← Chapters

ဓားနန်းတော် ပွင့်ခြင်း

Vol. 7 Ch. 650

ဓားနန်းတော် ပွင့်ခြင်း

Vol. 7 Ch. 650

"ဘာရှိသေးလို့လဲ …"

အဇူရာ နဂါးက စိတ်ပူစွာ မေးလိုက်၏။

သူစိုးရိမ်သည်က ချန်းဖန် အတွက် မဟုတ်ချေ။ ခွန်းလွန်နှင့် သူကိုယ်တိုင် အတွက်သာ ဖြစ်သည်။ အကယ်၍ ကောင်းကင်တံခါးမှ မြေကမ္ဘာ အဆင့်များ ဝင်လာပါက အရင်ဆုံး ထိခိုက်မည်က သူတို့သာ ဖြစ်သည်။

"အရှင်ချန်း သတ်လိုက်တဲ့ လူတွေ အားလုံးက ခွန်ရှု့နယ်မြေ အဓိက ဂိုဏ်းကြီးတွေရဲ့ တပည့်တွေချည်းပဲ …"

ရန်ကန်းချိုးက ခဏမျှ ရပ်ပြီး ဆက်ပြောလိုက်သည်။

"ဂိုဏ်းကြီးတွေက သူတို့ တပည့်တွေရဲ့ ဝိညာဉ် အပိုင်းအစလေး တွေကို ထုတ်ယူပြီးတော့ အသက် ကျောက်ပြားတွေနဲ့ ပေါင်းစပ်ထားတယ် … တပည့်သေတာနဲ့ သူတို့ဆီမှာ ရှိတဲ့ ကျောက်ပြားကလည်း ကွဲကြေသွားမှာ … အခုဆိုရင် ဂိုဏ်းကြီးတွေက သူတို့ တပည့်တွေ သေတာကို သိလောက်ပြီ"

ရဲ့နန်ထင်းနှင့် အခြားလူများ၏ မျက်နှာများက ဖြူရော် သွားကြသည်။

"ဟဟ … ခြောက်လတောင် ရှိသေးတာပဲ"

ချန်းဖန်က ပြုံးလိုက်၏။ သူ၏ ပုံစံက အနည်းငယ်ပင် စိတ်ပူပုံ မပေါ်ချေ။

"ကောင်းကင်တံခါး အပြည့်အဝ မပွင့်ခင် မြေကမ္ဘာ အဆင့်တွေ ဝင်လာချင်ရင် အနည်းဆုံး ဝိညာဉ် ရတနာကို သုံးမှရလိမ့်မယ် … နောက်ပြီး  အလွန်ဆုံးမှ တစ်ယောက် နှစ်ယောက်ပဲ ဝင်လာနိုင်မှာ … ဒါပေမဲ့ နောက် ခြောက်လကြာရင်"

ချန်းဖန်က သူ၏ စကားကို ရပ်လိုက်၏။ သူ၏ မျက်လုံးတွင်မူ ယုံကြည်ချက် ရှိခြင်းက စိုးမိုးနေသည်။

နောက်ခြောက်လ ကြာသည်နှင့် သူသည် မူလအဆင့်ကို ရောက်နေလောက်ပြီ ဖြစ်သည်။ ထိုအချိန်ကျလျှင် မြေကမ္ဘာအဆင့် မည်မျှပင် ရောက်လာစေကာမူ သူအနိုင်ယူ နိုင်နေပြီ ဖြစ်သည်။

"စစ်ပွဲကတော့ ရှောင်လွှဲလို့ မရတော့ဘူး … ဒါပေမဲ့ မြေကမ္ဘာ အဆင့်တွေ ကမ္ဘာကို ဖျက်ဆီးချင်တယ် ဆိုရင်တော့ ငါတို့ကို အရင် ကျော်ဖြတ်မှ ရလိမ့်မယ်"

အဇူရာ နဂါးက မားမားမတ်မတ် ရပ်ရင်း ဆိုလိုက်၏။

မြေကမ္ဘာ အဆင့်များသည် အစွမ်းထက်သည် ဆိုသော်လည်း သူတို့တွင် နျူကလိယနှင့် နည်းပညာမြင့် လက်နက်များ ရှိသည်။ တိုက်ပွဲ၏ အနိုင်အရှုံးက သေချာနေသော အရာ မဟုတ်ချေ။

"အမိန့်နာခံ … သတင်းပျံ့နိုင်တဲ့ လမ်းကြောင်း မှန်သမျှကို ပိတ်ဆို့ထားကြ … နောက်ပြီး ဘယ်သူမှ အခွင့်မရှိပဲ သွားလာခွင့် မရှိဘူး"

ရဲ့နန်ထင်းက ခွန်းလွန်မှ လူများအား အမိန့်ပေးလိုက်သည်။

လူသားကမ္ဘာသို့ မြေကမ္ဘာ အဆင့်များ ရောက်လာမည်က မုချ ဖြစ်သည်။ သို့သော် ထိုသတင်းကို ကမ္ဘာသို့ ပျံ့နှံ့၍ မရချေ။ သို့ မဟုတ်ပါက ကမ္ဘာကြီး၏ ငြိမ်းချမ်းမှု ပျက်စီးသွားနိုင်သည်။

ထိုအချိန်၌ ချန်းဖန်ကမူ ချင်ချန်းတောင်ထိပ်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူက တိမ်ပင်လယ်များကို ငေးကြည့်နေ၏။

"မင်းတို့ ဒီကို ရောက်လာတာ ဓားနန်းတော် ဆိုတာကြောင့်လား …"

"ဟုတ်ပါတယ် အရှင်ချန်း … ရှု့တောင်တန်းရဲ့ ဓားနန်းတော်က ချင်ချန်းတောင် တိမ်ပင်လယ် အတွင်းမှာ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ် … ဒီဓားနန်းတော်ကို တည်ထောင်ခဲ့တဲ့ အပယ်ခံ ကိုးယောက် အဘိုးအိုက  ကောင်းကင် တန်ခိုးရှင် အထွတ်အထိပ် တစ်ယောက်တဲ့ … နောက်ပြီး သူကျင့်တဲ့ အပယ်ခံ ကိုးယောက် ဓားကျင့်စဉ်ကလည်း ပြည့်စုံတဲ့ ကောင်းကင် ကျင့်စဉ် တစ်ခုပါ … အဲဒီ ကျင့်စဉ်သာ ပေါ်ထွက်လာရင် ခွန်ရှု့နယ်မြေက မြေကမ္ဘာ အဆင့်တွေတောင် ပိုင်ဆိုင်ခွင့် ရဖို့ တိုက်ခိုက်ကြမှာ သေချာတယ်"

ရန်ကန်းချိုးကလည်း ရိုသေစွာ ရှင်းပြလိုက်သည်။

"အပယ်ခံ ကိုးယောက် အဘိုးအို …"

"အပယ်ခံ ကိုးယောက် ဓားကျင့်စဉ် …"

ချန်းဖန်က တီးတိုး ရေရွတ်ရင်း မျက်မှောင် ကြုတ်လိုက်မိ၏။

ရှဲ့ရန်ကမူ အနည်းငယ် ဆွံ့အ သွားမိသည်။ ထိုအရာက ဓားလျှို့ဝှက်ချက် ရှု့တောင်တန်း၌ တွေ့ခဲ့သည့် ဓားကျင့်စဉ်ပင် ဖြစ်ရမည်။

ရှဲ့ရန်သည် ချန်းဖန်က သူ့အား ရက်ရောစွာ ပေးခဲ့သော ထိုကျင့်စဉ်မှာ ကောင်းကင်တံခါးမှ မြေကမ္ဘာ အဆင့်များပင် မက်မောကြသည့် ကျင့်စဉ် ဖြစ်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။

"ငါမှတ်မိသလောက် ဆိုရင် …"

ချန်းဖန်က အနည်းငယ် စဉ်းစားရင်း ရှဲ့ရန်အား ကြည့်လိုက်၏။

"ရှဲ့ရန် … ငါမင်းကို ပေးတဲ့ အပယ်ခံ ကိုးယောက် ဓားကျင့်စဉ်က သူတို့ ပြောတဲ့ ပြည့်စုံတဲ့ ကောင်းကင် ကျင့်စဉ် ဆိုတာ ဖြစ်ရမယ် … ကြည့်ရတာ ငါခွန်ရှု့ နယ်မြေကို အထင်ကြီးမိပုံပဲ … သူတို့က အဆင့်နိမ့် ကျင့်စဉ်ကိုတောင် ကောင်းကင် ကျင့်စဉ် လုပ်နေကြတယ်"

ချန်းဖန်က သူ၏ ခေါင်းအား ခါယမ်း လိုက်သည်။

ရှေးခေတ်က လူသား ကမ္ဘာနှင့် ခွန်ရှု့ နယ်မြေ၌ အားကောင်းသော ကျင့်ကြံသူများ ရှိကောင်းရှိနိုင်သည်။ သို့သော်လည်း တဖြည်းဖြည်း ဝိညာဉ်ချီ ခမ်းခြောက် လာမှုကြောင့် သူတို့ ထွက်သွားခဲ့ပြီ ဖြစ်သည်။

ထိုကျင့်ကြံသူများသည် ကမ္ဘာအား စွန့်ခွာချိန်၌ အကောင်းဆုံးသော ကျင့်စဉ် ဓမ္မ ရတနာများကို ယူဆောင်သွားမည်မှာ သေချာသည်။

"နတ်ဘုရား နယ်မြေ" ဟု ကြီးကြီးကျယ်ကျယ် အမည် တပ်ထားသည့် ခွန်ရှု့ နယ်မြေကား လက်တွေ့တွင်မူ စွန့်ပစ်မြေ တစ်ခုထက် မပိုချေ။

"အထဲကို ဝင်ပြီး တစ်ချက်လောက် ကြည့်ကြည့်ရအောင် …"

ချန်းဖန်က ပြောရင်း တိမ်ပင်လယ် ဆီသို့ ဦးတည်လိုက်သည်။

"ဓားနန်းတော်က အားကောင်းတဲ့ အစီအရင် တစ်ခုရဲ့ ကာကွယ်မှု အောက်မှာ ရှိတယ် … တကယ်လို့ အဲဒီ အစီအရင်ကို ဖွင့်ချင်ရင် ရက်အနည်းငယ်လောက် အချိန်ယူရလိမ့်မယ် … နောက်ပြီး …"

ချမ်ရဲ့ရွှယ် ရှင်းပြ၍ မဆုံးသေးခင်မှာပင် ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်း လိုက်၏။

"ပွင့်စမ်း …"

"ဘုန်း …"

ရုတ်တရက် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။ တစ်ချိန်တည်းတွင်ပင် တိမ်များက အလယ်၌ စုစည်းကာ တမ်လှေကား တစ်ခုသဖွယ် ဖွဲ့စည်းသည်။

"နောက်ပြီး …"

ချမ်ရဲ့ရွှယ်မှာ သူမ၏ အရှေ့၌  ပေါ်လာသော တိမ်လှေကားကို ကြည့်ရင်း ဆွံ့အ သွားမိသည်။

ထိုအစီအရင်ကား ကောင်းကင် တန်ခိုးရှင် ဖန်တီးထားသော အစီအရင် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်နိုင်သည့် တန်ခိုးရှင် အဆင့်များပင် ထိုအစီအရင်ကို ယခုကဲ့သို့ လွယ်ကူစွာ ဖွင့်နိုင်မည် မဟုတ်ချေ။

"သူက ကံကောင်းရုံ သက်သက် မဟုတ်ဘူးပဲ"

ချမ်ရဲ့ရွှယ်က သက်ပြင်း တစ်ချက် ချလိုက်သည်။

ပထမက ချန်းဖန်သည် ကံကောင်း၍ အလွန် အစွမ်းထက်သော ခန္ဓာကိုယ် သန့်စင်သည့် ကျင့်စဉ်တစ်ခု ရရှိထားခြင်း ဖြစ်မည်ဟု သူမ ယူဆခဲ့သည်။ သို့သော်လည်း မထင်မှတ်စွာပင် ချန်းဖန်သည် အလွန် ထူးချွန်သော အစီအရင် ပညာရှင် တစ်ယောက်လည်း ဖြစ်နေသေးသည်။

"ငါ့နောက်ကို လိုက်ခဲ့ …"

ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းရင်း တိမ်လှေကားပေါ် ခြေချလိုက်သည်။

"သွားကြမယ် …"

မြောက်ပိုင်းချုံး ဂိုဏ်းဝင်များက ချန်းဖန်၏ နောက်မှ ကပ်ကာ လိုက်လာကြသည်။

ချမ်ရဲ့ရွှယ်နှင့် ရေနက်ဂိုဏ်း ကျင့်ကြံသူများမှာလည်း ရွေးချယ်စရာ မရှိရာ ချန်းဖန်၏ နောက်သို့ လိုက်ရန်သာ တတ်နိုင်တော့သည်။

"အဖေ … ဟိုကိုကြည့် …"

မိုင်အနည်းငယ်ခန့် လျှောက်လာပြီးနောက် ရှောင်ဝူက ရုတ်တရက် အော်ဟစ်လိုက်၏။

သို့သော်လည်း ချန်းနှင့် အခြားလူများက သူမထက် အရင် ထိုအရာကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ထိုအရာကား "ရှု့တောင်တန်း ဓားနန်းတော်" ဟု ရေးသားထားသော နန်းတော် တံခါး တစ်ခု ဖြစ်သည်။

"အဲဒါက ဓားနန်းတော်ပဲ … အပယ်ခံ ကိုးယောက် အဘိုးအိုက ဓားနန်းတော်ကို ကြီးမားတဲ့ အစီအရင်ကြီး တစ်ခုနဲ့ ကာကွယ်ထားတဲ့ အပြင် ဓားပျံကိုးဆယ့် ကိုးချောင်းပါတဲ့ ဝင်္ကပါ တစ်ခုကိုလည်း ချန်ထားခဲ့တယ်တဲ့ … ဓားနန်းတော်ထဲကို ဝင်ချင်ရင် အဲဒီ ဓားဝင်္ကပါကို ဖြတ်မှရမယ်တဲ့ … ဒါပေမဲ့ ဓားဝင်္ကပါက အရမ်းကို အစွမ်းထက်ပြီး မြေကမ္ဘာ အဆင့်တွေကိုတောင် သတ်နိုင်တယ်တဲ့"

ချမ်ရဲ့ရွှယ်က တံခါးအား ကြည့်ရင်း ဆိုလိုက်သည်။

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"

မြောက်ပိုင်းချုံးနှင့် ခွန်းလွန်မှ လူများက ချန်းဖန်အား ကြည့်လိုက်ကြသည်။

အပယ်ခံ ကိုးယောက် အဘိုးအိုသည် တိမ်များ၏ အထက်တွင်ပင် နန်းတော် တစ်ခု တည်ဆောက်နိုင်သည့် မြေကမ္ဘာ အဆင့်ထက် ကျော်လွန်သော ကျင့်ကြံသူ ဖြစ်သည်။ ထို့ကြောင့် သူချန်ရစ်ခဲ့သော ဓားဝင်္ကပါသည် အလွန် အစွမ်းထက်မည်မှာ သေချာသည်။

"တကယ်လို့ ဓားဝင်္ကပါကို ချိုးဖျက်ချင်တယ် ဆိုရင် ထိပ်တန်း အဆင့် ဓားတန်ခိုးရှင်တွေကို အရင် စုစည်းရမယ် … နောက်ပြီး သူတို့ရဲ့ ဓားနှလုံးသားကို သုံးပြီး အစီအရင်နဲ့ ဆက်သွယ်ရမယ် … အဲဒီ ဖြစ်စဉ်တစ်ခုလုံး ပြီးဖို့က ခုနစ်ပတ်လောက် အထိ လိုအပ်တယ်"

ချမ်ရဲ့ရွှယ်က ချန်းဖန်အား ကြည့်ရင်း ဆိုလိုက်သည်။

သူမ၏ စကားက လူတိုင်းကို စိတ်ရှုပ်ထွေး သွားစေသည်။ ဤသို့ဆိုလျှင် ဓားနန်းတော်သို့ ဝင်ဖို့ရန်မှာ ထင်သလောက် လွယ်လိမ့်မည် မဟုတ်ချေ။

"ဟုတ်လား … ကြိုးစား ကြည့်ရအောင်"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရှေ့သို့ တိုးသွား၏။

ချမ်ရဲ့ရွှယ်က ချန်းဖန်အား သတိပေးချင်သော်လည်း ပါးစပ်ကို ပြန်လည်၍ ပိတ်ထားလိုက်သည်။

"ကောင်းပြီလေ … ထိပ်တန်း ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားက ဘာလဲဆိုတာ ရှင်မကြာခင် တွေ့ရမှာပါ … ရှင့်မှာ အရမ်း အစွမ်းထက်တဲ့ ခန္ဓာကိုယ် ရှိတယ် ဆိုရုံနဲ့ အရာရာကို စွမ်းဆောင်နိုင်မယ် ထင်မနေနဲ့"

ချမ်ရဲ့ရွှယ်က စိတ်ထဲမှ ကြိတ်ကာ တွေးလိုက်သည်။

ထိုအချိန်မှာပင် ချန်းဖန်က ဓားနန်းတော်၏ တံခါးကို တွန်းဖွင့်ကာ အထဲသို့ လှမ်းဝင်လိုက်သည်။

"ကလန့် …"

ရုတ်တရက် ဓားပျံတစ်စင်းက နိုးထလာကာ ချန်းဖန်ဆီသို့ အထက်မှ ထိုးစိုက်၏။ သို့သော်လည်း ချန်းဖန်က ထိုဓားကို လက်ညှိုးဖြင့် ပြန်လည် တောက်ထုတ် ပစ်လိုက်သည်။

"ကလန့် … ကလန့် … ကလန့် …"

ဓားပျံများက တစ်စင်းပြီး တစ်စင်း နိုးထလာကာ လေပေါ်သို့ ပျံတက်၏။ ခဏအတွင်းမှာပင် ဓားပျံ ကိုးဆယ့် ကိုးချောင်းသည် ချန်းဖန်အား အဘက်ဘက်မှ ဝန်းရံ နေကြပြီ ဖြစ်သည်။

"ဓားဝင်္ကပါ အသက်ဝင်လာပြီ … သူ့ကို ပြန်လာခိုင်းလိုက်တော့"

ချမ်ရဲ့ရွယ်က အော်ဟစ်လိုက်သည်။

ဓားဝင်္ကပါနှင့် သာမန် ဓားပျံများကား လုံးဝမတူညီသော အရာများ ဖြစ်သည်။ ဓားပျံ ကိုးဆယ့်ကိုးစင်းဖြင့် ဖွဲ့စည်းထားသော ဓားဝင်္ကပါ တစ်ခုသည် သာမန် ဓားပျံ တစ်ထောင်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။

ယခု ကောင်းကင် တန်ခိုးရှင် ချန်ခဲ့သော ဓားဝင်္ကပါ ဆိုလျှင် မြေကမ္ဘာအဆင့် တစ်ယောက်ကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။

***

All Chapters