ရန်သူများအား အနိုင်ယူခြင်း
Vol. 7 Ch. 645
ထျန်းမင်းကျီသည် ချန်းဖန်အား ထိတ်လန့် နေမိသလို တစ်ဖက်မှလည်း ဒေါသ အကြီးအကျယ် ထွက်နေမိသည်။ ချန်းဖန်သည် သူ၏ ရှေ့တွင် တန်ခိုးရှင် အဆင့် ငါးယောက် အပါအဝင် ကောင်းကင်တံခါး ကျင့်ကြံသူ သုံးဆယ်ခန့်ကို သတ်ဖြတ်ပစ်ခဲ့သည်။
ထိုအရာက ခွန်ရှု့နယ်မြေ၏ အကြီးမားဆုံး ဆုံးရှုံးမှုကြီး ဖြစ်သည်။ အကယ်၍ ခွန်ရှု့ နယ်မြေသို့ ပြန်ရောက်ပါက မြေကမ္ဘာ အဆင့်များကို သူ မည်ကဲ့သို့ ရှင်းပြရမည်မှန်း မသိတော့ချေ။
"စောင့်ကြည့်နေပေါ့ကွာ … မင်းကို သတ်ပြီးတာနဲ့ မြောက်ပိုင်းချုံးရဲ့ လူတွေကို သတ်မယ် … မင်းရဲ့ မိသားစုတွေကို သတ်မယ် … ငါ့ ညီနဲ့ ကျဆုံးသွားတဲ့ ကောင်းကင်တံခါး ကျင့်ကြံသူတွေ အတွက် မင်းတို့ရဲ့ သွေးတွေနဲ့ ပြန်ပူဇော်ပေးမယ်"
ထျန်းမင်ကျီက ဒေါသတကြီး ပြောလိုက်၏။
"ဟမ် …"
ထျန်းမင်ကျီသည် အရှေ့တိုင်း သိုင်းလောက သားများအား တိုက်ခိုက်သူများတွင် မပါဝင်ရာ ချန်းဖန် အနေဖြင့် တစ်ခုခုလုပ်ရန် စိတ်ကူး မရှိခဲ့ချေ။
ချန်းဖန်သည် လူတစ်ယောက်အား အကြောင်းမဲ့ သတ်ဖြတ်တတ်သူ မဟုတ်ချေ။ ထျန်းမင်ကျီ သူ့ကို ဝင်မရှုပ်သရွေ့ သူကလည်း အာရုံစိုက်မည် မဟုတ်ချေ။
သို့သော်လည်း ယခုတွင်မူ ထျန်းမင်ကျီက မြောက်ပိုင်းချုံးဂိုဏ်းနှင့် သူ၏ မိသားစုကိုပင် ခြိမ်းခြောက် နေခဲ့ချေပြီ။
"မင်းက ကိုယ့်သေလမ်း ကိုယ်ဖောက်တာပဲ"
ချန်းဖန်က သတ်ဖြတ် နေရာမှ ရပ်ပြီး ထျန်းမင်ကျီအား အေးစက်စွာ ကြည့်လိုက်၏။
ထျန်းမင်ကျီသည် ချန်းဖန်အား ထိတ်လန့်မိသည့်တိုင် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်အဝ ရှိသည်။
သူသည် ခွန်ရှု့ နယ်မြေ၏ ပါရမီ အပါဆုံး လူငယ် တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူသည် အဆင့်မြင့် မိုးကြိုးဝိညာဉ် ရင်းမြစ်ဖြင့် မွေးဖွားလာသူ ဖြစ်ကာ သေမျိုး နတ်ဘုရားကိုပင် သတ်နိုင်သည်။
ခွန်ရှု့ နယ်မြေ၏ မရေမတွက်နိုင်သော တန်ခိုးရှင်များတွင်ပင် လျှို့ဝှက် အဇူရာ ဂိုဏ်း၏ သခင်လေး ရွှမ်လော့နှင့် နှင်းနတ်ဘုရား နန်းတော်မှ ချမ်ရဲ့ရွှယ် နှစ်ယောက်သာ သူအား ယှဉ်ပြိုင်နိုင်သည်။
"သတိထားပါ အရှင်ချန်း … ထျန်းမင်ကျီက ကောင်းကင် မိုးကြိုးကို ထိန်းချုပ်နိုင်ပြီး မြေကမ္ဘာအဆင့် ခန္ဓာကိုယ်ကို ရရှိထားပြီးပြီလို့ ကျွန်တော် ကြားဖူးတယ် … နောက်ပြီး သူက လေမိုးကြိုး တောင်ပံများလို့ ခေါ်တဲ့ နတ်ဘုရား စွမ်းအားကိုလည်း ကျင့်ကြံ ထားတယ်တဲ့"
အဇူရာ နဂါးက ချန်းဖန်အား သတိပေးလိုက်၏။
"ဟားဟား … ခုမှ အဲဒါတွေ ပြောနေလို့ အသုံး မဝင်တော့ဘူး … မင်းတို့ ကောင်တွေ နတ်ဘုရား စွမ်းအားဆိုတာ ဘာလဲ ဆိုတာရော သိရဲ့လား"
ထျန်းမင်ကျီက အော်ဟစ် ရယ်မော လိုက်သည်။
"ဘုန်း …"
ရုတ်တရက် သူ၏ နောက်ကြော၌ အတောင်ပံ တစ်စုံ ထွက်ပေါ်လာ၏။ ထိုအတောင်ပံသည် မီတာ အနည်းငယ် ရှည်လျားကာ အဇူရာ အလင်းများဖြင့် တောက်ပနေ၏။
"ဘုန်း …"
ထျန်းမင်ကျီက အတောင်ပံကို ခတ်ရင်း လေပေါ်သို့ ပျံတက်ရာ မိုးကြိုးသံများနှင့် လေပွေဝဲများပင် ဖြစ်ပေါ်လာသည်။ ထို့နောက် ထျန်းမင်ကျီက အဇူရာအလင်း အသွင် ပြောင်းလဲကာ ချန်းဖန်ထံသို့ အသံ၏ နှစ်ဆ အမြန်နှုန်းဖြင့် ပြေးဝင် သွားတော့သည်။
"လေမိုးကြိုး တောင်ပံများ …"
ထိုအရာကား ကောင်းကင်မိုးကြိုးဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ် တစ်ခု ဖြစ်သည်။ သို့သော်လည်း ကောင်းကင်မိုးကြိုးဂိုဏ်း၏ သမိုင်း တစ်လျှောက်လုံး၌ ထိုကျင့်စဉ်ကို ကျင့်ကြံနိုင်သူ ဟူ၍ ငါးယောက်သာ ရှိခဲ့သည်။
ထျန်းမင်ကျီ ရွှမ်လော့၊ ချမ်ရဲ့ရွှယ် တို့ကို ယှဉ်နိုင်ရသည့် အဓိက အကြောင်းရင်းမှာလည်း "လေမိုးကြိုး တောင်ပံများ" ကျင့်စဉ်ကို အောင်မြင်ခဲ့သောကြောင့်သာ ဖြစ်သည်။
"သေစမ်း …"
ထျန်းမင်ကျီက ချန်းဖန်အား လက်သီးဖြင့် ထိုးလိုက်၏။ ထိုလက်သီးသည် မည်သည့် နည်းစနစ်ကိုမှ သုံးထားခြင်း မရှိပဲ ကောင်းကင် စွမ်းအားများသာ ပါဝင်သည်။
"ဟူး …"
သို့သော်လည်း ထိုလက်သီးက လေကိုသာ ထိုးမိသည်။ ချန်းဖန်သည် ရုတ်တရက်ပင် သူ၏ ရှေ့မှ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
"ဘာလဲ …"
ထျန်းမင်ကျီမှာ အနည်းငယ် လန့်ဖျပ် သွားမိ၏။ သူက ပတ်ပတ်လည်သို့ လှည့်ပတ် ကြည့်လိုက်ရာ သူ၏ ဘယ်ဘက် ဆယ်ပေ အကွာ၌ အေးဆေးစွာ ရပ်နေသော ချန်းဖန်အား တွေ့လိုက်ရသည်။
"မင်းရဲ့ လေမိုးကြိုးတောင်ပံက တော်တော်လေး အားနည်းတဲ့ နတ်ဘုရား စွမ်းအားပါလားကွ … တကယ်လို့ မင်းရဲ့ လေမိုးကြိုး နှစ်ထပ် ဝိညာဉ် ရင်းမြစ် ကြောင့်သာ မဟုတ်ရင် မင်းက အဲဒီ အသုံးမကျတဲ့ နတ်ဘုရား စွမ်းအားကိုတောင် အောင်မြင်အောင် ကျင့်ကြံနိုင်မှာ မဟုတ်ဘူး"
ကျင့်ကြံခြင်း လောက၌ ကျင့်ကြံသူများ အတွက် ထောင်ချီသော သဘာဝ လက်ဆောင်များ ရှိသည်။ ထိုအထဲ၌ ဝိညာဉ်ရင်းမြစ်များနှင့် ဝိညာဉ် ခန္ဓာကိုယ်များလည်း အပါအဝင် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် မူလအဆင့် ခန္ဓာကိုယ်နှင့် မွေးဖွားလာပါက မူလအဆင့် (မြေကမ္ဘာ အဆင့်)ကို လွယ်ကူစွာ တက်လှမ်းနိုင်သည်။ ဥပမာ သမန်းဝံပုလွေ၊ သွေးမျိုးဆက်များ ကဲ့သို့ အမှောင်မျိုးဆက်များ၊ ဝိညာဉ် သားရဲများမှာ မူလအဆင့် ခန္ဓာဖြင့် မွေးဖွားလာသူများ ဖြစ်သည်။ သူတို့အား မူလသက်ရှိများဟု ခေါ်သည်။
ဝိညာဉ် ခန္ဓာကိုယ်များနှင့် ယှဉ်ပါက ဝိညာဉ် ရင်းမြစ်များမှာ အားနည်းသည်။ ဝိညာဉ် ရင်းမြစ် ဆိုသည်မှာ ကမ္ဘာ၏ ချီနှင့် ဆက်သွယ် ပေးနိုင်သော ဝိညာဉ် သွေးကြောများ ပိုင်ဆိုင် ထားခြင်းကို ဆိုလိုသည်။ ထျန်းမင်ကျီသည် အဆင့်မြင့် ဝိညာဉ်ရင်းမြစ်ထက် ပိုမို အစွမ်းထက်သည့် နှစ်ထပ် ဝိညာဉ် ရင်းမြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
"ဘုန်း …"
ထျန်းမင်ကျီက လေထဲတွင်ပင် ခန္ဓာကိုယ်အား လှည့်၍ အဇူရာအရိပ် အသွင် ပြောင်းလဲကာ ချန်းဖန်ထံသို့ ဒုတိယ အကြိမ် ပြေးဝင် သွားပြန်၏။
သူ၏ အတောင်ပံနှစ်ဖက် ကလည်း အဇူရာ ဓားအလင်း နှစ်ခုအဖြစ် ပြောင်းလဲကာ ချန်းဖန်အား ခုတ်ထစ်သည်။ ထိုဓားအလင်းများကား အလွန်ပင် ထက်ရှကာ စစ်သင်္ဘောကြီး တစ်စင်းကိုပင် ထက်ဝက် ပိုင်းပစ် နိုင်လောက်သည်။
"ထျန်းမင်ကျီကတော့ ထိန်းမရတော့ဘူး"
ရွှမ်လော့က ဆိုလိုက်၏။
"သူတို့ နှစ်ယောက်ထဲက ဘယ်သူ နိုင်မယ်လို့ နင်ထင်လဲ"
ချမ်ရဲ့ရွှယ်က မေးလိုက်သည်။
"မြေကမ္ဘာအဆင့် မဟုတ်ရင် ထျန်းမင်ကျီကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး … ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ သခင်လေး အနေနဲ့ လေမိုးကြိုး တောင်ပံက သူ့ရဲ့ တစ်ခုတည်းသော ဝှက်ဖဲ မဟုတ်ဘူး"
ရွှမ်လော့ ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။
"ကောင်းပြီလေ … ငါကတော့ ချန်းပေ့ရွှမ်း နိုင်တဲ့ဘက်က လောင်းမယ်"
ချမ်ရဲ့ရွှယ်က ချန်းဖန်အား ကြည့်ရင်း ပြောလိုက်သည်။
သူမ၏ စိတ်တွင်မူ လုယန်ရွယ်ဟု ခေါ်သော ဂိုဏ်းတူ ညီမလေး၏ ပုံရိပ်က ဖျတ်ခနဲ ပေါ်လာခဲ့၏။
"လုယန်ရွယ်က သူ့မှာယောက်ျား ရှိတယ်လို့ ငါ့ကို ပြောဖူးတယ် … သူ့နာမည်က ချန်းပေ့ရွှမ်းလို့ ခေါ်ပြီးတော့ အထွတ်အထိပ် အဆင့်နဲ့တင် တန်ခိုးရှင် အဆင့်ကို ရင်ဆိုင်နိုင်တယ်တဲ့ … အဲဒါက သူဖြစ်နေမလား"
ချမ်ရဲ့ရွှယ်က ချန်းဖန်အား စူးစိုက် ကြည့်လိုက်မိ၏။
တစ်ချိန်တည်းတွင်ပင် ချန်းဖန်နှင့် ထျန်းမင်ကျီတို့၏ တိုက်ပွဲကား ပြင်းထန် နေခဲ့ပြီ ဖြစ်သည်။
"ကလန့် …"
အဇူရာ ဓားများက တိုက်လေယာဉ်များ အလား ပျံသန်းရင်း ချန်းဖန်အား ခုတ်ထစ်ကြ၏။
တစ်ချိန်တည်းတွင်ပင် ထျန်းမင်ကျီက အလင်းတန်း အသွင်သို့ ပြောင်းလဲကာ တိုးဝင် တိုက်ခိုက်သည်။ သူသည် မြေကမ္ဘာအဆင့် ခန္ဓာကိုယ်ကို ရရှိထားပြီး မူလအဆင့်သို့ ခြေတစ်လှမ်း ဝင်နေသူ ဖြစ်ရာ မြေကမ္ဘာအဆင့် မဝင်ခင်ရဲ့ ချင်စန်းလောက် အစွမ်းထက် နေခဲ့၏။
"မင်းရဲ့ နတ်ဘုရား စွမ်းအားက အရမ်း အားနည်းတယ်လို့ ငါမပြောဘူးလား"
ချန်းဖန်က ခေါင်းခါရင်း အင်္ကျီလက်ကို တစ်ချက် ခါယမ်းလိုက်၏။
"ဘုန်း …"
ရုတ်တရက် မိုးကြိုးသံများ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းတွင်ပင် ချန်းဖန်၏ လက်မှ ရွှေရောင် အလင်းတစ်ခုက ထွက်ကာ လေမိုးကြိုး တောင်ပံကို ဖြတ်သန်း၍ ထျန်းမင်ကျီ၏ လက်သီးအား ထိသည်။
"ဘုန်း …"
ထျန်းမင်ကျီ၏ ခန္ဓာကိုယ်မှာ ဧရာမ တောင်ကြီးနှင့် ရိုက်မိသည့် အလား နောက်သို့ မီတာရာချီအောင် လွင့်စဉ် သွားတော့၏။
"ဘာလဲ …"
ရွှမ်လော့ အပါအဝင် လူတိုင်းကား အေးခဲ နေကြပြီ ဖြစ်သည်။ သူတို့သည် ထျန်းမင်ကျီ လွင့်စဉ် မသွားခင် အချိန်အထိ ချန်းဖန်၏ လှုပ်ရှားမှု တစ်စုံတစ်ရာကိုပင် မတွေ့လိုက်ရချေ။
ထိုအချိန်မှာပင် ထျန်းမင်ကျီက လူးလဲကာ ထလာ၏။ သူ၏ အတောင်ပံ နှစ်ဖက်တွင်မူ လက်ဘက်ရည်ခွက်စာ အပေါက် နှစ်ခု ဖြစ်ပေါ် နေခဲ့ပြီ ဖြစ်သည်။ ထို့အတူ သူ၏ ပခုံးတွင်လည်း သေးငယ်သော အပေါက်တစ်ခု ဖြစ်ပေါ် နေခဲ့သည်။
"မဖြစ်နိုင်ဘူး … မြေကမ္ဘာ အဆင့်တောင် ထျန်းမင်ကျီရဲ့ အတောင်ပံကို ဒဏ်ရာရအောင် မတိုက်ခိုက်နိုင်ဘူး … ချန်းပေ့ရွှမ်းက ဓမ္မ ရတနာ ဒါမှမဟုတ် အခြား နတ်ဘုရား စွမ်းအား တစ်ခုကို သုံးနေတာလား"
ရွှမ်လော့က အလေးအနက် အမူအရာဖြင့် ဆိုလိုက်၏။
ချမ်ရဲ့ရွှယ်မှာလည်း ချန်းဖန် အနိုင်ရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ သူမ ချန်းဖန်အား အားပေးခဲ့သည့် အဓိက အကြောင်းရင်းမှာ လုယန်ရွယ် ကြောင့်သာ ဖြစ်သည်။
"ငါ မင်းကို သတ်မယ် …"
ထျန်းမင်ကျီ၏ မျက်လုံးများကား ဒေါသဖြင့် ရဲရဲနီ နေခဲ့ပြီ ဖြစ်လေသည်။
သူသည် ယခုကဲ့သို့ အရှက်ကွဲမှုမျိုးအား တစ်ကြိမ်မျှ မကြုံတွေ့ ခဲ့ဖူးချေ။ ယခု အချိန်၌ သူ၏ စဉ်းစား ချင့်ချိန်မှု အားလုံးမှာ လွင့်ပြယ် သွားခဲ့ပြီ ဖြစ်သည်။
သူ သိသည့် တစ်ခုတည်းသော အရာကား ချန်းဖန်အား သတ်ရန်ပင်။
"ကလန့် …"
ထျန်းမင်ကျီက အိုမင်းနေသော ကြေးရောင် လက်နက်ကို ထုတ်ယူလိုက်၏။
"ကောင်းကင်မိုးကြိုးဂိုဏ်းက သူ့ကို မိုးကြိုး ကျိုင်းတုတ် ပေးလိုက်တာပဲ … အဲဒါက အဆင့်မြင့် ဝိညာဉ် လက်နက်လို့ ငါကြားဖူးတယ်"
ကောင်းကင်တံခါး ကျင့်ကြံသူများက ထျန်းမင်ကျီ၏ လက်နက်အား ကြည့်ရင်း တအံ့တဩ ဆိုလိုက်ကြသည်။
"မိုးကြိုးကျိုင်းတုတ်က ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ အစွမ်း အထက်ဆုံး ဓမ္မ ရတနာ တစ်ခုပဲ … အဲဒါက မြေကမ္ဘာ အဆင့်ကိုတောင် သတ်ဖြတ်နိုင်တယ် … ချန်းပေ့ရွှမ်းတော့ သေပြီပဲ"
ရွှမ်လော့က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဘုန်း …"
ဓမ္မ ရတနာ ထွက်ပေါ်လာသည်နှင့် ထျန်းမင်ကျီ၏ ခွန်အားက ထိုးတက်သွား၏။ မိုးကြိုးများ၏ သူ၏ အနောက်၌ ပြိုးပြိုးပြက်ပြက် လင်းလက်လာကာ ကောင်းကင်၌ ပင်လယ်ကြီး သဖွယ် ဖွဲ့တည်သည်။
ယခု အချိန်၌ မိုးကြိုး ပင်လယ်ကို ထိန်းချုပ်၍ ကောင်းကင်တွင် ရပ်နေသော ထျန်းမင်ကျီကား မိုးကြိုး နတ်ဘုရား ဇုအလား ပြောင်းလဲသွားပြီ ဖြစ်သည်။
"မင်းကို ငါသတ်မယ် …"
ထျန်းမင်ကျီက ကြုံးဝါး အော်ဟစ် လိုက်သည်။
"ဘုန်း …"
တစ်ချိန်တည်းတွင်ပင် အဇူရာ လျှပ်စီးအလင်းများက နှစ်ဆယ့် ငါးပေ အရှည်ရှိသော နဂါးကြီး အသွင်သို့ ပြောင်းလဲကာ ချန်းဖန်အား ဝါးမြိုသည်။
"ချန်းပေ့ရွှမ်းမှာ သေမှာ သေချာတယ်"
"အဲဒါက ကောင်းကင်မိုးကြိုးဂိုဏ်းက ဓမ္မ ရတနာလား … အရမ်း အစွမ်းထက်တာပဲ … မြေကမ္ဘာ အဆင့်ပဲ အဲ့လို တိုက်ခိုက်မှုမျိုးကို ခုခံ နိုင်လိမ့်မယ်"
"ငါတို့ ညီအစ်ကိုတွေ အတွက် ပြန်လက်စား ချေနိုင်ပြီကွ …"
ကောင်းကင်တံခါး ကျင့်ကြံသူများကား ထျန်းမင်ကျီ၏ တိုက်ခိုက်မှုကို ကြည့်ရင်း အောင်ပွဲပင် ခံနေကြပြီ ဖြစ်သည်။ ထိုသို့သော တိုက်ခိုက်မှုအား မြေကမ္ဘာ နတ်ဘုရားက လွဲ၍ ခုခံနိုင်မည် မဟုတ်ချေ။
ထိုအချိန်မှာပင် ချန်းဖန်က အမူအရာ ကင်းမဲ့စွာဖြင့် သူ၏ လက်အား ဖြည်းညင်းစွာ မြှောက်လိုက်၏။
"ဒီတိုက်ခိုက်မှုကို ခုခံနိုင်ရင် … မင်းကို သွားခွင့်ပေးမယ်"
စကားဆုံးသည်နှင့် ချန်းဖန်က လက်သီးအား ဆုပ်၍ ထိုးချ လိုက်တော့သည်။
***