← Chapters

လက်တစ်ဖက်တည်း

Vol. 7 Ch. 647

လက်တစ်ဖက်တည်း

Vol. 7 Ch. 647

"ဘယ်လို … ဘယ်လို ဖြစ်နိုင်မှာလဲ"

ကောင်းကင်တံခါး ကျင့်ကြံသူများသည် ဆွံ့အ ကုန်ကြ၏။

လျှို့ဝှက်အဇူရာ ဂိုဏ်းသည် ခွန်ရှု့နယ်မြေ၏ အင်အား အကြီးဆုံး ဓားပညာဂိုဏ်း တစ်ခု ဖြစ်ပြီး အနီရောင်မြက်ဓားသည် လျှို့ဝှက် အဇူရာဂိုဏ်း၏ ရတနာ နတ်ဘုရားဓား ခုနစ်လက် အနက် တစ်ခု ဖြစ်သည်။

သို့သော်လည်း ချန်းပေ့ရွှမ်းသည် နတ်ဘုရားဓားကို လက်သက်သက်ဖြင့် ချိုးဖဲ့ ပစ်ခဲ့သည်။ မြေကမ္ဘာ အဆင့် တစ်ယောက်ပင် ထိုသို့ တတ်နိုင်မည် မဟုတ်ချေ။

ချမ်ရဲ့ရွှယ်ပင်လျှင် ချန်းဖန်အား ငေးမောကြည့်ရင်း တုန်ရီ နေမိသည်။ ထိုသို့သော စွမ်းအားက သူမ၏ စိတ်ကူးထက်ပင် အဆများစွာ ကျော်လွန်နေသည်။ ယွင်ထျန်း နန်းတော်၏ အထူးချွန်ဆုံး ပါရမီရှင် ပင်လျှင် ချန်းဖန်လောက် အစွမ်းထက်မည် မထင်ချေ။

"ချန်းပေ့ရွှမ်း … မင်း ငါ့ဓားကို ချိုးပစ်ရဲတယ်ပေါ့ … ငါမင်းကို လက်စား ပြန်ချေမယ်"

ရွှမ်လော့၏ မျက်လုံးများက တောက်လောင်လာကာ တစ်ချိန်တည်း၌ သူခန္ဓာကိုယ်တွင် အဇူရာ အလင်းများက ဝန်းရံလာ၏။ သူ၏ မြေကမ္ဘာ အဆင့် ခန္ဓာကိုယ် စွမ်းအားများကား အပြည့်အဝ ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။

"ဘုန်း …"

ရွှမ်လော့က သူ၏ လက်ဝါးကို ဓားအဖြစ် အသုံးပြုကာ အစီအရင် တစ်ခုအား ရေးဆွဲလိုက်သည်။

လျှို့ဝှက် အဇူရာဂိုဏ်းသည် သူတို့၏ ဓားနည်းစနစ်များဖြင့် ထင်ရှားသော်လည်း ဓမ္မ အစီအရင်များ ခင်းကျင်းရာတွင်ပါ အားမနည်း ကြချေ။

မြေကမ္ဘာ အဆင့် ခန္ဓာကိုယ် ပိုင်ရှင် တစ်ယောက် အနေဖြင့် … ဓားအား ဆုံးရှုံးရခြင်းက ရွှမ်လော့၏ စွမ်းအားကို အားနည်းစေမည် မဟုတ်ချေ။

"ဘုန်း …"

အဇူရာ အလင်း ဓားသွားများက ရွှမ်လော့၏ ထိန်းချုပ်မှု အောက်တွင် ကောင်းကင်၌ ဖုံးလွှမ်းသွား၏။ ထိုအလင်းဓားများကား အလွန်ပင် ထက်ရှကာ စိန်ကိုပင် ဖြတ်တောင်နိုင်စွမ်း ရှိသည်။

"အရပ် ရှစ်မျက်နှာ ကိုယ်ပျောက်ဓား"

ထိုအရာကား တောင်ကိုပင် ပိုင်းဖြတ်နိုင်သည့် ဓားချီ ကျင့်စဉ် တစ်ခု ဖြစ်သည်။

လျှို့ဝှက် အဇူရာဂိုဏ်းတွင် ကျင့်ကြံခြင်း လမ်းစဉ်ကို ဓားလမ်းစဉ်နှင့် ဓားချီ လမ်းစဉ် ဟူ၍ နှစ်ပိုင်း ခွဲထားသည်။ ရွှမ်လော့သည် အလွန်အမင်း ပါရမီပါရာ ငယ်ရွယ်စဉ်ကပင် လမ်းစဉ် နှစ်ခု စလုံးကို လေ့ကျင်နိုင်ခဲ့သည်။

"ငါ မင်းရဲ့ ဓားကို ဖျက်ဆီး လိုက်တာတောင် … မင်းက ငါ့ကို နိုင်မယ်လို့ တွေးနေတုန်းလား"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်သီး တစ်ချက် ထိုးလိုက်၏။

သလင်းကျောက် အလား ကြည်လင်သော လက်သီးကာ ရွှေရောင် သင်္ကေတများကို သယ်ဆောင်ကာ အမြောက် ရာချီကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သည့် အလား လေထုကို ထိုးခွဲ၏။

"ဘုန်း …"

ရွှမ်လော့၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ် ကျသွား၏။

ထိုအချိန်၌ သူ၏ ခန္ဓာကိုယ်တွင် ထွန်းလင်းနေသော အကာအကွယ် အလင်းက အပိုင်းပိုင်း အစစ အဖြစ် ကွဲကြေသွားသည်။ အကယ်၍ ထိုအကာအကွယ်ကြောင့်သာ မဟုတ်လျှင် ရွှမ်လော့ ဒဏ်ရာ ရနေလောက်ပြီ ဖြစ်သည်။

"အကာအကွယ် ဝိညာဉ် ရတနာလား"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။

ရွှမ်လော့ ဝတ်ဆင်ထားသည့် အကာအကွယ် ဓမ္မ ဝတ်စုံသည် အလယ်ဆင့် အကာအကွယ် ဝိညာဉ်ရတနာ ဖြစ်သည်။ ထိုကဲ့သို့သော ရတနာကား အလွမ် တန်ဖိုးကြီးကာ အဆင့်မြင့် ဝိညာဉ် ရတနာနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

"မင်းမှာက အကာအကွယ် ဓမ္မ ဝတ်စုံ ရှိနေတာကိုး … ငါ့ကို ဆန့်ကျင်ရဲတာ မထူးဆန်းတော့ဘူး … ဒါပေမဲ့ မင်းက အဲဒီ ဝတ်စုံလောက်နဲ့ ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား"

ချန်းဖန်က နှာခေါင်းရှု့ရင်း သူ၏ လက်များအား ကြာပန်း သဏ္ဌာန် သင်္ကေတ တစ်ခု ပြုလုပ်လိုက်၏။

"ကြာပန်းတစ်ထောင် …"

"သွား …"

တစ်ချိန်တည်းတွင် ရွှမ်လော့က သူ၏ မျက်လုံးများအား ဖွင့်လိုက်သည်။ ရုတ်တရက် သူ၏ နောက်တွင် လတစ်စင်း ထွန်းလင်းလာ၏။ လရောင်က ရွှမ်လော့၏ ခန္ဓာကိုယ်သို့ ကျရောက်ပြီး ပေဆုံးဆယ်ခန့် ရှည်သော အလင်းဓား တစ်ခု ဖြစ်ပေါ်လာသည်။

"အဲဒါက ရွှမ်လော့ရဲ့ နတ်ဘုရား စွမ်းအား တိုင်ယင် သန့်စင်ခြင်းဓား မလား …"

ကောင်းကင်တံခါး ကျင့်ကြံသူ တစ်ယောက်က အော်ဟစ်လိုက်သည်။

ရွှမ်လော့သည် မွေးဖွားခါစကပင် တာအို ခန္ဓာနှင့် နတ်ဘုရား စွမ်းအားကို ပိုင်ဆိုင်ခဲ့သည်။ အချို့က ထိုနတ်ဘုရား စွမ်းအားမှာ သူ၏ မိခင်နှင့် ဆက်စပ် နေသည်ဟု ဆိုကြ၏။

"ကလန့် …"

ရွှမ်လော့က ပေဆုံးဆယ် ရှည်သော ဓားကို ဆွဲကိုင်၍ ချန်းဖန်အား ကြည့်လိုက်၏။ သူ၏ မျက်လုံးများကမူ ယုံကြည်ချက် ရှိခြင်းများနှင့် တောက်ပနေသည်။

တိုင်ယင် သန့်စင်ခြင်းဓားသည် ခွန်ရှု့ နယ်မြေ၏ ထိပ်တန်း နတ်ဘုရား စွမ်းအား ဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။ ရွှမ်လော့သည် ထိုတိုက်ခိုက်မှုကို သူ၏ သက်စောင့် တိုက်ကွက် အဖြစ် သတ်မှတ် ထားခဲ့ပြီး တစ်ကြိမ်မျှ ထုတ်မသုံးခဲ့ဖူးချေ။

သူ့ဖခင်၏ စကားအရဆိုလျှင် တိုင်ယင် သန့်စင်ခြင်းဓားသည် မြေကမ္ဘာ အဆင့်ကိုပင် သတ်ဖြတ်နိုင်သည်ဟု ဆိုသည်။

"ချန်းပေ့ရွှမ်း … မင်း ဆက်ပြီး အသက်ရှင်နိုင်မလား ကြည့်ရသေးတာပေါ့"

ရွှမ်လော့က ကြုံးဝါးရင်း ဓားအား လွှဲကာ ခုတ်လိုက်၏။

သို့သော်လည်း ချန်းဖန်က ထိုဓားကို ဂရုစိုက်ဟန် မရချေ။ သူက လက်ငါးချောင်းကို ဆန့်ထုတ်ကာ ဓားသွားအား ဖမ်းဆုပ်၏။

"ဘုန်း … ဘုန်း … ဘုန်း …"

အခြားလူများ၏ အမြင်၌ လက်ငါးချောင်းသည် အလွန်တရာ နူးညံ့ ညင်သာဟန် ရသော်လည်း ရွှမ်လော့မှာမူ ဧရာမတူကြီး ငါးချောင်းဖြင့် အရိုက်ခံရသည့် အလား ခံစားလိုက်ရသည်။ သူသည် ထိုဖိအား အောက်၌ လက်ထဲမှ ဓားကိုပင် လွှတ်ချမိမလို ဖြစ်သွားခဲ့၏။

"သူက … ဘာလို့ ဒီလောက် ကြောက်ဖို့ ကောင်း …"

ရွှမ်လော့ ချောက်ချား နေချိန်မှာပင် ချန်းဖန်က သူ၏ လက်ငါးချောင်းကို ဆုပ်လိုက်၏။

"ဘုန်း …"

ရုတ်တရက် တိုင်ယင် သန့်စင်ခြင်းဓားက မထိန်းချုပ်နိုင်စွာ တုန်ရီလာသည်။ ထို့နောက် ၎င်းက အက်ရာများ ဖြစ်ပေါ်လာကာ ကွဲကြေသွား ရတော့သည်။

"ဘယ်လို … ဖြစ်နိုင်မှာလဲ"

ရွှမ်လော့၏ မျက်လုံးများကား ပေါက်ထွက်တော့ မတတ် ပြူးကျယ် လာခဲ့သည်။

သူ၏ ဓားကား တိုင်ယင် သန့်စင်ခြင်းဓား ဖြစ်သည်။ ထိုဓားက သာမန်မြေကမ္ဘာ အဆင့်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည်။

သို့သော်လည်း ချန်းဖန်က ထိုဓားကို လက်တစ်ဖက်တည်းဖြင့် ချိုးဖဲ့ ပစ်ခဲ့သည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

သို့သော်လည်း သူတွင် ဆက်လက် အံ့ဩရန် အချိန် မရှိတော့ချေ။ ချန်းဖန်၏ "ကြာပန်းတစ်ထောင်" လက်ဝါးက သူ၏ ရင်ဘတ်ဆီသို့ တိုးဝင် လာနေခဲ့ပြီ ဖြစ်သည်။

"ဘုန်း …"

ယခုတစ်ကြိမ်တွင်မူ အဇူရာ ဝတ်စုံသည်လည်း အသုံးမဝင်တော့ချေ။ ထိုအရာက အဇူရာ အလင်းများကို ထုတ်လွှတ်ကာ ကာကွယ်ရန် ကြိုးစားသော်လည်း ချန်းဖန်၏ တိုက်ခိုက်မှု အောက်တွင် ပေါက်ကွဲရ၏။

"ဘုန်း …"

အဆုံး၌ ချန်းဖန်၏ လက်ဝါးက ရွှမ်လော့၏ ရင်ဘတ်အား တိုက်ရိုက်ပင် ထိသည်။ လက်ဝါး၏ အရှိန်တွင် ရွှမ်လော့၏ ခန္ဓာကိုယ်ကား ချင်ချန်းတောင် အတွင်း မီတာ ထောင်ချီသည်အထိ နစ်မြုပ် သွားတော့သည်။

ရွှမ်လော့ကား ဒဏ်ရာ အကြီးအကျယ် ရသွားပြီ ဖြစ်ရာ နောက်ထပ် တိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ချန်းဖန်က နောက်ဆုံး ကျန်နေသော အဖြူရောင် ဝတ်စုံဝတ် မိန်းကလေးအား ကြည့်ကာ မေးလိုက်၏။

"မင်းရော … ဘာလုပ်ချင်လဲ"

"ရွှမ်လော့က လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ သခင်လေးဖြစ်တဲ့ အပြင် သူ့အမေ တိုင်ယင် နတ်သမီးကလည်း နှင်းနတ်ဘုရား နန်းတော်ကပဲ … ရှင်သာ သူ့ကိုသတ်ရင် လျှို့ဝှက် အဇူရာဂိုဏ်းနဲ့ရော နှင်းနတ်ဘုရား နန်းတော်နဲ့ပါ ရန်သူ ဖြစ်ရလိမ့်မယ် …"

ချမ်ရဲ့ရွှယ်ကား အလွန်အမင်း လှပသလို သူမ၏ အသံလေးကလည်း နူးညံ့ ညင်သာနေသည်။

ယူကီရှီရိုဆာပင်လျှင် သူမ၏ အလှအပကို ကြည့်ရင်း စိတ်ထဲမှ ချီးကျူး လိုက်မိသည်။ ထိုကဲ့သို့သော အလှဆုံးက ကျိန်းသေ ကမ္ဘာမြေတွင် ရှိသော အရာ မဟုတ်ချေ။

အစိမ်းရောင် နဂါးအစီအရင်၊ မြောက်ပိုင်းချုံး နန်းတော်ထဲရှိ ချန်းဖန်၏ ကျိချုံး နတ်သမီး ပန်းချီကားသာလျှင် သူမ၏ အလှအပကို ယှဉ်နိုင်လောက်သည်။

သို့သော်လည်း ချန်းဖန် အတွက်မူ သူမ၏ အလှအပက မထူးဆန်းချေ။ သူ၏ အတိတ်ဘဝ၌ တွေ့ခဲ့ရသည့် မိန်းကလေး တိုင်းမှာ ချမ်ရဲ့ရွှယ်ထက် အဆ ရာထောင်ချီ လှပသူများ ဖြစ်သည်။

"လျှို့ဝှက် အဇူရာဂိုဏ်း မပြောနဲ့ သူတို့ရဲ့ ဘိုးဘေးတွေ လာတောင် ငါမကြောက်ဘူး … နင် ငါ့ကိုတားရဲရင် နင်ပါ သေရမယ်"

ချန်းဖန်က ချမ်ရဲ့ရွှယ်အား အမူအရာ ကင်းမဲ့စွာ ကြည့်ရင်း လက်ဝါးအား တစ်ချက် ဝှေ့ယမ်း လိုက်၏။

"ဘုန်း …"

ရွှေရောင် အလင်းတစ်ခုက သူ၏ လက်ဝါးမှ ထွက်ပေါ်ကာ ချမ်ရဲ့ရွှယ်ဆီသို့ တိုးဝင်သည်။

"အားလုံး တိုက်ခိုက်ကြစမ်း …"

ချန်ရဲ့ရွှယ်က အော်ဟစ်လိုက်၏။ တစ်ချိန်တည်းတွင်ပင် ရေခဲဝိညာဉ် ဓားနှစ်ချောင်းက သူမ၏ အင်္ကျီလက်များမှ တိုးကာ ထွက်ပေါ်လာ၏။

ထိုဝိညာဉ်ချီ ဓားများကား အလွန်အမင်း ထက်ရှပြီး တောင်တစ်လုံးခန့် ပမာဏ ရှိသော ယင်ချီကို သယ်ဆောင် ထားသည်။

"ဘုန်း …"

ဓားနှစ်ချောင်းက အဖြူရောင် နဂါးနှစ်ကောင် အသွင်သို့ ပြောင်းလဲကာ စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်၍ ချန်းဖန်အား တိုက်ခိုက်၏။

"ဘုန်း …"

ကောင်းကင်တံခါး ကျင့်ကြံသူများကား သူတို့၏ သေရေးရှင်ရေး အခိုက်အတန့်ကို ရောက်နေကြကြောင်း ကောင်းစွာ သဘောပေါက်သည်။ ထို့ကြောင့် သူတို့က ချက်ချင်းပင် အစွမ်းအထက်ဆုံး နည်းစနစ်၊ ကျင့်စဉ်များကို ဖော်ထုတ်၍ ချန်းဖန်အား အဖက်ဖက်မှ ဝိုင်းကာ တိုက်ခိုက် လိုက်ကြတော့သည်။

"ဘုန်း …"

ရုတ်တရက်ပင် ကောင်းကင်တစ်ခုလုံး၌ အမျိုးမျိုးသော တိုက်ခိုက်မှုဖြင့် ဖုံးလွှမ်းသွား၏။

ဓားပျံများ၊ ဝိညာဉ်အပ်များ၊ ရွှေရောင် တူများ၊ ကျောက်စိမ်းအဆောင်၊ ဓမ္မ အစီအရင် စသည်ဖြင့် တိုက်ခိုက်မှု တစ်ခုချင်းစီက အလွန်ပင် အစွမ်းထက်ကာ သာမန် တန်ခိုးရှင် တစ်ယောက်ကို အလွယ်လေး သတ်ဖြတ် ပစ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ချန်းဖန်ကား သာမန် တန်ခိုးရှင် မဟုတ်ချေ။ မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် တန်ခိုးရှင် ဖြစ်သည်။

"မင်းတို့က ငါ့ကို ဒီလို တိုက်ခိုက်မှုလေးတွေနဲ့ သတ်ချင်တာလား …"

ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ရင်း ခန္ဓာကိုယ်အား တစ်ချက် လှုပ်ခါလိုက်သည်။

"ဘုန်း …"

တစ်ချိန်တည်း၌ မရေ မတွက်နိုင်သော ရွှေရောင် သင်္ကေတများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အမျိုးမျိုးသော တိုက်ခိုက်မှုများအား တားဆီးသည်။

***

All Chapters