပဲ"
စီရွှမ်က ချက်ချင်းပင် ဆုံးဖြတ်ချက် ချကာ အနက်ရောင် အလင်းတစ်ခု အသွင် ပြောင်းလဲ၍ ထွက်ပြေးတော့၏။
"ခရက် …"
သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ မိုးကောင်းကင်သို့ အစက်အပြောက် တစ်ခုအလား ထိုးတက်သွားသည်။
"ဟမ့် …"
ချန်းဖန်က နှာခေါင်းရှုံ့ကာ ခြေတစ်လှမ်း လှမ်းလိုက်၏။ သူ၏ ခြေလှမ်းက အလွန် နှေးကွေးပြီး ပျင်းရိနေပုံပင် ပေါ်သည်။
"ခရက် …"
သို့သော်လည်း ထိုခြေတစ်လှမ်းတွင်ပင် သူသည် လေဟာနယ်ကို ကျော်ဖြတ်၍ စီရွှမ်၏ အရှေ့သို့ ရောက်သည်။
"သေလိုက် …"
မိန်ချင်းဂိုဏ်း၏ ထိပ်တန်း လုပ်ကြံသူ အနေဖြင့် စီရွှမ်သည် အလွန် တည်ငြိမ်၏။ သူက ဓားမြောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ချန်းဖန်အား တိုက်ခိုက်လိုက်၏။
"ဝိညာဉ် ချုပ်နှောင် အစီအရင် …"
ထိုအရာကား မိန်ချင်းဂိုဏ်း၏ အစွမ်း အထက်ဆုံး လုပ်ကြံခြင်း နည်းစနစ် ဖြစ်သည်။ ထို့အပြင် သူ၏ ဓားမှာ မိန်ချင်းဂိုဏ်း၏ လျှို့ဝှက် ဝိညာဉ်လက်နက် တစ်ခု ဖြစ်သည်။ ထိုဓားသည် အရှားပါးဆုံး သတ္တု တစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ မြေကမ္ဘာ အဆင့်၏ ခန္ဓာကိုယ်ကိုပင် ထိုးဖောက်နိုင်သည်။
ပထမဆုံး တိုက်ခိုက်မှုတွင်ပင် စီရွှမ်သည် သူ၏ အစွမ်းအထက်ဆုံး ဓားနှင့် နည်းစနစ်ကို ချက်ချင်း ထုတ်သုံးခဲ့သည်။ ထို့အပြင် သူ၏ အသက်ဓာတ် အဆီအနှစ် တစ်ဝက်ခန့်ကိုပါ တိုက်ခိုက်မှု၌ ပေါင်းထည့် ထားခဲ့သည်။
"ကလန့် …"
ဓားက ချက်ချင်းပင် အသံ၏ ငါးဆကို ကျော်လွန်ကာ ချန်းဖန်၏ ရင်ဘတ် ရှိရာသို့ တိုးဝင်သွား၏။ သို့သော်လည်း ချန်းဖန်က ထိုဓားကို ဂရုစိုက်ပုံ မရပဲ လက်ဖြင့် စီးဖမ်းလိုက်သည်။
"သူက သေချင်နေလို့ ငါ့ဓားကို ဖမ်းရဲတာ"
စီရွှမ်မှာ ချန်းဖန်၏ ရူးမိုက်သော အပြုအမူကို ကြည့်ကာ ကြိတ်၍ ဝမ်းသာ သွားမိသည်။
"ကလန့် …"
သို့သော် သူဝမ်းသာ၍ မဆုံးခင်မှာပင် ချန်းဖန်က ဓားကို ဖမ်းယူ၍ ထက်ပိုင်းချိုး ပစ်လိုက်သည်။
"ဘယ် … ဘယ်လို ဖြစ်နိုင်မှာလဲ"
စီရွှမ်၏ မျက်လုံးများကား မယုံကြည်နိုင်မှုကြောင့် ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။
သူ၏ ဓားကား မိန်ချင်းဂိုဏ်း၏ ရတနာ ဖြစ်ကာ "နတ်ဘုရားသတ်ဓား" ဟုပင် အမည်တွင်သည့် ဓားဖြစ်သည်။
ခွန်ရှု့ နယ်မြေတွင်ပင် … ခန္ဓာကိုယ် သန့်စင်မှု အမြင့်မားဆုံး ပုဂ္ဂိုလ်ဟု ဆိုနိုင်သည့် မိုးကြိုးတောင်၏ ဂိုဏ်းချုပ် "ဆင်နတ်ဘုရား" သာ ထိုဓားအား ထိခိုက်မှု မရှိပဲ ခုခံနိုင်သည်။
"သူက မဟာ ဧကရာဇ်ကောင်ရဲ့ ခန္ဓာကို အောင်မြင်ထားတာလား … မဖြစ်နိုင်ဘူး … ဆင်နတ်ဘုရားတောင် အဲဒီ ကျင့်စဉ်ကို မြေကမ္ဘာ အထွတ်အထိပ် ကောင်းကင် တန်ခိုးရှင် တစ်ပိုင်းဖြစ်မှ အောင်မြင်ခဲ့တာလေ … သူက အခုမှ တန်ခိုးရှင် အဆင့်ပဲ ရှိသေးတာ"
စီရွှမ် ကြောက်လန့်တကြား တွေးတော နေချိန်မှာပင် ချန်းဖန်၏ လက်ဝါးက သူ့အပေါ် ပိကျလာ၏။
"ဘုန်း …"
စီရွှမ်ကား ခုခံရန် အခွင့်အရေး အနည်းငယ်ပင် မရခဲ့ချေ။
ထိုလက်ဝါးချက်၌ … သူ၏ ခန္ဓာကိုယ် ပျက်စီးရသည့် အပြင် နတ်ဘုရား စိတ်ဝိညာဉ်ပါ လွတ်မြောက်ခဲ့ခြင်း မရှိချေ။
"ငါးမိနစ် …"
ချန်းဖန်သည် ချင်ချန်းတောင်သို့ စတင် ရောက်ရှိလာသည့် ငါးမိနစ် အတွင်းမှာပင် ကောင်းကင်တံခါး ကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ် ပစ်လိုက်ပြီ ဖြစ်သည်။
"စီရွှမ် သေပြီ …"
ကောင်းကင်တံခါး ကျင့်ကြံသူများ၏ မျက်နှာများကား လုံးဝ ဆွတ်ဆွတ်ဖြူ နေခဲ့ပြီ ဖြစ်သည်။ ထိုအရာမှာ လွန်ခဲ့သည့် ငါးမိနစ် အရှေ့တိုင်း သိုင်းလောက သားများကို ဆက်ဆံခဲ့သည့် အမူအရာများနှင့် ဆန့်ကျင်ဘက်ပင်။
"သူလည်း တစ်ကွက်တောင် မခုခံနိုင်ဘူးလား"
လဲ့ပိုထျန်းနှင့် စီရွှမ်တို့သည် တန်ခိုးရှင် အလယ်ဆင့်များ ဖြစ်ကြပြီး ကမ္ဘာပေါ်ရှိ တန်ခိုးရှင် ထိပ်ဆုံး အဆင့်များကဲ့သို့ အစွမ်းထက်သည်။ သို့သော်လည်း သူတို့ကား ချန်းဖန် အတွက် ယင်ကောင်များနှင့် မခြားနားခဲ့ချေ။
"ချန်းပေ့ရွှမ်းက ကမ္ဘာ့ အစွမ်းအထက်ဆုံး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် ထိုက်တန်တာပဲ"
ဂုရုကြီး ဂုဂျာနှင့် အိုင်းမဟာ ဘုရားကျောင်း၏ ကောင်းကင်သခင် တို့က ခေါင်းညိတ် လိုက်ကြသည်။
"မင်း …"
ထျန်းမင်ကျီကား အလွန် ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ သူ၏ တားဆီးမှုတွင်ပင် ချန်းဖန်က ဂရုမစိုက်ပဲ စီရွှမ်ကိုပါ ထပ်မံ သတ်ဖြတ်ခဲ့သည်။ ထိုအရာက သူ့အား စော်ကားလိုက်ခြင်းပင်။
"ချန်းပေ့ရွှမ်း … ငါမင်းတို့ လူသားကမ္ဘာက လူတွေ အားလုံးကို သတ်ပြီး ငါ့ညီအတွက် လက်စားချေမယ်"
ထျန်းမင်ကျီက အော်ဟစ် ပြောလိုက်၏။ သို့သော်လည်း ချန်းဖန်က သူ့အား ဂရုမစိုက်ပဲ ဘုန်းကြီးဘက်သို့ လှည့်လိုက်သည်။
"မင်းက ငါတို့ အရှေ့တိုင်းရဲ့ လူတွေကို သတ်တာလား"
"ငါ …"
ဘုန်းကြီးကား ပထမဆုံး အကြိမ် အဖြစ် ကြောက်လန့်မှုကို ခံစားနေရသည်။ ဘေးမှ ကြည့်ပါက သူ၏ တဆတ်ဆတ် တုန်နေသော လက်များ ခြေများကိုပင် မြင်နိုင်သည်။
"ငါတို့ အရှေ့တိုင်းက လူတွေကို သတ်တဲ့ ဘယ်သူမဆို သေရမယ်"
ချန်းဖန်က ပြောရင်း လက်ဝါးကို မြောက်ကာ ဘုန်းကြီးအား ရိုက်ချလိုက်၏။
"အား …"
ဘုန်းကြီးက မဟာမိုးကြိုး သန့်စင်ခြင်း နည်းစနစ်ကို ထုတ်သုံးလိုက်၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က စတီးအလား မာကျော လာကာ သူ၏ အရိုးများမှ မိုးကြိုး သံများပင် ထွက်ပေါ်လာသည်။
ဘုန်းကြီးသည် ခန္ဓာကိုယ် ကျင့်ကြံခြင်း၌ မြေကမ္ဘာ အဆင့်နှင့် အလွန် နီးကပ်နေပြီ ဖြစ်ပြီး အမှောင်မြို့စား၏ အဆင့်ကိုပင် ကျော်လွန် နေခဲ့သူ ဖြစ်သည်။ သူသည် ထိုခန္ဓာ တစ်ခုဖြင့်ပင် ကမ္ဘာပေါ်ရှိ တန်ခိုးရှင်တိုင်းထက် ပို၍ အစွမ်းထက် သည်။
"သေလိုက်စမ်း …"
ချန်းဖန်၏ မျက်လုံး နှစ်ဖက်၌ ရွှေရောင် အလင်းများက ပို၍ တောက်ပလာ၏။ တစ်ချိန်တည်း၌ သူ၏ လက်ဝါးကလည်း သလင်းကျောက် အလား ပို၍ ကြည်လင် လာသည်။
"ဘုန်း …"
ချန်းဖန်က ဘုန်းကြီးထံသို့ တိုးဝင်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ဘုန်းကြီးသည် ချန်းဖန်၏ တိုက်ခိုက်မှုအား ရှောင်တိမ်းရန် မကြိုးစားပဲ သူ၏ လက်ဝါးကို ဖြည်းညင်းစွာ မြှောက်၍ ခုခံလိုက်သည်။
"ဘုန်း …"
လူရိပ်နှစ်ခုက ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ရုတ်တရက် ခွဲလိုက်ကြသည်။
"သူ ချန်းပေ့ရွှမ်းရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်လိုက်တာလား …"
ကောင်းကင်တံခါး ကျင့်ကြံသူများက မတ်တတ်ရပ် နေဆဲ ဖြစ်သော ဘုန်းကြီးအား ကြည့်လိုက်ကြ၏။ ကြည့်ရသလောက် ဆိုလျှင် ဘုန်းကြီး၏ ပုံစံက ဒဏ်ရာပင် ရခဲ့ပုံ မပေါ်ချေ။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ဘုန်းကြီးက လက်အုပ်ချီရင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။
"နောက်ဘဝမှာ ဗောဓိသာ ဖြစ်လာခဲ့ရင် ငါ့ခန္ဓာက ချို့ယွင်းချက် ကင်းမဲ့ပြီး ငြိမ်းချမ်းတဲ့ နေ့ရက်တွေမှာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းတယ် …"
ရုတ်တရက် သူ၏ မျက်နှာ၌ အက်ရာ တစ်ခု ပေါ်ထွက်လာ၏။
"ခရက် …"
ခဏအတွင်းပင် အက်ကြောင်းက သူ၏ ခန္ဓာကိုယ် အနှံ့သို့ ဖြန့်ကျက်ကာ ရွှေရောင် အလင်းများ ဖြာထွက်လာသည်။
"ဘုန်း …"
နောက်ဆုံး၌ ဘုန်းကြီး၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ ရွှေရောင် အမှုန်အမွှားများ အဖြစ် လေနှင့်အတူ လွင့်ပါသွားရ တော့၏။
ကောင်းကင်တံခါးမှ တန်ခိုးရှင် အားလုံးကား ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။ ထျန်းမင်ကျီ ပင်လျှင် ချန်းဖန်အား ကြည့်ရင်း တုန်ရီ လာခဲ့သည်။
သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်သည်။
"မင်းလည်း ငါတို့ အရှေ့တိုင်းက လူတွေကို သတ်တာလား"
ချန်းဖန်၏ ခန္ဓာကိုယ်က ဖန်ရှင်း တောင်ကြား တန်ခိုးရှင်၏ အရှေ့၌ ပြန်ပေါ်လာ၏။
ဖန်ရှင်းတောင်ကြား တန်ခိုးရှင်က ချက်ချင်းပင် ချန်းဖန်အား သူ၏ အစွမ်းအထက်ဆုံး "ခရမ်းရောင် မီးဝိညာဉ် ခန္ဓာ" ကို သုံး၍ တိုက်ခိုက်သော်လည်း အသုံး မဝင်ခဲ့ချေ။
ချန်းဖန်က တစ်ခဏ အတွင်းမှာပင် သူ့အား ရွှေရောင်လီ မီးတောက် မျက်လုံးဖြင့် ပြာချပစ်လိုက်သည်။
"မင်းလည်း ငါတို့ အရှေ့တိုင်းရဲ့ လူတွေကို သတ်တာလား …"
ချန်းဖန်က ကောင်းကင်တံခါး တန်ခိုးရှင်များအား တစ်ယောက်ပြီး တစ်ယောက် ဆက်လက် သတ်ဖြတ်၏။ သူကား အကုန်လုံး သေမှ ရပ်တန့်မည့် ပုံပင်။
သိပ်မကြာခင်မှာပင် ကောင်းကင်တံခါး ကျင့်ကြံသူ သုံးဆယ်ခန့်ကား ချန်းဖန်၏ သတ်ဖြတ်မှုတွင် သေဆုံး သွားခဲ့ပြီ ဖြစ်သည်။
"သူက … တကယ်ပဲ မြေကမ္ဘာ နတ်ဘုရားထက် ပိုပြီး အစွမ်းထက်တာပဲ"
တာအိုတန်ခိုးရှင် ချန်ခွန်းက တုန်ရီစွာ ရေရွတ်လိုက်၏။
ထိုအချိန်မှာပင် ထျန်းမင်ကျီက ရှေ့သို့ တိုးကာ အော်ဟစ်လိုက်၏။
"ချန်းပေ့ရွှမ်း … မင်း အရမ်းလွန်နေပြီ"
***