ကပ်ဘေး လာပြီလား
Vol. 7 Ch. 649
ချင်ချန်းတောင်သည် ချောင်ကျနေသော နေရာတွင် တည်ရှိသော်လည်း တာအိုဝါဒ၏ စတုတ္ထမြောက် အကျော်ကြားဆုံးတောင် ဖြစ်သည်။ ထိုနေရာ၌ မကြာခဏ ဆိုသလို တန်ခိုးရှင် အဆင့်များကို တွေ့ရတတ်သည်။
သို့သော်လည်း ယခုတွင်မူ ထိုအထွတ်အမြတ် မြေသည် သွေးများဖြင့် စွန်းထင်း နေခဲ့ပြီ ဖြစ်သည်။ ထိုနေရာ တစ်ခုလုံးကား အရှေ့တိုင်း ပညာရှင်များ၏ အလောင်းများ၊ ကောင်းကင်တံခါး ကျင့်ကြံသူများ၏ အလောင်းများဖြင့် ပြည့်နှက် နေခဲ့၏။
"ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ ထျန်းမင်ကျီ …"
"လဲ့ပိုထျန်း …"
"စီရွှမ် …"
"လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ သခင်လေး ရွှမ်လော့"
ရန်ကန်းချိုးနှင့် ကျောင်းရန်တို့သည် မြေပြင်၌ ပြန့်ကျဲနေသော အလောင်းများကို ကြည့်၍ ဖြူရော် လာကြ၏။
ထိုအလောင်းများကား ခွန်ရှု့ နယ်မြေ၏ အကျော်ကြားဆုံး လူငယ်များကို ကိုယ်စားပြုသည်။ သူတို့၏ ဆရာများက မြေကမ္ဘာ အဆင့်များ ဖြစ်ပြီး ထိုအားကိုးဖြင့် သူတို့သည် ခွန်ရှု့ နယ်မြေတွင်ပင် ထင်ရာ စိုင်းနိုင်ကြသည်။
သို့သော်လည်း ယခုတွင်မူ ထိုလူငယ်များကား ခွေးသတ်သလို အသတ်ခံခဲ့ရကာ သူတို့၏ အလောင်းများပင် လမ်းဘေး၌ ပြန့်ကျဲ နေခဲ့သည်။
"ကြောက်ဖို့ ကောင်းတာ တစ်ခုခုတော့ ဖြစ်တော့မှာပဲ … အရှင်ချန်း … ခင်ဗျားတော့ ဒုက္ခရောက်ပြီ ထင်တယ်နော်"
ရန်ကန်းချိုးက တုန်ရီစွာဖြင့် ချန်းဖန်အား ကြည့်လိုက်၏။
"သူတို့ကိုတောင် သတ်ပြီးနေမှ ငါက ဘာကို ဂရုစိုက်ရဦးမှာလဲ"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ထူးမခြားနားစွာ ဆိုလိုက်သည်။
သူကား မကြာခင်မှာပင် မူလအဆင့်ကို ဝင်ရောက်တော့မည် ဖြစ်သည်။ မူလအဆင့် ကျင့်ကြံသူ ဖြစ်လာသည်နှင့် မည်သည့် မြေကမ္ဘာ အဆင့်မဆို သူ၏ ပြိုင်ဘက် ဖြစ်တော့မည် မဟုတ်ချေ။
"နင်ဘာလို့ ထွက်မပြေးသေးတာလဲ … နင်မိန်းမ ဖြစ်တာနဲ့ ငါက ညှာတာမယ် ထင်နေလား"
ချန်းဖန်က ချမ်ရဲ့ရွှယ်ဘက်သို့ လှည့်လိုက်သည်။
နှင်းနတ်ဘုရား နန်းတော်၏ နတ်ဘုရားမလေးကား မြေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။ သူမသည် ချန်းဖန်၏ လက်မှ အချိန်မရွေး ပျံသန်းကာ ထွက်ပြေးနိုင်သည့် အလား ယုံကြည်ချက် ရှိနေပုံပေါ်သည်။
"ရှင်က ရွှမ်လော့ ထျန်းမင်ကျီတို့ကို ခန္ဓာကိုယ် သီးသန့်နဲ့တင် သတ်နိုင်တယ် ဆိုတော့ ရှင့်ရဲ့ ခန္ဓာကိုယ်က ကောင်းကင် တန်ခိုးရှင် အဆင့်နဲ့ အရမ်းကို နီးကပ်နေတာ ဖြစ်ရမယ် … အဲဒီ ခန္ဓာကိုယ်နဲ့တင် ရှင်က မြေကမ္ဘာ အဆင့်ကို အနိုင်ယူနိုင်နေပြီ … ဟုတ်တယ်မလား"
ချမ်ရဲ့ရွှယ်က တည်ငြိမ်စွာပင် ချန်းဖန်အား ပြောလိုက်သည်။
"နင်က ခုချိန်အထိ ငါ့ကို အေးအေးဆေးဆေး စကားပြောနေရဲတယ် ဆိုတော့ နင့်ကိုယ်မှာ ဓမ္မရတနာ တစ်ခုတော့ ရှိရမယ် … ဘာရတနာများ ဖြစ်မလဲ"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း စဉ်းစားဟန် ပြုလိုက်သည်။
"နင့်ရဲ့ လက်ရှိအဆင့်နဲ့ ဆိုရင် နင်သုံးနိုင်တဲ့ ရတနာက သိပ်မများဘူး … ကိုယ်ပွား ရတနာအသက် ရုပ်သေး ပြန်လည် ဝင်စားခြင်း …. ဒါတွေကို နင်သုံးနိုင်ဦးမှာ မဟုတ်ဘူး …"
"အဲဒါက ဖုံးကွယ်ခြင်းအဆောင် ဟုတ်တယ်မလား … နင်က နှင်းနတ်ဘုရား နန်းတော်က လာတာဆိုတော့ နင့်မှာ ရေခဲဖုံးကွယ်ခြင်း အဆောင် ဒါမှမဟုတ် ရေဖုံးကွယ်ခြင်း အဆောင် တစ်ခုခုတော့ ရှိရမယ်"
ချန်းဖန်၏ စကားအား ကြားသည်နှင့် ချမ်ရဲ့ရွှယ်၏ မျက်နှာက အနည်းငယ် ဖြူဖျော့ သွားသည်။
"ဖုံးကွယ်ခြင်း အစီအရင် …"
ထိုအရာများကား ကျင့်ကြံခြင်း လောက၌ အခက်ခဲဆုံးသော ဓမ္မ အစီအရင် ဖြစ်သည်။ သွေးလွတ်မြောက်ခြင်း နည်းစနစ်နှင့် မတူညီစွာပင် ဒြပ်စင်ငါးမျိုး ဖုံးကွယ်ခြင်း အစီအရင် များသည် အလွန် အစွမ်းထက်သည်။
ဥပမာ ရေလွတ်မြောက်ခြင်း အစီအရင်ကို အသုံးပြုလိုက်သည့် ကျင့်ကြံသူ တစ်ယောက်သည် သူ၏ ခန္ဓာကိုယ်ကို ရေအသွင် ပြောင်းလဲကာ သမုဒ္ဒနှင့် စိမ့်ဝင် ပေါင်းစပ်နိုင်သည်။
ထိုကဲ့သို့ အစီအရင်ကို အသုံးပြုရန် အတွက် ကျင့်ကြံသူ တစ်ယောက်သည် မူလအဆင့် သို့မဟုတ် မြေကမ္ဘာ အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ သို့သော်လည်း ချမ်ရဲ့ရွှယ်သည် မြေကမ္ဘာ အဆင့်သို့ မရောက်သေးရာ သူမ၏ ဂိုဏ်းက "ဖုံးကွယ်ခြင်း အဆောင်" ကို ပေးလိုက်ဟန် တူသည်။
"အရှင်ချန်းက တကယ်ပဲ ဗဟုသုတနဲ့ ပြည့်စုံပါတယ် … ကျွန်မ တစ်ကယ်ပဲ အံ့အားသင့် ရပါတယ် … ကဲ ကျွန်မကို သွားခွင့်ပြုပါဦး"
ချမ်ရဲ့ရွှယ်က ချန်းဖန်အား ဦးညွှတ်လိုက်၏။ တစ်ချိန်တည်းတွင် သူမ၏ ရင်ဘတ်ရှိ အဆောင်က ပေါက်ကွဲသည်။
"ဘုန်း …"
သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက အဖြူရောင် အလင်းအသွင်သို့ ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသည်။ သူမ၏ အမြန်နှုန်းကား သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို သုံးထားသည့် ရွှမ်လော့ထက်ပင် ပို၍ လျင်မြန်သည်။
"နင်က ဒီလို အဆောင်လေးကို သုံးပြီး ငါ့လက်ကနေ လွတ်ချင်တာလား"
ချန်းဖန်က နှာခေါင်းရှုံ့ကာ သူ့လက်အား ဆန့်ထုတ် လိုက်သည်။
"ချိပ်ပိတ်စမ်း …"
"ဘုန်း …"
မီတာတစ်ထောင် ပတ်ဝန်းကျင်က သံမဏိပြား အလား ပြောင်းလဲသွားကာ လေထုရှိ အမတေချီများက သိပ်သည်း ကျစ်လစ် သွား၏။
ချမ်ရဲ့ရွှယ်သည် ဖုံးကွယ်ခြင်း အဆောင်ကို သုံးထားသည့်တိုင် အမတေချီများ၏ ပိတ်ဆို့မှု၌ ရှေ့သို့ ဆက်မတိုး နိုင်တော့ချေ။
"ဘုန်း …"
ရုတ်တရက် အဖြူရောင် အလင်းက ပေါက်ကွဲကာ ချမ်ရဲ့ရွှယ်၏ ပုံသဏ္ဌာန် ပြန်ပေါ်လာသည်။
"သူ … ဘယ်လို လုပ်လိုက်တာလဲ … ဒီလို အစီအရင်မျိုးက မြေကမ္ဘာ အထွတ်အထိပ်တွေပဲ လုပ်နိုင်တာလေ"
ချန်းဖန်သည် ထိုချိပ်ပိတ်မှုကို နဂါးခန်းမ တိုက်ပွဲ၌ တစ်ကြိမ် သုံးခဲ့ဖူးသည်။
သို့သော်လည်း ထိုစဉ်က သူသည် မီတာရာချီကို ဆယ်စက္ကန့်မျှသာ ချိပ်ပိတ် နိုင်ခဲ့သည်။ ယခုတွင်မူ မီတာထောင်ချီကိုပင် ဆယ်မိနစ်ခန့်အထိ ချိပ်ပိတ် နေနိုင်ပြီ ဖြစ်သည်။
"လွတ်အောင် ထွက်မပြေးနိုင်မှတော့ သေလိုက်တော့"
ချန်းဖန်က ရုတ်တရက် မူလနေရာမှ ပျောက်ကွယ်သွားကာ ချမ်ရဲ့ရွှယ်၏ အရှေ့၌ ပြန်ပေါ်လာခဲ့၏။ ထို့နောက် သူက လက်ဝါးကို မြှောက်ကာ ချမ်ရဲ့ရွှယ်အား ရိုက်ချလိုက်သည်။
"ရေခဲအမတေ ပုတီးစေ့ …"
ချမ်ရဲ့ရွှယ်က အော်ဟစ်လိုက်ရာ ရေခဲ ကျောက်စိမ်းလုံး တစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း …"
ထိုရေခဲကျောက်စိမ်းလုံးသည် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခု ဖြစ်ကာ နှင်းနတ်ဘုရား နန်းတော်၏ ရတနာ ဖြစ်သည်။ ချမ်ရဲ့ရွှယ်သည် နှင်းနတ်ဘုရား နန်းတော်၏ ဆက်ခံသူ ဖြစ်သောကြောင့်သာ ထိုရတနာကို ရရှိခဲ့ခြင်း ဖြစ်သည်။
"ဘုန်း …"
ရေခဲကျောက်စိမ်းလုံးက ကောင်းကင်သို့ ပျံတက်၍ ချန်းဖန်၏ လက်သီးအား တားဆီးသည်။
"ခရက် …"
သို့သော်လည်း ထိုအရာသည် ချန်းဖန်၏ လက်သီးချက် အောက်၌ အက်ရာ တစ်ခု ပေါ်လာကာ ဘေးသို့ လွင့်စဉ်၏။ ချန်းဖန်၏ လက်သီးကမူ ရပ်နားခြင်း မရှိပဲ ချမ်ရဲ့ရွှယ် ထံသို့ ဆက်လက် တိုးဝင်လာသည်။
ချမ်ရဲ့ရွှယ်၏ မျက်နှာ တစ်ခုလုံးကား ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ သူမကား ထိုလက်သီးချက်၌ သေဆုံးရမည်မှာ အသေအချာပင်။
ရုတ်တရက် နာမည် တစ်ခုက သူမ၏ စိတ်အတွင်း လင်းလက် လာ၏။
"လုယန်ရွယ်ကို ကျွန်မသိတယ် …"
ချမ်ရဲ့ရွှယ်က ကံစမ်းသည့် အနေဖြင့် မျက်လုံးကို ပိတ်ကာ အော်ဟစ် လိုက်သည်။
"နင်က လုယန်ရွယ်ကို သိတာလား"
ချန်းဖန်က လက်သီးကို ပြုတ်ရုပ်သိမ်းကာ သူမအား ကြည့်လိုက်သည်။
ချမ်ရဲ့ရွှယ်ကား ယခုအချိန်၌ နှင်းနတ်ဘုရား နန်းတော်၏ နတ်ဘုရားမလေးနှင့် လုံးဝ မတူတော့ချေ။ ချွေးစေးများဖြင့် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသော သူမကား သွေးရူးသွေးတန်းဖြင့် သေရမည်ကို ကြောက်လန့်နေသည့် မိန်းမလေး တစ်ယောက် အလားပင်။
"ဟုတ်ပါတယ် …"
သူမက ချက်ချင်းပင် ခေါင်းကို ညိတ်ရင်း ပြောလိုက်သည်။
"ယန်ရွယ်က ကျွန်မရဲ့ဂိုဏ်းတူ ညီမလေးပါ … သူက ကျွန်ကို တစ်ခါက ပြောဖူးတယ် … လူသားကမ္ဘာမှာ ချန်းပေ့ရွှမ်းလို့ ခေါ်တဲ့ သူ့ရဲ့ ယောက်ျား ရှိတယ်တဲ့"
"သူရဲ့ အခြေအနေက အခု ဘယ်လိုလဲ"
ချန်းဖန်က သူမအား စိုက်ကြည့်ရင်း မေးလိုက်သည်။
"ယန်ရွယ် အဆင်ပြေပါတယ် … သူ့မှာက အဆင့်မြင့် ရေခဲဝိညာဉ် ရင်းမြစ်ရှိတော့ ဂိုဏ်းက သူ့ကို တန်ဖိုးထားပါတယ် … နောက်ပြီး သူက ရိုးသားတော့ ဂိုဏ်းထဲက လူတွေ အားလုံးကလည်း သူ့ကို ချစ်ကြပါတယ် … နောက်ပြီး သူက ရှင့်ကို အရမ်း သတိရနေတာပါ"
ချမ်ရဲ့ရွှယ်က အလောတကြီး ရှင်းပြလိုက်သည်။
ချန်းဖန်ကမူ သူမ၏ စကားကို မပြည့်အဝ ယုံကြည်ခြင်း မရှိချေ။ လုယန်ရွယ်ကဲ့သို့ သေမျိုး ကမ္ဘာမှ လူတစ်ယောက်အား ခွန်ရှု့ နယ်မြေ၏ မောက်မာသည့် ကျင့်ကြံသူများက မည်ကဲ့သို့ သဘောကျ ရမည်နည်း။
"ဟူး …"
ချန်းဖန်က လက်ဝါးကို ရုပ်သိမ်း၍ ချမ်ရဲ့ရွှယ်အား ချက်ချင်း မသတ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက အနီရောင် ကြာပန်းနှစ်ပွင့်ကို ရေးဆွဲကာ ချမ်ရဲ့ရွှယ်၏ ခန္ဓာကိုယ် အတွင်း ပစ်လွှတ်လိုက်သည်။
"ဘာကြီးလဲ …"
ချမ်ရဲ့ရွှယ်၏ မျက်နှာက ပို၍ ဖြူရော်သွား၏။
ထိုကြာပန်း နှစ်ပွင့်က ကျိန်စာကဲ့သို့ အရာ ဖြစ်ကြောင်း သူမ ရိပ်မိသည်။ အကယ်၍ သူမကသာ ချန်းဖန်အား ဆန့်ကျင်မိပါက ထိုကြာပန်းနှစ်ပွင့်က သူမအား သတ်ပစ် ပေလိမ့်မည်။
သူမ အနေဖြင့် ဆက်လက်၍ အသက်ရှင် လိုပါက ချန်းဖန် စေခိုင်းသမျှကို လိုက်နာရတော့မည် ဖြစ်သည်။
"ဟူး …"
ချမ်ရဲ့ရွှယ်မှာ အခြေအနေကို သဘောပေါက်သည်နှင့် သက်ပြင်း တစ်ချက် ချလိုက်သည်။ ထို့နောက် သူမက ပျံသန်း၍ အစေခံ တစ်ယောက်အလား ချန်းဖန်၏ အနောက်တွင် ရိုကျိုးစွာ ရပ်လိုက်သည်။
"အရှင်ချန်း … ခင်ဗျားတော့ ဒုက္ခရောက်ပြီ ထင်တယ်နော် … လျှို့ဝှက် အဇူရာဂိုဏ်း ကောင်းကင်မိုးကြိုးဂိုဏ်း နှင်းနတ်ဘုရား နန်းတော်တွေ အားလုံးက ခွန်ရှု့ နယ်မြေရဲ့ ထိပ်သီး ဂိုဏ်းတွေချည်းပဲ … နောက်ပြီး သူတို့မှာ မြေကမ္ဘာ နတ်ဘုရားတွေလည်း ရှိတယ် … မြေကမ္ဘာ နတ်ဘုရားတွေ ထွက်လာတာနဲ့ ခင်ဗျား ဆယ်ယောက် ပေါင်းတိုက်တောင် နိုင်မှာ မဟုတ်ဘူး … ခင်ဗျားက လွတ်မြောက်အောင် ထွက်ပြေး နိုင်ရင်တောင် ခင်ဗျား ဂိုဏ်းနဲ့ မိသားစုရဲ့ လုံခြုံရေးကရော ဘယ်လို လုပ်မလဲ"
ရန်ကန်းချိုးက စိုးရိမ်စွာ ဆိုလိုက်၏။
"ကိစ္စတွေက ဖြစ်ပြီးပြီပဲ … နောင်တရဖို့က နောက်ကျသွားပြီ"
ချန်းဖန်က တည်ငြိမ်စွာ ဆိုလိုက်၏။ ထို့နောက် သူက ဆက်၍ မေးလိုက်သည်။
"ဒီက သတင်းတွေ ခွန်ရှု့ နယ်မြေကို ရောက်သွားရင် အဲဒီက မြေကမ္ဘာ အဆင့်တွေ ထွက်လာနိုင်လား"
"အဲဒါက …"
ရန်ကန်းချိုးက မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အလောင်းများကို တစ်ချက် ဝှေ့ကြည့်ရင်း သက်ပြင်း ချလိုက်သည်။ ထို့နောက် သူက လေးပင်စွာဖြင့် ရှင်းပြလိုက်သည်။
ရန်ကန်းချိုး၏ ရှင်းပြမှု ဆိုလျှင် ကောင်းကင်တံခါးသည် အဆင့် သုံးဆင့်ဖြင့် ပွင့်သည်။
ပထမ အဆင့်မှာ အက်ရာ ပေါ်လာခြင်း ဖြစ်ပြီး အကယ်၍ ဖြတ်သန်း လိုပါက လျှို့ဝှက် ရတနာ တစ်ခုကို အသုံးပြုရသည်။ နှင်းနတ်ဘုရား နန်းတော်၏ တန်ခိုးရှင်သည် ထိုနည်းလမ်းကို သုံးကာ လုယန်ရွယ်အား ခေါ်ထုတ်သွားခြင်း ဖြစ်သည်။
ဒုတိယ အဆင့်မှာ ကောင်းကင်တံခါး ပွင့်ခြင်း ဖြစ်ပြီး မြေကမ္ဘာ အဆင့်အောက် တန်ခိုးရှင်များ ဝင်ထွက် နိုင်ကြသည်။ သို့သော်လည်း တစ်ခေါက်လျှင် အများဆုံး တစ်ရာသာ ဝင်ထွက်နိုင်သည်။
တတိယအဆင့်မှာ ကောင်းကင်တံခါး အပြည့်အဝ ပွင့်ခြင်း ဖြစ်သည်။ ထိုအဆင့်၌ မြေကမ္ဘာ အဆင့်များပင် တံခါးကို ဖြတ်သန်း၍ လွတ်လွတ် လပ်လပ် သွားလာနိုင်သည်။
"ကောင်းကင်တံခါးက နောက်ခြောက်လ ရောက်ရင် အပြည့်အဝ ပွင့်လာမှာပါ … အဲဒီအခါကျရင် မြေကမ္ဘာ အဆင့်တွေ လွတ်လွတ် လပ်လပ် ဝင်လာနိုင်ပါပြီ"
ရန်ကန်းချိုးက စကားက များစွာသော အရှေ့တိုင်း ကျင့်ကြံသူများကို တုန်ရီ သွားစေသည်။
ခွန်ရှု့ နယ်မြေ၏ လက်တစ်ဆုပ်စာ လူငယ် တန်ခိုးရှင် များကပင်လျှင် ကမ္ဘာကြီးအားက ပြောင်းကပြန် ဖြစ်စေနိုင်လျှင် မြေကမ္ဘာ အဆင့်များသာ ဝင်လာပါက မည်သို့ ဖြစ်မည်နည်း။
"ငါတို့တော့ ဒုက္ခရောက်ပြီ ထင်တယ်"
တစ်ယောက်က ဖြူရော်စွာဖြင့် ရေရွတ်လိုက်၏။
"ချန်းပေ့ရွှမ်း … မြေကမ္ဘာ အဆင့်တွေ လာရင် နင်ဘယ်လို ရှင်းပြမလဲ ကြည့်ရသေးတာပေါ့"
ချမ်ရဲ့ရွှယ်က ကြိတ်၍ နှာခေါင်း ရှုံ့လိုက်၏။ သို့သော်လည်း သူမက ခံစားချက်ကို မဖော်ပြရဲချေ။
"နောက်ပြီး … အဲဒါက အရေး အကြီးဆုံး မဟုတ်သေးဘူး"
ရန်ကန်းချိုးက ဖြူရော်စွာ ပြုံးလိုက်၏။
***