ကမ္ဘာပြိုစေမည့် လက်သီး
Vol. 7 Ch. 646
"ဘုန်း …"
လက်သီးချက် ထွက်ပေါ်လာသည်နှင့် ကမ္ဘာ မြေကြီးက လူတိုင်းသည် ကမ္ဘာကြီးပင် တုန်လှုပ် လာသလို ခံစားလာရသည်။
လက်သီးသည် မြေကမ္ဘာ အဆင့်၏ ကမ္ဘာနှင့် ဆက်သွယ်မှုကိုပင် ဖြတ်တောက် ပစ်နိုင်သည်။ ထိုစွမ်းအားသည် ရဲ့ချင်စန်းကို အနိုင်ယူခဲ့သည့် အစစ်အမှန် နတ်ဘုရား လက်သီးနှင့် ဆင်တူသည်။
"မကောင်းတော့ဘူး …"
လက်သီးချက်အား တွေ့သည်နှင့် ရွှမ်လော့က ကူညီရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နောက်ကျ သွားချေပြီ ဖြစ်သည်။
"ဘုန်း …"
ချန်းဖန်၏ သလင်းကျောက် အလား ကြည်လင်သော လက်သီးထက်၌ ရွှေရောင် သင်္ကေများနှင့် ဖွဲ့စည်းထားသည့် ရွှေရောင် အလင်းများ ထွက်ပေါ်လာ၏။
"ဘုန်း …"
လက်သီးက မိုးကြိုးကျိုင်းတုတ် တစ်ဖြစ်လည်း နှစ်ဆယ့်ငါးပေ အရှည်ရှိသော နဂါးကြီးနှင့် ထိပ်တိုက်တွေ့၏။
မိုးကြိုးကျိုင်းတုတ်သည် ရှေးခေတ် ကောင်းကင် တန်ခိုးရှင် (ရွှေအမြုတေ အဆင့်) တစ်ယောက် ပြုလုပ်ခဲ့သော အဆင့်မြင့် ဝိညာဉ် လက်နက် ဖြစ်သည်။ ထျန်းမင်ကျီသည် ထိုလက်နက်ကို သုံး၍ သေမျိုး နတ်ဘုရား တစ်ယောက်ကိုပင် သတ်ဖြတ် ခဲ့ဖူးသည်။
သို့သော်လည်း မိုးကြိုးကျိုင်းတုတ်သည် ချန်းဖန်၏ လက်သီးနှင့် တွေ့သည်နှင့် …
"ဘုန်း …"
နှစ်ဆယ့်ငါးပေ အရှည်ရှိသော နဂါးကြီးကား ဖန်ခွက် တစ်ခုအလား ပေါက်ကွဲကာ လွင့်စဉ် သွားတော့၏။ သို့သော်လည်း ချန်းဖန်၏ လက်သီးကမူ ရပ်တန့်ခြင်း မရှိချေ။ ရှေ့သို့ ဆက်တိုးကာ ထျန်းမင်ကျီ၏ ရင်ဘတ်အား ထိ၏။
"ဘုန်း …"
ရုတ်တရက် မရေမတွက်နိုင်သော လှိုင်းများ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်အား ရိုက်ခတ်၏။
"ဘုန်း …"
လှိုင်းများ၏ ရိုက်ခတ်မှု အောက်၌ ချင်ချန်းတောင်ရှိ ကျောက်တုံး၊ ကျောက်ဆောင်များ လွင့်စဉ်ကာ သစ်ပင်များပင် အပိုင်းပိုင်း ပြတ်ကုန်တော့သည်။
မြေပြင်၌ ရှိနေသော တန်ခိုးရှင်များပင် သူတို့၏ အကာအကွယ် အလင်းများကို ထုတ်လွှတ်ကာ လူများအား မထိခိုင်အောင် ကာကွယ်ပေး လိုက်ရသည်။
"ဘုန်း …"
လှိုင်းများနှင့်အတူ ထျန်းမင်ကျီ၏ ခန္ဓာကိုယ်က မီတာ ရာပေါင်းများစွာ အထိ လွင့်စဉ်သွား၏။ သူ၏ ခန္ဓာကိုယ်က ကျောက်ဆောင် တစ်ခုကို တိုက်မိရာ ကျောက်ဆောင်၌ ဟောင်းလောင်းပေါက်ကြီး တစ်ခုပင် ဖြစ်ပေါ်လာသည်။
"လက်သီးတစ်ချက်က ဒီလောက်တောင် အစွမ်းထက်တာလား …"
ကောင်းကင်တံခါး ကျင့်ကြံသူများ အပါအဝင် လူတိုင်းက ချန်းဖန်အား ငေးကြောင်ကာ ကြည့်လိုက်မိသည်။ သူတို့ကား မြင်ရသော မြင်ကွင်းကိုပင် မယုံကြည် နိုင်ကြချေ။
ထျန်းမင်ကျီသည် အဆင့်မြင့် ဝိညာဉ် လက်နက်ကို ထုတ်သုံး ခဲ့သော်လည်း ချန်းဖန်၏ လက်သီး တစ်ချက်ကိုပင် မတားဆီး နိုင်ခဲ့ချေ။
"သူက မြေကမ္ဘာ အဆင့်များလား"
လူတိုင်းက ပင့်သက် ရှိုက်လိုက်မိကြသည်။
ထျန်းမင်ကျီက လဲကျနေရာမှ ပြန်ထလာကာ သူ၏ ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ သူသည် သူ့အနေဖြင့် ချန်းဖန်အား ရင်မဆိုင်နိုင်ကြောင်း သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်း … ငါမင်းရဲ့ လက်သီးကို ခုခံနိုင်ခဲ့တယ် … မင်းငါ့ကို မသတ်တော့ဘူးလို့ ပြောထားတယ်မလား"
ထျန်းမင်ကျီ၏ မျက်လုံးတွင်မူ စိတ်လှုပ်ရှားမှု အချို့က ဖြတ်ပြေး နေခဲ့သည်။
ချန်းဖန်သည် အလွန် မောက်မာပြီး မာနကြီးသော ပုဂ္ဂိုလ်ဖြစ်ရာ သူ၏ စကားကို ပြန်ရုပ်သိမ်းမည် မဟုတ်ပေ။
ဤသို့ဆိုလျှင် သူ့အတွက် လက်စားချေရန် အခွင့်အရေး ရနေပြီ ဖြစ်သည်။ တိုက်ပွဲ ပြီးသည်နှင့် သူသည် ကောင်းကင်မိုးကြိုးဂိုဏ်းမှ မြေကမ္ဘာ အဆင့်များကို ချက်ချင်း အကြောင်းကြား ခေါ်ယူကာ ချန်းဖန်နှင့် မြောက်ပိုင်းချုံးကို အပြတ်ရှင်း ပစ်မည် ဖြစ်သည်။
"ဟုတ်တယ် … ငါ့လက်သီးကို ခုခံနိုင်ရင် မင်းကို လွှတ်ပေးမယ်လို့ ငါ ပြောခဲ့တယ် …"
ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ရုတ်တရက် သူ၏ မျက်လုံး၌ လှောင်ပြောင်မှု တချို့ ဖြတ်ပြေးသွားသည်။
"ဒါပေမဲ့ … မင်းမှ မခုခံ နိုင်ခဲ့တာ"
"မင်းက ဘာကို ဆိုလိုတာလဲ …"
ထျန်းမင်ကျီက နားမလည်စွာ မေးလိုက်သည်။
"ခရက် …"
ထိုအချိန်မှာပင် သူ၏လက်၌ ရွှေရောင် အက်ကွဲကြောင်း တစ်ခု ထွက်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းက လက်မောင်း၊ ပခုံး၊ ရင်ဘတ် ဦးခေါင်းမှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"ဘုန်း …"
ထျန်းမင်ကျီ၏ ခန္ဓာကိုယ် တစ်ခုလုံးကား အပိုင်းပိုင်း အစစ အဖြစ် ကွဲကြေကာ ပျက်စီး သွားခဲ့ရပြီ ဖြစ်သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပင် လွတ်မြောက်ခဲ့ခြင်း မရှိချေ။
ထိုအရာကား အစစ်အမှန် ကောင်းကင်ခန္ဓာ၏ စွမ်းအား ဖြစ်သည်။ ချန်းဖန်သည် ယခုအထိ သူ၏ အစစ်အမှန်ချီကိုပင် မသုံးရသေးချေ။
ချင်ချန်းတောင် တစ်ခုလုံးကား လုံးဝ တိတ်ဆိတ် နေခဲ့ပြီ ဖြစ်သည်။
ရွှမ်လော့၊ ချမ်ရဲ့ရွှယ်တို့ အပါအဝင် ကောင်းကင်တံခါး ကျင့်ကြံသူ များစွာမှာ ချန်းဖန်အား ငေးငိုင် ကြည့် နေမိကြသည်။
"သူက ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ ထျန်းမင်ကျီလေ … သူက သေမျိုးကမ္ဘာက လူရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် မခုခံ နိုင်ခဲ့ဘူးလား …"
လူများကား မယုံကြည် နိုင်ကြချေ။
"ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့်နဲ့ မြေကမ္ဘာ နတ်ဘုရားကို အနိုင်ယူနိုင်တယ်လို့ သေမျိုးကမ္ဘာရဲ့ လူတွေ ပြောတာ ငါကြားဖူးတယ် … အစတုန်းက အဲဒီ စကားကို အလိမ်အညာလို့ ထင်ထားတာ … ဒါပေမဲ့ အခုကြည့်ရတဲ့ အတိုင်းဆို အဲဒါက အမှန် ဖြစ်နေတဲ့ပုံပဲ"
ကောင်းကင် တံခါး ကျင့်ကြံသူများ၏ မျက်နှာများကား ဖြူရော် နေချေပြီ ဖြစ်သည်။ သူတို့က ရွှမ်လော့နှင့် ချမ်ရဲ့ရွှယ်တို့အား အားကိုးတကြီး ကြည့်လိုက် မိကြသည်။
ထျန်းမင်ကျီ ရှုံးနိမ့်သွားပြီ ဖြစ်ရာ သူတို့၏ အသက်က ရွှမ်လော့နှင့် ချမ်ရဲ့ရွှယ်တို့ အပေါ်၌ မူတည် နေခဲ့ပြီ ဖြစ်သည်။
"မြေကမ္ဘာအဆင့်က တန်ခိုးရှင် အဆင့်ထက် အဆရာချီ ပိုပြီး အစွမ်းထက်တယ် … တကယ်လို့ စွမ်းအား ခိုင်မာတဲ့ မြေကမ္ဘာ နတ်ဘုရားနဲ့ တွေ့ရင် သူနိုင်မှာ မဟုတ်ဘူး … နောက်ပြီး သေမျိုး ကမ္ဘာရဲ့ မြေကမ္ဘာ အဆင့်တွေက ငါတို့ ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာ အဆင့်လောက် အစွမ်းထက်မှာ မဟုတ်ဘူး … သူက လျှို့ဝှက် ခန္ဓာကိုယ် ကျင့်စဉ် တစ်ခုရထားလို့ အခုလောက် အစွမ်းထက်နေတာ ဖြစ်ရမယ်"
ရွှမ်လော့၏ မျက်လုံး၌ အလင်းတချို့ ပြတ်ပြေးနေ၏။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုး၍ ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။
"ချန်းပေ့ရွှမ်း … မင်းတော့ ဒုက္ခ ရောက်ပြီ"
ချန်းဖန်က ထျန်းမင်ကျီ၏ မိုးကြိုးကျိုင်းတုတ်ကို ကောက်ယူရင်း သူ့အား ကြည့်လိုက်၏။
"ဘာဒုက္ခလဲ …"
"လဲ့ပိုထျန်း စီရွှမ် ဘုန်းကြီး … သူတို့တွေ အားလုံးက ခွန်ရှု့နယ်မြေရဲ့ အဓိက ဂိုဏ်းတွေကပဲ … နောက်ပြီး သူတို့ရဲ့ ဆရာတွေကလည်း မြေကမ္ဘာ အဆင့်တွေ ချည်းပဲ … နောက်ပြီး ထျန်းမင်ကျီက ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ အနာဂတ် ခေါင်းဆောင် … မင်းသာ သူတို့ကို သတ်တယ် ဆိုတာ သိရင် သူတို့ ဆရာတွေက မင်းကို လွှတ်ပေးမယ် ထင်လား"
ရွှမ်လော့က ဆိုလိုက်၏။
သူ၏ စကားသံက အောင်ပွဲခံနေသော အရှေ့တိုင်း သိုင်းလောက သားများအား ရေခဲရေဖြင့် ငြိမ်းသတ် လိုက်သလို တိတ်ဆိတ် သွားစေသည်။
မှန်ပေသည်။
အကယ်၍ မြေကမ္ဘာ အဆင့်များစွာ ဝင်ရောက် တိုက်ခိုက်ပါက အမေရိကန်ပင်လျှင် ကူညီနိုင်မည် မဟုတ်ချေ။ ထိုအရာက ကမ္ဘာ၏ အန္တရာယ်ကို လက်ယပ်ကာ ခေါ်နေခြင်းနှင့် အတူတူပင်။
"နောက်ပြီးတော့ … မြေကမ္ဘာ အဆင့်တွေက သူတို့လုပ်ချင်တာကို အတားအဆီးမရှိ လုပ်နိုင်တယ် ဆိုတာ မင်းသိထားဖို့ လိုတယ် … မင်းက အစွမ်းအစ တချို့ရှိလို့ လွတ်မြောက် နိုင်ရင်တောင် မင်းရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေ အတွက်ရော … မင်းက သူတို့ အသက်တွေကို ကာကွယ် ပေးနိုင်လို့လား"
ရွှမ်လော့က ယုံကြည်ချက် ရှိစွာ ဆက်ပြောလိုက်သည်။ တစ်ချိန်တည်းတွင်ပင် အရှေ့တိုင်း ပညာရှင်များ၏ မျက်နှာ များမှာလည်း ပို၍ ဖြူလျော် လာနေခဲ့ပြီ ဖြစ်သည်။
"နင်ပြောချင်တာက ဘာလဲ"
အားရှို့က မေးလိုက်သည်။
"ချန်းပေ့ရွှမ်း … မင်းခွန်ရှု့ နယ်မြေကို ငါနဲ့ လိုက်ပြီး တောင်းပန်မယ် ဆိုရင် … မင်းရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ပေးမယ် ဆိုရင် … ငါမင်းတို့ရဲ့ လုံခြုံရေးကို အာမခံ ပေးမယ် … ငါက လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ သခင်လေးပဲ"
ရွှမ်လော့က သူ၏ ဂုဏ်ပုဒ်ကို ထုတ်ဖော်ကာ ကြေညာ လိုက်သည်။
"မှန်တယ် … နောက်ပြီးရင် မင်းငါတို့ ကောင်းကင်သခင်ဂိုဏ်းကို လိုက်ခဲ့ရမယ် … ငါတို့ သခင်လေးကို သတ်တဲ့ အတွက် ငါတို့ဆီမှာ နှစ်ငါးဆယ် ကျွန်ခံပြီး ပြန် ပေးဆပ်ရမယ်"
"ငါတို့ မိုးကြိုးတောင်ကလည်း ဆက်ခံသူ တစ်ယောက် ဆုံးရှုံးခဲ့ရတယ် … မင်းက ငါတို့ရဲ့ ကျွန် အနေနဲ့ နှစ်တစ်ရာ နေသင့်တယ်"
"ငါတို့ ဖန်ရှင်းဂိုဏ်းကလည်း …"
ကောင်းကင်တံခါး၏ မရေမတွက်နိုင်သော ကျင့်ကြံသူများက ချန်းဖန်အား ဖိအား ပေးကြသည်။
သူတို့၏ နောက်၌ ရှိနေသည်က မြေကမ္ဘာ အဆင့်များ ဖြစ်သည်။ ချန်းပေ့ရွှမ်း ဆိုသော အကောင် မည်မျှပင် အစွမ်းထက် စေကာမူ မြေကမ္ဘာ အဆင့်များစွာကို တစ်ပြိုင်နက်တည်း ဆန့်ကျင်ရဲမည် မဟုတ်ချေ။
ချမ်ရဲ့ရွှယ် ပင်လျှင် ချန်းဖန်အား ကြည့်ရင်း ခေါင်းခါ နေမိခဲ့သည်။ ချန်းဖန်သည် အလွန် အစွမ်းထက်သူ ဖြစ်သော်လည်း ယခုကဲ့သို့ အခြေအနေတွင်မူ သူ့တွင် ရွေးချယ်စရာ မရှိချေ။
"ဟားဟား …"
ချန်းဖန်က ထိုလူများကို ကြည့်ရင်း အော်ဟစ် ရယ်မောလိုက်သည်။
"မြေကမ္ဘာ အဆင့်တွေက ခွန်ရှု့နယ်မြေက ထွက်နိုင်လို့လား … ထွက်နိုင်ရင်တောင် ငါမင်းတို့ အားလုံးကို ဒီနေရာမှာ သတ်ပစ်လိုက်မယ် ဆိုရင်ရော … ဘယ်သူက သူတို့ဆီကို သွားပြီး သတင်းပို့ တော့မှာလဲ"
"မင်းက ဘာကို ဆိုလိုတာလဲ"
ရွှမ်လော့က မျက်စိ မျက်နှာပျက်ဖြင့် ပြန်မေးလိုက်သည်။
"ရိုးရိုးလေးပါပဲ …"
ချန်းဖန်၏ သူ၏ လက်နှစ်ဖက်ကို နောက်သို့ ပို့လိုက်သည်။
"ငါအခု မင်းတို့ကို သတ်လိုက်မယ် … ပြီးရင် ခွန်ရှု့ နယ်မြေထဲကိုပါ ဝင်ပြီး အဲဒီမှာ ရှိတဲ့ မြေကမ္ဘာ အဆင့်တွေ အားလုံးကို သတ်လိုက်မယ် … ဒါဆို ဘယ်သူမှ လက်စား မချေနိုင်တော့ဘူးပေါ့"
"မင်း …"
ကောင်းကင်တံခါး ကျင့်ကြံသူများကား ဆွံ့အကာ တိတ်ဆိတ် သွားကြတော့သည်။ သူတို့သည် ချန်းဖန်က ထိုသို့ ပြောလိမ့်မည်ဟု ထင်မှတ် မထားကြချေ။
"မင်းက တကယ့်ကို လေကျယ်တဲ့ ကောင်ပဲ … ကောင်းကင်တံခါးက မြေကမ္ဘာ အဆင့်တွေကို သတ်ဖို့ မပြောနဲ့ … အရင်ဆုံး ငါ့ကိုပဲ နိုင်အောင် တိုက်စမ်းပါဦး"
ရွှမ်လော့၏ မျက်လုံးများ အတွင်း၌ အဇူရာ အလင်းများ ပေါက်ကွဲ ထွက်လာ၏။
"ဘုန်း …"
ရွှမ်လော့၏ နောက်ကျောတွင် လွယ်ထားသော ဓားက အနီရောင် အလင်းတန်း အသွင် ပြောင်းလဲကာ လေထု၌ မြောပါ၏။
"ဒါက ငါတို့ဂိုဏ်းရဲ့ နတ်ဘုရားဓား ခုနစ်ခုထဲက တစ်ခုဖြစ်တဲ့ အနီရောင်မြက် ဓားပဲ"
ရွှမ်လော့က အစီအရင် တစ်ခုကို ခင်းကျင်းလိုက်သည်။
"ဘုန်း …"
အနီရောင်မြက်ဓားက ဆယ်ပေခန့် ရှည်သော အနီရောင် ဓားအလင်း၏ အသွင်ကို ပြောင်းကာ ချန်းဖန်အား ခုတ်ပိုင်းလာ၏။ ချန်းဖန်က အေးဆေးစွာပင် ထိုဓားအလင်းအား ဆုပ်ကိုင်လိုက်၏။
"ဘုန်း …"
ချန်းဖန်၏ လက်၌ ဓားသည် ရုန်းကန်ခြင်း မပြုနိုင်သည့် ငါးတစ်ကောင် အလား ဖမ်းဆုပ် ခံရ၏။
"ဘာလဲ …"
ရွှမ်လော့၏ မျက်နှာ၌ အံ့အားသင့်ခြင်းများ ပေါ်လာခဲ့၏။
"ဒီလိုသာမန် ဝိညာဉ်ဓားမျိုးကို နတ်ဘုရားဓားလို့ မင်းက ခေါ်ရဲတာလား"
ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် ဓားအား နှစ်ပိုင်း ချိုးပစ်ကာ မြေပြင်သို့ ပစ်ချလိုက်သည်။
"ကလန့် …"
ခဏအတွင်းပင် နှစ်ထောင်ချီ သမိုင်းကြောင်း ရှိသော အနီရောင် မြက်ဓားကား ချက်ချင်းပင် ဝိညာဉ် စွမ်းအားများ ဆုံးရှုံးကာ သာမန် သတ္တု အပိုင်းအစ တစ်ခု ဖြစ်သွားတော့၏။
***