သတ်ဖြတ်ခြင်း
Vol. 7 Ch. 648
"ကလန့် …"
ခရမ်းရောင် ဓားပျံ ဦးဆောင်သော တိုက်ခိုက်မှု များစွာသည် ချန်းဖန်အား အဖက်ဖက်မှ ဝန်းရံ၍ ထိုးဖောက်ရန် ကြိုးစားသည်။ သို့သော်လည်း ထိုအရာက သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင် အလင်းကိုပင် ထိုးဖောက်နိုင်ခြင်း မရှိချေ။
"ဘုန်း … ဘုန်း … ဘုန်း …"
အမျိုးမျိုးသော တိုက်ခိုက်မှုများ ဝန်းရံ နေသည့်တိုင် ချန်းဖန်ကမူ တည်ငြိမ်စွာ ရပ်နေတုန်းပင်။ အဆောက်အအုံကြီး တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သော ဝိညာဉ် လက်နက်များကား သူ့အတွက် ထူးခြားပုံ မပေါ်ချေ။
"ဘုန်း …"
ချန်းဖန်က သူ၏ လက်ကို ဆန့်ထုတ်၍ ရွှေရောင်တူ တစ်ခုကို ဖရဲသီး အလား ထိုးခွဲလိုက်သည်။ ရွှေရောင်တူသည် ဝိညာဉ် လက်နက် တစ်ခုဖြစ်ကာ အလွန်ပင် မာကျောသည်။ မြေကမ္ဘာ အဆင့်ပင် ထိုအရာအား ဖျက်ဆီးရန် အတော်လေး အားစိုက်ထုတ်ရမည် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်ကမူ ထိုအရာအား အားစိုက်ထုတ်စရာပင် မလိုပဲ ဖျက်ဆီး ပစ်ခဲ့သည်။
"ငါ့မိုးကြိုးတူ …"
ကောင်းကင်တံခါးမှ တပည့် တစ်ယောက်က သွေးအဆက်မပြတ် အန်ရင်း အော်ဟစ်လိုက်၏။
သူသည် အထွတ်အထိပ် အဆင့် ဖြစ်ရာ နတ်ဘုရား စိတ်ဝိညာဉ် မရှိသေးချေ။ ထို့ကြောင့် သူသည် ဓမ္မရတနာကို ထိန်းချုပ်ရန် အတွက် သွေးစွန့်လွှတ်ခြင်းကို အသုံးပြုရသည်။ ထို့ကြောင့် ဓမ္မ ရတနာ ပျက်စီးသည်နှင့် သူ၏ အသက်ဓာတ်မှာလည်း အားနည်းသွားသည်။
သို့သော်လည်း သူကား ပထမဆုံးသော တစ်ယောက်သာ ဖြစ်သည်။
"ဘုန်း … ဘုန်း … ဘုန်း …"
ချန်းဖန် လက်သီးတစ်ချက် ထိုးလိုက်တိုင်း ဓမ္မရတနာ တစ်ခု ပျက်စီးသည်။
ထို့အတူ ကောင်းကင်တံခါး ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် သွေးများအန်ကာ မြေပြင်ပေါ်သို့ လဲကျကုန်သည်။
"သူ့ရဲ့ ခန္ဓာကိုယ်က မြေကမ္ဘာ အဆင့်တွေ ထက်တောင် ပိုပြီး အစွမ်းထက်နေပြီ … မဟာ ဧကရာဇ်ကောင် အဆင့်ကို ရောက်နေတဲ့ ဆင်နတ်ဘုရားပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်"
ပိုင်မန်ဂိုဏ်း၏ တပည့် တစ်ယောက်က ကြောက်လန့်စွာ ရေရွတ်လိုက်သည်။
ပိုင်မန်ဂိုဏ်းသည် အလောင်းများ၊ တစ္ဆေများကို ထိန်းချုပ်ခြင်းဖြင့် ကျော်ကြားသည်။
ထိုတပည့်၏ အလောင်းကောင်သည် ရွှေရောင် သံချပ်ကာဖြင့် ဖုံးအုပ်ထားကာ အမြောက်၏ တိုက်ရိုက် ပစ်ခတ်မှုကို ခုခံ နိုင်သည်။ သို့သော်လည်း ချန်းဖန်က ထိုအရာကို လွယ်ကူစွာပင် ထက်ပိုင်း ပိုင်းပစ်ခဲ့သည်။
"ဘုန်း …"
ထို့နောက် ချန်းဖန်သည် ချမ်ရဲ့ရွှယ်၏ ရေခဲ့ဝိညာဉ် ဓားနှစ်ချောင်းကို လက်ဖြင့်ပင် တားဆီးလိုက်သည်။ ဓားတွင် သယ်ဆောင်ထားသော ယင်ချီသည် မြေကမ္ဘာ အဆင့်ကိုပင် ထိခိုက်အောင် လုပ်နိုင်သော်လည်း ချန်းဖန်ကိုမူ သက်ရောက်မှု မရှိချေ။
"သူ့ရဲ့ ခန္ဓာကိုယ်က မြေကမ္ဘာ အဆင့် အထွတ်အထိပ်ကို ရောက်နေတာ သေချာတယ် … ကောင်းကင် တန်ခိုးရှင် အဆင့်တောင် ဖြစ်နေနိုင်တယ်"
ချမ်ရဲ့ရွှယ်က တုန်ရီစွာ ရေရွတ်လိုက်သည်။ သူမ၏ တိုက်ခိုက်မှုကို မြေကမ္ဘာ အဆင့်ပင် ချန်းဖန်ကဲ့သို့ တားနိုင်မည် မဟုတ်ချေ။
"သေစမ်း …"
ချန်းဖန်က လက်အား ခါလိုက်သည်နှင့် ဓားချီက နိုးထလာ၏။ ထိုဓားချီက အဇူရာ အလင်းကို သယ်ဆောင်ကာ ကောင်းကင် တံခါး တပည့်များထံ တိုးဝင်သည်။
"ဘုန်း …"
ဓားချီ၏ ဖြတ်သန်းမှုပင် ကောင်းကင်တံခါး တပည့် လေးယောက် ထက်ပိုင်းပြတ်၏။
"ပြေး …"
လူတိုင်းက သူတို့၏ ဓမ္မ ရတနာများကို ရုပ်သိမ်း၍ ထွက်ပြေးရန် ကြိုးစား လိုက်ကြသည်။
သို့သော်လည်း ချန်းဖန်ကား သူတို့ထက် ပို၍ လျှင်မြန်သည်။
သူက ချက်ချင်းပင် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ ကောင်းကင်တံခါး တပည့်များထံ တိုးဝင်၏။ သူ၏လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းတွင် ကောင်းကင်တံခါး တပည့် ခုနစ်ယောက်ခန့် ကျဆုံးရသည်။
"ဘုန်း … ဘုန်း … ဘုန်း …"
မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်တံခါး တပည့် များစွာကား ချန်းဖန်၏ လက်၌ ကျဆုံး သွားခဲ့ရပြီ ဖြစ်သည်။
"ပြေးကြဟေ့ …"
ကျန်ရစ်သော တန်ခိုးရှင် အဆင့် ခြောက်ယောက်က အလင်းတန်းများ အသွင်သို့ ပြောင်းလဲကာ ချန်းဖန်ထံမှ ဝေးနိုင်သမျှ ဝေးအောင် ထွက်ပြေးကြသည်။
"လွတ်မယ် ထင်နေကြတာလား"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း လျှပ်စီးလက်သည့် အလား လှုပ်ရှား လိုက်ကြ၏။
သူက ချက်ချင်းပင် မူလနေရာမှ ပျောက်ကွယ်ကာ အဖြူရောင်ဝတ် လူငယ် တစ်ယောက်၏ အရှေ့၌ ပြန်ပေါ်လာသည်။ ထိုလူငယ်သည် တန်ခိုးရှင် ထိပ်ဆုံးအဆင့် ဖြစ်ပြီး ထျန်းမင်ကျီ ရွှမ်လော့တို့နှင့် သိပ် မကွာချေ။
"လျန်ယွင်ရှန်း …"
သူကား အမတေ ပေါင်းစည်းခြင်း ဂိုဏ်း၏ ဆက်ခံသူ ဖြစ်ပြီး ခွန်ရှု့နယ်မြေ လူငယ် မျိုးဆက် ထိပ်သီး ပါရမီရှင် ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
"ဘုန်း …"
လျန်ယွင်ရှန်းက သူ၏ အရှေ့၌ ပေါ်လာသော ချန်းဖန်ဆီသို့ အဖြူရောင် မီးခိုးများကို မှုတ်ထုတ် လိုက်သည်။ ထိုမီးခိုးများကား အမှန်တရား လေးပါးချီများ ဖြစ်ကာ မာကျောသော သတ္တု များကိုပင် တိုက်စား နိုင်စွမ်း ရှိသည်။
"မင်းက သိပ်မဆိုးဘူး … ဒါပေမဲ့ ငါ့ကို တားဖို့ မလုံလောက်သေးဘူး"
ချန်းဖန်က လက်သီးဖြင့် ထိုးလိုက်ရာ အဖြူရောင် မီးခိုးများ ပျက်စီးသလို လျန်ယွင်ရှန်း၏ ခန္ဓာကိုယ်ပါ ပေါက်ကွဲရ၏။
"မပြီးသေးဘူးကွ …"
လျန်ယွင်ရှန်း၏ နတ်ဘုရား စိတ်ဝိညာဉ်က ဦးခေါင်းမှ ထွက်ကာ ပျံသန်းပြေးရန် ကြိုးစားသည်။ သို့သော်လည်း ချန်းဖန်၏ နတ်ဘုရား အလင်းက ထိုအရာကို ချက်ချင်းပင် ဖမ်းဆီးကာ ဖျက်ဆီး ပစ်လိုက်သည်။
သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်သည်။ ချန်းဖန်သည် တခြားတန်ခိုးရှင်များ ဆီသို့ပါ တိုးဝင်ကာ တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ပစ်သည်။
လူသား ကမ္ဘာ၏ ကျင့်ကြံသူများ ပင်လျှင် ချန်းဖန်၏ ရက်စက် ပြတ်သားသော အပြုအမူများကို ကြည့်၍ ကြောက်လန့် လာမိသည်။
"သူ … သူက အားလုံးကို သတ်ပစ် တော့မှာလား"
တစ်ယောက်က တုန်တုန်ရီရီဖြင့် ရေရွတ်၏။
"သူသာ အဲဒီလူတွေကို မသတ်ရင် ငါတို့ ကမ္ဘာ ပျက်စီးရလိမ့်မယ်"
ရဲ့နန်ထင်းက ပြန်လည် ပြောလိုက်၏။
ခွန်ရှု့ နယ်မြေတွင် မြေကမ္ဘာအဆင့် မည်မျှ ရှိနေမည်ကို မည်သူမျှ မသိကြချေ။ မြေကမ္ဘာ အဆင့်များသာ သတင်းရ၍ ထွက်လာပါက ပျက်စီးရမည်မှာ ကမ္ဘာမြေ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် လူသားကမ္ဘာ ဘေးကင်းဖို့ ဆိုလျှင် ထိုလူများကို သတ်မှ ဖြစ်ပေလိမ့်မည်။ သို့မှသာ ခွန်ရှု့ နယ်မြေမှ မြေကမ္ဘာ အဆင့်များ အချိန်တိုအတွင်း ရောက်မလာနိုင်အောင် တားဆီး နိုင်ပေလိမ့်မည်။
"မသတ်ပါနဲ့ရှင် …"
ချစ်စရာ ကောင်းသော ကောင်မလေး တစ်ယောက်က ချန်းဖန်အား ငိုယိုရင်း တောင်းပန်သည်။ သို့သော်လည်း ချန်းဖန်က ရွှေရောင် မီးတောက်များကို ထုတ်လွှတ်ကာ သူမအား လောင်ကျွမ်း ပစ်လိုက်သည်။
ထိုမိန်းကလေး၏ သေဆုံးမှု အပြီး၌ ကောင်းကင်တံခါး၏ ကျင့်ကြံသူ အားလုံး နီးပါးကား အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ရွှမ်လော့နှင့် ချမ်ရဲ့ရွှယ်တို့ နှစ်ယောက်သာ ကျန်ရစ်တော့၏။
"မင်း … သူတို့ကို သတ်ရဲတယ်ပေါ့"
တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေသည့် ရွှမ်လော့က ချန်းဖန်အား မုန်းတီးစွာ ကြည့်ရင်း ဆိုလိုက်၏။
"ချန်းပေ့ရွှမ်း … မင်းတော့ သေပြီပဲ … ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး … ငါတို့ ခွန်ရှု့ နယ်မြေက မြေကမ္ဘာ အဆင့်တွေ လက်စား လာချေမယ့် အချိန်ကို စောင့်နေလိုက်"
"ဟုတ်လား …"
ချန်းဖန်က ရွှမ်လော့၏ စကားကို သောက်ဂရုမစိုက်ချေ။ သူက ရှေ့သို့တိုး၍ ထိုသတ္တဝါကိုပါ သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။
"မင်း …"
ရွှမ်လော့၏ မျက်နှာကား ဖြူရော် နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်မှာ ထိုမျှ ရက်စက် ပြတ်သားကာ အကြောက်အလန့် ကင်းမည်ဟု သူလုံးဝ မထင်ခဲ့မိချေ။
"ငါခွန်ရှု့နယ်မြေကို ပြန်ရောက်ရင် ငါ့အဖေကို မင်းအကြောင်း ပြန်ပြောမယ် … ငါ့အဖေနဲ့ လျှို့ဝှက် အဇူဂိုဏ်းရဲ့ စီနီယာတွေက လူသား ကမ္ဘာကိုလာပြီး မင်းနဲ့ မြောက်ပိုင်းချုံး ဂိုဏ်းသားတွေ အားလုံးကို သတ်လိမ့်မယ်"
ရွှမ်လော့က မဲ့ပြုံးပြုံးရင်း အော်ဟစ်လိုက်သည်။
"ဘုန်း …"
ရွှမ်လော့က သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို ထုတ်သုံးကာ သွေးရောင် အလင်းတန်း အသွင်ဖြင့် ထွက်ပြေး၏။ ယခု အချိန်၌ သူ၏ အမြန်နှုန်းကား သာမန် တန်ခိုးရှင် တစ်ယောက်ထက် ခုနစ်ဆ အထိ ပို၍ လျင်မြန်နေပြီ ဖြစ်သည်။
"သူ လွတ်သွားတော့မှာလား"
မြောက်ပိုင်းချုံးနှင့် ခွန်းလွန်မှ လူများက စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။
အကယ်၍ ရွှမ်လော့သာ ထွက်ပြေး သွားပါက ချန်းပေ့ရွှမ်း၏ အားထုတ်မှု အားလုံး ဆုံးရှုံးသွား ပေလိမ့်မည်။ ဤသို့ဆိုလျှင် မြောက်ပိုင်းချုံး ဂိုဏ်းသာမက အရှေ့တိုင်း သိုင်းလောက တစ်ခုလုံးပါ ပျက်စီး ရပေလိမ့်မည်။
"သွား …"
ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို ထုတ်လိုက်သည်နှင့် အနက်ရောင် ဆူးချွန် တစ်ခု ထွက်ပေါ်လာ၏။ ထိုအရာကား အမေရိကန်ဆီမှ ရခဲ့သည့် "နတ်ဘုရားသတ် ဆူးချွန်" ပင်။
"ကလန့် …"
အနက်ရောင် ဆူးချွန်က ချက်ချင်းပင် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ သွေးအလင်းတန်း၏ နောက်သို့ လိုက်ပါသွား၏။
"ငါက သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို သုံးဖို့ အသက်ဓာတ် အချို့ ရင်းနှီးလိုက်ရတယ် … ဒီအတိုင်းဆို မြေကမ္ဘာ အဆင့်ကို ဝင်ဖို့က ပုံမှန်ထက် ဆယ်နှစ်လောက် နောက်ကျသွားမှာ သေချာတယ် … ဘာလို့ လူသားကမ္ဘာမှာ ဒီလို အစွမ်းထက်တဲ့ လူရှိနေရတာလဲ … သူက ဘယ်လို ကျင့်ကြံခဲ့တာလဲ"
ရွှမ်လော့ ပျံသန်းရင်း တွေးနေမိသည်။
ချန်းဖန်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးမပြုနိုင်ရာ မြေကမ္ဘာ အဆင့်သို့ မရောက်သေးကြောင်း သူသေချာသိသည်။ တန်ခိုးရှင် တစ်ယောက်က ထိုမျှ အစွမ်းထက်လိမ့်မည်ဟု သူတစ်ကြိမ်မျှပင် မတွေးဖူးချေ။
"ကလန့် …"
ရုတ်တရက် အနက်ရောင် အရိပ်တစ်ခု သူ့နောက်သို့ လိုက်လာသည်ကို ရွှမ်လော့ သတိထား မိလိုက်သည်။
"ဒါက ဘာကြီးလဲ …"
ရွှမ်လော့ သတိမထားမိခင်မှာပင် အနက်ရောင် ဆူးချွန်က ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ သူ၏ အနောက်သို့ ရောက်ရှိလာ၏။
"မလုပ်နဲ့ …"
ရွှမ်လော့ အော်ဟစ်လိုက်သည်နှင့် လပြည့်ဝန်းက သူ၏ အနောက်၌ ပေါ်ထွက်လာ၏။ လပြည့်ဝန်းက ဓားအလင်းများကို ထုတ်လွှတ်ကာ အနက်ရောင် ဆူးချွန်အား တားဆီးသည်။
သို့သော်လည်း ထိုအရာကား နတ်ဘုရားသတ် ဆူးချွန် ဖြစ်သည်။ ချန်းဖန်၏ လက်ရှိ ပိုင်ဆိုင် ထားသမျှထဲ၌ အစွမ်း အထက်ဆုံး ရတနာ ဖြစ်သည်။
"ဘုန်း …"
အနက်ရောင် ဆူးချွန်က ဓားများနှင့် လပြည့်ဝန်းအား ဖျက်ဆီး၍ ရွှမ်လော့၏ ခန္ဓာကိုယ်အား ဆက်လက် ထိုးဖောက်သည်။ ဆူးချွန်၏ ထိုးဖောက်မှုတွင် ရွှမ်လော့၏ ခန္ဓာကိုယ်မှာ ပျက်စီးရသည်။
"မပြီးသေးဘူးကွ …"
ရွှမ်လော့၏ နတ်ဘုရား စိတ်ဝိညာဉ်က ခန္ဓာကိုယ်အား စွန့်ခွာ၍ ဆက်လက် ထွက်ပြေးသည်။ ရွှမ်လော့သည် ခန္ဓာကိုယ်အား ဆုံးရှုံးခဲ့ရပြီဖြစ်ရာ အနာဂတ်၌ မြေကမ္ဘာ အဆင့်သို့ ဝင်ရောက် နိုင်တော့မည် မဟုတ်ချေ။
"ချန်းပေ့ရွှမ်း … ငါ့အဖေက လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ … မင်းငါ့ကို သတ်ရင် ငါ့အဖေက မင်းကို ပြန် လက်စားချေလိမ့်မယ်"
ရွှမ်လော့၏ နတ်ဘုရား စိတ်ဝိညာဉ်က သွေးရူး သွေးတန်း အော်ဟစ်သည်။
"နောင်ဘဝကျမှပဲ မင်းအဖေကို တိုင်ပြောလိုက်တော့ကွာ"
ချန်းဖန်၏ စကားအဆုံး၌ အနက်ရောင် ဆူးချွန်က ရွှမ်လော့၏ နတ်ဘုရား စိတ်ဝိညာဉ် ဆီသို့ တိုးဝင်သွား၏။ ဆူးချွန်၏ ကြမ်းတမ်းမှုတွင် ရွှမ်လော့၏ နတ်ဘုရား စိတ်ဝိညာဉ်မှာ မည်သို့မျှ လွတ်မြောက်နိုင်စွမ်း မရှိချေ။ အပိုင်းပိုင်း ပေါက်ကွဲကာ ပျက်စီးရသည်။
လူသားကမ္ဘာရှိ ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တိတ်ဆိတ် နေမိကြသည်။
ကောင်းကင်တံခါး ကျင့်ကြံသူများကား အားလုံး သေဆုံးခဲ့ရချေပြီ။ အသက်ရှင် ကျန်ရစ်သူ ဆို၍ ချမ်ရဲ့ရွှယ် တစ်ယောက်သာ ရှိတော့၏။
ထိုအချိန်မှာပင် ရေနက်ဂိုဏ်း၏ ကျင့်ကြံသူများ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ဆီးကြိုနေသော မြင်ကွင်းက သူတို့အား သွေးပျက်စေ၏။
"အဖြစ်အပျက် ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်တော့မှာပဲ …"
ရန်ကန်းချိုးက တီးတိုး ရေရွတ်လိုက်တော့၏။
***